Friday, January 13, 2012

ချစ်နှစ်သက်စရာ အမူအကျင့်များ

by Moenge Aung on Friday, January 13, 2012 at 1:15pm
 


 ငွေတာရီမဂ္ဂဇင်း Originally posted
မြန်မာလူမျိုးများတွင် ချစ်နှစ်သက်စရာ အမူအကျင့် အများအပြားရှိ၏။  လူတစ်ဦးချင်း၏ ကောင်းသော အပြော၊ အဆို၊ အပြုအမူ၊ အလေ့ အကျင့်များကို ညွှန်းပါ၏။ မြန်မာများ ပြောကြသည့် အရွယ်သုံးပါး ဆိုရာတွင် စာရေးသူ၏ အသက်အရွယ်မှာ တတိယအရွယ် နှောင်းပိုင်းသို့ ရောက်နေ၏။ အသက် ၈၀ တန်းဆိုပါက နောက်ဆုံး ဆယ်စုနှစ် တစ်ခုသာသာ ကျန်တော့၏။ နှစ်ပေါင်း ၇၀ ခန့် ဖြတ်သန်းလာခဲ့သည့် ကာလအတွင်း ဘဝအတွေ့အကြုံ အမျိုးမျိုးအဖုံဖုံ ကြုံတွေ့ခဲ့ရ၏။
ကလေးအရွယ်တွင် အမိ၊ အဖသည် ရှေးဦးဆရာများ ဖြစ်၏။ ' လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ' ဟု ဆို၏။ အမိ၊ အဖတို့သည် သားသမီးများကို မကောင်းတာ မလုပ်ဖို့ တားမြစ်၏။ ပိတ်ပင်၏။ ကောင်းတာကို လုပ်ဖို့ ညွှန်ပြ၏။ တိုက်တွန်း၏။ အားပေး၏။ မိဘတို့၏ ဝတ္တရား ငါးသွယ်မှာ ဤသို့ဆို၏။ 'မကောင်းမြစ်ထာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ' ဟု ဆို၏။ မိဘများသည် သားသမီးတို့ထက် ဘဝအတွေ့အကြုံ များ၏။ ကောင်းသည်၊ ဆိုးသည်ကို ဝေဖန်ပိုင်းခြား နိုင်ကြ၏။ မိမိတို့၏ ဘဝထက် သာလွန် ကောင်းမွန်အောင်၊ တိုးတတ်မြင့်မားအောင် သွန်သင်၏။ ပြုစုပေး၏။ ပျိုးထောင်ပေး၏။ လူကြီးသူမ ဆိုဆုံးမချက် တစ်ခု ရှိ၏။ 'သားသမီးသည် မိဘထက် သာရမည်' တဲ့။ ဒါမှသာ လူ့ဘောင်လောက လူ့ဘဝသည် တိုးတတ် မြင့်မားမည် ဖြစ်၏။ ငယ်စဉ်က ဆိုဆုံးမချက် တစ်ခုကို သတိရမိ၏။ သံပေါက် ကဗျာလေးသဖွယ် စပ်ဆို ဆုံးမချက်ဖြစ်၏။ အလွန်နှစ်လိုဖွယ် ကောင်း၏။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံ ရာတွင် သိမ်မွေ့စေရန်၊ နူးညံ့စေရန် ဖြစ်၏။ သံပေါက်ကား ဤသို့ဖြစ်၏။ "အင်း၊ ဗျို့၊ ဝူး၊ ဝေ၊ ဘာတုံးဟေ၊ အေးဟေ ဟု၍ မထူးနဲ့၊ ခေါ်လျှင် မကြာဗျာ၊ ခင်ဗျာ ထိုက်ရာထူးပါကွဲ့"။ မှတ်ရပြောရ လွယ်ကူ၏။ လိုက်နာကျင့်ကြံ ရသည်လည်း လွယ်ကူ ပါ၏။ စာရေးသူ အသက် ၁၀ နှစ်ခန့်က ဘကြီးဖြစ်သူ၏ ဆိုဆုံးမချက်ကိုလည်း ယခုတိုင် အမှတ်ရနေ၏။ အဘ(ဖခင်)ဘက်က အမျိုးတော်သူ ဖြစ်၏။ အမေက ဆရာကြူ ဟု ခေါ်၏။ အမည်ရင်းမှာ ဦးကြူဖြစ်၏။
