Monday, January 9, 2012

လွမ်းဆွတ်ခြင်းတွေမလဲနိုင်ပါ..။

by Shwe Aeim Si on Monday, January 9, 2012 at 5:23pm




အဖေကို မြေမြုပ်သင်္ဂြိုလ်ပြီးနောက် အမေ့ကို ကျွန်တော်နဲ့အတူ မြို့မှာလိုက်နေဖို့ ခေါ်ခဲ့တယ်။ ဆူညံတဲ့ မြို့ပြလူနေစရိုက်မှာ အမေကျင့်သားမရဘူး ရွာမှာပဲ အေးအေးလူလူ နေပါရစေလို့ အမေငြင်းဆန်တော့ အဖေနဲ့နှစ်ပေါင်းများစွာ အတူနေခဲ့တဲ့၊ အဖေခေါင်းချသွားတဲ့ နေရပ်ကို အမေမခွဲနိုင်မှန်း ကျွန်တော်ရိပ်စားလိုက်မိတယ်။

အမေဟာအရင်ကရွာမှာအဖေနဲ့ အတူဒိုးတူဘောင်ဘက်လယ်ယာလုပ်ကိုင်ရင်း၊  ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချရင်း ကျွန်တော်ကို ဘွဲ့ ရတဲ့ အထိထားခဲ့ ပါတယ်။
ကျောင်းပြီးလို့ အလုပ်လုပ်တော့ကျွန်တော်အမေ ကိုငွေပြန်ပို့ ခဲ့ ပါတယ်။ဒါပေမဲ့ အမေ ကလက်မခံပဲအမြဲလက်မခံခဲ့ ပါဘူး..။အခုတော့အဖေမရှိတော့ပြီမို့ ကျွန်တော်က


"အမေရယ်...အရင်က ကျွန်တော် ငွေပြန်ပို့တာကို အမေလက်မခံခဲ့ပေမယ့် ဒီတစ်ခါတော့ လက်ခံပေးပါနော်အမေ။ တစ်လကို ငါးထောင် သားအမြဲပို့ပါရစေ"

"ရွာမှာနေတော့ ငွေသိပ်မကုန်ဘူး သား... တစ်လကို သုံးထောင်ဆိုရင် လောက်ပါပြီ"

အမေနေတဲ့ရွာက ခေါင်လွန်းတယ်။ စာပို့သမား တစ်လနေမှ တစ်ခါရောက်တဲ့ နေရာဖြစ်တယ်။ မြို့တက်ပြီး အလုပ်လုပ်တဲ့ လူငယ်တွေကများတော့ ရွာမှာကျန်ခဲ့တဲ့ လူကြီးတွေက တစ်နေ့တစ်နေ့ ကိုယ်သားသမီး ဆွေမျိုးတွေရဲ့စာကို သယ်လာမယ့် စာပို့သမားရဲ့အလာကိုပဲ စောင့်မျှော်နေတတ်ကြတယ်။

စာပို့သမားလာတဲ့နေ့ဆိုရင်... ရွာသူရွာသားတွေ အရမ်းပျော်ကြတယ်။ စာပို့သမား ရွာထဲစဝင်ပြီဆိုတာနဲ့ ရွာက ဦးကြီးတို့၊ ကြီးဒေါ်တို့၊ အဘိုးအဘွား၊ အဖေအမေတို့က စာပို့သမားရဲ့ ဘေးပတ်လည်မှာ ဝိုင်းဖွဲ့ပြီး ကိုယ့်စာ၊ သူ့စာပါလားလို့ အလုအယက် မေးမြန်းတတ်ကြတယ်။ အဲဒီနောက် ပါလာတဲ့ စာတွေကို စုပေါင်းဝိုင်းဖတ်ကြရင်း အပျော်တွေကို ဝေမျှကြတယ်။

