Friday, December 2, 2011

လူ့အခွင့်အရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်ကျော်များ အပိုင်း (၇) ။

by သား လိမ် မာ on Thursday, December 1, 2011 at 9:34pm
 
အမျိုးသမီးမဲထည့်ခွင့်ရရေးတိုက်ပွဲဝင်သူ ဆူဇန် အန်သိုနီ။

သမိုင်းကို ပြန်ကြည့်ရင် ဘယ်နေရာဘယ်ဒေသ ဘယ်အချိန်ဘယ်ကာလမှာမှ လူ့အခွင့်အရေးကို အလွယ်တကူ ရခဲ့တာ မရှိပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာတောင်မှ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန်တိုက်ယူခဲ့ရတဲ့ သာဓကတွေ အထင်အရှား ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ရှေ့ဆောင်နိုင်ငံတခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့သမိုင်းကို ကြည့်ရင်လည်း လူ့အခွင့်အရေးရဖို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို တွေ့ရပါလိမ့်မယ်။ ဒီလိုတိုက်ပွဲတွေထဲမှာ အမျိုးသမီးများ မဲထည့်ခွင့်ရရေး တိုက်ပွဲဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။

အမေရိကန်ပြည် ထောင်စုဟာ အင်္ဂလိပ်လက်အောက်ကနေ ၁၇၇၆ ခုနှစ်မှာ လွတ်မြောက်လာပြီးတဲ့နောက် ပထမဆုံး သမ္မတရွေးကောက်ပွဲကို ၁၇၈၉ ခုနှစ်မှာ ပြုလုပ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတဲ့အတိုင်း ၄ နှစ်တကြိမ် ရွေးကောက်ပွဲတွေ လုပ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဘယ်ပြည်နယ်ကမှ အမျိုးသမီးတွေကို မဲပေးခွင့် မပြုပါဘူး။
အမေရိကန်ပြည် ထောင်စုရဲ့သမိုင်း အစပိုင်းမှာ မိန်းမတွေဟာ အနှိမ်ခံခဲ့ရပါတယ်။ ယောက်ျားတွေရဲ့ ပိုင်ဆိုင်စရာ ပစ္စည်းတခုလိုပဲ သဘောထားခံခဲ့ရပါတယ်။ အိမ်ထောင်ပြုလိုက်ရင် သူ့နာမည်ရင်းကို စွန့်လွှတ်လိုက်ရပြီး သူ့ပိုင်ဆိုင်မှု အားလုံးကိုလည်း ခင်ပွန်းဖြစ်သူကပဲ စီမံထိန်းချုပ်ခဲ့ပါတယ်။
အထူးသဖြင့် ပညာရေးမှာ အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူအခွင့်အရေး မရခဲ့ကြပါဘူး။ အဆင့်မြင့်ပညာ သင်ကြားခွင့်ဟာ ယောက်ျားတွေအတွက်သာ ဖြစ်ခဲ့ပြီးစာသင်ခန်းထဲမှာ နေရာလပ်ရှိမှ အမျိုးသမီးတွေကို လက်ခံခဲ့ပါတယ်။ ၁၉ ရာစုနှစ် မတိုင်မီကဆိုရင် ဆေးပညာနဲ့ တရားဥပဒေလို ပညာရပ်တွေကို အမျိုးသမီးတွေ သင်ကြားခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလိုအခြေအနေမှာ ရဲရင့်တဲ့ အမျိုးသမီးတဦး ပေါ်ပေါက်လာပါတယ်။ သူ့နာမည်ကတော့ ဆူဇန် ဘရောင်နဲလ် အန်သိုနီ ဖြစ်ပါတယ်။
