Thursday, December 1, 2011

ဒီမိုကရေစီနှင့် လူထုအဓိကလူ့အဖွဲ့အစည်း (Democracy and Civil Society)

         
 လူထုအဓိကလူ့အဖွဲ့အစည်း Civil Society အနေဖြင့် ဒီမိုကရေစီကို များစွာ အထောက်အကူပြုသည်။ Civil Society မရှိလျင် ဒီမိုကရေစီမရှိဟုပင် ဆိုနိုင်သည်။ တနည်းအားဖြင့် Civil Society အားနည်းနေသမျှ ဒီမိုကရေစီ အားကောင်းလာနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသည်ကို Civil Society ၏ အောက်ပါ လုပ်ငန်း ဆောင်ရွက်ချက်များအား ကြည့်ခြင်း ဖြင့် သိနိုင်သည်။

(၁)     အစိုးရ၏အာဏာအားကန့်သတ်ပေးသည်။
-         အကယ်၍ အစိုးရအနေဖြင့် နိုင်ငံသားတဦး၏ အခြေခံအခွင့်အရေးများအား ထိပါးချိုးဖေါက်ခြင်း ပြုလျင် ဝေဖန်သည်။ ထောက်ပြသည်။ ပြစ်တင်ရှုတ်ချသည်။ ထို့ကြောင့် ဒီမိုကရေစီကို ထောက်ကူကျားကန် ပေးသည်။

-         Civil Society များရှိမှသာ ဒီမိုကရေစီ ရှင်သန်အားကောင်းနေမည်။ Civil Society များအားနည်းနေ မည်ဆိုလျှင် ဒီမိုကရေစီပေါ်ပေါက်လာနိုင်ရန် မလွယ်ကူပေ။ ဥပမာ မြန်မာပြည်၌ နအဖစစ်အစိုးရလက် အောက်တွင် Civil Society မရှိသလောက်ပင်ဖြစ်သည်။  
    ထို့ကြောင့် ဒီမိုကရေစီ ဆိတ်သုန်းနေခြင်းဖြစ်သည်ဟု ဆိုသော်ရ၏။
- သို့သော် Civil Society များသည် အစိုးရကို အမြဲတမ်းဆန့်ကျင်နေရမည်ဟု မယူဆသင့်ပါ။ အတိုက်အခံ နိုင်ငံရေးပါတီမဟုတ်သည့်အတွက် အစိုးရလုပ်သမျှ ဝေဖန်တိုက်ခိုက်နေရန် မလိုအပ်ပေ။ ရံဖန်ရံခါ အစိုးရ၏ ဆောင်ရွက်ချက်များ ကောင်းမွန်မှုရှိလျင် ပူးပေါင်း၍ အထောက်အကူပေးဆောင်ရွက်ကြရသည်။ ထိုသို့နည်း လမ်းများဖြင့် လုပ်ဆောင်မှသာ လူထုအဓိကလူ့အဖွဲ့အစည်း Civil Society ကို ဖေါ်ဆောင်နိုင်ပေမည်။

