တရားမျှတသော တရားခွင် ( Fair Trial)
ပြစ်မှုဆိုင်ရာအမှုများကိုစစ်ဆေးစီရင်ရာတွင် အကျဉ်းနည်းဖြင့် စစ်ဆေးခြင်း၊
သမ္မာန်စစ်ဆေးနည်း၊ ၀ရမ်းနည်း ဖြင့် စစ်ဆေးနည်း ဟူ၍ စစ်ဆေးနည်း ၃ နည်းရှိသည်။ ပြစ်မှုအသေးအဖွဲများကို
အကျဉ်းနည်းဖြင့်စစ်ဆေး စီရင်ကြသည်။ မည်သည့်နည်းဖြင့် စစ်ဆေးစေကာမူ တရားခံအား တရားရုံး၏ရှေ့မှောက်တွင်
ခုခံချေပ ခွင့် ပေးရသည်သာဖြစ်သည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် အုပ်ချုပ်သူအစိုးရအား အကြည်အညို ပျက်အောင်လှုံ့ဆော်မှု၊
တိုင်းပြည်မငြိမ် မသက်ဖြစ်အောင် ဆူပူသောင်းကျန်းမှုစသည့် အမှုအခင်းများကို အရေးယူရာတွင်
အထူးဥပဒေများဖြင့် အရေး ယူအပြစ်ပေးခြင်းမဟုတ်ပဲ၊ ပြစ်မှု ဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) တွင်ပါရှိသော
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများ ဖြင့်သာ အရေးယူခဲ့သည်ကိုတွေ့ရသည်။ ထို့အပြင် တရားရုံးများ၏
စီရင်ပိုင်ခွင့်အာဏာ၊ လုပ်ထုံးလုပ်နည်းများ သည်လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များ အတိုင်းသာ
လိုက်နာဆောင်ရွက်ခဲ့သည်။
သက်သေပြရန်တာဝန် လွှဲပြောင်းကျရောက်ခြင်း
ပြစ်မှုဆိုင်ရာမှုခင်းများတွင် တရားလို သို့မဟုတ် စွပ်စွဲသူဘက်မှ လုံလောက်သော သက်သေခံအထောက် အထားများ တင်ပြရန် အစဉ်တစိုက်တာဝန်ရှိသည်။
သက်သေအထောက်အထား အခိုင်အမာမတင်ပြနိုင်ပါက တရားခံအား အမှုမှလွှတ်ရန်သာ ရှိသည်၊၊ အထူးဥပဒေတွင်မူ
ထိုသို့မဟုတ်။ အခိျု့သော အထူးဥပဒေများတွင် သက်သေပြရန်တာဝန်သည် တရားခံဖြစ်သူအပေါ် လွှဲပြောင်းကျရောက်နေသည်။
အထူးဥပဒေအရ သက်သေပြရန်တာဝန်သည် မည်သူ့အပေါ်ကျရောက်သည်ဟု မဖေါ်ပြထားလျင်မူ
ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေနှင့် တရားရုံးများလက်စွဲတို့တွင်ဖေါ်ပြထားသည့်
ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရသည်။
သက်သေခံဥပဒေကို လွှမ်းမိုးခြင်း
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများဖြင့် အရေးယူသည့်ကိစ္စရပ်များတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊
သက်သေခံဥပဒေ၊ တရားရုံးများလက်စွဲ စသည်တို့ကိုလိုက်နာ၍ မှုခင်းများကို စစ်ဆေးစီရင်ရကြောင်း
အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ် သည်။ အထူးဥပဒေ များဖြင့် အရေးယူခြင်းခံရသည့်ကိစ္စရပ်များတွင်မူ
ထိုသို့မဟုတ်ပေ။ ပြစ်မှုဆိုင်ရာဥပဒေဖြင့် အရေးယူအပြစ်ပေးရာတွင် (လူသတ်မှု၊ ဓါးပြမှုနှင့်
နိုင်ငံတော်ပုန်ကန်မှုတို့မှအပ) သက်သေခံဥပဒေတွင် ပြဌာန်း ထားသည့်အတိုင်း ကြိုတင်ကြံစည်ခြင်း၊
