Wednesday, January 18, 2012

အနေအထိုင်မတတ်တဲ့ မင်းလုလင်

by Min Lulin on Wednesday, January 18, 2012 at 8:47am
 
ကျွန်တော်  ကဗျာဆရာ တစ်ယောက်ပါ ။ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ နိုင်ငံရေးဆောင်းပါးဆိုလို့
တစ်ခါတုန်းက ရေးခဲ့ဖူးတဲ့ စတုတ္တမဏ္ဍိုင်ပေါ် ခဏတက်ကြည့်ခြင်းဆိုတဲ့ တစ်ခုပဲ ရှိပါတယ် ။
ဒိပြင်ဆောင်းပါးတွေ ကျွန်တော် မကြာမကြာ ရေးဖြစ်ပေမဲ့ နိုင်ငံရေးနဲ့ပတ်သတ်ရင် ကျွန်တော်
ရေးခဲပါတယ် ။ ဒါကလဲ ကိုယ်က နိုင်ငံရေးဆိုတာကို ဘာမှ ထဲထဲဝင်ဝင်သိတာလဲမဟုတ် ။
မြင်နေရတာတွေကို ကိုယ့်ရဲ့ ပေါက်တတ်ကရအတွေးတွေနဲ့ လိုက်တွေးပြီး လိုက်ရေးနေတာမျိုး ။
ကျွန်တော့အသက်ဟာ နှစ်ဆယ့်နှစ်ကျော်ကာစ ဆိုတော့ လူပြောသူပြောများလှတဲ့ ရှစ်ဆယ့်ရှစ်
အရေးတော်ပုံကြီးကိုလဲ မမှီလိုက်ပါဘူး ။ ကလေးမက လူကြီးမကျသေးတဲ့အရွယ်
ဦးနှောက်ကစားတတ်ကာစ အရွယ်ဆိုတော့ ရေးတာတွေလဲ အမှားတွေ ပါကောင်းပါနိုင်ပါတယ် ။


အခု ကျွန်တော် နိုင်ငံရေးဆောင်းပါးအဖြစ်သတ်မှတ်ပြီး ကျွန်တော် ဒီစာကို ရေးပါတယ် ။
လတ်တလောကြားသိနေရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး ကျွန်တော် မြင်သမျှကို ကျွန်တော့ဘက်က
အမြင်နဲ့ တင်ပြသွားမှာပါ ။ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ် ။( ကျွန်တော့ရဲ့ အမြင်သက်သက်သာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ် )

ကျွန်တော်ဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဘက်တော်သားမှ မဟုတ်ပါဘူး ။
ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးသန်းရွှေ ၊ ဇာဂနာ ၊ ရွှေည၀ါဆရာတော် ၊ ကိုမင်းကိုနိုင်
စသည်စသည်ဖြင့်  ... ကျွန်တော် ဘယ်သူ့ဘက်တော်သားမှ မဟုတ်ပါဘူး ။
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ လောင်းရိပ်အောက်မှာလဲ ကျွန်တော်မရှိနေပါဘူး ။ လောင်းရိပ်
ဆိုတာကို ဒီနေရာမှာ နည်းနည်းရှင်းလိုပါတယ် ။ လူတစ်ယောက်ဟာ အခြားတစ်ယောက်ရဲ့
လောင်းရိပ်မိနေတယ်ဆိုရင် အဲ့ဒီလူလုပ်သမျှတိုင်း ( ကောင်းသည်ဖြစ်စေ  ဆိုးသည်ဖြစ်စေ )
အကောင်းအဖြစ်မြင်နေတတ်တယ် ။ အဲ့ဒီလူ ဘာလုပ်လုပ် အကောင်းလို့ သတ်မှတ်ကြတယ် ။
ဒါကြောင့် ကျွန်တော်က ဘယ်သူ့လောင်းရိပ်မှ မမိနေပါဘူး ။ ကောင်းတာကို ကောင်းတာလို့ မြင်သလို
ဆိုးတာကိုလဲ ဆိုးတာလို့ ကျွန်တော် မြင်မှာပါပဲ ။

