နှစ်ဆန်းခဲ့ပြီ……….တစ်ခေတ်ဆန်းလာတော့မည်လား
ဇန်န၀ါရီ ၂၊ ၂၀၁၂ (YPI)
YPI အဖွဲ့သားများပူးပေါင်းရေးသားသည်။
နှစ်ဆန်းခဲ့ပါပြီ။ အကြောက်တရားများဖိစီးမှုဖြင့် ထိုင်းထိုင်းမှိုင်းမှိုင်းဖြတ်သန်းခဲ့ရသည့် နှစ်ပေါင်းနှစ်ဆယ်ကျော်နှင့်ခြားနားလှစွာပင် ၂၀၁၁ သည် မြန်မာနိုင်ငံသားများအတွက် စိတ်လှုပ်ရှားဖွယ်နှစ်တစ်နှစ်ဖြစ်ခဲ့သည်။
ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်ကသူ့အတွေ့အကြုံအရဆိုလျှင် ၂၀၁၁ သည်ထူးခြားသည့် နှစ် တစ်နှစ်ဖြစ်သည်ဟုဆိုသည်။၂၀၁၁ က ဘဘတို့အတွေ့အကြုံအရပြောရရင် ထူးခြားတဲ့နှစ်တစ်နှစ်ပါ။
လွှတ်တော်ခေါ်တာကထင်သလောက်၊ မျှော်မှန်းသလောက်၊ ပြည်သူတွေ အသက်အဆုံးရှုံးခံပြီး တောင်းဆိုခဲ့သလောက် မဖြစ်သော်လည်းတပိုင်းတစအပြောင်းအလဲဖြစ်တယ်လို့ အသိအမှတ်ပြု ပါတယ်”
စစ်အစိုးရအလိုတော်အတိုင်း ကျင်းပခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲသည် ပြောင်းလဲမှု အရိပ်လက္ခဏာအတွက် မျှော်လင့်ချက်ကြီးမားခဲ့သောအတိုက်အခံပါတီများနှင့် ပြည်သူများအတွက် သဲထဲရေသွန်ဖြစ်ခဲ့ရသော်လည်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ခြင်းက မီးစာကုန်ဆီခမ်းဖြစ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံအင်အားစုများအတွက် အင်အားတစ်ခုဖြစ်လာခဲ့သည်။
အစိုးရသစ်တက်လာပြီးပထမဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် ၂၀၁၁ မေလမှာ လွှတ်ပေးခဲ့သည့် အကျဉ်းသားပေါင်း ၁၇၀၀၀ ကျော်ထဲတွင် ယုံကြည်ချက်ကြောင့်အကျဉ်းကျသူ အနည်းငယ်သာပါရှိခဲ့သည်။
ဒုတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် ၂၀၁၁ အောက်တိုဘာလတွင် ထင်ရှားသည့်နိုင်ငံရေးသမားလူပြက်ဇာဂနာ အပါအ၀င် နိုင်ငံရေးအကျဉ်းသား၂၀၀ ခန့်ထပ်မံလွတ်မြောက်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ၂၀၁၁ နှစ်ဆန်းပိုင်းကာလများသည် စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးအသွင်သို့ အမည်နာမအားဖြင့်သာကူးပြောင်းခဲ့သည့် ထူးမခြားနားနိုင်ငံရေး အခင်းအကျင်းတစ်ခုသာဖြစ်ခဲ့သည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူ အတော်များများကဆိုသည်။
စစ်အစိုးရလက်ထက်က ၀န်ကြီးချုပ်ကပင် သမ္မတပြန်ဖြစ်ခဲ့ပြီး အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော်သဘာပတိနေရာများတွင် စစ်ဗိုလ်ချုပ်ဟောင်းများကသာ ကြီးစိုးနေခဲ့သည့်အတွက် လွှတ်တော်သည် တိုက်ပြီးသားပြဇာတ်တစ်ခုနှင့်တူလှသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လူထုရာဂဏန်းပါဝင်သော အာဇာနည်နေ့ချီတက်အလေးပြုပွဲအခမ်းအနား၊ အကျဉ်းကျ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၏ မွေးနေ့ပွဲအခမ်းအနား၊ ရွှေဝါရောင်တော်လှန်ရေးနှစ်ပါတ်လည်နေ့ အကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲများ စသည့်လူထုလှုပ်ရှားမှုအသွင်ဆောင်သည့်အခမ်းအနားများသည် ၂၀၁၁ခုနှစ်အတွင်းအစိုးရသစ်ကို စိမ်ခေါ်ခဲ့သည့် နိုင်ငံရေးအားစမ်းမှုများပင်။