ပြင်ဆင်ခြင်း၊ အားထုတ်ခြင်းစသည့် အင်္ဂါရပ်များနှင့်ပြည့်စုံပါမှ ပြစ်မှု မြောက်သည်၊၊
ပြစ်မှုအင်္ဂါရပ်များ ပြည့်စုံခြင်းမရှိလျင် သက်သေခံအထောက် အထား မခိုင်လုံသည့်အတွက် တရားခံအား
သံသယအကျိုးခံစားခွင့်ပေးရသောကြောင့် အမှုမှလွှတ်ပစ်လိုက်ရသည်။ ထင်ကြေးဖြင့် အပြစ်ပေး
၍မရပေ။ သေချာမှအပြစ်ပေးပါဆိုသည့် ဥပဒေမူတရပ်ရှိသည်။ သို့သော် အထူးဥပဒေအရ ပြဌာန်းထားသည့်
ပြစ်မှုတရပ်ကို ကြိုတင်ကြံစည်ယုံမျှနှင့် အပြစ်ပေးနိုင်သည်ဟုပြဌာန်းထားပါက တရားရုံးမှ
အပြစ်ပေးရသည်သာ ဖြစ်သည်။ ပြစ်မှုကို ကျူးလွန်ရန်ပြင်ဆင်ခြင်းအတွက် သီးခြားပြစ်ဒဏ် သတ်မှတ်ထားချက်ရှိလျင်လည်း
ပြစ်မှု ကျူးလွန်ခြင်း မရှိသေးစေကာမူ အပြစ်ဒဏ် ပေးနိုင်သည်။ ဤသည်မှာ အထူးဥပဒေများ၏ ထူးခြားချက်ဖြစ်
သည်။
အပြစ်ပေးခြင်း
ရံဖန်ရံခါ ပြစ်မှုဆိုင်ရာဥပဒေတွင် ပြဌာန်းထားသည့်ပြဌာန်းချက်များနှင့်
အထူးဥပဒေပါ ပြဌာန်းချက်များ ကွဲလွဲနေ သည် ကိုလည်း ကြုံတွေ့ရသည်၊၊ ထိုအခါ စွဲဆိုထားသည့်ပုဒ်မနှင့်သာ
အပြစ်ပေးရသည်။
ဥပမာအားဖြင့် ပြစ်မှုဆိုင်ရာဥပဒေတွင် လူအများသွားလာအသုံးပြုသည့်
လမ်းတံတားများ၊ ရထားလမ်းများကို ဖျက်ဆီးခြင်း၊ နှောက်ယှက်ခြင်းနှင့် အများပြည်သူသောက်သုံးသည့်ရေ
သို့မဟုတ် ရေကန်အား ညစ်ညမ်း အောင်လုပ်ခြင်း၊ အဆိပ်ခပ်ခြင်း စသည်တို့အတွက် သတ်မှတ်ထားသည့်ပြစ်ဒဏ်နှင့်
၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေအရ အရေးယူခြင်းခံရလျင် ချမှတ်ခြင်းခံရမည့်ပြစ်ဒဏ်တို့မှာ
တူညီခြင်းမရှိသည်ကို တွေ့ရှိနိုင်သည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၅၃-က အမျိုးအစားတခုနှင့်တခု ရန်ငြိုးထားစေရန်
အားပေးအားမြှောက်ပြုမှု၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ-၂၉၅- က ဘာသာသာသနာဆိုင်ရာပြစ်မှုများတို့တွင်
သူတပါးကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် ရည်ရွယ်ချက်ဖြင့် ကိုးကွယ်ဝတ်ပြုသောနေရာကို
ဖျက်ဆီးမှု သို့မဟုတ် ယုတ်ညံ့စေ မှုများနှင့်ပတ်သက်၍ ပြဌာန်းချက်တရပ်ရပ်ကို ကျူးလွန်လျင်
ထိုသူကို ၂ နှစ်ထိထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်သည်ဟု ပြဌာန်းထားရှိသည်၊၊ ၁၉၅၀
အရေးပေါ်စီမံမှုအက် ဥပဒေပုဒ်မ ၅က (င) ၏ ပြဌာန်းချက်တွင်မူ ထိုသူသည် ၇ နှစ်ထိ ထောင်ဒဏ်ကို
စီရင်ခြင်းခံရမည့်အပြင် ငွေဒဏ်ကိုလည်း စီရင်ခြင်းခံရမည်ဖြစ်သည်၊၊ (ယခင် ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ
ပုဒ်မ ၅ က ပြဌာန်းချက်အား ဤအက်ဥပဒေ အမှတ် ၂၆/၅၈ ဖြင့်ရပ်ဆိုင်းထားသည်)