(၂)     လူတဦးချင်းစီ၏ ပါဝင်လှုပ်ရှားဆောင်ရွက်မှု အခန်းကဏ္ဍအား ဖြည့်ဆည်းပေးသည်။          
-         မတူခြားနားသောအဖွဲ့အစည်းပေါင်းစုံတည်ရှိနေခြင်းဖြင့် လူတဦးချင်းသည် သူတို့စိတ်ပါဝင်စားသော အကြောင်းအရာပေါ်မူတည်၍ ပါဝင်ဆောင်ရွက်ကြသည်။ ဥပမာအားဖြင့် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုပိုင်ခွင့် အတွက် အဓိက ထားလုပ်ဆောင်သောအဖွဲ့များသည် ထိုအခွင့်အရေးအား ကန့်သတ်သည့်အချက်အလက်များ ထွက်ပေါ်လာလျင် ကန့်ကွက်ကြသည်။ထောက်ပြဝေဖန်ကြသည်။
-         ဤသို့ဖြင့် နိုင်ငံသားတဦးချင်းစီ၌ လွတ်လပ်စွာပြောဆိုပိုင်ခွင့် ပိုမိုရရှိလာသည်။ ထိုမှတဆင့် နိုင်ငံသား များ နိုင်ငံရေး၌ ပါဝင်ဆောင်ရွက်ခွင့်၊ ဦးဆောင်ခွင့်ကို လူ့အဖွဲ့အစည်းအတွင်း အခြေခံအားဖြင့် အာမခံချက်ပေး ၏။ အားဖြည့်ပေး၏။
(၃) မတူကွဲပြားသော လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ ကျင့်သုံးနေထိုင်စေရန် သင်ကြားပေးသည်။
-         မတူကွဲလွဲသောအဖွဲ့အစည်းများကြား ခြားနားသောအမြင်များ၊ ယုံကြည်မှုများ၊ အယူအဆများအချင်း ချင်း နားလည်သည်းခံတတ်စေရန်နှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲကျင့်သုံး နေထိုင်တတ်စေရန် Civil Society က သင်ကြားပေးသည်။
-         အလွန်အကျွံအစွန်းရောက်မှုနှင့် ကိုယ်နှင့်မတူပါက ရန်လိုတတ်မှုများကို အားပေးခြင်းမပြုပေ။ လူတဦး နှင့်တဦးကြား၊ တဖွဲ့နှင့်တဖွဲ့ကြား၊ အင်အားစုတခုနှင့်တခုကြား ကိစ္စရပ်များ၊ ပြဿနာများကိုညှိနှိုင်းဖြေရှင်း စေသည်။
-         သို့ဖြင့် ညှိနှိုင်းဖြေရှင်းသည့် အစဉ်အလာအလေ့အကျင့်ကို လူ့အဖွဲ့အစည်းအတွင်း ထွန်းကားစေသည်။ ထိုသို့ သည်းခံခြင်း၊ မျှမျှတတရှုမြင်နိုင်ခြင်းနှင့် ညှိနှုင်းဖြေရှင်းတတ်မှုတို့က လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်စေသည်။
(၄) လူ့အဖွဲ့အစည်းအတွင်းရှိ အားနည်းသော၊ အ၀ိုင်းပယ်ခံထားရသော၊ မေ့လျော့ခံထားရသော၊ အခွင့်အလမ်း ကင်းမဲ့နေသည့်လူ့အဖွဲ့အစည်းဝင်များအတွက် ကိုယ်စားပြုဆောင်ရွက်ပေးသည်။
ဥပမာ - အချို့အလွန်ဆင်းရဲသည်။ ဆင်းရဲလွန်း၍ လူစဉ်မမီ၊ လူတောတိုးဝင်နိုင်ခြင်းမရှိ။ သို့အတွက်ထိုသူများ အား တခုခု ကူညီလုပ်ကိုင်ပေးချင်သည့်စိတ် လူတခိျု့တွင်ပေါ်လာသည်။ - စိတ်ဆန္ဒတူညီသူများ စုဖွဲ့မိကြသည်။ ပညာမဲ့၊ လမ်းဘေးနေ၊ ခြေသလုံးအိမ်တိုင်ဘ၀နှင့် မည်သူကမှ ဆေးဘော်ကြောဘက်မလုပ်သည့်၊ လူ့အသိုင်း အ၀ိုင်းအပြင်ဘက် ရောက်နေရသူများကို သူတို့ကစိတ်ဝင်စားသည်။
