Thursday, January 12, 2012

မျိုးချစ်စိတ် မှန်ကန် ရှင်သန်နိုင်ပါစေ

by Moenge Aung on Thursday, January 12, 2012 at 12:04pm
မြဝတီ ရသစုံ မဂ္ဂဇင်း Originally posted 

ကျွန်တော့် ရင်ထဲတွင် အစဉ် ကိန်းအောင်းနေသော စကားလုံးမှာ မျိုးချစ်စိတ်ဆိုသော ဝေါဟာရ ဖြစ်ပါသည်။  ကျွန်တော် ငယ်စဉ်က အင်္ဂလိပ်စာ တတ်စေလိုသော ဆန္ဒဖြင့် ဖခင်က မစ်ရှင်ခရစ်ယာန်ကျောင်း ထားခဲ့ရာ ၂ နှစ်အကြာတွင် ဗြုန်းဆို ထိုကျောင်းမှ ထုတ်လိုက်ကာ တခြားကျောင်းသို့ ပြောင်းလိုက်သည်။ “ဒီကလေး ကြာရင် နိုင်ငံခြားသားတွေရဲ့ ဗီဇကို စိတ်ဓာတ် ရရုံမက ဘာသာရေးပါ ပြောင်းသွားလိမ့်မယ်”ဟု ဖခင်က ဆိုခဲ့သည်။
သို့သော် ဘာမှ မသိဘဲ အပြောင်းခံခဲ့ရသော ကျွန်တော်က သူငယ်ချင်းများနှင့် အခွဲခံရသဖြင့် ဝမ်းနည်းစိတ်ဖြင့် မကျေမနပ် ဖြစ်ခဲ့သည်။ ဖခင်ကို မပြောရဲသော စိတ်ဖြင့် တအုံနွေးနွေး ခံစားရမှုသည် တစ်နေ့သောအခါ ဖခင်၏ စိတ်စေတနာကို နားလည်ခဲ့ရသည်။ ကျွန်တော် ၇ တန်းသို့ ရောက်သော နှစ်တွင် မျိုးချစ်စိတ်ဆိုတာ သေသေချာချာ နားလည်သလား ဆိုသော မေးခွန်းဖြင့် ကျွန်တော်၏ မြုံနေသော ဝေဒနာ တစ်ရပ်ကို မွေးဖွားပေးလိုက်သည်။
 လူမှုပတ်ဝန်းကျင်တွင် ရပ်ကွက်ထဲ၊ ကျောင်းထဲ၌ ပျော်သလို နေတတ်ကြသော လူငယ်များ၏ စိတ်တွင် အမျိုးကို ထိရင် မချိအောင် နာတယ်ဆိုသော စိတ်က မြန်မာတွေ ကျွန်ဘဝ ရောက်ပြီး လွတ်လပ်ရေး ရတဲ့ အချိန်အထိသာ တချို့သော သူတွေရဲ့ စိတ်မှာ နှစ်နှစ်ကာကာ ရှိခဲ့တာ၊ မရှိတဲ့ လူတွေရဲ့ စိတ်မှာတော့ သာပေါင်းညာစား၊ ပျော်သလို သွားလာ နေထိုင်တတ်တဲ့ အကျင့်က လွတ်လပ်ရေး ရပြီးတဲ့ အခါမှာ ပိုဆိုးတော့တာပေါ့၊ တို့တော့ လွတ်လပ်ရေးရပြီ ဆိုတဲ့ စိတ်နဲ့ လွတ်လွတ်လပ်လပ်ကို စည်းမဲ့ကမ်းမဲ့ နေခဲ့ကြတာ၊ မျိုးချစ်စိတ်ဆိုတဲ့ အခြေခံ နှလုံးသား မရှိတဲ့အတွက် တိုင်းပြည်တွင်းကို အမျိုး မတော်စပ်သူတွေ၊ သွေးမနီးသူတွေ ဒလဟော ဝင်လာလိုက်တာ တိုင်းပြည်ရဲ့ မြေပေါ်မှာ တစ်ဖက်စောင်းနင်း ဆန်တဲ့ လူနေမှု စနစ်တွေ၊ ယဉ်ကျေးမှုတွေ ယိုင်နဲ့လာလိုက်တာ ဒီနေ့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု မြင်းကွင်းက ရင်တင်းစရာ၊ မြင်ပြင်းကပ်စရာ ဓလေ့စရိုက်တွေနဲ့ မျိုးချစ်စိတ်ဆိုတာ လယ်ကွင်းထဲ အပ်ပျောက် ရှာပုံတော်လို ဖြစ်နေပြီဟု ဆိုသည်။
