ကူးစက်ရောဂါ ကပ်ဆိုး
လူသားတို့တွေ့ကြုံရသော
ကပ်ဆိုးများစွာတို့တွင် ကူးစက်ရောဂါကပ်ဆိုး၏ ဒဏ်ကြောင့်ခံစားရသော
ဆိုးကျိုး နစ်နာမှုများ၊ အသက်ဆုံးရှုံးရမှုများသည် အလွန်များခဲ့ပါပြီး။
အခြားသောမည်သည့်ကပ်ဆိုးထက်မဆို ပိုမိုနာကျင်မှု ဝေဒနာခံစားရခြင်း၊
ဆုံးရှုံးခြင်း၊ ကိုယ်လက်အင်္ဂါမသန်မစွမ်း ဖြစ်ခြင်း၊
အရွယ်မတိုင်မီသေဆုံးခြင်း စသည်တို့သည် ကူးစက်ရောဂါကြောင့်
သမိုင်းတွင်ကမ္ဘာ့လူ့သားများတွေ့ကြုံခံစားနေခဲ့ကြရသည်။
အခြားသောရောဂါများထက် ကူးစက်ရောဂါသည် ပိုမိုဆိုးကျိုးပေးပြီး၊ များစွာဆုံးရှုံးစေပါသည်။ ၀မ်းကိုက်ဝမ်းလျှော၊ နမိုးနီးယား၊ အဆုတ်တီဘီ၊ ၀က်သက်၊ ငှက်ဖျား၊ အသည်းရောင်အသားဝါ ဘီ၊ ကြက်ညှာချောင်းဆိုးဆုံဆို့၊ မေးခိုင်၊ စသည့် ကူးစက်ရောဂါတို့ ကြောင့်နှစ်စဉ် သေဆုံးမှုသည် ကင်ဆာနှင့် နှလုံးရောဂါ စုစုပေါင်း နှစ်စဉ်သေဆုံးမှုထက်ပိုများပါသည်။ ကင်ဆာရောဂါ ကြောင့် နှစ်စဉ်သေဆုံးသူ ခန့်မှန်းခြေ ၄,၈၀၀,၀၀၀ နှင့် နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ခန့်မှန်းခြေ ၁၂,၀၀၀,၀၀၀ ရှိပါသည်။ ထိုနှစ်ခုပေါင်း သေဆုံးမှုထက် ကူးစက်ရောဂါကြောင့် သေဆုံးမှုက ပိုများပါသည်။
ကူးစက်ရောဂါသည် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသော၊ မဖွံ့ဖြိုးသေးသောနိုင်ငံများတွင် ပိုမိုအဖြစ်များသည်။ ထိုနိုင်ငံများတွင် နေထိုင်ကြသော သန်းရာပေါင်းများစွာသောလူများသည် လူ့ဘ၀၏အခြေခံနေ့စဉ်လိုအပ်မှုများပင် လုံးဝမပြည့်စုံခြင်း၊ ၀င်ငွေလွန်စွာနည်းခြင်း၊ ကျန်းမာရေးအသိပညာနည်းပါးခြင်း၊ အစိုးရနှင့် တာဝန်ရှိသူများမှ ထိရောက်စွာ တာဝန်ယူမှု မရှိခြင်းတို့ကြောင့် များစွာသောကူးစက်ရောဂါတို့မှာ လွယ်ကူစွာပျောက်ကင်းအောင် ကုသနိုင်ပါလျက်နှင့် ကုသခွင့်မရကြ၍ လူများစွာ မသေသင့်ဘဲ သေဆုံးနေကြရသည်။ အထူးသဖြင့် ကလေးသူငယ်များ မှာ အရွယ်မတိုင်ခင် မသေသင့်ဘဲ သေကြရသည်။ ကာကွယ်ကုသနိုင်ပါလျက် ထိုအခွင့်အရေးကိုပင် မရကြရှာ။ တိုးတက်နေသည်ဆိုသော ဥရောပနှင့် အမေရိကတို့တွင်လည်း ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများမှာ တိုင်းပြည်၏ စီးပွားရေးကိုပင် မကြာခဏထိခိုက်မှုများ ကြုံတွေ့ကြရပါသည်။