 ထိုစဉ်က စာရေးသူ၏ မိဘများမှာ ဝါးခမောက်ချုပ် လုပ်ရောင်းချကြ၏။ ဘကြီးဖြစ်သူက ဝါးခမောက်ချုပ်လုပ်ရန် လိုအပ်သောဝါးကို ခွဲခြမ်း စိတ်ဖြာရင်း ပြောဆိုဆုံးမချက်များ ဖြစ်သည်။ အလွန် တန်ဖိုးရှိလှသော စကားများဖြစ်ပါ၏။ တစ်ဆင့်ပြန်လည် ဖောက်သည်ချလိုပါသည်။ ဘကြီးက "မောင်လှထွန်း မင်းကြီးလာလို့ လူတွေနဲ့ အပေါင်းအသင်း လုပ်တဲ့အခါ အထူးသတိထားပါ၊ ကိုယ်ပေါင်းစိတ်ခွာ၊ စိတ်ပေါင်း ကိုယ်ခွာ၊ စိတ်ရော ကိုယ်ရောပေါင်း" တဲ့။ ဆိုလိုတာက အချို့သူများသည် မိမိအပေါ် ဆက်ဆံရာတွင် အလေးအနက်မထား၊ အပေါ်ယံ မျှသာ ပေါင်းသင်း ဆက်ဆံပါက မိမိကလည်း အလိုက်အထိုက်သာ ပေါင်းသင်းရမည်ဖြစ်၏။ ထိုလူမျိုးကို မိမိက စိတ်ရောကိုယ်ပါ ရင်းရင်း နှီးနှီး ပေါင်းသင်းပါက မိမိအပေါ် အမြတ်ထုတ် သွားမည်သာ ဖြစ်၏။ မိမိဘက်က နစ်မွန်းမည်သာ ဖြစ်၏။ ထိုသူအား ကိုယ်ပေါင်းစိတ်ခွာ နည်းဖြင့် တုံ့ပြန်သင့်၏။ သို့မဟုတ် စိတ်ပေါင်း ကိုယ်ခွာနည်းဖြင့် တုံ့ပြန်သင့်၏။ အချို့က မိမိအပေါ် အလေးအနက်ထား ပေါင်းသင်း၏။ မိမိ သုခ၊ ဒုက္ခကြုံနေချိန်များတွင် အပြောင်းအလဲမရှိ လက်ပွန်းတတီး ရှိလှ၏။ ထိုသူမျိုးကို မိမိကလည်း စိတ်ရောကိုယ်ပါ ပေါင်းနည်းဖြင့် တုံ့ပြန်ရမည်ဖြစ်၏။ စာရေးသူသည် မိမိငယ်ရွယ်စဉ်က ဘကြီးဖြစ်သူ ပြောဆိုဆုံးမ နည်းလမ်းပြခဲ့သော လူအချင်းချင်း ပေါင်းသင်း ဆက်ဆံနည်းသည် ရုံးလုပ်ငန်း အတွေ့အကြုံများ ရလာသည်နှင့်အမျှ နိုင်ငံအချင်းချင်း ဆက်သွယ် ဆက်ဆံရာတွင်လည်း ကျင့်သုံးနိုင် သည်ကို မြင်တွေ့ရ၏။ တစ်နည်းဆိုပါက သံတမန် ဆက်သွယ်နည်း (Diplomacy) ကဲ့သို့ပင် ကျင့်သုံးနိုင်ပေ၏။ ဤကား စာရေးသူ၏ ချဲ့ထွင်မြင်သိသော အတွေးအမြင်ပင် ဖြစ်ပါ၏။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အတွေ့အကြုံတစ်ခုကိုလည်း မှတ်မှတ်ရရ ရှိနေ၏။ အချိန်အတိအကျ ဆိုပါက ၁၉၅၆ ခုနှစ်က အတွေ့အကြုံဖြစ်၏။ စာရေးသူမှာ သတ္တမတန်း တတ်နေစဉ် ဖြစ်၏။ စာရေးသူအသက် ၁၃ နှစ်ကျော် အရွယ်က ဖြစ်၏။ အဘက စာရေးသူအား နေအိမ်မှ ၅ မိုင်ခန့် ကွာဝေးသော ကံဘဲ့ရွာသို့ အလုပ်တစ်ခုဖြင့် စေလွှတ်လိုက်၏။ စက်ဘီးနင်းပြီး သွားရ၏။ ကိစ္စမှာ စာရေးသူတို့ မိဘများ၏ ဆေးပေါ့လိပ် ထုတ်လုပ်မှုလုပ်ငန်း အောင်မြင်နေချိန် ဖြစ်၏။ ဆေးလိပ် အရောင်းအဝယ် ပိုတွင်ကျယ်လာသဖြင့် လုပ်ငန်းကို တိုးချဲ့နေချိန်ဖြစ်၏။ ဆေးလိပ်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ထိုရွာရှိ အိမ်တစ်အိမ်သို့ ပို့ပြီး ကုန်ချောအဖြစ် ဆေးလိပ်များ ပြန်ပေးသွင်းပေး၏။