ထို့ကြောင့် ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မများနှင့် တရားခံအား
အမှုဖွင့်စွဲဆိုထားလျင် စွဲဆိုထားသည့် ပုဒ်မအရသာလျင် တရားရုံးက ပြစ်ဒဏ်ချမှတ်ပေးရမည်ဖြစ်သည်။
ထို့ကြောင့် အထူးဥပဒေပါ ပြစ်ဒဏ်ပြဌာန်း ချက်များသည် ပြစ်မှုဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များကို
လွမ်းမိုးကြောင်း တွေ့ရသည်။
အထူးဥပဒေများပြဌာန်းခြင်း
နိုင်ငံတနိုင်ငံအတွင်း၌ ဖြစ်ပေါ်လာသည့်အခြေအနေများအရ ရေးဆွဲပြဌာန်းသည့်
အထူးဥပဒေများသည် သီးခြားဖြစ်သော အကြောင်းအရာများအပေါ်တွင် ရေးဆွဲပြဌာန်းသည်ဟုဆိုသော်လည်း
ထင်သလိုရေးဆွဲ ပြဌာန်း၍ ရသည်မဟုတ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ခွင့်ပြုထားသည့် လူတဦးတယောက်၏
မူလအခွင့် အရေးများ၊ တရားဥပဒေဆိုင်ရာအခွင့်အရေးများ၊
တရားဥပဒေဆိုင်ရာ မူများနှင့်ကိုက်ညီအောင် ညှိနှိုင်းရေးဆွဲ ရသည်။ ထို့ကြောင့် အထူးဥပဒေတရပ်သည်
လူတဦးတယောက်၏အခွင့်အရေးနှင့်ပတ်သတ်ပြီး ကန့်သတ်သင့် သည်များကိုကန့်သတ်၍ ကျန် ခွင့်ပြုသင့်သည့်အခွင့်အရေးများကိုမူ
ဆက်လက်ခွင့်ပြုရသည်၊၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံတနိုင်ငံတွင် အမြင့်ဆုံးဖြစ်သည့်အလျောက်
အထူးဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ရေးဆွဲ၍ မရနိုင်ပေ၊၊
၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့မှစ၍ အတည်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံ၏
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေပေါ်ပေါက်လာပါက
နိုင်ငံသားများ၏အခွင့်အရေး ကို ကန့်သတ်နိုင်ကြောင်းနှင့် ရပ်ဆိုင်းထားနိုင်ကြောင်း
ဖေါ်ပြပါရှိခဲ့သည်၊၊
ထိုသို့ကန့်သတ်ရာတွင်လည်း အချိန်ကာလသတ်မှတ်ချက် ထားရှိရမည်ဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ရောင်စုံသောင်းကျန်းသူများ၊ လူမျိုးရေးအခြေခံ
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်မှုများ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားခဲ့ရာ တိုင်းပြည်အား
တည်ငြိမ်စွာအုပ်ချုပ်နိုင်ရန် အရေးပေါ်တချက်လွှတ်ဥပဒေနှင့် စစ်ဥပဒေကို ထုတ်ပြန်ပြဌာန်းခဲ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရယူနိုင်သောအခွင့်အရေးများကို ရပ်ဆိုင်းထားကြောင်း ဥပဒေဖြင့်ထုတ်ပြန်ကျေညာထားပါက
ဖွဲ့စည်းပုံအခြေခံဥပဒေ၏အကာအကွယ်ကို ရယူ နိုင်မည်မဟုတ်ပေ။ ထိုကဲ့သို့ ရပ်စဲသည့်ကိစ္စများတွင်လည်း
ပါလီမန်ကသဘောတူညီမှသာ ရပ်ဆိုင်းထားနိုင် သည်။ ပါလီမန်ကျင်းပသည့်အချိန်မဟုတ်လျင် သမတကသာ