သို့သော်လည်း သြဂုတ်လက သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှစ၍ မြင်သာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုအချို့ဖြစ်လာခဲ့သည့် အပေါ်ဒေါ်အောင်ဆန်းစုကြည်က ယခုလိုအပြုသဘောဖြင့် မှတ်ချက်ချခဲ့သည်။
"ကျွန်မတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါပြီ။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျွန်မ မပြောချင်ပါဘူး။ ဒါပေမဲ့ ဒါ ကျွန်မ လူသိရှင်ကြားပြောပြီး ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ကျွန်မ ယုံကြည်တယ်။ ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက် တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်။"
"ဒီအပြောင်းအလဲတွေဟာ ညင်သာရမယ်၊ ငြိမ်းချမ်းရမယ်၊ သိက္ခာရှိရမယ်။ ပြည်သူကို မထိရဘူး၊ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး၊ တက်လာတဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးက မျှတတဲ့ အခြေခံအပေါ်မှာ တည်ရှိရမယ်"
ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်ကတွေ့ဆုံမှုများအပေါ် အားရကျေနပ်မှုရှိခဲ့သော်လည်း ပွင့်လင်းမှုမရှိသည့်အပေါ် ဝေဖန်ပြောဆိုခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တွေ့တာ၊ ဦးအောင်ကြည်နဲ့တွေ့တာ၊ လွှတ်တော်ဥက္ကဌတွေနဲ့ တွေ့တာတွေဟာ အားရစရာကောင်းပါတယ်။ ဒါကို နိုင်ငံရေးအကဲခတ်တွေအနေနဲ့ကအရိပ်ဖမ်းပြီးအဓိပ္ပါယ် ဖော်နေရသလိုဖြစ်နေတယ်။ ဆိုလိုတာကအစိုးရဘက်ကလည်းဘာတွေပြောတယ် ဘာတွေ သဘောတူတယ်လို့ ပွင့်ပွင့်လင်းလင်းမပြောဘူး။ မျှော်လင့်ချက်တွေတော့ ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်းအဲဒီလိုပဲ” ဟု ပြောသည်။
နိုင်ငံတကာ ဆက်ဆံရေး
နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးတင့်တယ် က မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးအပြောင်းအလဲကိုထောက်ပြခဲ့သည်။
“၂၀၁၁ မှာ နိုင်ငံခြားဆက်ဆံရေးကတော်တော်ကြီးကိုပြောင်းလဲလာတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒမှာ မှတ်တိုင်တစ်ခုလို ဖြစ်နေတယ်။ သူတက်လာပြီးမှ အမေရိကန်အစိုးရက နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်လွှတ်တာမျိုးဖြစ်လာတာ။ အာဆီယံမှာလည်းဥက္ကဌဖြစ်ဖို့ နိုင်ငံအများကလက်ခံလာတာတွေ ရှိလာတယ်။