 ကျွန်တော့်ဖခင် ကွယ်လွန်သွားပြီးနောက် ကျွန်တော့်ဖခင်ကို တမ်းတစရာ၊ လွမ်းမောစရာ စကားသံများ၊ ပြယုဂ်များကို မြင်တွေ့လာရသော  အခါ ဖခင်အတွက် ကျွန်တော် သစ္စာပြုရန် တာဝန် ပိုကြီးလာပြီဟု ခံစားလိုက်မိသည်။ ကျွန်တော့်ဖခင်သည် လွတ်လပ်ရေးတိုက်ပွဲဝင် ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပြီး တပ်မတော်သား တစ်ဦး မဟုတ်ခဲ့ပါ။ သို့သော် အချိန်တိုင်း သူမြတ်နိုးသော မျိုးချစ်စိတ်ဆိုတဲ့ ဝေါဟာရ တန်ဖိုးကို ကျွန်တော်တို့ခေတ်ကို ဖြတ်သန်းနေသောလူ၊ ပုဂ္ဂိုလ် အချို့တို့ကြောင့် အလေးအနက် မထားကြတာလဲ ဆိုသော စကားကို ကျွန်တော် စဉ်းစားနေမိသည်။ ကျွန်တော် တစ်နေ့သော ညနေတွင် နိုင်ငံခြား သတင်းဌာန တစ်ခုမှ ထုတ်လွှင့်သော တေးဂီတ အစီအစဉ်တစ်ခု ရေးသားမှုနှင့် ပတ်သက်သော အင်တာဗျူးကို ကြည့်လိုက်ရသည်။ ထိုတေးရေးဆရာ အဆိုတော်သည် အာဖရိကတိုက် နိုင်ငံငယ်လေးမှ ဖြစ်သည်။ သူတို့ တီးဝိုင်းတွင် ကမ္ဘာ့နာမည်ကြီး အီလက်ထရွန်နစ် ဂီတပစ္စည်းများ မပါပါ။ ဒေသရိုးရာ တူရိယာ ပစ္စည်းများကို အခြေခံကာ ဂီတာ ၂ လက်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ကာ စိတ်ဓာတ် တက်ကြွဖွယ်ရာ၊ လွမ်းမောဖွယ်ရာ၊ နှစ်သက်ဖွယ်ရာ တေးစာသားများဖြင့် သီဆိုထားသော မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လှုံ့ဆော်တေးဖြစ်သည်။
 တစ်နည်းဆိုရသော် သူတို့နိုင်ငံ၏ အမျိုးသားသီချင်း ဖြစ်သည်။ ထိုသီချင်းတွင် နိုင်ငံ၏ သမိုင်းနောက်ခံကို အခြေပြု၍ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ဓလေ့ရိုးရာများဖြင့် တို့နိုင်ငံကို အစွမ်းကုန် ကာကွယ်ရင် ဤမြေကြီးပေါ်မှာ ကမ္ဘာကြီးရှိသရွေ့ ချစ်ခင်စွာ လက်တွဲ နေထိုင်ကြပါစို့ဆိုသော အနှစ်သာရဖြင့် မျိုးချစ်စိတ်ကို