အရေးပေါ်တချက်လွှတ်ဥပဒေကို ထုတ်နိုင်ပြီး အနီးကပ်ဆုံးပါလီမန်တွင် သဘောတူညီချက် ရယူရမည်ဖြစ်သည်၊၊
အထက်တွင်ဖေါ်ပြခဲ့သည့် အခြေအနေများ မှတပါး ဖွဲ့စည်းပုံအခြေခံဥပဒေက အကာအကွယ်ပေးထားသည့်
လူတဦးတယောက်၏ အခွင့်အရေးများကို ရုတ်သိမ်းနိုင်ခြင်းမရှိပေ၊၊
ထို့ကြောင့် ၁၉၆၂ ခုနှစ်မတိုင်မီက ပြဌာန်းခဲ့သည့်အထူးဥပဒေများသည့်
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကို လုံးဝ မျက်ကွယ်ြုပခြင်းမဟုတ်။ အခိျု့သော ကိစ္စရပ်များတွင်သာ
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များကို လွှမ်းမိုးသည့် ပြဌာန်းချက်များဖြစ်ကြောင်း
တွေ့ရှိရသည်၊၊
ဖိနှိပ်သည့်အသွင်ဆောင်သော
ဥပဒေများ
၁၉၇၅ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃ ဖြင့် ထုတ်ပြန်ပြဌာန်းခဲ့သည့်
နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးသူများ၏အန္တရာယ်မှ ကာကွယ်သည့်ဥပဒေသည် အထူးဥပဒေတရပ်ဖြစ်သည်။
ထိုဥပဒေနှင့်အညီ အရေးယူရာတွင် လူတဦးတယောက်၏ မူလအခွင့်အရေးများအနက်မှ လိုအပ်သရွေ့နှင့်
အတိုတောင်းဆုံး ဖြစ်သော ကာလအပိုင်းအခြားကိုသာ ကန့်သတ်ရမည်ဟု ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏
၂၃-၁-၇၆ နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၃ ဖြင့် ၎င်းဥပဒေနှင့်ပတ်သတ်သော လုပ်ထုံးလုပ်နည်းများ
အပိုဒ် ၄ တွင် ဖေါ်ပြထားရှိသည်။ သို့သော် လက်တွေ့ကျင့်သုံးနေသည့်အစိုးရ၏ မူဝါဒများအရမူထိုသို့မဟုတ်ပေ၊
ဥပဒေ ပြဌာန်းချက်ကိုအခွင့်ကောင်းယူကာ ပြည်သူအများအပေါ်ဖိနှိပ်ရန် ဆောင်ရွက်လာသည်ကိုတွေ့ရှိရသည်။
ဥပမာအားဖြင့် ၁၉၈၈ ဒီမိုကရေစီရှိရေးအတွက်လှုပ်ရှားသည့် အရေးအခင်းကာလများအတွင်း ပါဝင်သူများ၊
နိုင်ငံရေးအရှိန်အ၀ါရှိသည့် နိုင်ငံရေးသမားဟောင်းကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်
အထက်ပါ ဥပဒေဖြင့် ဖမ်းဆီးအရေးယူခြင်းခံခဲ့ရသည်။
ဤဥပဒေ၏ထူးခြားချက်မှာ လူတဦးတယောက်အား ကြိုတင်ကာကွယ်ရန်ဟူသည့် အကြောင်းပြချက်ဖြင့်
ဖမ်းဆီးချုပ် နှောင်သည့်ကိစ္စရပ်များတွင် တရားရုံး၏ခွင့်ပြုချက်ဖြင့်မဟုတ်ပဲ၊ သက်ဆိုင်ရာဝန်ကြီးဌာန၏
ခွင့်ပြု ချက်ဖြင့် ဖမ်းဆီးထားနိုင်ခြင်းဖြစ် သည်၊၊ ပုဒ်မ ၁၀ (က) အရ အရေးယူခံရသူအား
တကြိမ်လျင် ရက်ပေါင်း ၆၀ ထက် မပိုစေဘဲ စုစုပေါင်းရက် ၁၈၀ အထိ ချုပ်နှောင်ထားနိုင်ခြင်း၊
ပုဒ်မ ၁၀ (ခ) အရေးယူခံရသူအား တကြိမ် လျင်ရက်ပေါင်း ၁၈၀ ဖြင့် တနှစ်မှ ၅ နှစ်အထိ ဖမ်းဆီးချုပ်နှောင်ထားနိုင်သည်။
သို့မဟုတ် ကန့်သတ်မိန့်ချမှတ် နိုင်သည်ကိုတွေ့ရှိရသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ
၆၁ တွင် လူတဦးတယောက်အား ရဲကဖမ်းဆီးပြီး နောက် ၂၄ ထက်နောက်မကျစေပဲ တရားရုံးသို့တင်ပို့ရန်
ပြဌာန်းထားသည်၊၊ ဤအထူး ဥပဒေဖြင့် အရေးယူခံရ သူများကို ၆ လ လျင်တကြိမ်ဖြင့် ၅ နှစ်အထိ
တရားရုံးသို့တင်ပို့စရာမလိုပဲ ဖမ်းဆီးချုပ်နှောင်ထားနိုင်သည်။ ထိုသို့ ၅ နှစ်အထိ ဖမ်းဆီးချုပ်နှောင်ခံရပြီးသည့်နောက်တွင်
ဤဥပဒေ၏လုပ်ထုံးလုပ်နည်း အပိုဒ် ၅ နှင့် ၆ တို့ အရ ဖွဲ့စည်းတာဝန် ပေးထားသည့်အဖွဲ့များဖြစ်သော
က၊၊ ပြည်သူ့ရဲတပ်ဖွဲ့
ခ၊၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
ဂ၊၊ တပ်မတော်ထောက်လှမ်းရေး
စသည့်အဖွဲ့များက
အပိုဒ် ၂၂ အရ ဖမ်းဆီးချုပ်နှောင်ထားသူအား
ရှိရင်းစွဲဥပဒေတခုခု၊ ဥပမာအားဖြင့်ပြစ်မှုဆိုင်ရာဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ အရေးပေါ်စီမံမှုအက်ဥပဒေစသည့်
ဥပဒေတရပ်ရပ်အရ တရားစွဲဆိုနိုင်ရန် ဗဟိုအဖွဲ့သို့ တင်ပြရမည်ဖြစ်သည်၊၊
အပိုဒ် ၂၃ အရ အချက်အလက်ပြည့်စုံပါက
တရားစီရင်ရေးအဖွဲ့သို့ ချက်ခြင်းတင်ပို့ တရားစွဲဆိုစေရမည် ဖြစ်သည်။
အပိုဒ် ၂၄ အရ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ
ကာကွယ်စောင့်ရှောက် သည့် ဥပဒေအရ ပြန်လည်ဖမ်းဆီးမှုမပြုရဘဲ ရှိရင်းစွဲဥပဒေများဖြင့်သာ
တရားစွဲဆိုရမည်ဖြစ်သည်။
အထက်ပါပြဌာန်းချက်များအရ လူတဦးတယောက်အား အထောက်အထားမခိုင်လုံသရွေ့
၅ နှစ်အထိ ချုပ် နှောင်ထားနိုင်သည့်အတွက် ကြိုတင်အပြစ်ပေးခံရသကဲ့သို့ဖြစ်နေသည့်အပြင်၊
အထောက်အထားခိုင်လုံလျင် သီးခြားဥပဒေဖြင့် ထပ်မံတရားစွဲဆိုခြင်ြးုပနိုင်သောကြောင့်
အရေးယူခံရသူအနေဖြင့် ၂ ကြိမ် အပြစ်ပေးခံရ သကဲ့သို့ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော်
ရုံးတင်တရားစွဲဆိုသည့်အခါတွင် သီးခြားဥပဒေပုဒ်မ ဖြစ်နေ သည့်အပြင်၊ အမိန့်ချမှတ်ခြင်းခံရသည့်အခါ တွင်လည်း
မိမိချုပ်နှောင်ခံခဲ့ရသည့်ကာလကို ပြစ်ဒဏ်တွင် ထည့် သွင်းခံစားစေခြင်းမပြုသည့်အတွက်
လွန်စွာမှနစ်နာလှသည်ကိုတွေ့ရှိနိုင်သည်။ ၁၉ရ၅ နိုင်ငံ တော်အား နှောက် ယှက်ဖျက်ဆီးသူများ၏
အန္တရာယ်မှကာကွယ်သည့်ဥပဒေ ပုဒ်မ ၂၀ အရ ဗဟိုအဖွဲ့မှချမှတ်သည့် ဖမ်းဆီးချုပ် နှောင်မိန့်
သို့မဟုတ် ကန့်သတ်မိန့်အပေါ် ၀န်ကြီးအဖွဲ့သို့ အယူခံဝင်နိုင်သည်။ ၎င်းအပြင် ပုဒ်မ ၂၁ အရ
ဝန်ကြီး အဖွဲ့၏ ကြိုတင်ခွင့်ြုပချက်ဖြင့်ချမှတ်သော ဆက်လက်ဖမ်းဆီးချုပ်နှောင်မိန့်
သို့မဟုတ် ကန့်သတ်မိန့်အပေါ် ပြည်သူ့တရားသူကြီးအဖွဲ့သို့ မိမိကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ
အယူခံဝင်နိုင် ကြောင်း ပြဌာန်းထားသည်၊၊ သို့သော် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်
၁၉၉၁ တွင် အဆိုပါ အယူခံဝင်ခွင့်နှင့် ပတ်သက်သည့် ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများကို
ပယ်ဖျက်ခဲ့သည်။ နိုင်ငံတကာရှိတရားရုံးများတွင် လက်ခံကျင့်သုံးလျက်ရှိသော စွပ်စွဲခံရသူတဦး၏အခွင့်အရေးနှင့်ပတ်သက်၍
တရားရုံးများ၏ ဆုံးဖြတ်ချက်များ ကို မကျေနပ်ပါက၊ အထက်တရားရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှုသော်၎င်း၊
အယူခံဝင်ခွင့်ကိုသော်၎င်း တရားခံဖြစ် သူ၏ အခွင့်အရေးတရပ်အဖြစ်ခွင့်ပြု၍ လိုက်နာကျင့်သုံးကြသည်။
ယခု ၁၉၇၅ နိုင်ငံတော်အားနှောက်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှကာကွယ်သည့်ဥပဒေအရ ဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသူ၊
သို့မဟုတ် ကန့် သတ်မိန့်ချမှတ်ခြင်းခံရသူအနေဖြင့် မည်သို့မျှ ခုခံချေပနိုင်သည့်အခွင့်အရေးမရှိသည်ကိုတွေ့ရမည်ဖြစ်သည်။
အထူးဥပဒေများနှင့် တရားမျှတမှု
ယခုအခါ မြန်မာနိုင်ငံအတွင်းရှိအကျဉ်းထောင်များတွင် နိုင်ငံရေးကြောင့်
ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများအနက် အချို့သောသူများသည် ၁၉၇၅ ခုနှစ် နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်မှ
ကာကွယ်သည့် ဥပဒေဖြင့် စတင်ဖမ်းဆီး ချုပ်နှောင်ခြင်းကိုခံကြရသည်။ ယခင်က ၃ နှစ်၊ ယခုပြင်ဆင်ချက်အရ
၅ နှစ် ပြည့်သည့် အခါတွင် ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ အရ တရားစွဲဆို၍ အမြင့်ဆုံးသောပြစ်ဒဏ်ကို
ချမှတ်ခြင်းခံရ ပြန် သည်။ ထိုသို့ချမှတ်လိုက်သည့်ပြစ်ဒဏ်ကို အကျဉ်းထောင်အတွင်း လျော့ရက်ခံစားရခြင်းမရှိပဲ၊
ပြစ်ဒဏ်ကို ရက်ပြည့် ခံယူကြရသည်။ ပြစ်ဒဏ်သတ်မှတ်ရက်ပြည့်သည့်အခါတွင် အကျဉ်းထောင်မှ
ပြန်လည်လွှတ်ပေးခြင်း မပြုပဲ၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးသူများ၏ရန်မှကာကွယ်သည့်ဥပဒေဖြင့်ပင်
ပြန်လည် အရေးယူထားသည်ကို တွေ့ရှိရသည်။ ထိုအချက်သည် အဆိုပါ ပုဒ်မ ၉ တွင် မူလအခွင့်အရေးများကို
ကန့်သတ် ရာတွင် လိုက်နာရ မည့် အခြေခံမူ ၈ ချက်ကို အုပ်စိုးသူအစိုးရကိုယ်တိုင်ကပင် လိုက်နာဆောင်ရွက်ခြင်းမရှိ
ကြောင်းကို အထင်အရှားတွေ့ရှိရသည်၊၊ အပိုဒ်ခွဲ (ဇ) တွင် ဖမ်းဆီးချုပ်နှောင်ထားသူအား
ပြန်လွှတ်ပြီးနောက် မူလအရေးယူခဲ့သည့်ကိစ္စရပ်အပေါ် အခြေပြု၍ ဤဥပဒေအရ ထပ်မံဖမ်းဆီးချုပ်နှောင်ခြင်းမပြုရဟု
အတိအလင်း ပြဌာန်းထားပါလျက် ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်နှင့် အခြားနိုင်ငံရေး