ဆက်ဆံရေးအရဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံခြားဆက်ဆံရေးကအများကြီးတံခါးပွင့်လာတဲ့သဘောရှိတယ်။ ပြန်ပြောရရင် ဒါဟာအစိုးရအပြောင်းအလဲကြောင့် ဖြစ်လာတဲ့ ဟာတွေပဲ။ အစိုးရကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်ကြားစေ့ရေးလိုသဘောတွေ တိုးတက်လာတဲ့အတွက် ပြည်ပနိုင်ငံတွေကပိုပြီးတော့ လက်ခံလာတဲ့သဘော၊ ဆက်ဆံလာတဲ့ အနေအထားရှိပါတယ်။ အခုလမ်းကြောင်းကဒီအတိုင်းဆက်သွားမယ်ဆိုရင် နိုင်ငံခြားဆက်ဆံရေးကပိုပြီးကောင်းမွန်လာမယ်လို့ မျှော်လင့်တယ်”ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ဥပဒေပြုရေးနှင့်ပါတ်သက်၍
“၂၀၁၁ခုနှစ်ဟာ ဥပဒေသမားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဥပဒေပြုရေးနယ်ပယ်မှာဒီဂရီ အနည်းအကျဉ်းမြင့်လာတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အများကြီးမျှော်လင့်လို့မရသေးဘူး။ ဥပမာတရားသူကြီးတွေကို ကာကွယ်ပြီးတော့ တရားစီရင်ရေးစနစ်ကိုလူတစ်စုက လက်ဝါးကြီးအုပ်ထားစေနိုင်တဲ့ ၊ တရားရုံးကိုမထီမဲ့မြင်ပြုတဲ့ဥပဒေတွေကို မဖျက်သိမ်းသရွေ့သတင်းသမားတွေ သတင်းရေးရာမှာ အန္တရာယ်ရှိနေအုံးမယ်။ အဲဒီဥပဒေကိုဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပေမယ့် ထောက်ခံမဲ ၈ မဲပဲရခဲ့တယ်။ နိုင်ငံရေးသမားတွေအများစုကို ထောင်ထဲပို့နေတဲ့ (၅ည) လိုဥပဒေမျိုးလည်း ဖျက်သိမ်းဖို့လိုတယ်” ဟု ဝေဘန်ထောက်ပြသည်။
နိုဘယ်ဆုရ နှစ် ၂၀ ပြည့်
၂၀၁၁နှစ်ဟောင်းသည် အပြုသဘောဆန်သည့်အပြောင်းအလဲများကြောင့် စိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့ရသော်လည်း နိုင်ငံရေးသမားများ၏တောင်းဆိုမှုအားလုံးပြည့်ဝခဲ့သည်ဟုတော့မဆိုနိုင်ခဲ့ပေ။
ဦးထွေးမြင့်က အစိုးရသစ်၏အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများကိုကြိုဆိုခဲ့သော်လည်း…..အားမလိုအားမရဖြစ်မှုများလည်းရှိနေသေးသည်ဟုဆိုခဲ့သည်။ “ပြည်တွင်းငြိမ်းချမ်းရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်တွေကို သူတို့နယ်မြေအထိဆင်းပြီး ဆွေးနွေးတယ်ဆိုတာက ကောင်းတဲ့အလုပ်ပဲ။ အခြေခံကျတဲ့ သဘောတူညီမှုတွေလည်း ရတယ်ဆိုတာကြားနေရတယ်။ သိပ်ကောင်းတယ်။ ကချင်မှာတိုက်ပွဲတွေ မစဲသေးတာတော့ ပြောစရာတွေဖြစ်နေတယ်။ “တဖြေးဖြေးအကောင် အထည်ပေါ်လာတာတွေတော့ရှိနေပြီ။အဲဒါတွေ ကကောင်းတဲ့ဘက်ကအမြင်ပေါ့။ မကောင်းတဲ့ဘက်ကလို့မပြောချင်ပေမယ့် အားရလောက်အောင် မဖြစ်သေးတဲ့ အပြောင်းအလဲတွေလည်းရှိသေးတယ်။ ဥပမာ နိုင်ငံရေးအကျဥ်းသားလွှတ်ပေးဖို့ကိစ္စ။ ဒါကဈေးဆစ်ဖို့လိုတဲ့၊ တစ်တိတစ်တိလွှတ်ပေးနေရမယ့် ကိစ္စမဟုတ်ဘူး ” ဟု ဆိုသည်။
လာမည့်လွတ်လပ်ရေးနေ့ကတော့နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးကောင်းလွှတ်ပေးနိုင်သည်ဆိုသည့်မျှော်လင့်ချက်ကြောင့် နိုင်ငံရေးလေ့လာသူများ၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများ၏မိသားစုများနှင့် သတင်းမီဒီယာသမားများအတွက် ရင်ခုန်ဖွယ်နေ့တစ်နေ့ဖြစ်နေတော့သည်။ ။

0 comments:
Post a Comment