ဆူဇန်အန်သိုနီကို ၁၈၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၅ မှာ မွေးဖွားပါတယ်။ ဖခင်ဖြစ်သူက စည်းကမ်းတင်းကျပ်တဲ့ ကွေကာ ခရစ်ယာန်ဘာသာဝင်တဦးပါ။ သားသမီး ၈ ယောက်ကို ငယ်စဉ်ကလေးဘဝမှာ အရုပ်နဲ့ဆော့ကစားတာမျိုး၊ သီချင်း ဂီတနားထောင်တာမျိုးကို ခွင့်မပြုခဲ့ပါဘူး။ ဒါတွေဟာ ကလေးတွေရဲ့ စိတ်ဓာတ်ကို ပျော့ညံ့ယိမ်းယိုင်စေတယ်လို့ ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်ကိုယ် တန်ဖိုးရှိရှိ ရှင်သန်နိုင်အောင်ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ပညာရေးကို ကြပ်ကြပ်မတ်မတ် လမ်းညွှန်ပေးခဲ့ပါတယ်။ ကွေကာဘာသာဝင်တွေဟာ စစ်ကို ဆန့်ကျင်သလို ကျွန်စနစ်ကိုလည်း ဆန့်ကျင်တဲ့အပြင် ယောက်ျား-မိန်းမ တန်းတူညီမျှမျှကို ယုံကြည်သူများလည်း ဖြစ်ပါတယ်။ ဆူဇန်ဟာ မိသားစုအတွင်းမှာရော၊ ဘာသာရေးအသိုက်အဝန်းမှာပါ ယောက်ျားလေးတွေနဲ့ တန်းတူ ဆက်ဆံတာ ခံခဲ့ရပါတယ်။ ဒီအသိုင်းအဝိုင်းကြောင့် ဆူဇန်ဟာ အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်သူ ဖြစ်လာခဲ့တာပါ။
ဆူဇန်ဟာ အလွန်ညာဏ်ထက်မြက်သူဖြစ်တာကြောင့် အသက် ၃ နှစ်အရွယ်ကတည်းက စာရေးတတ် ဖတ်တတ်နေပါပြီ။ အသက် ၆ နှစ်အရွယ်မှာ ကျောင်းနေတော့ သင်္ချာဆရာတယောက်က ဆူဇန်ကို မိန်းကလေးမို့ မသင်ပေးနိုင်ဘူးလို့ ငြင်းပါတယ်။ ဒါကို ဖခင်ဖြစ်သူက မကျေနပ်တဲ့အတွက် သူ့သားသမီးတွေအတွက် ကျောင်းကိုအိမ်မှာပဲဖွင့်ပြီး သူကိုယ်တိုင် ဝင်သင်ပေးပါတယ်။
အသက် ၁၇ နှစ်အရွယ်မှာ မိသားစုရဲ့ စီးပွားရေးကို ကူညီတဲ့အနေနဲ့ ဆူဇန်အန်သိုနီဟာ ကျောင်းဆရာမ ဝင်လုပ်ပါတယ်။ အမျိုးသမီးတွေကို နှိမ်တဲ့ ခေတ်ဖြစ်တာဆိုတော့ သူရတဲ့ လခဟာ အမျိုးသား ကျောင်းဆရာတွေရတဲ့ လခရဲ့ ငါးပုံတပုံပဲ ရှိပါတယ်။ ဒါကို ဆူဇန်က မတရားဘူးလို့ မြင်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုရာမှာ အလုပ်ဖြုတ်ခံရပါတယ်။ ဒါကြောင့် တခြားကျောင်းတကျောင်းကို ပြောင်းပြီး အမျိုးသမီးဌာနမှူးအဖြစ် ၁၀ နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်မှာ ကျောင်းဆရာအလုပ်က ထွက်ပြီး မိဘများဆီကို ပြန်ပါတယ်။ ဒီအချိန်ကစပြီး