လှုံ့ဆော်ထားသည်။ သီဆိုသူက အားမာန်ပါသလို နောက်ခံ မြင်ကွင်း ပြကွက်များက တိုင်းပြည်ရဲ့ အခင်းအကျင်း၊ သမိုင်းပြကွက်များဖြင့် ကြည့်ရှုနေသူကို စိတ်ဓာတ် တက်ကြွစေသလို၊ တို့ပြည်ကို တို့ချစ်ရမယ်၊ တို့လူမျိုးကို တို့ချစ်ရမယ် ဆိုသော စကားများက ရင်ထဲ စီးဝင်သလို ခံစားလိုက်ရသည်။
 အသားအရေ မွဲခြောက်ပြီး နိုင်ငံဖွံ့ဖြိုးမှုက ကြိုးပမ်းဆဲ၊ သဘာဝ သယံဇာတ မကြွယ်ဝသော ဆင်းရဲသည့် နိုင်ငံလေးသည် ကျွန်ဘဝကို ခါးသီးစွာ မျိုးချစ်တေးခြင့် နေရာတိုင်းတွင် လှုံ့ဆော်နေသည်။ နံနက် အိပ်ရာထသည်နှင့် ရေဒီယို၊ TV တို့မှ ထိုတေးသီချင်း လာနေပြီး ဈေးသူဈေးသား၊ ရုံးသူရုံးသား၊ လယ်သမားတို့ကလည်း ထိုသီချင်းကို ဆိုရင်း တိုင်းပြည်အတွက် အလုပ်လုပ်နေကြပြီ။ စည်းလုံး ညီညွတ်သော၊ စည်းကမ်းရှိသော၊ ဂုဏ်သိက္ခာရှိသော၊ တန်ဖိုးရှိသော လူတွေဖြစ်မှ တိုင်းပြည်တိုးတက်ခိုင်မြဲမှာပေါ့ဟု တေးရေးဆရာက အင်တာဗျူးလုပ် သူကိုဖြေလိုက်ပုံမှာ ကျောချမ်းစရာ မျိုးချစ်စိတ်ဓာတ်ဟု ကျွန်တော်နားလည်လိုက်သည်။ ထိုအင်တာဗျူးနှင့် ထိုနိုင်ငံလေး၏ မြင်ကွင်းက ကျွန်တော့်စိတ်နှင့် အာရုံကို ဖမ်းစားထားသည်မှာ ကျွန်တော်တို့ လူမျိုးနှင့် နိုင်ငံအတွက် လိုအပ်ချက်တွေကို မီးမောင်းထိုးပြသလို ခံစားလိုက်ရသည်။
 ကျွန်တော်တို့ တိုင်းပြည်သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဆိုသော ရွှေဘုံစံဘဝမှ ပြာပုံပေါ်ကျသော ကျွန်ဘဝရောက်ခဲ့ကြသည်။ ကျွန်တော်တို့ကား အတိတ်က ရွှေထီးဆောင်းခဲ့သည်ကို အာသာတငမ်းငမ်း ပြောဆို၍ အုပ်ချုပ်သူ အင်္ဂလိပ်ကို လည်းကောင်း၊ ဂျပန်ကို လည်းကောင်း၊ အပြစ်ပြောဆိုရင်း၊ နာကြည်းရင်း၊ လွတ်လပ်ရေးအမွေကို ရင်ဝယ်ပိုက်ကာ ပြည်တွင်းရေး မကျေချမ်းမှု တိုက်ပွဲများဖြင့် တိုင်းပြည်ကို တစ်နေ့တစ်လံ ပုဂံဘယ်ရွှေ့မလဲ ပုံစံဖြင့် တိုင်းပြည်ထူထောင်ခဲ့ကြသည်။ အင်္ဂလန်နဲ့ ဂျပန်ကို တိုက်ထုတ်ခဲ့ပြီးသော်လည်း တိုက်ပွဲစိတ်မကုန်သေးဘဲ ကိုယ့်အချင်းချင်း ဟင်္သာကိုးသောင်း