Thursday, January 5, 2012

တုံးအောက်က ဖား

မြန်မာနိုင်ငံ အတွင်း ဖြစ်ရပ်မှန်တခုကို အခြေခံပြီး တင်ပြထားသည်။

by Zaw Aung on Wednesday, July 20, 2011 at 9:09pm

            နွေအကုန် မိုးအဝင် ဇွန်လ ရောက်လျှင်ဖြင့် မိုးပြေး မိုးဖွဲ မိုးရနံ့တို့နှင့်အတူ လရှည်ငြိမ်သက်တိတ်ဆိတ်နေခဲ့သော စာသင်ကျောင်း စာသင်ခန်းများ တွင်လည်း ကျောင်းဆရာ ကျောင်းဆရာမ ကျောင်းသူ ကျောင်းသား ရွယ်ရွယ်ငယ်ငယ် ကြီးကြီးလတ်လတ်များ ကျောင်းသားမိဘများ၏ ပြားပန်းခတ်သွားလာ လှုပ်ရှားမှုများနှင့်အတူ ခေါင်းလောင်းသံ စာအံသံ စာရွတ်သံ ကဗျာရွတ်သံတို့ဖြင့် သက်ဝင်လှုပ်ရှားနေပေတော့မည်။
ကျောင်းဖွင့်ရာသီနှင့်အတူ လယ်ယာလုပ် ငန်းခွင်၌လည်း ရိုးပြတ်ထိုးထောင် တံလျှပ်တရှိန်ရှိန်ထနေသည့် လွမ်းဆွတ်ပူဆွေးစရာ သွေ့ခြောက်ပူလောင်မှုမြင်ကွင်းများ ပျောက်ဆုံးကာ ရေဖွေးဖွေးလျှံ လျှက် ကန်သင်းရိုးဆည်သူ ထွန်ယက်သူ ပျိုးကြဲသူ ပျိုးထောင်သူ ခမောက်ကိုယ်စီ ပလတ်စတစ်မိုးကာခြုံထည်ကိုယ်စီဖြင့် လယ်ယာလုပ်ငန်းခွင်ဝင်သူများ၏ လက်တွန်းထွန်စက်သံ နွားမောင်းသံ ကြိမ်းဝါးသံ မာန်မဲသံ ကောက်စိုက်သမတို့၏ နုတ်ဆက်လှောင်ပြောင်သံ ရယ်မောသံ ကောက်စိုက်တေးသီကြွေးသံတို့ ဖြင့် ဝေစည်ညံနေပေတော့မည်။
        မန္တလေး ပြင်ဦးလွင် ကားလမ်းပေါ်ရှိ မြို့ မကျ တောမကျ ရှမ်းပြည်နယ်သွား ကုန်တင်ကားသမားတို့ ခရီးတထောက်ရပ်နားရာ နားဋ္ဋောင်းကျချောင်း နံဘေးရှိ အုန်းချောရွာနှင့် ပုဂံရာဇဝင်လာ အနော်ရထာမင်း၏ ရှမ်းမိဖုရားတပါးဖြစ်သူ စောမွန်လှမင်းသမီး တည်ထားခဲ့သည့် ရွှေစာရံဘုရားနှင့် ရွှေစာရံရွာအ ကြားရှိ တခုသောဇီးခြံအတွင်း၌လည်း နံက်ခင်းနေခြည်နွေးနွေး၏ အပွေ့အဖက်တွင် ကသုတ်ကယက် ထိုမှဤမှ တိုက်ခတ်နေသော မိုးငွေ့ပါသည့် လေနုအေး ကလေးများနှင့်အတူ ကျေးငှက်ငယ်များ၏ ကျီကျီကျာကျာ အသံများအောက်တွင် ပေါင်းရှည်မြက်နွယ်တို့ကို သုတ်သင်ဖယ်ရှားရေး ဇီးပင် သရက်ပင်တို့ မိုးရေ ဝဝလင်လင် သောက်သုံးနိုင်ရေးအတွက် ဂဝံဂျင်းကျောက်စပ်မြေသားကို ထိုးခွဲကာ ထွန်ယက်နေသည့် ထယ်အငှားလိုက်သူတို့၏ လုပ်ငန်းဆောင်ရွက်မှုဖြင့် နံက်ခင်း သက်ဝင်ပန်းချီကားတချပ်နှယ် လှုပ်ရှားလှပနေတော့သည်။