အမေရိကန်ပြည်ထောင်စု၏ စာရင်းအင်းများအရ နှစ်တစ်နှစ်စီတွင် ကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေ ၂၀၀,၀၀၀၊ ကူးစက်ရောဂါသည်များ တစ်နှစ်တွင် ဆေးရုံတွင် ပြုစုကုသမှုခံယူရသည့် ရက်ပေါင်း သန်း ၅၀၊ ကူးစက်ရောဂါကြောင့် ကျောင်းပျက်ရက်နှင့် အလုပ်ပျက်ရက် တစ်နှစ်တွင် ရက်ပေါင်း သန်းနှစ်ထောင် ရှိသည်ဟုဆိုပါသည်။ ၂၀ ရာစု တစ်ခုတည်းတွင် ကျောက်ရောဂါကြောင့် သေဆုံးရခြင်းသည် ခန့်မှန်းခြေ သန်း ၃၀၀ မှ ၅၀၀ ကြားရှိပါသည်။ ကျောက်ရောဂါကပ်ဆိုးသည် ကမ္ဘာပေါ်မှ ကင်းပျောက်သွားပြီးဖြစ်သော်လည်း၊ ယင်းကဲ့သို့သော ကူးစက်ရောဂါများ၊ ပိုမိုဆိုးရွားသော ကူးစက်ရောဂါများ ပေါ်ထွက်လျက်ရှိပါသည်။ ကူးစက်ရောဂါများဖြစ်သည့် တီဘီ၊ ငှက်ဖျား၊ ကလေးသူငယ်ဝမ်းလျှောရောဂါ၊ အေအိုင်ဒီအက်(စ) စသည့်တို့သည် နှစ်စဉ် လူသန်းပေါင်းများစွာ၏ အသက်ကိုခြွေဖျက် လျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင်ပင် သွေးအဆိပ်တက်ကူးစက်ရောဂါ ကြောင့် နှစ်စဉ်သေဆုံးသူ ၂၀၀,၀၀၀ ကျော်ပါသည်။
ကူးစက်ရောဂါများကို လူ့သမိုင်းတစ်လျှောက်တိုက်ဖျက်ရန်၊ ကုသရန်၊ ကာကွယ်ရန် အစွမ်းကုန်ကြိုးပမ်းခဲ့ကြပါသည်။ သို့သော်လည်း များပြားလှသော ရောဂါများတွင်မှ အနည်းအကျင်းသာ ကာကွယ်ကုသနိုင်ခဲ့သည်။ သို့သော်လည်း အချို့ရလဒ်များမှာ အလွန်ထိရောက်ပြီး ကမ္ဘာ့ကလေးငယ်များကို ကူးစက်ရောဂါအချို့မှ ကာကွယ်ပေးနေဆဲ ဖြစ်ပါသည်။
ဥပမာ။ ။ ၁၇၉၈ တွင် Edward Jenner က ကျောက်ရောဂါကာကွယ်ဆေး ဖော်ထုတ်နိုင်ခဲ့ခြင်း၊ ၁၈၄၃ တွင် Oliver Wendell Holmes ကဆရာဝန်များ ကုသရာတွင် ပစ္စည်းပစ္စယနှင့် လက်များသန့်ရှင်းခြင်းအားဖြင့် ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ကြောင်း နှင့် လူတို့အတွက် ကူးစက်ရောဂါမှ ကင်းဝေးရန် တစ်ကိုယ်ရေသန့်ရှင်းမှုကို နည်းပေးခဲ့ခြင်း၊ Louis Pasteur က ခွေးရူးရောဂါနှင့် ဒေါင့်သန်းရောဂါ ကာကွယ်ဆေးဖော်ထုတ်ခဲ့ခြင်း စသည့်မရေမတွက်နိုင်သော ရလဒ်များသည် လူသားတို့ခံစားနေကြရသော ကူးစက်ရောဂါများကို အတိုင်းအတာ တစ်ခုထိ ထိရောက်စွာ ကာကွယ်ပေးနေပါသည်။
အချို့ပညာရှင်များမှာ ရောဂါဖြစ်ပွားပုံကို သေချာစွာ မသိသေးခင်၊ လူများအတွက် ကာကွယ်ဆေးဖော်ထုတ်ပေးခဲ့ကြသည်။ Antibiotics ဟုခေါ်လူအများသိသည် ရောဂါပိုးသတ်ဆေး ဖော်ထုတ်တွေ့ရှိခြင်းသည် လူသားများကူးစက်ရောဂါကို သမိုင်းတွင် တစ်လှည့်အနိုင်ရခဲ့သည်။ ဘက်တီးရီးယား၊ ကပ်ပါး၊ စသည့်ပိုးမွှားများကို ထိရောက်စွာကာကွယ်နိုင်သဖြင့် အသက်များစွာသေဆုံးမှုမှ ကယ်တင်နိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ရောဂါပိုးများသည် ဆေး၏ဒဏ်ကို ခံနိုင်ရည်ရှိလာခြင်း (Drug Resistant) ကြောင့်၊ လူသားနှင့် ကူးစက်ရောဂါတို့၏ စစ်ပွဲမှာ ယနေ့တိုင် တစ်လှည့်စီ ဖြစ်နေကြသည်။
