လေး၍ နက်သောကြောင့် ;)
Osho: အခု ကျနော် အဓိပ္ပာယ်မရှိတဲ့ အဖြေမျိုးကို မပေးချင်ပါဘူး။ ဒါပေမယ့် ခင်ဗျား က အဓိပ္ပာယ်မရှိတဲ့ မေးခွန်းကို စ မေးနေပါတယ်။ ဒီဘဝဟာ ဘာလို့ လေးနက် နေရသလဲ? တဲ့။ ဟုတ်တယ်ဟုတ်?။ ကျနော် ဘယ်လိုလုပ် သိမလဲ။ အဟက် :) ။ ဘဝဟာ လေးနက်လို့ လေးနက်နေပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ အချက် တစ်ခုပဲရယ်။
နားလည်ထားဖို့ လိုအပ်တာက - ဘဝဟာ ဖော်မြူလာ၊ သီဝရီ တစ်ခု မဟုတ်ဘူး။ ဘဝရဲ့ လေးနက်ရခြင်း အကြောင်းရင်းကို သီဝရီ ပုံစံ ထုတ်ချပြီး ကျနော် ပြောမှာ မဟုတ်ဘူး။ “ဘာလို့” ဆိုတဲ့ မေးခွန်း သုံးပြီး အကြောင်းရင်းကို မေးမြန်းတဲ့ အခါ - ( သဘာဝအလှ ခံစားလိုသူ တစ်ယောက်က ) - စိမ်းမြတဲ့ သစ်ပင်တွေ ဘာလို့ စိမ်းနေရသလဲ၊ ကောင်းကင် ဘာကြောင့် ပြာနေရသလဲ - မေးသလိုမျိုးနဲ့ တူပါတယ်။ သူက အသိကို မတောင်းဘူး - အချက်အလက်ကို တောင်းဆို နေတယ်။ အဲ့ဒီ အချက်အလက်ပေါင်း မြောက်များစွာ ဟာ စာအုပ်တွေ ထဲမှာသာ ရှိကြပါလိမ့်မယ်။ ဒါပေမယ့် အချက်အလက် တွေဟာ အသိ မဟုတ်ဘူး။ အသိ ရှိဖို့က မျက်မြင်ဒိဋ္ဌ ကြည့်ဖို့ပဲ လိုပါတယ်။ ဒါ့ကြောင့် ဘဝကို သိလိုသူ အတွက် - ဘဝရဲ့ လေးနက်မှု“ဘာလို့” ဆိုတဲ့ မေးခွန်း မေးမြန်းဖို့ အချိန် မရှိဘူးရယ်။
ခင်ဗျား မေးခွန်းမှာ “ အစလည်းမထင်၊ အဆုံးလည်း မရှိတဲ့ ဒီ “ဘဝ” ” ။ လို့ ပြောထားတယ်။
ဟုတ်တယ်။ ကျနော် ခင်ဗျားနဲ့ ထပ်တူ သဘောတူပါတယ်။ ဘဝဟာ အစလည်း မရှိ-အဆုံးလည်း မရှိဘူး ဆိုတာ ဖြစ်သင့်တယ်။ ဒါပေမယ့် အဲ့ဒီ အစ-အဆုံး မရှိတာ ကိုရော - ကျနော် ဘာလုပ်ပေးရမလဲ။ :)
မုလ္လာ နဆရုဒင် ဆိုတဲ့ လူ ပြောတဲ့စကား ကို ကျနော် ကြားခဲ့ရဖူးတယ်။ သူက သူ့တပည့်တွေကို ဘဝ နဲ့ ပတ်သက်လို့ ပြောပြနေတယ်။ -ဘဝဆိုတာ မိန်းမတစ်ယောက် နဲ့ တူသတဲ့။ ကျနော်လည်း အံ့အားသင့်ပြီး သူ ဘာကို ဆိုလိုတာလဲ နားထောင်မိတယ်။ သူက ဆက်ပြောတယ်။
“ငါတို့ ယောင်္ကျားတွေထဲမှာ -
- မိန်းမအကြောင်း နောကျေတယ်လို့ ပြောတဲ့သူက ကြွားဝါတဲ့သူ။
- မိန်းမအကြောင်း နောကျေတယ်လို့ ထင်တဲ့သူက ကိုယ့်ကိုယ်ကိုယ် ဘဝင်မြောက်နေတဲ့သူ။
- မိန်းမအကြောင်း နောကျေတယ်လို့ ဟန်ဆောင်တဲ့သူက ဒွိဟများတဲ့သူ။
- မိန်းမအကြောင်း နောကျေချင်သူက ဒုက္ခများတဲ့သူ ပဲ ဖြစ်တယ်။
ဒီလိုမှ မဟုတ်ဘဲ-
အဲ့ဒီလူဟာ မိန်းမအကြောင်း တကယ် နားမလည်ချင်သော်လည်းပဲ
- မိန်းမအကြောင်း နားလည်တယ်လို့ မပြောဆိုတဲ့သူ၊
- နားလည်တယ်လို့လည်း မထင်တဲ့သူ၊