အခုတလော နိုင်ငံရေးအကျဉ်းသား ( ယခုလိုသုံးစွဲလိုက်ရသည့်အတွက် ကျွန်တော် အားနာမိပါသည် )
များ ပြန်လွတ်လာကြသည် ။ ကောင်းမြတ်လှစွာသော သတင်းတပုဒ်ပင် ။ မီးလောင်မှုဖြစ်စဉ်ကြောင့်
စိတ်ထိခိုက်နေစဉ်မှာ အချိုရည်နဲ့ ဖုံးလိုက်သလိုပင် ။ နိုင်ငံ့သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာမှုဖြင့်လွတ်မြောက်လာကြသည် ။
လွတ်မြောက်လာကြသူများထဲမှာ နာမည်ကျော်အချို့ကို မျက်စိဒေါက်ထောက်ကြည့်နေကြသည် ။
ထိုနာမည်ကျော်များ ဘာလုပ်လျှင် ဘယ်လိုဖြစ်လို့ ညာလိုဖြစ်လို့ နှင့် မှတ်ချက်တွေကလဲ မျက်စိနှင့်မဆန့်အောင်ကို
တွေ့မြင်နေရသည် ။ ကိစ္စတိုင်းတွင် အမြင် အနည်းဆုံးနှစ်မျိုးစီဖြင့် ရှိနေကြသည် ။ ကိုယ့်ထင်မြင်ချက်နှင့်ကိုယ်
ဒေါသတွေဖြစ်နေကြသည် ။ ငြင်းနေခုန်နေ စိတ်ဝမ်းတွေကွဲနေကြသည် ။

မနေ့က ဖေ့ဘွတ်တွင် နည်းနည်းလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသော သတင်းတပုဒ်ရှိသည် ။
အဆိုတော် သားစိုး ပြောကြားသောစကားနှင့်ပတ်သတ်၍ ဝေဖန်မှုများထွက်ပေါ်လာခြင်းပင် ။
ကျွန်တော်လဲ မနေနိုင်မထိုင်နိုင် ဘာပြောတာလဲဟု သွားကြည့်မိသည် ။ သူပြောသောစကားများအရ ခြုံငုံပြောရလျှင်
အဓိပ္ပါယ်မှာ  အခုလက်ရှိအစိုးရက ဘာတွေလုပ်ပေးနေလဲ ။ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေလုပ်ပေးမလဲ ။
မေးခွန်းထုတ်ခြင်းဖြစ်သည် ။ ထိုနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ နာသူများရှိသည် ။ ကျွန်တော်
စဉ်းစားကြည့်မိသည် ။ နိုင်ငံ့ခေါင်းဆောင်အဖြစ် အရွေးခံမဲ့သူကို အဲ့ဒီနိုင်ငံက ပြည်သူတစ်ယောက်က
သမ္မတဖြစ်လာရင် ဘာလုပ်ပေးမလဲ ဆိုတဲ့မေးခွန်းဟာ ဒီမိုကရေစီရဲ့လမ်းစဉ်နဲ့ ဆန့်ကျင်နေသလားလို့ပါ ။
ဒီမိုကရေစီဆိုတာကို အလုံးစုံနားမလည်ပေမဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဲ့လိုမေးခွင့်ရှိနေတာပဲဆိုတာ
ကျွန်တော် သိသင့်သလောက်သိထားပါတယ် ။ အဲ့ဒီမေးခွန်းကြောင့် တစ်ချို့သော ပုဂ္ဂိုလ်တွေဟာ
သားစိုး အား ဘာမှန်းမသိတဲ့ ဂီတကို အရူးကွက်နင်းလိုက်လုပ်ပြီး တောကြိုက် Rapper ဖြစ်လာပါတယ် ။
သူ့ရဲ့ ဂီတတွေကို အားမပေးကြပါနှင့် ဘာဖြစ်ပါသည် ညာဖြစ်ပါသည် ဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ
ပြောဆိုလာတာတွေလဲ တွေ့ရပါသည် ။ ကျွန်တော်ကတော့ ထိုသူများပြောသည်ကို သဘောမတူပါ ။
ဒါပေမဲ့ သူတို့ရဲ့ လွတ်လပ်စွာပြောဆိုမှုကိုလဲ အသိအမှတ်ပြုပေးရပါမယ် ။ ပြောကြပါစေ ။
သားစိုးရဲ့ လွတ်လပ်စွာပြောဆိုနိုင်ခွင့်ကိုလဲ အသိအမှတ်ပြုပေးဖို့လိုပါတယ် ။ ခင်ဗျားတို့လိုချင်နေတာ
ဒီမိုကရေစီပါ ။ ဒီမိုကရေစီရဲ့ သာမာန်လုပ်ရိုးလုပ်စဉ်လေးတွေလောက်တော့ သိထားနားလည်ထားကြဖို့ပါပဲ ။

