Friday, December 2, 2011

မုဆိုးအဖြစ်မှ သားကောင်ဘဝသို့

by ဂျူး - Ju on Friday, December 2, 2011 at 2:14pm


ငယ်စဉ်တုန်းက ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ရေးသားသော စွန့်စားခန်းဝတ္ထုများတွင် ကျားက လူဆိုးဖြစ်ခဲ့ပြီး ကျား ကို ပစ်သည့် အမဲလိုက်သမားက ဇာတ်လိုက် ဖြစ်ခဲ့သည်။
            ကျားက နယ်ကျွံကာ ရွာတွေအနီးသို့ ရောက်လာပြီး ကျွဲနွားတွေကို ဝင်ဆွဲကာ သတ်ဖြတ်စားသည်။ ထင်းခွေ၊ ရေခပ်၊ ဟင်းရွက် ခူး၊ လယ်ထဲသွား အလုပ်လုပ်သည့်လူတွေကို ခုန်အုပ် ကိုက်ချီသွားသည်။
            ထိုအခါ ရွာသားတွေက အမဲပစ်တော်သော ဇာတ်လိုက်ကို အကူအညီတောင်းရသည်။ ထိုဇာတ်လိုက်က ကျားကို ခြေရာခံကာ ကျားဖမ်းဖို့ နည်းဗျူဟာတွေ ရေးဆွဲကာ ရွာသားများနှင့်အတူ ကျားအမဲလိုက်ကြသည်။ စွန့်စားရသော အလုပ်ဖြစ်သည်။ ရင်တမမနှင့်မို့ ဖတ်လို့ကောင်းသည်။
ဘယ်လို ဇာတ်လမ်းတွေပဲ ပြောင်းလဲ ရေးဖွဲ့ထားသည် ဖြစ်စေ၊ အဓိကကတော့ လူသားစားသော ကျားဆိုး ကြီး ဖြစ်သဖြင့် အသေဖမ်းကြရခြင်း ဖြစ်သည်ဆိုသော သတင်းပေါ် မှာ အခြေခံပါသည်။
            ကျွန်မက တိရစ္ဆာန်ဥယျာဉ်မှာပဲ ကျားကို မြင်ဖူးတာမို့ သံလှောင်ချိုင့်တွေထဲမှ ကိုယ့်ကို အန္တရာယ်မပြုနိုင်သည့် ကျားကို သနား ကရုဏာသက်ရင်း လွတ်များလွတ်သွားလိုက်ရင် ဟူသော အတွေးဖြင့် အသည်းတော့ ယားမိခဲ့သည်။ အပြင်မှာများ ကျားတစ်ကောင်နှင့် မတော်တဆ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ခဲ့လျှင် ကျွန်မ ဘာဖြစ်သွားမည်ဟု မ သိနိုင်ပေမယ့် ကျားတွေ တောထဲမှာ မရှိတော့ဘူး ဟူသည့် သတင်းအချက်အလက်ကတော့ ကျွန်မကို စိတ်မသက်မ သာ ဖြစ်စေခဲ့ပါသည်။
            ကျားသည် ကမ္ဘာမှာ နေရာတိုင်းမှာ ရှိနေတာမျိုး မဟုတ်။ မြန်မာပြည်မှာ ၁၉၈၀ ပြည့်နှစ်တွေတုန်းက ကျား ကောင်ရေ ၃,၀၀၀ ရှိခဲ့သည်တဲ့။ ယခုအခါ ကျားတွေကို လောဘတကြီး ဖမ်းဆီးသတ်ဖြတ်ကာ ဈေးကွက်မှာ ရောင်း ကုန်ကြပြီမို့ ကျားကောင်ရေ တစ်ရှိန် ထိုး လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။ တစ်ခါတုန်းက လားရှိုးသို့သွားသည့်အခါ အနီး အနားက ရွာတစ်ရွာတွင် နာမည်ကျော်သော ကျား မုဆိုးတစ်ယောက်ကို ကျွန်မ သွားတွေ့ပြီး စကားပြောဖြစ်ခဲ့သည်။