 ဤအစီအစဉ်တွင် ကုန်ကြမ်း ပေးသလောက် ကုန်ချော ဆေးလိပ် အပြည့်အဝ မရသဖြင့် မည်သို့ ဖြစ်ရသည်ကို အဘက လူလွှတ် စုံစမ်းခိုင်းခြင်း ဖြစ်၏။ စာရေးသူမှာ မိဘမွေးချင်း ၁၅ ယောက်အနက် ဒုတိယ အကြီးဆုံး ဖြစ်၏။ အကြီးဆုံးဖြစ်သူ အစ်ကိုမှာ အသက် ၅ နှစ်ခန့် အရွယ်ကပင် မိဘများနှင့် အတူမနေ၊ အုန်းပင်စု ရပ်ကွက်ရှိ အမေ့ဘက်က အဘိုးအဘွား နေအိမ်သို့ ပြောင်းရွှေ့သွားပြီး ဖြစ်၏။ ထို့ကြောင့် အမိအဖများနှင့် အတူနေ သားသမီးများတွင် မိမိက အကြီးဆုံးကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့်လည်း အဘက မိမိအား ယခုကဲ့သို့ တာဝန်ပေးစေလွှတ်ခြင်း ဖြစ်၏။ မိမိကလည်း ယခုလို ယုံယုံကြည်ကြည်ဖြင့် စေလွှတ် တာဝန်ပေးခံရသဖြင့် ဂရုတစိုက် ဆောင်ရွက်ပေးခဲ့၏။ မိမိ၏ စုံစမ်းတွေ့ရှိချက်၊ ကြားသိချက်များကလည်း ရိုးရိုးစင်းစင်းပင် ဖြစ်ပါ၏။ ကံဘဲ့ရွာသို့ ရောက်သော် အိမ်ရှင် အဘွားကြီးက ယဉ်ယဉ်ကျေးကျေးပင် ပြောဆို ဆက်ဆံ၏။ အိမ်ရှင်၏ အမည်ကို ယခုတိုင် မှတ်မိနေ၏။ ဒေါ်သိန်းခင်ဟု ခေါ်၏။ အိမ်ရှင်က စာရေးသူအား "ငါ့တူ အဒေါ်တို့က လူသေချင်သေပါစေ၊ နာမည် မသေစေနဲ့ အစားတွေပါ" ဟု ဆို၏။ စာရေးသူက ဤပြောဆိုချက်ကိုပင် အလေး အနက်ထား မှတ်သား နာယူခဲ့၏။ အိမ်ပြန်ရောက်သော် အဘထံ ထိုပြောဆိုချက်ကိုပင် ပြန်ကြားတင်ပြခဲ့၏။ အဘကလည်း လက်ခံ၏။ စာရေးသူကလည်း မိမိအား ပေးအပ်သော တာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သည်ဟု မှတ်ယူထား၏။ ဤအတွေ့အကြုံကို ပြန်လည်တွေးဆ ကြည့်သော် အဘက မိမိအား လုပ်ငန်းတာဝန် တစ်ခုကို မိမိအသက် ငယ်ရွယ်စဉ်အခါကပင် စမ်းသပ် တာဝန်ပေး၏။ မိမိကလည်း မိမိ အတိုင်းအတာ နှင့်အညီ အကောင်းဆုံး ကြိုးစား ဆောင်ရွက်ခဲ့၏။ စနစ်တကျ ပြန်လည် တင်ပြခဲ့၏။ အဘကလည်း တင်ပြချက်ကို လက်ခံခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုတိုင် အမှတ်ရနေဆဲ ဖြစ်၏။  အဘ ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ပင် ကျော်လွန်ခဲ့ပြီ ဖြစ်၏။ သို့သော် အဘ၏ တာဝန်ပေးမှု၊ မိမိ၏ ကြိုးပမ်း ဆောင်ရွက်မှု၊ အဘက လက်ခံ အတည်ပြုမှုများအား ယနေ့တိုင် သတိရနေ၏။ ထိုအချက်ကို အကြောင်းပြု၍ 'အဘ' မသေပါဟုပင် ဆိုလိုက်ချင်ပါ၏။
