Tuesday, January 17, 2012

မယား ခုနစ်မျိုး (ဘရိယာသုတ် )

by Min Aung Naing on Tuesday, January 17, 2012 at 9:34pm
       ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် အနာထပိဏ်သူဌေး၏ အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ၌ အနာထပိဏ်သူဌေး၏ အိမ်၌ လူတို့သည် ပြင်းပြကျယ်လောင်သော အသံရှိကြကုန်၏။ ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်-
သူကြွယ် သင့်အိမ်၌ လူတို့သည် ငါးကို လုယက်ကြသော တံငါတို့ကဲ့သို့ အဘယ်အကြောင်းကြောင့် ပြင်းပြကျယ်လောင်သော အသံရှိကြကုန်သနည်းဟု မေးတော်မူ၏။

       အသျှင်ဘုရား ဤသုဇာတာမည်သော အိမ်သူချွေးမကို ကြွယ်ဝချမ်းသာသော အမျိုးမှ ဆောင် ယူခဲ့ပါ၏၊ ထိုချွေးမသည် ယောက္ခမမိန်းမသူကို (ယောက္ခမမိန်းမသူဟူ၍) အမှတ်မပြု၊ ယောက္ခမ ယောက်ျားသူကို (ယောက္ခမယောက်ျားသူဟူ၍) အမှတ်မပြု၊ လင်ယောက်ျားကို (လင်ယောက်ျားဟူ၍) အမှတ်မပြု၊ မြတ်စွာဘုရားကိုသော်လည်း အရိုအသေမပြု၊ အလေးအမြတ် မပြု၊ မမြတ်နိုး မပူဇော်ပါဟု (လျှောက်၏)။
          ထိုအခါ မြတ်စွာဘုရားသည် သုဇာတာမည်သော အိမ်သူချွေးမကို ''သုဇာတာ လာခဲ့ဦး''ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား ကောင်းလှပါပြီ''ဟု သုဇာတာမည်သော အိမ်သူချွေးမသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော သုဇာတာမည်သောအိမ်သူချွေးမအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-
သုဇာတာ လင်ယောက်ျား၏ မယားတို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-
       သူသတ်နှင့် တူသော မယား၊ ခိုးသူနှင့် တူသော မယား၊ အရှင်နှင့် တူသော မယား၊ အမိနှင့် တူသောမယား၊ နှမနှင့် တူသော မယား၊ အဆွေခင်ပွန်းနှင့် တူသော မယား၊ ကျွန်မနှင့် တူသောမယားတို့တည်း။
သုဇာတာ လင်ယောက်ျား၏ မယားတို့သည် ဤခုနစ်မျိုးတို့တည်း။
ထိုခုနစ်မျိုးသော မယားတို့တွင် သင်သည် အဘယ်မယားမျိုးနည်းဟု (မိန့်တော်မူ၏)၊
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောကြားတော်မူအပ်သော ဤစကား၏့အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် တပည့်တော်မ မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရား အကျဉ်းအားဖြင့် ဟောကြားတော်မူအပ်သော ဤစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့်တပည့်တော်မ သိနိုင်လောက်အောင် ဟောကြားတော်မူပါဟု (လျှောက်၏)။
       သုဇာတာ ထိုသို့ဖြစ်လျှင် နာကြားလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု (မိန့်တော်မူ၏)။
''အသျှင်ဘုရား ကောင်းပါပြီ''ဟု သုဇာတာမည်သော အိမ်သူချွေးမသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏-
(၁)''လင်ယောက်ျား၏ အကြင်မယားသည် ဒေါသဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ အစီးအပွါးကိုအစဉ်စောင့်ရှောက်လေ့မရှိဘဲ မိမိလင်မှ တခြားသော ယောက်ျားတို့၌ တပ်မက်မောလျက် မိမိလင်ကို (မရိုမသေ) မထီမဲ့မြင် အောက်မေ့၏၊ ဥစ္စာဖြင့် ဝယ်သူကို သတ်ရန် (အားထုတ်သကဲ့သို့) အားထုတ်တတ်၏၊ ဤသို့သဘောရှိသော ထိုမယားကို သူသတ်မဟူ၍လည်းကောင်း၊ မယားဟူ၍လည်းကောင်း ဆိုအပ်၏။

(၂)လင်ယောက်ျား၏ အကြင်မယားသည် မိမိ၏ အရှင်သခင်ဖြစ်သူ လင်ယောက်ျား သည်အတတ်ပညာကိုလည်းကောင်း၊ကုန်သွယ်ခြင်းကိုလည်းကောင်း၊ လယ် လုပ်ခြင်းကိုလည်းကောင်းဆောက်တည် (စီရင်) ၍ ရအပ်သော ဥစ္စာအနက် အနည်း ငယ်မျှသော ဥစ္စာကိုသော်လည်း အပြင်သို့ဆောင်ယူခြင်းငှါ အလိုရှိ၏၊ ဤသို့ သဘောရှိသော ထိုမယားကို ခိုးသူမဟူ၍လည်းကောင်း၊ မယားဟူ၍လည်းကောင်း ဆိုအပ်၏။