အဲ့ဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ကျွန်တော် နောက်ထပ် စဉ်းစားမိတာတွေ အများကြီးရှိလာတယ် ။
ကျွန်တော့အသက်က နှစ်ဆယ်ကျော်ကျော်လေး ။ ဒီတော့ ကျွန်တော့သက်တမ်းတစ်လျှောက်လုံးမှာ
ဒေါ်အောင်ဆန်းစုကြည်ဘာတွေလုပ်ပေးခဲ့ပါတယ်ဆိုတဲ့ ရလာဒ်မျိုး ကျွန်တော် မခံစားဖူးသေးဘူး ။
အန်တီစု ( နာမည်ပြောင်းသုံးပါရစေ ) ကို ပုဂ္ဂိုလ်ရေးအရ အရမ်းလေးစားပါတယ် ။ အရမ်းတော်ပါတယ် ။
ဒါပေမဲ့ ဘာတွေ ဖြစ်လာမလဲဟင် ဆိုတဲ့စိတ်တော့ ရှိနေပါတယ် ။ ဒါအပွင့်လင်းဆုံးပြောတာပါ ။
တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ သင့်တော်တဲ့အရည်အချင်းတွေရှိရုံမက ပိုတောင်ပိုနေပါသေးတယ် ။

နောက်တစ်ချက်က အခုလက်ရှိ သမ္မတ ဦးသိန်းစိန် ။ ခင်ဗျားတို့ နည်းနည်းလေးလောက် သူ့ကို အကောင်းမြင်ပေးကြည့် ။
စစ်အစိုးရ ( ဦးသန်းရွှေ ) ရဲ့ လက်ထက်တုန်းက သူက ဦးသန်းရွှေလက်အောက်က ။ သူ့စိတ်ထဲမှာ အဲ့ဒီလက်အောက်က
မရုန်းချင်ဘူးဟု တရားသေတွက်ထားလို့မရ ။ သူရုန်းချင်မှာပဲ ။ ဒါပေမဲ့ အချိန်နဲ့အချိန်အခါကို သူစောင့်နေတာ
ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် ။ ဒီလိုနဲ့ အခြေခံဥပဒေကို အတည်ပြုပြီး သူ သမ္မတဖြစ်လာပြီပေါ့ ။ သူ့မှာ လုပ်ပိုင်ခွင့်တွေ
ရှိလာပြီ ။ အဲ့ဒီအချိန်မှာပဲ နိုင်ငံရေးအကျဉ်းသားတွေကို အကုန်လွှတ်ပေးလိုက်တယ် ။ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ် ။
အန်တီစု ကို ရွေးကောက်ပွဲဝင်စေဖို့ အခွင့်အလမ်းတွေ လမ်းကြောင်းတွေ မသိမသာ သိသိသာသာချပေးနေတယ် ။
ကျွန်တော်ရဲ့ အားလုံးရဲ့အပြင်ကအမြင်နဲ့ကြည့်ရင် ဦးသိန်းစိန်ဟာ အန်တီစု သမ္မတဖြစ်လာစေဖို့
အကွက်ကျကျ လုပ်ဆောင်နေတယ်လို့တောင် ထည့်တွက်ဖို့လိုတယ် ။ ခင်ဗျားတို့ နည်းနည်းလောက်ပြန်စဉ်းစားကြည့်ပါ ။

နိုင်ငံရေးအကျဉ်းသားတွေကို အကယ်လို့များ တစ်ယောက်မှ မလွှတ်ဘူးဆိုရင်ရော .....
သူတို့ နှစ်နှစ်ဆယ်ကျော်တောင် လျှောက်လာခဲ့ပြီးပြီ ။ နောက်ထပ် ငါးနှစ် ဆယ်နှစ် သာသာလေးလုပ်နိုင်မှာပဲ ။
ဒါပေမဲ့ လွှတ်ပေးခဲ့တယ် ။ ယှဉ်ပြိုင်စေတယ် ။ သူလဲလူပဲလေ ။ လောကီသားပေမို့ အမှားနဲ့တော့ ဘယ်ကင်းခဲ့ပါ့မလဲ ။
စိုးလွင်လွင်သီချင်းစာသားနဲ့ပြောရရင်တော့ တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ် ပေါ့ဗျာ ။

ကိုမင်းကိုနိုင်အကြောင်းပြောရမယ်ဆိုရင်တော့ ကျွန်တော် ပြောမလောက်ဘူးဖြစ်သွားနိုင်တယ် ။
လူငယ် ... အရမ်းတော်တဲ့ လူငယ် ။ ဒါဟာ သူ့အတွက်ပါပဲ ။
လူငယ်ဆိုပေမဲ့ ကျွန်တော်နဲ့ဆိုရင်တော့ ဦးလေးအရွယ်ပါပဲ ။ အရမ်းသတ္တိရှိတဲ့ ဦးလေး ပေါ့ဗျာ ။

ဒီတော့ ကျွန်တော်တို့တွေ မျှမျှတတ တွေးကြည့် ရေးကြည့် မြင်ကြည့်ကြရအောင် ။


( မင်းလုလင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...