 ထို့အပြင် အိမ်ရှင်အပေါ်ကြီး၏ ဖြေရှင်း ပြောဆိုချက်သည် စာရေးသူ အဖို့ ယနေ့တိုင် အတုယူစရာ၊ အလေးထားစရာ ဖြစ်နေ၏။ လူတစ်ယောက်၏ အလွန် တန်ဖိုးထားသင့်သော အကျင့်သိက္ခာအပိုင်း ဖြစ်နေ၏။ ထို့အတွေ့အကြုံကား ယခုတိုင် သားစဉ် မြေးဆက် အဆင့်ဆင့် ဂုဏ်ယူစရာ အချက်အဖြစ် လက်ဆင့်ကမ်း နေမိပါ၏။ ဤကောင်းမြတ်သော အတွေ့အကြုံအပေါ် အခြေခံပြီး စာရေးသူ ကိုယ်တိုင် လိုက်နာ ကျင့်ကြံခဲ့သော လုပ်ငန်းစဉ် တစ်ရပ် ရှိပါ၏။ အထူးသဖြင့် အသက် ၆၃ နှစ်အရွယ် ဝန်ထမ်း လောကမှ အနားယူခဲ့သည် အထိ လက်တွေ့ကျင့်သုံးခဲ့သော လုပ်ငန်းစဉ် ဖြစ်ပါ၏။ ဤလုပ်ငန်းစဉ်ကိုလည်း အသိပေး ဖြန့်ဖြူးလိုပါ၏။ ဤလုပ်ငန်းစဉ်တွင် အချက် သုံးချက် ပါဝင်၏။ ထိုအချက် သုံးချက်ကိုပင် တစိုက်မတ်မတ် လိုက်နာ ကျင့်သုံးခဲ့ခြင်းဖြစ်၏။
 သိသာရန် ရေးသား ဖော်ပြပါမည်။
(၁) ဝန်ထမ်းလောကတွင် အရက်သေစာ မူးယစ် သောက်စားမှုကြောင့် လုပ်ငန်းထိခိုက်၊ သိက္ခာ ကျစေမည့် အဖြစ်မျိုး အပေါ်ပေါက်စေရန်။
(၂) ငွေကြေး အလွဲသုံးစားပြုမှုကြောင့် မိမိအမည်၊ ဂုဏ်သိက္ခာနှင့် သားစဉ် မြေးဆက် နာမည်ပျက်ရမည့် အဖြစ်မျိုး မပေါ်ပေါက်စေရန်။
(၃) အမျိုးသမီး၊ မိန်းမကိစ္စနှင့် စပ်လျဉ်းပြီး နာမည်ပျက် မဖြစ်စေရန် အချက်များ ဖြစ်ပါသည်။
 ဖော်ပြပါ အချက် သုံးချက်သည် အလွန် အရေးကြီးပါ၏။ မကျိုးမပေါက်အောင် ထိန်းသိမ်း ရသည်မှာလည်း မလွယ်ကူလှပါ။ သို့သော် အသိ၊ သတိ တည်းဟူသော တရားနှစ်ပါးကို မမေ့မလျော့ စောင့်ထိန်းခြင်းဖြင့် အောင်မြင်မှု ရခဲ့ပါ၏။ စာရေးသူသည် 'ရိုးရိုးကျင့် မြင့်မြင့်ကြံ' အဆိုအတိုင်း နေထိုင်ကျင့်ကြံခဲ့ပါ၏။ အင်္ဂလိပ်လို ဆိုပါက Clean Living, High Thinking ဖြစ်ပါ၏။ ဤကျင့်စဉ်ကို မိမိဘဝထက်ဆုံး ကျင့်ကြံ အားထုတ်သွားမည်ဟု ရည်မှန်းထားပါ၏။ ယခုရေးသား ဖော်ပြချက်များကား တိုတောင်းလှသော မိမိဘဝဖြစ်စဉ်တွင် ကောင်းနိုး ရာရာ အချက်များကို ထုတ်နုတ် တင်ပြခြင်းသာ ဖြစ်၏။ ကြုံဆုံခဲ့ရသည်များကား အနမတဂ္ဂ၊ အမြောက်အမြားပင် ရှိ၏။ မိမိတို့ ကြိုက်နှစ်သက်ရာကိုသာ လက်ခံရယူ ပွားများ ကျင့်ကြံနိုင်ကြစေရန် ရည်ရွယ်ပါသည်။ ချစ်နှစ်သက်စရာ အမူအကျင့်များဟုလည်း တင်စားချင်ပါသည်။ အောင်မြင် ဖြစ်ထွန်းသော လူချွန်လူမွန်များ  ဖြစ်ကြပါစေ။
 လှထွန်း(တွံတေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...