- နားလည်ဟန်လည်း မဆောင်တဲ့သူ-
နားလည်နေသူ ဖြစ်သွားတယ်” တဲ့။
မုလ္လာနဆရုဒင်ကို ကျနော် အပြည့်အဝ ထောက်ခံတယ်။ ဘဝဟာ အဲ့သလိုပဲ ဖြစ်ပါတယ်။ ကျနော်တို့ ယောင်္ကျားတွေ အတွက် - ဘဝဟာ မိန်းမ တစ်ယောက်နဲ့ ထပ်တူထပ်မျှ တူညီတယ် ။ ဘဝကို နားလည်ဖို့ သီဝရီတွေ၊ ဖော်မြူလာတွေနဲ့ ခင်ဗျား ကြိုးစားကြည့်ပါ။ စာအုပ်တွေ အထပ်လိုက်နဲ့ ရူးသွားဖို့၊ သွက်သွက်ခါ သွားဖို့ပဲ ရှိတယ်။ အဲ့ဒီ စိတ်ကူး၊ စဉ်းစားရုံမျှ နားလည်မှုမျိုးကို စွန့်ဖယ် ပစ်စေချင်ပါတယ် ။ အဖြေကို သိချင်ရင် အဖြေရှိရာ ဘဝထဲမှာသာ ခင်ဗျား အပြည့်အဝ ရှင်သန် ဖို့လိုတယ်။ ဒါဆို ခင်ဗျား နားလည်သွား မှာပဲ။
စင်စစ် နားလည်သဘောပေါက်မှု ဆိုတာ သီဝရီ၊ စကားလုံး၊ အကြောင်းအကျိုး တွေ ဖွဲ့စည်းထားတဲ့ တစ်စုံတစ်ခု မဟုတ်ဘူး။ နားလည်တယ် ဆိုတာ အပြည့်အဝ သိမြင်သွားတာ ကိုသာ ဆိုလိုတယ်။ နားလည်သဘောပေါက် နိုင်ဖို့ ခင်ဗျား ကိုယ်ကိုယ် ခင်ဗျား နာမ်ပုဒ်၊ ကြိယာပုဒ်တွေနဲ့ ဝါကျ စီပြလို့ မရဘူး။ ဘဝအပေါ် နားလည်မှုဟာ အဲ့ဒီ ဝါကျ၊ စကားလုံး တွေရဲ့ အလွန် မှာသာ ရှိပါတယ်။ ဒါ့ကြောင့် လည်း ဘဝဟာ လေးနက်တယ်၊ သိရခက်တယ် လို့ ခင်ဗျားတို့ ကျနော်တို့ ပြောတတ်ကြတယ်။ မိန်းမအကြောင်း နားလည်ချင်ရင် မိန်းမနဲ့သာ ပေါင်းကြည့်၊ နေကြည့်ရသလို၊ ဘဝ ကို နားလည်ချင်ရင် ဘဝ အတိုင်း အပြည့်အဝ သိရှိ နေထိုင်ကြည့်ဖို့ ဖြစ်ပါတယ်။- ကျနော် ဒါပဲ ပြောရလိမ့်မယ်။
သတိပြုဖို့က-
- ခင်ဗျားဟာ သူနဲ့ အတူတကွ နေကြည့်လို့ပဲ ရတယ်- သူ့ကို သွားပြီး ဖြေရှင်းပြလို့ မရနိုင်ဘူး။
- တနည်းအားဖြင့်- ဘဝကို ခင်ဗျား သိလို့ရတယ်၊ ဒါပေမယ့် ရှင်းပြလို့ မရဘူး။
ကျနော်တို့က ဘဝကို အဲ့သလို- လေးနက်တယ်၊ သိရခက်တယ်၊ Mystery ဖြစ်နေတယ်လို့ ပြောရခြင်း ဟာ - ဘဝကို Problem ( ပြဿနာ ) တစ်ခု ဖြစ်နေတယ် လို့ ပြောတာ မဟုတ်ဘူး။ ပြဿနာ တစ်ရပ်ဟာ အကြောင်းအမျိုးမျိုးနဲ့ တစ်နည်း မဟုတ် တစ်နည်း ဖြေရှင်းနိုင်တယ်။ လေးနက်၊ သိရခက်မှု ၊ Mystery ကတော့ ဖြေရှင်းလို့ မရနိုင်ဘူး။ အဲ့ဒီ ဖြေရှင်းလို့ မရတဲ့ လေးနက်မှု ကိုလည်း ခင်ဗျား စိတ်ကူး စကားလုံးတွေနဲ့ တည်ဆောက်ပြလို့ မရဘူး။ မဖန်တီး နိုင်ဘူး။