သမားများ၊ ကျောင်းသားများကို ယခုထက်တိုင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်။ အကျဉ်းထောင်အတွင်း
အကျဉ်းကျခံနေရစဉ် ကာလအတွင်း နောက်ထပ်ပြစ်မှုတခု ထပ်မံကျူးလွန်ရန် မည်သို့မျှမဖြစ်နိုင်ပါ။
နိုင်ငံတော်အား နှောက်ယှက်ဖျက် ဆီးမည့်ကိစ္စကိုလည်း မည်သို့မျှဆောင်ရွက်နိုင်မည်မဟုတ်ပါ။
အကျဉ်းထောင်အတွင်း အခြားပြစ်မှုများကို ထပ်မံ ကျူးလွန်သည် ဆိုပါကလည်း အကျဉ်းထောင်လက်စွဲတွင်ပါရှိသော
ပြဌာန်းချက်များအတိုင်းသာ အရေးယူအပြစ် ပေးရမည်ဖြစ်သည်။ ကြိုတင်ကာကွယ်သည်ဆိုသည့်အကြောင်းပြချက်ဖြင့်
လူတဦးအား နှစ်ရှည်လများ ချုပ် နှောင်ထားခြင်းသည် မလိုလားအပ်၊ မရှိအပ်သည့်ကိစ္စဖြစ်သည်။
အခြားသောနိုင်ငံများတွင် ထိုကဲ့သို့လူသားချင်း မစာနာပဲ၊ ဖမ်းဆီးထိန်းသိမ်းထားသည့်ဥပဒေကို
ကျင့်သုံးလိမ့်မည်ဟုမထင်ပါ။ လူတဦးတယောက်၏ ရုပ်သိမ်း၍ မရသည့်အခွင့်အရေးများကို ကြိုတင်ကာကွယ်ခြင်းဆိုသည့်
အကြောင်းတခုတည်းအတွက် ချုပ်နှောင်၊ ဖမ်းဆီး၊ ကန့်သတ်ခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟုပြောလျှင်
မမှားနိုင်ပါ၊၊
အင်္ဂလိပ်ကိုလိုနီလက်အောက်ခံဘ၀ ကျရောက်ခဲ့စဉ်က လူမျိုးခြားနယ်ချဲ့အစိုးရသည်
မြန်မာနိုင်ငံအတွင်း ငြိမ်ဝပ် ပိပြားရေး အတွက်ဆောင်ရွက်ရာ၌ မတရားအသင်းအက်ဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊
ရဲအက်ဥပဒေ၊ ကျေးရွာ အက်ဥပဒေတို့နှင့်သာ ဆူပူတော်လှန်သူများကို အရေးယူခြင်ြးုပခဲ့သည်။
ယခုကဲ့သို့ အထူးဥပဒေများဖြင့် အရေး ယူအပြစ်ပေးခြင်းမျိုးမရှိခဲ့ပါ၊၊ လူတဦးတယောက်၏အခြေခံအခွင့်အရေးကို
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့် သက် သေခံဥပဒေတို့တွင် ဖေါ်ပြပါရှိသည့်အတိုင်းရရှိခံစားစေခဲ့သည်။
တိုင်းတပါးအုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရပြီးသည့် ကာလသို့ရောက်မှသာ ၁၉၅၀ အရေးပေါ်စီမံမှုအက်
ဥပဒေ၊ ၁၉၄၈ လက်နက်အရေးပေါ်တချက် လွတ်ဥပဒေ ၁၉၇၅ နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးသူများ၏
အန္တရာယ်မှကာကွယ် သည့်ဥပဒေတို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်အေးဆေးသည့်အခြေအနေသို့
ရောက်ရှိသည့်အချိန်တွင် ထိုအရေး ပေါ်စီမံမှုအက်ဥပဒေကို ဆက်လက်အသုံးပြုရန် မလိုအပ်တော့ပါ။
ပြစ်မှုဆိုင်ရာ ပြဌာန်းဥပဒေပါ အချက်များအတိုင်း အရေးယူအပြစ်ပေးလျှင် လုံလောက်သည့်အခြေအနေတွင်ရှိပါသည်။
သို့သော်အဆိုပါ အရေးပေါ်စီမံမှုအက်ဥပဒေကို လက်နက်သဖွယ်အသုံြးုပ ဆောင်ရွက်နေသည်ကို ယခုအခါ
အများအပြား တွေ့ရှိနေရပါသည်။ အဆိုပါဥပဒေ ပုဒ်မ (၅) ည၏ ပြဌာန်းချက်တွင် ပြည်ထောင်စု၏