            ဇီး သရက် ဥယျာဉ်ခြံအတွင်းရှိ လေးပင်သုံးခန်းတွဲ ဝါးကပ်မိုး ထရံကာ မြေစိုက်တဲအရှေ့  မြေကွက်လပ်တွင် နှီးခမောက်ကိုဆောင်းကာ အညာဖျင် ကြမ်းကွက်စိပ် အကျီ င်္အပြာ  အရောင်ပြယ်နေပြီဖြစ်သည့် ယူဂျီ(ဦးဂျမ်း)ပုဆိုးတို့ကိုဝတ်ဆင်လျှက် ညိုညိုမောင်းမောင်း တုတ်တုတ်ခိုင်ခိုင် အသက်ငါးဆယ် အရွယ်ရှိ စစ်ပြန်ကြီးဦးစိုးမောင် တစ်ယောက် သူ၏ဥယျာဉ်ခြံအတွင်း ထယ်ထိုးနေသည့် ထွန်ရှဉ်းအငှားသမားတို့၏ လှုပ်ရှားမှုမြင်ကွင်းကို လိုက်ကြည့်ရင်း အတွေးနယ်ချဲ့ နေမိသည်။
            ဦးစိုးမောင်သည် ငယ်စဉ်ကအိပ်ရာဝင်ပုံပြင်လိုကြားသိခဲ့ရသော ဖက်ဆစ်တော်လှန်ရေးနှင့် လွတ်လပ်ရေးလှုပ်ရှားမှုကာလများအတွင်းက တော်လှန် လှုပ်ရှားသူများ၏အကြောင်းအရာများနှင့် စစ်ချီသီချင်းများကို သဘောအတွေ့ကြီးတွေ့ အားအကျကြီးကျကာ ၁၉၆၆ခုနှစ် အသက်(၁၇) နှစ်အရွယ်တွင် မုံရွာ ဘုတလင်နယ် ဇာတိညောင်ကန်ရွာမှ မုံရွာမြို့ သို့တက်ကာ စစ်တပ်သို့ ဝင်ရောက်စစ်မှုထမ်းခဲ့သည်။ ၁၃ နှစ်ကြာ စစ်မှုထမ်းပြီးနောက် ၁၉၇၉ခုနှစ် အသက် (၃၀) အရွယ်တွင် ထွက်ခွင့်ရရှိခဲ့သည်။ တပ်မှထွက်ပြီးနောက် ဇာတိရပ်ရွာသို့ပြန်လည်ရောက်ရှိခဲ့ပြီး မိရိုးဖလာတောင်ယာလုပ်ငန်းကို လုပ်ကိုင်နေရင်း ထိုနှစ် တွင်ပင် တစ်ရွာတည်းနေသူ ဒေါ်နှင်းမြနှင့် အိမ်ထောင်ကျခဲ့သူဖြစ်သည်။
            အိမ်ထောင်ကျပြီးနောက် ငွေမရှိ အရင်းအနှီးမဲ့သူများပီပီ ခန္ဓာကိုယ်အားလုပ်အားကို အရင်းပြုကာ ယာသမားဘဝ ငုတ်တူးသမားဘဝ ပွဲရုံကုန်ထမ်း သမားဘဝ စာရင်းငှားသမားဘဝ ထင်းခုတ် ဝါးခုတ်သမားဘဝများကို ဇနီးသည်နှင့်အတူ ကျင်လည်ဖြတ်သန်း ရုန်းကန်လှုပ်ရှားခဲ့ရသူဖြစ်သည်။
            တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့် ထုံးကိုနှလုံးမူကာ ဘုတလင် ကနီ မုံရွာ အရာတော် ရွှေဘို ဝက်လက် ဆားတောင်နယ်တလွှား ရေကြည် ရာ မြက်နုရာ ရွေှ့ ပြောင်းလုပ်ကိုင်စားသောက်နေထိုင်ရာမှ (၁၀)နှစ်ကြာပြီးနောက် ၁၉၈၉ ခုနှစ်အရောက်တွင် မန္တလေးအရှေ့ ဘက် ပုသိမ်ကြီးမြို့ နယ်အတွင်း ရှိ အုန်းချောရွာဒေသသို့ ရွှေ့ ပြောင်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အုန်းချောရွာသို့ ရောက်ရှိပြီးနောက် လှည်းနွားထောင် နားဋောင်းကျချောင်းမှ ရေကိုခပ်ကာ ရွာအတွင်း လိုက်လံပို့ဆောင်ရောင်းချသည့် ရေစည်တိုက်လှည်းသမားဘဝဖြင့် မိသားစု စားဝတ်နေရေးကို မသက်မသာဖြေရှင်းရင်း စုဆောင်းမိလာသည့်ငွေ စလေးဖြင့် လက်ရှိဥယျာဉ်ခြံတည်ရှိရာ မြေလွတ်ကြပ်တည်း ကျောက်စပ်မြေကို ဝယ်ယူပြီး ကိုယ်တိုင်ကိုယ်ကျ ဓားမဦးချ ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးပြုစုပျိုး ထောင်လာခဲ့ခြင်းဖြစ်သည်။