၁၉၇၀ တွင် ပိုမိုတိုးတက်သော ဆေးဝါးများပေါ်လာခြင်း၊ ကာကွယ်ဆေးများစွာ တီထွင်နိုင်ခြင်း၊ Antibiotic အမျိုးအစားများစွာ ရှိလာခြင်းကြောင့် ကူးစက်ရောဂါအမြစ်ပြတ်တိုက်ဖျက်ရန် စိန်ခေါ်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၁၉၇၆ တွင် Legionnaires’ Disease (အပြင်းအထန်ဖျား၍ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ရောင်ခြင်း) ပေါ်ထွက်လာခြင်း၊ ၁၉၈၁ တွင် HIV-1/AIDS စသည့်ကူးစက်ရောဂါများ ဖြစ်ပွားလာခဲ့ခြင်းကြောင့် ကူးစက်ရောဂါကို အပြီးတိုင်တိုက်ဖျက်ရေး မှာ လက်လျှော့ခဲ့ကြရသည်။
ထို့နောက်တွင် အလွန်ပြင်းထန်သော ကူးစက်ရောဂါများ တစ်မျိုးပြီး တစ်မျိုးအချိန်နှင့်အမျှ ပေါ်ပေါက်လျက်ရှိပါသည်။ ကူးစက်ခံရပြီး မကြာမီအချိန်အတွင်း အရေပြားအက်ကွဲ သွေးယိုပြီး သေဆုံးနိုင်သော Ebola Virus ကြောင့်ဖြစ်သောကူးစက်ရောဂါ၊ အသက်ရှူလမ်းကြောင်းတစ်လျှောက် ပြင်းထန်သောရာဂါစု (SARS)၊ ဆေးဝါးကိုခံနိုင်ရည်ရှိသော (ဆေးမတိုးသော) တီဘီရောဂါ၊ နှင့်အခြားကူးစက်ရောဂါ စသည့်တို့မှာ ဥပမာအချို့ဖြစ်သည်။
ထို့ကြောင့် အနာဂတ်ကာလတွင်လည်း ထူးဆန်းသောကူးစက်သော ကူးစက်ရောဂါများပေါ်ထွက်လာနိုင်စရာ များစွာ ရှိကြောင်းပညာရှင် ခန့်မှန်းကြပါသည်။ သဘာဝတရား၊ ရာသီဥတုစသည်တို့ကြောင့်လည်း ကူးစက်ရောဂါသစ်များ ဖြစ်ပေါ်နိုင်ပါသည်။
အဆိုးဆုံးမှာ ပြင်းထန်သော ကူးစက်ရောဂါပိုးများကို သုံး၍ လူတို့က “ဇီဝလက်နက်” (Biological Weapons) များတီထွင်ခြင်း၊ စစ်ရေးတွင်တရားမ၀င် လူမဆန်စွာသုံးလာခြင်းပင်ဖြစ်သည်။
နွားကျောင်းသား (Friend Ever) မှတ်သားနားလည်သည်ကို တတ်သလောက်လေး ပြန်ဝေမျှသည်။
စားကျက်များ။ ။
1. Rubin’s Pathology by Raphael Rubin and David S. Strayer; 5th Edition
2. http://www.sciencedaily.com/
3. http://en.wikipedia.org/
4. Manuals
5. Facebook Pages: Biochemistry, Nature, Scientific American and etc....

0 comments:
Post a Comment