လုံခြုံရေးကိုသော်၎င်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကိုသော်၎င်း၊ ထိခိုက်စေရန် အကြောင်းရှိသောနည်းလမ်းဖြင့်
အများ ပြည်သူ၏ သို့မဟုတ် ပြည်သူတစု၏ ကိုယ်ကျင့်တရားကို ဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖေါက်လွဲဖေါက်ပြန်
ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျင် သို့မဟုတ် ယင်းသို့ဖြစ်စေရန်အကြောင်းရှိသောအမှုကိုပြုလျင်-
ထိုသူအား (၇) နှစ်ထိထောင်ဒဏ်သော်၎င်း၊ ငွေဒဏ်သော်၎င်း၊ ဒဏ် ၂ ရပ်စလုံးကိုသော်၎င်း ထိုက်သင့်စေရမည်ဟု
ပြဌာန်း ပါရှိသည်။ ဥပဒေတရပ်ကို ရေးဆွဲပြဌာန်းရာတွင် အများပြည်သူ အလွယ်တကူ သိနားလည်ရန်လိုသည်။
အဓိပ္ပါယ် ရှင်းလင်းပြတ်သားတိကျရန်လည်း လိုအပ်သည်။ သို့မှသာ ပြည်သူအများ နားလည်လက်ခံ၍
လိုက်နာကျင့်သုံးကြပေလိမ့်မည်။ ပြည်သူတစု၏ ကိုယ်ကျင့်တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ၊
ဖေါက်လဲ ဖေါက်ပြန်ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျင်ဆိုသည့် စကားရပ်တွင် တိကျသောဖွင့်ဆိုချက်မရှိသည်ကို
တွေ့ရှိနိုင်သည်။ အစိုးရအားအကြည်ညိုပျက်အောင် ပြောဆိုခြင်း၊ နိုင်ငံတော်အား သစ္စာဖေါက်ဖျက်ပုန်ကန်ခြင်း
တို့အတွက် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၁ မှ ၁၂၄ အထိ ပြဌာန်းထားရှိပြီးဖြစ်ရာ ပြစ်မှုမြောက်ရန်လိုအပ်သည့်
အင်္ဂါရပ်များ၊ ကင်းလွတ်ချက်များ၊ ချွင်းချက်များကို အသေးစိတ်အဓိပ္ပါယ်ဖွင့်ဆိုထားရာ ထိုဥပဒေပုဒ်မများဖြင့်
အရေးယူစစ်ဆေးစီရင်လျင် လုံလောက်ပြည့်စုံသည်ကို တွေ့ရှိနိုင်သည်။
လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုပြန်လည်ထူထောင်ရေးကို ထိခိုက်စေသောကိစ္စရပ်များအတွက်
ပြစ်မှုဆိုင်ရာဥပဒေပါ ပြဌာန်းချက်များသည် ပြည့်စုံလုံလောက်သည်။ ပြည်တွင်းစစ်ဖြစ်ပွားသည်အထိ
ဆူပူလှုပ်ရှားမှုများ၊ ပုန်ကန်မှု များမရှိလျင် ထိုဥပဒေကိုအသုံးပြုရန်လည်း လိုအပ်မည်မဟုတ်ပေ။
သို့သော်ဥပဒေပြဌာန်းချက်ကို အခွင့်ကောင်း ယူ၍ ဖိနှိပ်မှုများပြုလုပ်လာလျင်မူ ဥပဒေသည်လည်း
တရားမျှတမှုကင်းသော ဥပဒေတရပ်ဖြစ်လာပြီး အသုံးချ သည့် အစိုးရသည်လည်း ဖိနှိပ်သည့်အစိုးရ အသွင်သဏ္ဍန်သို့
ရောက်ရှိလာသည်ကို တွေ့မြင်ရမှာဖြစ်သည်။ မျှတမှုမရှိပဲ ဖိနှိပ်သည့်အသွင် ဆောင်သည့်ဥပဒေများ ဆက်လက်တည်ရှိနေပါက
လွတ်လပ်သည့်တရားစီရင်ရေး စံနစ်ပေါ်ပေါက်နိုင် သည့်တိုင်အောင် မှန်ကန်မျှတသည့် တရားစီရင်ရေးကို
ဖေါ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
0 comments:
Post a Comment