            အသက်ရှည်ချင် သစ်ပင်စိုက်ဆိုသည့် မြန်မာ့ဓလေ့ဆိုရိုးစကားနှင့် အညီ ဝယ်ယူရှင်းလင်းခဲ့ရသည့် မြေကွက်လပ်တွင် နေပူမရှောင် မိုးရွာမရှောင် နွားနှင့်ဖက်၍ ထွန်ယက်ရုန်းကန်ရင်း ဇီးပင် သရက်ပင်များကို ရှာဖွေပျိုးထောင်ကာ အရိပ်တကြည့်ကြည့် စိုက်ပျိုးပြုစုလာခဲ့ခြင်းလည်းဖြစ်သည်။
            ယခုဆိုလျှင် ဇီးပင် ၄၅၀ ပင်၊ ရွှေဟသာင်္ စိန်တလုံး မယ်သီ သရက်ပင်ပျို ၃၀ ပင်၊ ခြံစည်းရိုးနှင့် ငါးတောင်ကွာမှ ခြံတပါတ်လည်စိုက်ပျိုးထားသည့် ဆူးပုတ်နှင့် ကင်ပွန်းချဉ်ပင်များ ခြံအတွင်းရှိ ရေတွင်းအနီးစိုက်ပျိုးထားသည့် ငှက်ပျောပင် ၃၀ ပင်၊ တဲခေါင်းရင်းရှိ ဇီးသီးခြောက်လှမ်းချိန်မှ လွဲ၍ ရာသီသီးနှံ ပန်းမာလ်များကို စိုက်ပျိုးနိုင်သည့် မြေကွက်လပ် တလင်းမြေတို့ဖြင့် ဝေဝေစည်စည်ဖြစ်နေပေပြီ။
            မဖြစ်ညစ်ကျယ် နေထိုင်စားသောက်ခဲ့ရသည့် အခြေအနေမှသည် ယခုဆိုလျှင် သားသမီး (၃) ဦးအတွက် ကျောင်းစားရိတ် မိသားစု စားဝတ်နေရေး စားရိတ် စိုက်ပျိုးထုတ်လုပ်မှုစားရိတ် အထွေထွေခွဲရေးခွဲတမ်းကျခံရမှုများ လှူရေး ဒါန်းရေး ရပ်ရေး ရွာရေး လူမှုရေးကိစ္စ အဝဝတို့အတွက် အဆင်ပြေချောမွေ့ ပြီး မိသားစုစီးပွားရေး ချောင်လည်လာခဲ့သည်မှာ လေးနှစ်ပင်မပြည့်တတ်သေးပေ--။
            လွန်ခဲ့သည့် နှစ်များက တရိပ်ရိပ်ဖြင့် ညှို့ မှိုင်းဖွံ့ဖြိုးကြီးထွားလာခဲ့ကာ သီးနှံအထွက်ပိုလာခဲ့သည့် ဇီးပင် သရက်ပင် ဆူးပုတ် ကင်မွန်းချဉ်ပင်ကြည့်ပြီး မိသားစုစီးပွားရေး ကျမ်းမာရေး ကလေးများ၏ပညာရေး မိသားစု အနာဂတ်အရေးကိစ္စများအတွက် တွက်ဆတွေးတောကာ စိတ်အေးသလို ခံစားခဲ့ရသည်။
            ကုန်ဆုံးကျော်လွန်ခဲ့သည့် နှစ်နှစ်က လှည်းနှင့်နွားကို ဖြုတ်ကာ ဇီးသီး သရက်သီးရောင်းရငွေများဖြင့် စုပေါင်းပြီး ခြံအတွက် ရေစုပ်စက် အငယ်နှစ် ကောင်ကျောင်းကြိုပို့ လုပ်ရန်အတွက် ဆိုင်ကယ်တပါတ်ရစ်ကလေးတစ်စီး ပစ္စည်းအငှားတိုက်ရန်အတွက် ကွန်ဒေါင်းထော်လာဂျီအဟောင်းကလေးတစ်စီး ဝယ်နိုင်ခဲ့သည့်အပြင် အိမ်လျှပ်စစ်မီးအတွက် လက်စွဲမီးစက်ကလေးတစ်လုံးဆင်နိုင်ခဲ့သည်။ ခြံ၏တန်ကြေးကလည်း ကာလပေါက်ဈေးနှင့်ဆိုလျှင် သိန်းတစ် ရာ့ငါးဆယ်လောက်တန်နေပြီဖြစ်သည်။