ဆူဇန်ဟာ လူမှုရေးလုပ်ငန်းတွေထဲမှာ ပါဝင်ပါတယ်။ ပထမဆုံးအနေနဲ့ အရက်မသောက်သူများအသင်းတခုမှာ ဝင်ရောက်လှုပ်ရှားတာပါ။ ဒီအခါမှာလည်း သူဟာ ယောက်ျား-မိန်းမ ခွဲခြားမှုကို ခံရပြန်တယ်။ ယောက်ျားတွေရဲ့ အသင်းဖြစ်လို့ ဆူဇန်ဟာ အစည်းအဝေးတွေမှာ စကားပြောခွင့်မရပြန်ပါဘူး။ ဒါကို မကျေနပ်တဲ့အတွက် ဆူဇန်ဟာ အဲဒီအသင်းကနေ ထွက်ပြီး အမျိုးသမီး အရက်မသောက်သူများအသင်းကို သီးခြားတည်ထောင်လှုပ်ရှားပါတယ်။
အသက် ၃၁ နှစ်အရွယ်မှာ သူ့လိုပဲ လူမှုရေးနိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတဲ့ အယ်လိဇဘက်စတွန်တန်ကို တွေ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အမျိုးသမီးများ မဲပေးခွင့်ရရှိရေးအတွက် အားသွန်ခွန်စိုက် ပူးပေါင်းလုပ်ဆောင်ကြပါတယ်။ ဆူဇန်အန်သိုနီဟာ အမျိုးသမီးများ မဲထည့်ခွင့်အတွက် လှည့်လည်ဟောပြောသလို ညီလာခံတွေ ကျင်းပနိုင်အောင်လည်း ကြိုးစားပါတယ်။ အမျိုးသမီးလက်မှတ်တွေ စုဆောင်းပြီး အစိုးရထံ တင်ပြပါတယ်။
၁၈၆၁ ကနေ ၁၈၆၅ အထိ ဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်အတွင်းမှာ သူတို့ဟာ ကျွန်စနစ်ဖျက်သိမ်းရေးကို ကြိုးစားပါတယ်။ ကျွန်စနစ်ဖျက်သိမ်းရေးနဲ့ အမျိုးသမီးမဲထည့်ခွင့်ကို ရောပြီးကြိုးပမ်းပေမယ့် ကျွန်စနစ်ဖျက်သိမ်းရေးဥပဒေက အောင်မြင်သွားပြီး အမျိုးသမီးမဲထည့်ခွင့်ကတော့ မအောင်မြင်ဘဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၉ ခုနှစ်မှာ အမျိုးသမီး မဲထည့်ခွင့်အသင်းကို ထူထောင်ပါတယ်။
၁၉၈၆ ခုနှစ်မှာ အမေရိကန်အခြေခံဥပဒေအတွင်း ပြင်ဆင်ချက်ဥပဒေတခုကို ထပ်မံထည့်သွင်းပါတယ်။ ဒါကတော့ အမေရိကန်ပြည်ထောင်စုအတွင်း မွေးဖွားသူအားလုံးဟာ အမေရိကန်နိုင်ငံသားများဖြစ်ပြီး တရားဥပဒေဆိုင်ရာ ခံစားခွင့်မှန်သမျှကို ရရှိနိုင်ရမယ်၊ ငြင်းဆန်နိုင်ခြင်းမရှိရဘူးဆိုတဲ့ ပြင်ဆင်ချက်ပါ။ ဒါကို လက်တွေ့စမ်းသပ်မယ်လို့ ဆူဇန်အန်သိုနီက ဆုံးဖြတ်ပါတယ်။ အမျိုးသမီးတွေဟာလည်း နိုင်ငံသားတွေဖြစ်တဲ့အတွက် မဲပေးခွင့်ကို ယောက်ျားတွေရသလို ရရမယ်၊ မရဘူးဆိုရင် တရားဥပဒေအရ ခံစားခွင့်ကို အငြင်းခံရတာပဲ ဖြစ်တယ်လို့ ဆူဇန်က ကောက်ချက်ချပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် ၁၈၇၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ မှတ်ပုံတင် စာရင်းသွင်းပြီး တခြားအမျိုးသမီး ၁၅ ယောက်နဲ့အတူ ဆူဇန်အန်သိုနီဟာ မဲသွားထည့်ပါတယ်။ နောက်သုံးပတ်အကြာမှာ သူတို့အားလုံး ဖမ်းဆီးခံရပါတယ်။ ဒါပေမယ့် ဆူဇန်တယောက်ကိုပဲ ရုံးတင်တရားစွဲပါတယ်။