ဇာတ်ခင်းခဲ့ကြသည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ။ သူ့အမြင်၊ ကိုယ့်အမြင် ခွင့်လွှတ်စရာ၊ နားလည်ပေးစရာ ကိုယ်ချင်းစာတရားများက ရင်မှာ မကိန်းအောင်းနိုင်ဘဲ အနိုင်ယူလိုသော နိုင်ငံရေး ပဋိပက္ခများဖြင့် လူမျိုးရေးရပ်တည်မှုအတွက် ကိုယ့်မြေပေါ် ကိုယ်သွေးခင်းနေသော ဆွေမျိုးသားချင်းတို့၏ အာဃတစစ်ပွဲများကား မြန်မာပြည် ငြိမ်းချမ်းရေး အတွက် ရတက်ပွေစရာ ဖြစ်နေဆဲ မြင်ကွင်းဖြစ်သည်။
 ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအတွင်း ကျင်းပပြီးစီးခဲ့သော ကမ္ဘာ့အမျိုးသမီး ဘောလုံးပွဲ၌ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်လာသော အသင်း ၂ သင်းမှာ ဂျပန်နှင့် အမေရိကန်ဖြစ်သည်။ ကမ္ဘာမကျေနိုင်သော အာဃာတတရားဖြင့် ရန်ကိုရန်ချင်း တုံ့နှင်းရန် ဆန္ဒရှိနေနိုင်သည့် အရှုံးကြွေးကို ဆပ်လိုက်နိုင်သော ဂျပန်လူမျိုးတို့၏ ဆန္ဒရှိနေနိုင်သည့် အရှုံးကြွေးကို ဆပ်လိုက်နိုင်သော ဂျပန်လူမျိုးတို့၏ အမေရိကန်တို့အပေါ် တရားမျှတစွာ၊ လူမျိုးကြီး စိတ်ဓာတ်ပီသစွာ၊ ယဉ်ကျေးစွာ မျိုးချစ်စိတ်ဓာတ်ဖြင့် အနိုင်ယူလိုက်သော ပွဲဟု သမိုင်းမော်ကွန်း တင်ရတော့သည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လက နဂါဆာကီနှင့် ဟီရိုရှီးမားကို လူမျိုးတုံးအောင် သတ်ဖြတ်ခဲ့သော နိုင်ငံ ပျက်လောက်သည့် အဏုမြူဗုံးဖြင့် လက်စားချေခဲ့သော အမေရိကန်ကို ၆၆ နှစ်အကြာတွင် ရှုံးကြွေးနှင့် သမိုင်းကြွေးကို ဆပ်နိုင်ခဲ့သော ဂျပန်တို့၏ စိတ်ဓာတ်ကို ချီးကျူးအံ့သြမကုန်နိုင်အောင် ဖြစ်ရသည်။
 ဤသည်မှာ မျိုးချစ်စိတ်ဖြစ်သည်။ ဂျပန်လူမျိုးတို့ကား သူတို့ခံစားခဲ့ရသော အနိဋ္ဌာရုံမြင်ကွင်းနှင့် လူသန်းပေါင်းများစွာ သေဆုံး၍ တိုင်းပြည်ပျက်ခဲ့ရသော ကြေကွဲဖွယ်ရာ ဖြစ်ရပ်အတွက် စစ်ဖြင့်လည်းကောင်း၊ နိုင်ငံရေးဖြင့်လည်းကောင်း လက်တုံ့ပြန်လက်စားချေရန် မကြိုးစားခဲ့ဘဲ တိုင်းပြည်ကို ကာလတိုတစ်ခုအတွင်း အအောင်မြင်ဆုံးသော စက်မှုနိုင်ငံအဖြစ် ထူထောင်ကာ တိုင်းပြည်ကြွယ်ဝ ချမ်းသာရန် ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် လူတိုင်းစာရိတ္တနှင့် ဂျပန်ကွဟု ကြွေးကြော်နိုင်သော ကြွယ်ဝသည့် နိုင်ငံအဖြစ် စံနမူနာပြ လုပ်ဆောင်နိုင်ခဲ့ကြသည်မှာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။ ဂျပန်ကို အာရှမှ အနိုင်ကျင့်ခံရသည့်နိုင်ငံအချို့က မုန်းကြသည်မှာ မြန်မာနိုင်ငံအချို့က မုန်းကြသည်မှာ မြန်မာတို့ကဲ့သို့ပင်ဖြစ်သည်။ ဂျပန်နှိပ်စက်၍ နစ်နာဆုံးရှုံးခဲ့ရသော ကိုရီးယားနှင့် တရုတ်တို့သည် ဂျပန်ထက် သာရမည်ဆိုသော စိတ်ဓာတ်ဖြင့် အင်တိုက်အားတိုက်ကြိုးစားခဲ့ကြသည်မှာ ယနေ့ကမ္ဘာတွင် ချမ်းသာသော တိုင်းပြည်စာရင်း၌  ထိပ်တန်းမှ ပါဝင်ကာ နေကြပြီ ဖြစ်သည်။ အာဃာတတရားကို အလေးမထား၊ တိုင်းပြည် ကောင်းစားရေးကို အလေးထားကာ မျိုးချစ်စိတ်ဖြင့် နိုင်ငံကို ထူထောင်ခဲ့ကြသည်မှာ အတုယူဖွယ်ရာ ဖြစ်သည်။
 ဆိုရသော် ဂျပန်သည် တစ်ချိန်က ဂျပန်ငပု သမုတ်ခြင်းခံရသော သွင်ပြင်လက္ခဏာကို ရုပ်ပိုင်းဆိုင်ရာ ပြုပြင်မှုဖြင့် အာရှတွင်သာမက ကမ္ဘာတွင် အကောင်းဆုံးအမျိုးသမီး ဘောလုံးအသင်းဟု ဂုဏ်ပြုရလောက်အောင် ဇွဲနပဲဖြင့် မျိုးချစ်စိတ်အရင်းတည်ကာ ကြိုးစားကြခြင်းသည် စံနမူနာ ယူစရာ၊ လေးစားကြည်ညိုဖွယ်ရာ တန်ဖိုးထားအပ်သော အမျိုးကို ချစ်သောစိတ်ဓာတ်ဖြင့် အနိုင်မခံ အရှုံးမပေးဘဲ ယဉ်ကျေးမှုဖြင့် အနိုင်ယူခဲ့သည့် ဂျပန်တို့၏ မြင့်မြတ်သော စိတ်ဓာတ်ပင်ဖြစ်သည်။ တစ်ချိန်က အနိုင်ရလိုမှုကို ကိုယ်ချင်းစာ တရား ကင်းမဲ့စွာ အဏုမြူဗုံးဖြင့် ပွဲသိမ်းအောင်ပွဲခံခဲ့သော အမေရိကန်ကို ယဉ်ကျေးသိမ်မွေ့သော စိတ်ဓာတ်ဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်စွာ အနိုင်ယူသွားသော ဂျပန်တို့၏ စိတ်ဓာတ်မျိုး ကျွန်တော်တို့ မြန်မာတိုင်းရင်းသား အားလုံးတွင် ရှိနေ စေချင်ပါသည်။