ဆိုပါစို့။ ဘဝကို ခင်ဗျား အကျိုးသင့် အကြောင်းသင့် ရှင်းပြနိုင်ပါပြီတဲ့။ အဲ့ဒီနောက် ခင်ဗျား ဘာဆက်လုပ်မလဲ။ ကျိန်းသေတာ တစ်ခုက - အပြည့်အဝ ရှင်းလင်း ပြနိုင်ပြီ ဆိုတဲ့အခါ ဘဝဟာ လေးနက်စရာ၊ အသိခက်စရာ မလိုကြောင်း ထင်ရှားသွားမယ်။ အဲ့အခါ ခင်ဗျား ဘာဆက်လုပ်မလဲ။ ဘဝကို အပြည့်အဝ ရှင်းပြနိုင်ပြီ ဖြစ်တဲ့အတွက် ဘဝဟာ လေးနက် နေစရာ မလိုဘူး။ အသိရ မခက်တော့ဘူး။ ဒါဆို ခင်ဗျား ဘာလုပ်မလဲ။ အဆုံးစွန်ဆုံး အခြေအနေမှာ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေသွား နိုင်တယ်။ ဒီအချက်ဟာလည်း အဓိပ္ပာယ် မဲ့လွန်းပါတယ်။
စင်စစ် - ဘဝဟာ အသိရခက်၊ လေးနက်ကြောင်း ခင်ဗျား ပိုပြီး သိလာလေ၊ ဘဝဟာ ပိုပြီး လှပလာလေပဲ ဖြစ်ပါတယ် ။ စင်စစ် ပိုင်ဆိုင်တဲ့ လက်ရှိခဏ ဘဝ တည့်တည့်အပေါ် ခင်ဗျား နေထိုင်လိုက်တဲ့ခဏ၊ ခင်ဗျား ရင်ထဲ ချမ်းမြေ့သွားနိုင်တယ်။ ဘဝ ဆိုတာ ဘာလဲလို့ ပုံဖော်စရာ မလိုတော့ဘဲ ဘဝကို ခင်ဗျား ကောင်းကောင်း သိသွားမယ် ။ အဲ့လို သိတဲ့ခဏ မှာလည်း ခင်ဗျားအတွက် ဘဝဟာ လှပနေတယ်။ အဆုံးအစမဲ့ နက်ရှိုင်းနေတယ်။ တွေ့ရမှာပဲ။
ဘဝကို အဆုံးရှိတယ်၊ အစရှိတယ်လို့ ပြောမယ် ဆိုပါစို့။ ကျနော်တို့ မေးရမှာက ဘယ်နားက စပြီး ဘယ်နားမှာ ဆုံးမှာလဲ။ ခရစ်ယာန်တွေကတော့ ကမ္ဘာဦးကျမ်းကို ကြည့်ပြီး ဖြေနိုင် ပါတယ်။ ~ ဘဝဟာ တနင်္လာနေ့က စခဲ့တယ် ။ တနင်္လာနေ့ မနက်ခင်းပိုင်း ဖြစ်နိုင်တယ်။~ ဒါပေတဲ့ - ခင်ဗျားကိုယ်တိုင် ကြည့်ကြည့်ပါ။ တနင်္ဂနွေနေ့ မရှိဘဲ၊ တနင်္လာနေ့ ဘယ်လို ဖြစ်လာနိုင်သလဲ။ ညခင်း မရှိဘဲ မနက်ခင်း ဘယ်လို ဖြစ်လာမလဲ။
ဆိုလိုတာက - ဘဝအပေါ် အမှတ်အသား တစ်ခု ပြုလုပ်တာဟာလည်း ရူးသွပ်တာပဲ ဖြစ်ပါတယ်။ ဘဝဟာ မျဉ်းကြောင်းတစ်ကြောင်း ဆွဲသလို ဆွဲလို့ မရဘူး။ မျဉ်းကြောင်း တစ်ကြောင်းဖြစ်ဖို့ အစမှတ်၊ အဆုံးမှတ် တွေ လိုအပ်နေတယ်။ ဒါပေတဲ့ ဘဝဟာ မျဉ်းကြောင်း တစ်ကြောင်း မဟုတ်ဘူး။
ခင်ဗျား အိမ်ကို ခြံစည်းရိုးခတ်ရင် အဲ့ခြံစည်းရိုးအလွန်မှာ ခင်ဗျား အိမ်နီးချင်း အိမ်တစ်လုံး ရှိနိုင် တယ်။ ခင်ဗျား နိုင်ငံကို နယ်နိမိတ် သတ်မှတ်ရင် အဲ့နယ်နိမိတ် အလွန်မှာ အိမ်နီးချင်း နိုင်ငံ ရှိနေမယ်။ ဒါပေမယ့် ဘဝမှာတော့ ခြံစည်းရိုးလည်း မရှိ၊ နယ်နိမိတ် မရှိ။ အမှတ်အသား ၊ အစွန်း အစက် မရှိဘူးရယ် ။ ဘဝမှာ တပေါင်း တစည်းတည်းသာ ရှိတယ်။ ခင်ဗျားရဲ့ ဘဝဟာ ခင်ဗျား ဆီမှာသာ အပြည့်အဝ ရှိတယ်။ အခုခဏ ဖြစ်တည်ချက် သက်သက် ခင်ဗျား ရှင်သန် နေတယ်။ ဒါဟာ ဘဝရဲ့ သိရခက်၊ လေးနက်နေတဲ့ အခြင်းအရာ သာ ဖြစ်ပါတယ်။
....................
Ref: Osho: "the Art of Dying"
....................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
....................
0 comments:
Post a Comment