တရားသူကြီး ဟာ အမျိုးသမီးမဲထည့်ခွင့်ကို ဆန့်ကျင်သူဖြစ်တဲ့အတွက် ရှည်ရှည်ဝေးဝေး စစ်ဆေးမနေဘဲ ဒဏ်ကြေး ဒေါ်လာ ၁၀၀ ပေးဆောင်ရမယ်လို့ အမိန့်ချလိုက်ပါတယ်။ ဆူဇန်ကတော့ မတရားတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် မပေးဆောင်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ အစိုးရဘက်က ဆက်လက်အရေးယူခြင်း မရှိတာကြောင့် ဆူဇန်အနိုင်ရတယ်လို့ ပြောနိုင်ပါတယ်။
ဆူဇန်ဟာ အမျိုးသမီးမဲထည့်ခွင့်ရရေးအသင်းကို ပိုမိုအင်အားကောင်းအောင် တခြားအမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်းပါတယ်။ သူ့မိတ်ဆွေ အယ်လိဇဘက်စတွန်တန်နဲ့ ပေါင်းပြီး အမျိုးသမီးမဲထည့်ခွင့်သမိုင်းဆိုတဲ့ စာအုပ်ကြီးကို သုံးတွဲ ခွဲထုတ်ပါတယ်။ ဆူဇန်တို့ရဲ့ တိုက်ပွဲဟာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ၁၈၉၃ ခုနှစ်မှာ ကော်လိုရာဒိုပြည်နယ်က အမျိုးသမီးမဲထည့်ခွင့်ဥပဒေကို စတင်ပြဋ္ဌာန်းပေးပါတယ်။ ၁၉၀၆ ခုနှစ် အသက် ၈၆ နှစ်အရွယ်မှာ ဆူဇန်ကွယ်လွန်သွားတဲ့အချိန်အထိ ပြည်နယ် ၄ ခုက အမျိုးသမီးမဲထည့်ခွင့်ကို တရားဝင်ဥပဒေ ပြဋ္ဌာန်းပေးခဲ့ပါတယ်။
ဆူဇန်အန်သိုနီရဲ့ အမျိုးသမီးများ မဲထည့်ခွင့်ရရေးတိုက်ပွဲဟာ သူကွန်လွန်ပြီး နောက် ၁၉၂၀ ပြည့်နှစ်ရောက်တော့ လုံးဝ အောင်ပွဲခံသွားပါတယ်။ အသက် ၂၁ နှစ်အထက် အမေရိကန်နိုင်ငံသား အမျိုးသမီးများအားလုံး မဲထည့်ခွင့်ကို အခြေခံဥပဒေမှာ ပြင်ဆင်ချက်အမှတ် ၁၉ အဖြစ် ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။ ဒီပြင်ဆင်ချက်ကို ဆူဇန်အန်သိုနီ ပြင်ဆင်ချက်ဥပဒေလို့ ခေါ်ပါတယ်။
ဆူဇန်အန်သိုနီ ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ “အမျိုးသမီးတွေကိုယ်တိုင် ဥပဒေပြုအမတ်တွေအဖြစ် အရွေးချယ်ခံရပြီး တရားဥပဒေတွေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသရွေ့ ပြီးပြည့်စုံတဲ့ တန်းတူညီမျှမှုဆိုတာ တည်ရှိလာမှာ မဟုတ်ဘူး” တဲ့။

ခင်မောင်စိုး ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...