 ဂျပန်တို့ကား ကမ္ဘာ့နိုင်ငံများစွာ ကြည့်ရှုနေသော မြင်ကွင်းအဖုံဖုံတွင် သူတို့၏ မျိုးချစ်သီချင်းကို အားကုန်ဟစ်ကြွေး သီဆိုနိုင်ခဲ့ကြပြီ ဖြစ်သည်။ ကျွန်တော်တို့ မြန်မာသည် ကမ္ဘာ့အလယ်တွင် စံနမူနာပြစရာ သမိုင်းမော်ကွန်းတင်နိုင်သည့် ဖြစ်ရပ်များစွာ ရှိနေခဲ့သည်။ နိုင်ငံကြီးများက အားကျမက်မောလောက်သော မြေပေါ်ရေအောက် သယံဇာတများစွာ ရှိနေပါသည်။ ကမ္ဘာ့လူအများ ရင်သပ်ရှုမော လောက်သည့် သဘာဝပတ်ဝန်းကျင် လှပသော ရှုခင်းအဖုံဖုံ ရှိနေပါသည်။ နှစ်ပေါင်းထောင်ချီ သမိုင်းတည်သော ရှေးဟောင်း အမွေအနှစ်တို့ တည်ရှိနေပါသည်။ ရေခံမြေခံ ကောင်းသော မြစ်ကြီးမြစ်ငယ် အသွယ်သွယ်နှင့် သာယာစိမ်းလန်းသည့် တော၊ တောင်တို့ ဝန်းရံပတ်ခွေ ရှိနေပါသည်။ သီးနှံမျိုးစုံ စားမကုန်သော လယ်ယာ၊ သား၊ ငါး၊ သစ်တောများစွာ ရှိနေပါသည်။ ထိုသို့သော နိုင်ငံကို ပြင်ပကမ္ဘာ့မှ လူအများက အားကျလောက်ဖွယ် လာရောက်တည်းခို လည်ပတ်လိုကြပါသည်။ မြန်မာတို့၏ မူလရှိရင်းစွဲဖြစ်သော သဒ္ဓါနှင့် စေတနာ အရင်းခံသည့် စိတ်အပေါ်ယုံကြည်ကိုးစားစွာ လာရောက်ကူးလူးဆက်ဆံလိုကြပါသည်။
 ကျွန်တော်တို့ မြန်မာမျိုးချစ်သီချင်းကို နံနက်တိုင်း၊ အချိန်တိုင်း သွားလေရာမှာ ခံစားမှုအပြည့်ဖြင့် နားထောင်ချင်ပါသည်။ စိတ်ဓာတ် တက်ကြွစွာဖြင့် တိုင်းရင်းသားပေါင်းစုံ၊ ကကြိုးစုံသည့် နှစ်သက်ဖွယ်ရာ ယဉ်ကျေးမှုများ ပေါင်းစုံနေသော မြန်မာတို့သည် တိုင်းပြည် ချစ်စိတ်ဓာတ်၊ မြင့်မြတ်သော စိတ်ဓာတ်၊ လေးစားဂုဏ်ယူဖွယ်ရာ ကောင်းသည့်စိတ်ဓာတ်မျိုးဖြင့် ဂျပန်တို့ကဲ့သို့ သိက္ခာရှိစွာဖြင့် မျိုးချစ်သီချင်းကို အော်ဟစ်သီဆိုခွင့်ရပါလျှင် အစွမ်းကုန် အော်ဟစ်ချင်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ မြန်မာတို့ သိက္ခာရှိစွာ အနိုင်ယူလိုစိတ် မွေးကြစေချင်ပါသည်။ ပွင့်လင်းမြင်သာသော အပေးအယူရှိစေချင်ပါသည်။ သို့မှာသာ 'တို့မြန်မာ' ဆိုသော သီချင်းကို  သံကုန် ဟစ်ကြွေးနိုင်ပါလိမ့်မည်။ ကမ္ဘာမှာ မြန်မာဆိုသော ဟစ်တိုင်ကို အပြောနှင့် မပြီးဘဲ လက်တွေ့ကြိုးပမ်းကြရပေလိမ့်မည်။ မြန်မာတို့ မျိုးချစ် စိတ်ဓာတ် မှန်ကန်စွာ ရှင်သန်နိုင်ကြပါစေ။ 
 မောင်မိုးယံ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...