(၃) လင်ယောက်ျား၏ အကြင်မယားသည် အလုပ်အကိုင် လုပ်ရန် အလိုမရှိ၊ ပျင်းရိ၏၊ အစားကြီး၏၊ စိတ်လည်း ကြမ်းတမ်း၏၊ ကိုယ်အမူအရာလည်း ကြမ်းတမ်း၏၊ ကြမ်းတမ်းသော စကားတို့ကိုလည်းဆိုတတ်၏၊ လုံ့လဝီရိယရှိသော လင်ကိုလည်း နှိပ်စက်လွှမ်းမိုး၍ ကျင့်တတ်၏၊ ဤသို့သဘောရှိသောထိုမယားကို အရှင်သခင်မဟူ၍လည်းကောင်း၊ မယားဟူ၍လည်းကောင်း ဆိုအပ်၏။

(၄) လင်ယောက်ျား၏ အကြင်မယားသည် အခါခပ်သိမ်း အစီးအပွါးကို အစဉ်စောင့် ရှောက်လေ့ရှိ၏၊ အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ကို အစဉ်စောင့်ရှောက်တတ်၏၊ ထို့ကြောင့်ထိုလင်ယောက်ျား ဆည်းပူး ရှာဖွေအပ်သော ဥစ္စာကိုစောင့်ရှောက်၏၊ ဤသို့သဘောရှိသော ထိုမယားကိုအမိဟူ၍လည်း ကောင်း၊ မယားဟူ၍လည်း ကောင်း ဆိုအပ်၏။

(၅) လင်ယောက်ျား၏ အကြင်မယားသည် အစ်မကြီး နှမငယ်သည် မောင်၌ ရိုသေ သကဲ့သို့ ထို့အတူမိမိလင်၌ ရိုသေ၏၊ အရှက်နှင့်ယှဉ်သော စိတ်ရှိ၏၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့သဘောရှိသောထိုမယားကို အစ်မ နှမဟူ၍လည်း ကောင်း၊ မယားဟူ၍လည်းကောင်း ဆိုအပ်၏။

(၆) လင်ယောက်ျား၏ အကြင်မယားသည် ဤလောက၌ အဆွေခင်ပွန်းသည် ကြာမြင့်မှ ရောက်လာသောအဆွေခင်ပွန်းကို မြင်၍ လွန်စွာ ဝမ်းမြောက်သကဲ့သို့ လင်ကို မြင်၍ လွန်စွာ ဝမ်းမြောက်၏၊ အမျိုးနှင့်ပြည့်စုံ၏၊ သီလရှိ၏၊ လင်၌ ရိုသေစွာကျင့်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကိုအဆွေခင်ပွန်းဟူ၍လည်းကောင်း၊ မယားဟူ၍လည်းကောင်း ဆိုအပ်၏။

(၇) လင်ယောက်ျား၏ အကြင်မယားသည် (လင်ယောက်ျားက) တုတ်လှင်ကန်ကို ကိုင်၍ သတ်ပုတ်ခြင်းဖြင့်ခြိမ်းခြောက်အပ်သော်လည်း အမျက်ထွက်ခြင်း ထိတ်လန့်ခြင်း မရှိ၊ (ဒေါသဖြင့်) မပြစ်မှားသော စိတ်ရှိ၏၊ လင်ကို သည်းခံတတ်၏၊ အမျက် ထွက်ခြင်း မရှိ၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့သဘောရှိသောထိုမယား ကို ကျွန်မဟူ၍လည်းကောင်း၊ မယားဟူ၍လည်းကောင်း ဆိုအပ်၏။

(၁-၃) ဤလောက၌ အကြင်မယားကို သူသတ်နှင့် တူသော မယား၊ ခိုးသူနှင့် တူသော မယား၊ အရှင်နှင့်တူသော မယားဟု ဆိုအပ်၏၊ သီလမရှိသော သဘောရှိ၏၊ ကြမ်းကြုတ်သော သဘောရှိ၏၊ လင်ကို့ရိုသေခြင်း မရှိ၊ ထိုမယားမျိုးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ငရဲသို့လားရကုန်၏။

(၄-၇) ဤလောက၌ အကြင်မယားကို အမိနှင့် တူသော မယား၊ နှမနှင့် တူသော မယား၊ အဆွေခင်ပွန်းနှင့်တူသော မယား၊ ကျွန်မနှင့် တူသော မယားဟု ဆိုအပ်၏၊ သီလ၌ တည်သော သဘောရှိ၏၊ ကြာမြင့်စွာသော ကာလပတ်လုံးစောင့်စည်း တတ်၏၊ ထိုမယားမျိုးတို့သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ လားရကုန်၏''ဟု (မိန့်တော်မူ၏)။

သုဇာတာ လင်ယောက်ျား၏မယားတို့သည် ဤခုနစ်မျိုးတို့ပင်တည်း၊ ထိုမယားခုနစ်မျိုးတို့တွင်သင်သည် အဘယ်အမျိုးအစားနည်းဟု (မေးတော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရားသည် ယနေ့မှစ၍ တပည့်တော်မကို လင်ယောက်ျား၏ ကျွန်မနှင့် တူသောမယားဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...