စာပို့သမား လာတဲ့နေ့က နောက်ဖေးစိုက်ခင်းမှာ အမေအလုပ်ရှုပ်နေခဲ့တယ်။
ဘေးအိမ်က ဒေါ်ကြီး သုံးလေးခွန်း လှမ်းခေါ်လိုက်မှ ပျာယီးပျာယာနဲ့ အမေထွက်လာပြီး စာပို့သမားဆီက ဖြတ်ပိုင်းလေးတစ်ခုကို လက်ခံလိုက်တယ်။
ငွေလွှဲဖြတ်ပိုင်းကို မြင်တော့ "သား ငွေလွှဲလာတာ" ဆိုပြီး အမေ့မျက်နှာ အပျော်ရိပ်သန်းသွားခဲ့တယ်။ ပို့လာတဲ့ ငွေက ခြောက်သောင်း ကြီးများတောင် ဆိုတော့ ဆွေမျိုးတွေက ငွေလွှဲဖြတ်ပိုင်းလေးကို တန်ဖိုးကြီးတဲ့ အရာတစ်ခုလို တယုတယ ကိုင်တွယ်ရင်း တစ်ယောက်တစ်လှည့် လက်ဆင့်ကမ်းကြည့်ကြပြီး အမေ့ကို အားကျနေခဲ့ကြတယ်။



သားပထမဆုံးအကြိမ် ပို့လိုက်တဲ့ ငွေကြေးတွေကြောင့် အမေတစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ ညသန်းခေါင်မှာ ထပြီး သားအတွက် အမေစာရေးခဲ့တယ်။ အမေ စာများများ မတတ်ပါဘူး။ ဒါပေမယ့် ရွာကမူလတန်းကျောင်းမှာ ဆရာလုပ်ခဲ့ဖူးတဲ့ အဖေ့ကြောင့် အမေ အနည်းအကျဉ်း ရေးတတ်ဖတ်တတ်ခဲ့တယ်။ အမေရေးတဲ့စာက သုံးလေးကြောင်းပဲရှိတယ်။ စာထဲမှာ ဘာဖြစ်လို့ တစ်လကို ငွေ သုံးထောင်ထည့်လာမယ်ဆိုပြီး ဒီလောက်များတဲ့ ငွေတွေထည့်ခဲ့ရသလဲ ဆိုတာပဲဖြစ်တယ်။

အမေ့စာကို ကျွန်တော်ဖတ်ပြီး စာပို့သမားက တစ်လမှတစ်ခါ ရွာရောက်တာကြောင့် အမေအသုံးစရိတ် ပြတ်သွားမှာစိုးလို့ တစ်ကြိမ်တည်းနဲ့ တစ်နှစ်စာ ပို့လိုက်ကြောင်း အမေ့ကို စာပြန်ခဲ့တယ်။ ကျွန်တော်စာကိုဖတ်ပြီး အမေ သဘောကျ ပြုံးရီနေခဲ့မယ် ထင်ပါတယ်။

လအနည်းငယ်ကြာတော့ အမေ့ဆီက နောက်စာတစ်စောင်ကို ကျွန်တော်ရလိုက်ပြန်တယ်။ အမေ့စာတိုတိုထဲမှာ နောက်နှစ်တွေမှာ အမေ့အတွက် အသုံးစရိတ်ကို တစ်ကြိမ်တည်း မပို့ဖို့၊ တစ်လတစ်ကြိမ် ခွဲပြီး ပို့ဖို့ ရေးထားတယ်။