            မြေမဲ့ ယာမဲ့ အရင်းအနှီးမဲ့ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်သည့် လုပ်လုပ်စားစား နင်းပြားဘဝမှ ယခုအခြေအနေသို့ ရောက်အောင် ဇနီးသည်၏ဖေးမမှု အားပေးကူညီမှုများဖြင့် လှုပ်ရှားရုန်းကန်ခဲ့ရသည့် အခြေခံအကျဆုံးဘဝမှ တိုးတက်ဖွံ့ဖြိုးလာခဲ့သည့် လက်ရှိအခြေအနေကို အားရကျေနပ်မိသည်ကတော့ အမှန်ပင်--
            ယခုတော့ ဗေဒင်သမား လက္ခဏာဆရာတွေပြောသလို အသက်ငါးဆယ်ပြည့်မှ ခရီးသွားရင်း ရွှေထုပ်ကျပျောက်သည့်ကိန်း မဟာဇနက သဘောင်္ ပျက်ကိန်းကြုံကာ နေရင်း ထိုင်ရင်း အိပ်ရာအောက်ရေဝင်သကဲ့သို့ ငါးပါးမှောက်ရုံတင်မဟုတ် သံဃာစင်ပါမှောက်မည့်ကိန်းကြုံနေရသည်။
            ခြံမြေတွေအသိမ်းခံရတော့မည် ရွှေ့ ပြောင်းပေးရမည်။ မြန်မာနိုင်ငံ တနံတလျားရှိ မြေအားလုံးကိုနိုင်ငံတော်ကပိုင်သည်တဲ့။နိုင်ငံတော်ကမလိုအပ်
သေးသည့် အချိန်တွင် ခေတ္တယာယီ လုပ်ကိုင်စားသောက်ခွင့်ပေးထားခြင်းသာဖြစ်သည်။ နိုင်ငံတော်ကလိုအပ်သဖြင့် ပြန်လည်သိမ်းယူသည့်အခါတွင် ဖယ်ကို ဖယ်ပေးရမည်တဲ့။ ဘိုးဘွားပိုင်မြေဆိုတာ မရှိဘူးတဲ့။ မြေခွန် ယာခွန် သီးနှံခွန် ဆောင်ထားတာတွေ လာမပြောနဲ့တဲ့။ တစ်နှစ်တော့ လုပ်ကိုင်စားသောက်ခွင့် ပေးမည်။ ရွှေ့ ပြောင်းပေးရမည့်ရက်ကို ထပ်မံ၍ အကြောင်းကြားမည်။ ယခုကြိုတင်၍ အသိပေးခြင်းသာဖြစ်သည်တဲ့။ လျှော်ကြေးတွေ နစ်နာကြေးတွေ လာမ ပြောနှင့် အဲဒါသူတို့နှင့် မဆိုင်ဘူးဟုဆိုသည်။ ကလန်ကဆန်လုပ်လျှင် အာဏာဖီဆန်မှုဖြင့် ထိရောက်စွာ အရေးယူမည်တဲ့။ ဦးစိုးမောင် ခင်ဗျားလည်းတချိန်က စစ်သားဟောင်းကြီးပဲ စစ်မိန့်နဲ့ စစ်အာဏာအကြောင်းကို ခင်ဗျားပိုသိပါတယ်ဟု ဆိုသည်။ မိုက်ရိုင်းလိုက်တဲ့ အကောင်တွေ။
            “စစ်မိန့်နဲ့ စစ်အာဏာဟာ စစ်တပ်အဝန်းအဝိုင်းနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ အများပြည်သူနှင့် သာမန်လက်လုပ်လက်စား ပြည်သူလူထုအ ကြားထဲမှာ အသုံးပြုလို့ မသင့်တော်ဘူးထင်ပါတယ်။ “ဟုပြောစဉ် “ ခင်ဗျား ကြပ်ကြပ်သတိထား” ဟုကြိမ်းဝါးရင်း ရှုးရှုးရှားရှားဖြစ်သည်။ သူတပါး နှစ်ရှည်လ များ ဆင်းရဲပင်ပန်းကြီးစွာ ဒုက္ခကြီးစွာ ပြုစုပျိုးထောင်းရင်း ပိုင်ဆိုင်ခဲ့တဲ့ခြံမြေကိုကျတော့ နိုင်ငံတော်ဆိုတာကို အကြောင်းပြ စစ်မိန့်ဆိုတာကို အသုံးချပြီး မိုက် မိုက်ရိုင်းရိုင်းပြောဆိုပြီး အလကား ဒမြတိုက်ဖို့ကျတော့ မစဉ်းမစားပြောထွက်တယ်။ အကျိုးအကြောင်းနဲ့ နဲနဲပါးပါးစဉ်းစားနိုင်ဖို့ ထောက်ပြပြောဆိုတာကျတော့ ဆတ်ဆတ်ထိမခံဖြစ်တယ်။ တော်တော်တရားကျဖို့ ကောင်းလိုက်တဲ့ အကောင်တွေ။ ထပ်မံ၍ ပြောမည်ပြုစဉ် ခြံနီးချင်း ဖိုးသော်နှင့် ဇနီးသည်က အတင်းဆွဲ ထားသည်။
            လွန်ခဲ့သည့်လက ကျေးရွာ ရယကရုံးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သည်အကြောင်းကို ခြံမြေအသိမ်းခံရမည့် ဇီးခြံပိုင်ရှင် ငါးဦးနှင့် ရယကရုံးအဖွဲ့ဝင် အချို့ သာသိသည်။ ယခုတော့ မိမိခြံစည်းရိုးနှင့် ဖိုးသော်ခြံစည်းရိုး အစပ်နေရာတွင် ကွပ်ကဲရေးရုံးဟု အမည်တပ်လျှက် အစည်းအဝေးခန်းမ တဲကြီးတလုံးနှင့် အိပ်ဆောင်တန်းလျားရှည်ကြီးတလုံး လာ၍ဆောက်လုပ်နေပြီဖြစ်သည်။
            ဒီလိုနည်းနဲ့ မြန်မာပြည်တနံတလျားက လယ်သမား ယာသမား မိသားစုဘဝတွေ ဘယ်လောက်များများ ဓားပြအတိုက်ခံရပြီးပြီလဲ၊ သာမန်လက် လုပ်လက်စား လူထုဘဝတွေ ဘယ်အခြေစိုက်အောင် ခြေမဲ့လက်မဲ့ဖြစ်ကာ စုတ်ပြတ်နုံချာခဲ့ပြီလဲ။ စင်စစ် မိမိကြုံတွေ့နေရသည့် အခြေအနေသည် နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်သူ နိုင်ငံတော်သားတွေရဲ့  အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်ဟု အသံကောင်းဟစ်လျှက် နိုင်ငံသူ နိုင်ငံသားတွေရဲ့  အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက် ဒါးပြတိုက် လုယက်နေခြင်းသာလျှင်ဖြစ်သည်။
            မိမိကျင်လည်ဖြတ်သန်းသွားလာခဲ့ရာ နယ်ပယ်ဒေသများတွင် ယခုမိမိရင်ဆိုင်ကြုံတွေ့နေရသည်ကဲ့သို့ အဖြစ်သနစ်များကို တွေ့ခဲ့ ကြားခဲ့ဖူးသည်။ ထိုစဉ်အခါများက မိမိသည်လည်း နင်လား ငါလား ခံစားခဲ့ရဖူးခြင်းမရှိ ကိုယ်နှင့် မသက်ဆိုင်ဟူသောသဘောဖြင့် လက်ရှောင်ကာ အေးအေးလူလူနေခဲ့သည်။ ယခုမိမိကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့နေရပြီ။ ခံစားရသည်။ ခြေဖျားကနေ ဆံဖျားထိအောင် ဒေါသဖြစ်ရသည်။ အနီးပါတ်ဝန်းကျင်ရှိ အခြားသူများအနေဖြင့် လည်း မိမိကဲ့သို့ခံစားနေမည်မဟုတ်။ ယေဘူယျ လူ့သဘောအရ သူတပါးအရေးကိစ္စသည် မိမိအရေးကိစ္စလောက် အရေးကြီးကြမည်မဟုတ်။ သူတို့နှင့် မသက်ဆိုင်သကဲ့သို့သာ ။ ရင်းနှီးသူတွေကတော့ မိမိအတွက် စိတ်မချမ်းမသာဖြစ်ကြပေလိမ့်မည်။ ဒီထက်မပိုနိုင်။
