Wednesday, January 18, 2012

အကြိုက်ဆုံးစကားများ

by Padauk Myay on Wednesday, January 18, 2012 at 6:13pm
 
(အကျဉ်းက ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်များရဲ့ တွေ့ဆုံ မေးမြန်းခန်း တွေကို နားထောင် ဖြစ်ပါတယ်။ အဲဒီ အထဲက ကိုလှမျိုးနောင်ရဲ့ စကားကို အကြိုက်ဆုံး ဖြစ်လို့ အကျဉ်းက လွတ်လွတ်ခြင်း သူပြောတဲ့ စကားတွေထဲက ကောက် နှုတ်ပြီး ဖော်ပြ လိုက်ပါတယ်။ အသံဖိုင်ကနေ ပြန်ရိုက်တာဖြစ်လို့ ကွဲလွဲချက်များ ရှိရင်လဲ ထောက်ပြ စေလိုပါတယ်။)
ခင်ဗျားတို့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ဆိုတဲ့ ကိစ္စကို ပြောနေပြီ။ ဟုတ်ပြီ၊ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး အတွက် အဓိက လိုအပ်တာ ဘာလဲ။ ကျွန်တော် မေးမယ်။ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး အတွက် အဓိက လိုအပ်တာ တည်ဆောက်မယ့် သူတွေဗျ။
တည်ဆောက်မယ့် သူတွေ မရှိရင် တည်ဆောက်လို့ မရဘူး။ အဲဒီ တည်ဆောက်မယ့် သူတွေကို လိုချင်တယ်ဟေ့ ဆိုရင်တော့။ နိုင်ငံရေး ပါတီတစ်ရပ်က ရှိဖို့ လိုကို လိုတယ်။ ဒီအတိုင်းပဲ ရပ်တည်ရမှာ။ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အခုချိန်ကျမှ ဘာမှ ဆန္ဒစော နေစရာ အကြောင်း မရှိတော့ဘူး။ ၂၀၁၀ ကာလ ကတည်းက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ကိစ္စက လောလာ ဆယ်မှာ ဖြေရှင်းရမယ့် ကိစ္စ မဟုတ်တော့ဘူး။ ဒါ ကျွန်တော့် တစ်ယောက်တည်းရဲ့ သဘောထား အနေနဲ့ ကျွန်တော် ဒီလိုပဲ မြင်တယ်။ ဆိုတော့ နိုင်ငံရေး ပါတီတစ်ရပ် လိုတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး ပါတီ တစ်ရပ်ကို ထူထောင်ဖို့ သွားနေတယ်။ ကောင်းပြီ။ ကျွန်တော် တစ်ခါတည်း ပြောခဲ့မယ်။ နည်းနည်း ရှင်းသွားအောင်လို့။ ဗမာ နိုင်ငံမှာ စောစောက ကျွန်တော် ပြောသလို ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ဖို့ အတွက်ဆို တည်ဆောက်မယ့် သူတွေ လိုတယ်။ အဲဒီတော့ နိုင်ငံရေး မျိုးဆက်။ ခင်ဗျားတို့ ပြန်ကြည့် ကြည့်လိုက် သားဆက် သိပ်ခြား နေတယ်။ မြန်မာနိုင်ငံမှာ စောစောက ၆၂ အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်းမှာ အရပ်ဘက် နိုင်ငံရေး အင်အားစုတွေက ချိုးချေ ခံထားရသလို ဖြစ်နေတယ်။ ဆိုတော့ ၇၄ - ၇၅ -၇၆ ကာလ ဒီ ဦးသန့် အရေး အခင်းတို့၊ အလုပ်သမား အရေး အခင်းတို့၊ မှိုင်းရာပြည့် အရေး