ဒီလိုနဲ့ တစ်နှစ်လွန်မြှောက် သွားခဲ့ပြန်တယ်။ ၀န်ထမ်းဘ၀နဲ့ ကျွန်တော့်မှာ ရွာကအမေ့ကို ပြန်ကြည့်ဖို့ အချိန်ပို မရှိခဲ့ဘူး။ အမေမှာထားသလို တစ်လတစ်ကြိမ် ငွေတွေခွဲပြီး ပို့ဖို့ အားလပ်ရက် မရခဲ့ဘူး။ လကျန်ပြီး မပို့မိမှာလည်း စိုးတာကြောင့် မအားတဲ့ကြားထဲက အမေ့ကို တစ်နှစ်စာ ငွေ ခြောက်သောင်း  ကျွန်တော် ထည့်လိုက်ပြန်တယ်။
ငွေထည့်ပြီး နောက်တစ်လမှာ အမေ့ဆီက ငွေငါးသောင်းငါးထောင် ပြန်လွှဲလာတဲ့ ဖြတ်ပိုင်းကို ကျွန်တော်ရလိုက်တယ်။ ကျွန်တော် စဉ်းစားမရနိုင်ဖြစ်ပြီး အရမ်းအံ့သြသွားမိတယ်။ အမေ ဘာကြောင့် ငွေတွေပြန်လွှဲခဲ့ရသလဲ.....
အမေ့ဆီစာရေးပြီး အကျိုးအကြောင်း မေးမြန်းမယ်ကြံတုန်းမှာ အမေ့ဆီက နောက်စာတစ်စောင်ကို ကျွန်တော်ရလိုက်ပြန်တယ်။
စာထဲမှာ ငွေတွေကို တစ်လတစ်ကြိမ် ခွဲပို့ပါ၊ ခွဲမပို့ရင် လုံးဝ မပို့ခဲ့ပါနဲ့လို့ ရေးထားတယ်။ ကျွန်တော် လုံးဝ နားမလည်ခဲ့ဘူး...

တစ်နေ့ ကျွန်တော်အလုပ်ကအပြန် မြို့ပေါ်တက်ပြီး အလုပ်လာရှာတဲ့ ရွာက မိတ်ဆွေတစ်ယောက်နဲ့ တိုးခဲ့တယ်။ အမေ့အကြောင်းကို မေးကြည့်တော့ ပြုစုစောင့်ရှောက်သူ မရှိဘဲ အမေတစ်ယောက်တည်း နေပေမယ့် အမေပျော်ရွှင်တဲ့အကြောင်း၊ အထူးသဖြင့် စာပို့သမား လာတဲ့နေ့ဆိုရင် အမေပိုပျော်ရွှင်ကြောင်း၊ ကျွန်တော့်ဆီက ငွေလွှဲစာရရင် ရက်အတော်ကြာ အမေပျော်နေတတ်ကြောင်း ပြောပြခဲ့တယ်။

အဲဒီစကားတွေကြားတော့ ကျွန်တော့်ရင်ထဲ ဆို့နင့်လာခဲ့မိတယ်။ .....ကျွန်တော်နားလည်လိုက်ပါပြီ။
အမေဘာကြောင့် တစ်လတစ်ကြိမ် ငွေခွဲလွှဲဖို့ ကျွန်တော့်ကို ထပ်သလဲလဲ မှာခဲ့သလဲဆိုတာကို ကျွန်တော်နားလည်လိုက်ပါပြီ အမေ။

တစ်နှစ်မှာ တစ်ကြိမ်ပဲ အမေပျော်ချင်တာ မဟုတ်ဘဲ တစ်နှစ်မှာ ၁၂ကြိမ် အမေပျော်ချင်မှန်း သား နားလည်လိုက်ပါတယ်။

အမေလိုချင်ခဲ့တာက သားပို့တဲ့ ငွေကြေးတွေ မဟုတ်ဘဲ သားရဲ့ သတိရခြင်းတွေ၊ လွမ်းဆွတ်ခြင်းတွေ ဆိုတာကို သားနားလည်လိုက်ပါတယ် အမေ.................


အမေ ထာဝရပျော်ရွှင်နိုင်ပါစေ
ချစ်သောသား


ရွှေအိမ်စည်

  1 comment:

  1. ရင်ထဲသို့တိုင်သက်ရောက်ပါတယ်။
    ကျမအဲဒီလိုလုပ်ပေးချင်တယ်။
    ဒါပေမဲ့ မိဘ မရှိတော့လို့မိဘရှိနေတဲ့သူတွေရှိတုံးပြုစုကြပါလို့ပြောလိုပါတယ်။
    လေးစားစွာဖြင့်
    ၏ခင်မိုးညို

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...