            အဖိခံရသူတွေ ဝမ်းနည်းရ ပူဆွေးရ ဒေါသဖြစ်ရ ရွှေ့ ရပြောင်းရ ဒုက္ခရောက်ကြရ အဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်ရပြီး ပြားပြားဝပ်သွားကြ ။ အဖိမခံရသေးသူတွေ သွားသွားလာလာ လှုပ်လှုပ်ရှားရှား အနေအစားမပျက် ပိန်တလှည့် ဖောင်းတလှည့် ။ ဖိနှိပ်သူတွေ၏ အပေါင်းပါ ဆွေမကင်း မျိုးမကင်း လက်ဝေခံတွေကတော့ ဆိုင်ကယ်တဖုန်းဖုန်း ကားတဝီဝီ တောက်တောက်ပြောင်ပြောင် အဆီတဝင်းဝင်း စကားဖောင်ဖောင် မော်မော်ကြွားကြွား ဝင့်ဝင့်ထည် ထည် --။
            မြန်မာပြည် တနံတလျားက သာမန်ပြည်သူလူထုဘဝများ အောက်ခြေဝန်ထမ်းများ အခြားအဆင့် စစ်သည်များနှင့်၎င်းတို့ မိသားစုဘဝများကတော့ တုံးအောက်ကဖားတွေလို ပြားသူပြား မြေကြီးကပ်သူကပ် ပိန်သူပိန် ဖောင်းသူဖောင်းနေကြသည်။
            လူတွေသည် ဖားသတ္တဝါတွေမဟုတ် လူတွေဖန်တီးတဲ့ အခြေအနေဆိုးတွေကို လူတွေက ပြောင်းလဲပစ်ရမည်။ ပြောင်းလဲသွားအောင် လုပ်ဆောင် ကြရမည်။ ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်ကြသည်။
            သမ္မာအာဇီဝကျကျ ရှာဖွေရရှိပိုင်ဆိုင်ထားသည့် နိုင်ငံသူနိုင်ငံသားတို့၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုသည် နိုင်ငံတော်ဟူသည်ကို ခုတုံးလုပ်ခြိမ်းခြောက် သိမ်းပိုက်ခံရမှုများမှ ကင်းလွတ်ကာ အာမခံချက်ရှိသည့် အခြေအနေမျိုးဖြစ်အောင် ပြုပြင်ပြောင်းလဲပစ်ရမည်။
            သည်သို့ သည်နှယ် ဦးစိုးမောင်၏ အတွေးမျှင်တန်းတို့သည် သတ္တလောကကြီးအတွင်း နံက်ခင်းနေခြည်နုတို့ အပွေ့အဖက်နှင့် လေပြည်ညှင်းများ အောက်တွင် ထိရှစူးနစ်မှုတို့နှင့်အတူ ထိုမှ ဤမှ ဝေ့ကာဝဲကာ ကွန့်ကာမြူးကာ------


                                                                                                                                                            ZTA
                                                                                                                                                            30-5-2011
         

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...