အခင်းတို့ လှုပ်ရှားမှုတွေ ပေါ်လာတယ်။ ပြီးတော့ အဲဒါတွေဟာ ထောင်ထဲ ရောက်သွားတယ်။ ပြတ်သွားတယ်။ အခု ၈၈ မှာ တစ်ခါ ပြန်ပေါ်တယ်။ ၉၀ ရွေးကောက်ပွဲ ပြီးတယ်။ ဒီလိုပဲ ချေမှုန်း ခံရပြီးတော့ ၂၀၀၈-၂၀၀၉-၂၀၁၀ တွေမှာ ခင်ဗျားတို့ ကြည့်ကြည့်လိုက် ဘာမှ မရှိတော့ဘူး။ ကျွန်တော်ပြောတာ လုပ်မယ့် သူကို မရှိတော့တာ။ နိုင်ငံရေး လောကထဲမှာ ကျွန်တော်တို့လို ထွက်လုပ်မယ့် လူမျိုးတွေ ကျွန်တော်တို့ ရှာလို့မရဘူး။ နောက်တစ်ခုက ၈၈ နဲ့ ၁၉၉၀ ရွေးကောက်ပွဲ အရ နိုင်ငံရေး နိုးကြားမှု ရှိလာပြီးတော့ မြန်မာ့ နိုင်ငံရေးထဲမှာ တက်တက်ကြွကြွ လှုပ်ရှား လာတဲ့ မျိုးဆက်သစ် တစ်ရပ် ပေါ်ခဲ့ တယ်ဗျ။ အဲဒါက အခု အနှစ် ၂၀ - ၂၃ နှစ် ကြာသွားပြီ ဆိုတော့ အဲဒီမျိုးဆက်က အပြိုင်း အရိုင်း ဖြစ်လာရမှာ။ ဒါပေမယ့် အဲဒီလို ဖြစ်မလာပဲနဲ့ ပျောက်သွားတယ်။ ဆိုတော့ အဓိက ပြဿနာက အဲဒီမှာ။ ဒီပြဿနာပဲ။ ဒီပြဿနာကို ဖြေရှင်းမယ် ဟေ့ဆိုရင် ကျွန်တော်တို့ ဒီပုံစံအတိုင်း သွားလို့ မရဘူး။ ဒီပုံစံ အတိုင်းဆိုတာ ဘာလဲဆိုရင် ဒီနိုင်ငံရေး သမားတစ်ယောက် ပေါ်ပေါက်ဖို့ နိုင်ငံရေး လှုပ်ရှားတဲ့ လူတစ်ယောက် ပေါ်ထွက်ဖို့ အတွက် အရင်တုန်းက ဘယ်လိုပုံစံ သွားရသလဲ ဆိုတော့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှား မှုတွေမှာ မျိုးဥ ကြွေတယ်။ ပြီးရင် ထောင်ထဲမှာ သွားပြီး ပဋိသန္ဓေ နေရတယ်။ အရမ်း ကြမ်းတမ်း တယ်ဗျ။ အရမ်း နာကျင်မှု အပြည့်နဲ့ပဲ။ ဒါပေမယ့် အဖတ်တင် သလားဟေ့ ဆိုတော့ အဖတ်တင်တာ သိပ်နည်းတယ်။ အဲဒီ ပုံစံအတိုင်း ကျွန်တော်တို့ ဆက်သွား နေမယ်ဆိုရင် ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ဆိုတော့ ကျွန်တော်တို့က အရပ်ဘက် နိုင်ငံရေး အင်အားစု၊ အရပ်ဘက် နိုင်ငံရေး လှုပ်ရှားတဲ့ သူတွေ၊ အရပ်သား နိုင်ငံရေးသမားတွေကိုမှ မွေးထုတ်မပေးနိုင်ဘူးဆိုရင် စစ်သားတွေ နိုင်ငံရေးလုပ်နေတာကို ကျွန်တော်တို့ လက်ပိုက် ကြည့်နေ ရမှာ။ အဓိက ဖြေရှင်းရမယ့် ပြဿနာက အဲဒါပဲ။ အောင်ဆန်းစုကြည်နဲ့ တွေ့ရင် ဘာပြော မလဲဆိုရင် အဲဒီ ကိစ္စကို ပြောရမယ်။ ဆိုတော့ အကယ်၍သာ ကျွန်တော်တို့က နိုင်ငံရေး မျိုးဆက် တစ်ဆက်ကို ရှေ့လာမယ့် (၁၀)နှစ်၊ နှစ် ၂၀ မှာ အားကောင်း မောင်းသန် ပေါ်ထွန်း စေချင်တယ် ဆိုရင် စောစောက ပြောသလို Painful ကျွန်တော်တို့ သွားလို့မရဘူး။ အဖတ် မတင်ဘူး။ စနစ်တကျ ကျွန်တော်တို့ သွားရမယ်။ စောစောက