- ထိုသူများအတွက် အလုပ်လုပ်ပေးသည်။ တခိျု့ လူနည်းစုများ ကိုယ်ပိုင်အခွင့်အရေး ဆုံးရှုံးနေကြသည်ကို မည်သူကမှ စိတ်ဝင်စားရကောင်းမှန်း မသိကြ။ တခိျု့က ထိုသူတို့အတွက် အလုပ်လုပ်ပေးကြသည်။ အလုပ် လုပ်ပေးသည့်အစုအဖွဲ့များ ပေါ်ပေါက်လာသည်။
(၅)     မျိုးဆက်သစ်များအား မွေးထုတ်ပြင်ဆင်ပေးသည်။ ဦးဆောင်မှုအသစ်အတွက် လေ့ကျင့်ပေးသည်။
  - ထို့အတွက် သင်တန်းများ၊ ပညာပေးလုပ်ငန်းများ၊ စည်းရုံးဟောပြောမှုများလုပ်ဆောင်သည်။
(၆)     မည်သူသြဇာခံမှမဟုတ်။ မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံမှမဟုတ်။
- အထူးသဖြင့် အစိုးရနှင့် နိုင်ငံရေးပါတီများ၏ လက်အောက်ခံမဟုတ်။ လွတ်လပ်သော အစုအဖွဲ့များအဖြစ် ရပ်တည်သည်။ သို့အတွက် လူထုယုံကြည်မှု ပိုမိုရရှိသည်။
- ထို့ကြောင့် ရွေးကောက်ပွဲများ ကျင်းပသည့်အခါ မှန်မှန်ကန်ကန် မျှမျှတတဖြစ်အောင် ၀င်ရောက်ကြီးကြပ် ဆောင်ရွက်ပေးနိုင်သည်။ ဥပဒေရေးရာအပြောင်းအလဲများ၊ ဥပဒေအသစ် ပြဌာန်းခြင်းများပြုလုပ်ရာ၌ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ပါဝင်သည်။
- ထို့အပြင် လူ့အခွင့်အရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်ရာ၌ လွတ်လပ်မှု အခြေခံသည် အရေးကြီး၏။ လွတ်လပ်စွာရပ်တည်လုပ်ကိုင်ခြင်းကို လူထုက လိုလားထောက်ခံကြ၏။
- အထက်ကဆိုခဲ့သလို အစိုးရအာဏာကို ကန့်သတ်ရာ၌ မည်မျှအထိကန့်သတ်နိုင်သနည်းဆိုသည်မှာ လူထု အသင်းအဖွဲ့များ မည်မျှအားကောင်းသလဲ ဆိုသည့်အချက်နှင့်ဆိုင်သည်။ လူထုအသင်းအဖွှဲများ အားကောင်း သည်နှင့်အမျှ အစိုးရအာဏာကို ပိုမိုကန့်သတ်နိုင်သည်။
- လူထုအသင်းအဖွဲ့များ အားနည်းနေလျှင်၊ စနစ်တကျဖွဲ့စည်းထားမှုမရှိပဲ ဖရိုဖရဲဖြစ်နေမည်ဆိုလျှင်မူ အစိုးရ အာဏာကိုကန့်သတ်ရာ၌ အခက်အခဲရှိသည်။ လူထုအသင်းအဖွဲ့များ၌ ခေါင်းဆောင်မှုအားကောင်းထက်မြက် မှုမရှိလျှင်လည်း အစိုးရအာဏာကို ထိရောက်စွာကန့်သတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်အစိုးရအာဏာ ကို ကန့်သတ်ရာ၌ လူထုအသင်းအဖွဲ့များသည် အရေးကြီးသောအခန်းကဏ္ဍ၌ရှိသည်ဟု ဆိုသော်လည်း ထို အသင်းအဖွဲ့များ မည်မျှအားကောင်းသည်ဆိုသည့်အပေါ် တည်မှီသည်။ အားကောင်းဖို့တော့လိုသည်။