ပြောသလို မျိုးဥကြွေမယ်။ ဒီမိုကရေစီ စနစ်အရ ရွေးကောက်ပွဲတွေ ရှိတယ်။ ဒီလိုမျိုး လှုပ်ရှားမှုတွေ ရှိမယ်။ ဆိုတော့ အဲဒီနေရာမှာ နိုင်ငံရေး မျိုးဥ ကြွေမယ်။ ပါတီမှာ သန္ဓေတည်မယ်။ ဒီပုံစံလိုမယ်။ ဒီကိစ္စကလည်း ခင်ဗျားတို့ သေသေချာချာ စဉ်းစားကြည့်ရင် ဒီတိုင်းပြည်မှာ ပြီးခဲ့တဲ့ နိုင်ငံရေး သမိုင်း တစ်လျှောက်မှာ အကွဲအပြဲ တွေချည်းပဲ။ အကွဲအပြဲတွေက ရှေ့မှာရော ပြီးသွား နိုင်ပါ့ မလားဆိုပြီး မေးခွန်း ထုတ်စရာ ရှိတယ်။ အခု တွေ့နေရတဲ့ အခြေ အနေအရ ဆိုရင် မပြီးသေးဘူး။ ကျွန်တော် ကြားနေရတဲ့ စကားသံတွေ၊ ဘာမှ မဟုတ် သေးဘူးဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဖြစ်ကြပြီ ပျက်ကြပြီ၊ ဆိုတော့ ကျွန်တော်တို့ ခေါင်းထဲမှာ နဂိုကတည်းက ရှိတယ် နောင်တစ်ချိန်မှာ အဲဒီလို အရပ်ဘက် နိုင်ငံရေးသမား ကွဲနေရင် ဒီပြဿနာ တွေက နောက်တစ်ကျော့ ပြန်ပေါ် လာမယ်၊ အဲဒီကျတော့ မကွဲအောင် ဘယ်လို လုပ်မလဲ။ ရာနှုန်းပြည့် ညီညွတ်ရေး ဆိုတာ မရှိဘူးဗျ။ ကျွန်တော်တို့ အများစု ညီညွတ် နိုင်အောင် ဘယ်လို လုပ်မလဲ။ အဲဒီဟာကို တည်ဆောက်မယ် ဆိုရင် အချိန် အများကြီး ယူရဦးမယ်။ (၅)နှစ် တန်သည် (၁၀)နှစ်တန်သည် အဲဒါ အနည်းဆုံး ပြောတာ။ အဲဒီ ကိစ္စကို နိုင်ငံရေး အင်အားစုတွေ အဲဒီလို စုစည်း နိုင်ဖို့ဆိုတာ ကလည်း ဒေါ်အောင်ဆန်း စုကြည်မှ တစ်ပါး အခြားလူ လုပ်နိုင်ဖို့က မလွယ်ဘူး။ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပခုံးချင်း ယှဉ်နေကြတာ။ ဒေါ်အောင်ဆန်းစုကြည် ရှိနေတဲ့ ကာလလေးမှာ အန်တီ့အနေနဲ့ ဒီကိစ္စလေးကို ဆောင်ရွက် ပေးခဲ့ပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက် ထာဝရ တည်တံ့နေမယ့် ကျစ်လစ်တဲ့ သိပ်သည်းတဲ့ အားကောင်း မောင်းသန်ရှိတဲ့ နိုင်ငံရေး ပါတီတစ်ခု လိုကို လိုအပ်ပါတယ်။ ကျွန်တော်တို့ ကျန်တာတွေ မလိုချင်ဘူး။ ကျန်တဲ့ ကိစ္စတွေ ကျွန်တော်တို့ ဖြေရှင်းမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စဆိုရင်လည်း အချိန်တန်ရင် ပြေလည် သွားမှာပါ။ ဘယ်လို ပုံစံနဲ့ ပြေလည် သွားမလဲ ဆိုတာတော့ မကြာခင် ကျွန်တော်တို့ ဆက်ပြောမယ်။ ရှေ့ဆက် သွားမယ့် လမ်းကြောင်း တစ်စုံလုံးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အားလုံး ဆုံပြီးတဲ့ အခါမှာ ကြေညာချက် ထွက်လာ ပါလိမ့်မယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...