နောက်တခုမှာ ထိုလူထုအသင်းအဖွဲ့များအနေဖြင့် မည်ကဲ့သို့သောလူ့အဖွဲ့အစည်း၌ ရှင်သန်ရပ်တည်သလဲ ဆိုသည့်အချက် ဖြစ်သည်။ တခိျု့လူ့အဖွဲ့အစည်း၊ တိုင်းပြည်နိုင်ငံများသည် လူထုအသင်းအဖွဲ့များ လွတ်လပ် စွာရပ်တည်လှုပ်ရှားနိုင်သည့် အနေအထားမျိုးရှိသည်။
- ထိုအခြေအနေမျိုးရရှိသည့်အခါ လူထုအသင်းအဖွဲ့များ ရှင်သန်ကြီးထွားလာသည်။ အားကောင်းလာသည်။ ဥပမာ မြန်မာပြည်ကဲ့သို့ လူထုအသင်းအဖွဲ့များရပ်တည်ခွင့်ကို အကြီးအကျယ်ကန့်သတ်ထားသည့် နိုင်ငံမျိုး၌မူ လူထုအသင်းအဖွဲ့များ လှုပ်ရှားလုပ်ကိုင်ဆောင်ရွက်ရန် အလွန်ခက်ခဲသည်။
- လူထုအသင်းအဖွဲ့တရပ် မည်မျှအထိ ထိထိရောက်ရောက် လုပ်နိုင်သည်ဆိုသည့်အချက်သည် သူ၏ရည်မှန်း ချက်နှင့်ဆိုင် သည်။ ရည်မှန်းချက်က သူလုပ်ဆောင်နိုင် သည့်အကန့်အသတ်ထက် ကျော်လွန်၍ သိပ်ကျယ်ပြန့် မြင့်မားနေမည်ဆိုလျှင်မူ လက်တွေ့၌ ဘာကိုမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။
- နိုင်ငံရေးပါတီများကမူ Civil Society ထဲ၌ မပါဝင်ပေ။ နိုင်ငံရေးပါတီ၏ရည်မှန်းချက်မှာ အာဏာရယူဖို့ဖြစ် သည်။ အစိုးရဖြစ်မှ လူထုအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မည်။ လူထုအသင်းအဖွဲ့များ၏ ရည်မှန်းချက်မှာ အစိုးရအာဏာကို ကန့်သတ်ရေးဖြစ်သည်။ အစိုးရအာဏာ အလွန်အကျွံဖြစ်လာလျှင် လူထု၏အခြေခံ အခွင့်အရေးများနှင့် အကျိုးစီးပွားကိုထိခိုက်နိုင်သည်။ ထို့ကြောင့်နိုင်ငံရေးပါတီနှင့် လူထုအသင်းအဖွဲ့မှာ မတူကွဲပြားသည်။
- Society သည် လူ့အဖွဲ့အစည်းတရပ်လုံးကို ရည်ညွှန်းသည်။ လူအများ စုဝေးနေထိုင်ကြသော လူ့အစုအဝေး ကြီးတခုလုံးကို ဆိုလိုသည်။ ထိုသို့စုဝေးနေထိုင်ကြရာ၌ ယုံကြည်ချက်တူသူများ ဖြစ်ချင်ဖြစ်မည်။ မတူသူများ လည်း ဖြစ်ချင်လည်းဖြစ်မည်။လူမျိုးတူသူများလည်းရှိမည်။ မတူသူများလည်းရှိမည်။ ထိုသူများ ပါဝင်သည့် လူ့အဖွဲ့အစည်းတခုလုံးကို Society ဟုခေါ်ခြင်းဖြစ်သည်။ ယခုအခါ တိုင်းပြည်သို့မဟုတ် နိုင်ငံတော်ဟုဆိုသည်။ အမှန်တကယ်မူ Society ကပိုကျယ်ပြန့်သည်။ တိုင်းပြည်ဆိုသည်က ကျဉ်းမြောင်းသည်။
- Society က တခုလုံးကို လွှမ်းခြုံသည်။ Civil Society က ထိုအထဲမှအစိတ်အပိုင်း တခုသာဖြစ်သည်။ နိုင်ငံတော်ရှိမည်။ လူတဦးချင်းများရှိမည်။ လူထုအသင်းအဖွဲ့များရှိမည်။ ထိုသုံးခုကိုပေါင်းစုလိုက်သောအခါ လူ့အဖွဲ့အစည်း Society ဟူ၍ ဖြစ်လာလေသည်။ နိုင်ငံတော်နှင့် လူတဦးချင်းကို လူထုအသင်းအဖွဲ့များ ပါဝင်သည့် Civil Society က အလယ်မှနေ၍ ဆက်စပ်ပေးထားခြင်းဖြစ်သည်။
-         လယ်သမားများစုဖွဲ့ထားတိုင်း လူထုအသင်းအဖွဲ့ဖြစ်မလာပေ။ လယ်သမားများအနေဖြင့် ၎င်းတို့၏ လယ်ယာစိုက်ပျိုးမှုလုပ်ငန်းအတွက်ရည်စူး၍ စုဖွဲ့ထားသရွေ့ Civil Society ဟုခေါ်၍မရနိုင်ပေ။
-         လယ်သမားများအဖွဲ့သာဖြစ်သည်။ လယ်ယာလုပ်ငန်းစုပေါင်းလုပ်သည့် အသင်းအဖွဲ့သာ ဖြစ်သည်။ သိုသော်၊ ဥပမာ - အားဖြင့် ၎င်းတို့စိုက်ပျိုးထွက်ရှိသည့် စပါးဈေးကကျဆင်းသွားသည်။ ဆန်ဈေးကျသည်။
-         တနှစ်ပြီးတနှစ် ဆင်းရဲသထက်ဆင်းရဲလာသည်။ အဘယ်ကြောင့်ဤကဲ့သို့ဖြစ်ရသည်ကို စဉ်းစားဖို့ လိုအပ်လာသည်။ စပါးဈေးဘာ့ကြောင့်ကျသလဲ။ အစိုးရရဲ့မူဝါဒကြောင့်လား။ --- ထိုသို့စဉ်းစားပြီးနောက် သူတို့၏ဘ၀အခြေအနေများ တိုးတက်လာစေရန်၊ အခြေအနေများ ကောင်းမွန်လာစေရန်  တောင်းဆိုလာကြ သည်။ အာဏာပိုင်များနှင့် ညှိနှိုင်းလာကြသည်။ ဝေဖန်ထောက်ပြမှုတွေလုပ်ကြသည်။
-         သို့ဆိုလျှင်မူ ထိုလယ်သမားအသင်းအဖွဲ့ကို လူထုအသင်းအဖွဲ့ Civil Society ဖြစ်သည်ဟု ပြောနိုင် သည်။ ထိုသို့ အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင်ချက်များနှင့် ဆက်စပ်စဉ်းစား လုပ်ကိုင်သည့်အဆင့်သို့ရောက် လျှင် လူထုအသင်းအဖွဲ့ Civil Society ဟု သတ်မှတ်နိုင်သည်။
-         လယ်သမားဖြစ်စေ၊ အလုပ်သမားဖြစ်စေ မိမိတို့အလုပ်မိမိတို့လုပ်နေခြင်းဖြစ်ပါက Civil Society ၏ အစိတ်အပိုင်းတရပ်ဖြစ်မလာနိုင်ပေ။ 

ဦးအောင်ထူး


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...