            သူက ကျားကို ကိုယ်တိုင်သတ်တာ မဟုတ်။ ရွာသားတွေ၊ အမဲလိုက်သမားတွေ ကျားကို သတ်နိုင်အောင် နည်းဗျူဟာ ရှာဖွေဆောင်ရွက်ပေးခြင်းကိုသာ ပြုလုပ်သူ ဖြစ်သည်။ သူ့ကိုကြည့်တော့ အရပ်ပုပုပျပ်ပျပ်၊ မျက်နှာထား က နူးနူးညံ့ညံ့၊ ရည်မွန် သိမ်မွေ့သည့်လူ ဖြစ်သည်။ သူသတ်ပေးခဲ့သည့် ကျားဘယ်နှကောင်လောက် ရှိမလဲဟု ကျွန်မ စပ်စုကြည့်သည့်အခါ သူက ဖျတ်ခနဲ စဉ်းစားပြီးတော့ ကျားကောင်ရေ ၂၂ ကောင်ခန့် ရှိမှာပေါ့ဟု ဖြေပါသည်။ အခုအ ခါ ထိုလုပ်ငန်းကို သူစွန့်လွှတ်လိုက်တာ ကြာခဲ့ပြီ။
            အခုအခါ မြန်မာနိုင်ငံတွင် ကျားတွေကို ဘေးမဲ့ပေးထိန်းသိမ်းသည့် ကျားထိန်းသိမ်းရေးစခန်းကို တောရိုင်း တိရစ္ဆာန် များပြုစု ဆောင့်ရှောက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာ ရာဘင်နိုဝစ်ဇ်၏ လှုံ့ဆော်မှုဖြင့် တည်ထောင် လိုက်ပြီ။ ဟူးကောင်း ကျားထိန်းသိမ်းရေးစခန်းသည် ဧရိယာစတုရန်း ၈,၄၅၂ မိုင်ဖြစ်၍ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကျား ထိန်းသိမ်းရေးစခန်းဟု ကြေငြာထားပါသည်။ သို့သော် ကျားကောင်ရေ ၁၅၀ မှ ကျဆင်းလာပြီး ယခုအခါ ၁၀၀ အောက်သာ ရှိပါသည်ဟု တောရိုင်းတိရစ္ဆာန်များ ပြုစုစောင့်ရှောက်ရေးအဖွဲ့ (Wild-life Conservation Society) က ထုတ်ပြန်ကြေငြာသည်။
            ယခုအခါ ကမ္ဘာပေါ်တွင် ကျားကောင်ရေ ၃,၀၀၀ ခန့်သာ ရှိတော့ရာ တစ်ဝက်ကျော်လောက်က အိန္ဒိယနိုင်ငံ တွင် ရှိသည်ဟု သိရပါသည်။ ၁၉ ရာစုတုန်းက အိန္ဒိယနိုင်ငံတွင် ကျားကောင်ရေ ၄၅,၀၀၀ ခန့် ရှိသတဲ့။ ၁၉၇၂ ခုနှစ် တွင် ကျားကောင်ရေ ၁,၈၀၀ လောက်သာ ရှိတော့သည်ကို မှတ်တမ်းများတွင် ဖော်ပြထားသည်။ ထို့ကြောင့် ကျား ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် စီမံကိန်းကို ၁၉၇၃ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။ စီမံဆောင်ရွက် ဖို့ ဦးဆောင်သူမှာ နိုင်ငံတော် ကျားထိန်းသိမ်းရေး အဖွဲ့ (National Tiger Conservation Authorities) ဖြစ်သည်။ ဒဗ္ဗ လျူဒဗ္ဗလျူအက်ဖ် (WWF) ကဲ့သို့သော ကမ္ဘာ့အဖွဲ့အစည်းကြီးများ က ကျားစီမံကိန်းကို ရန်ပုံငွေများ ထောက်ပံ့ပေးခဲ့ သည်။ ကျားဘေးမဲ့တောများကို ၁၉၇၃-၇၄ ခုနှစ်မှ စတင်ပြီး တစ်ခုပြီးတစ်ခု တည်ထောင်ခဲ့သည်။



          ကျားဘေးမဲ့တောများအတွင်းသို့ ခိုးဝင်ပြီး ကျားတွေကို သတ်ဖြတ်သည့်အဖွဲ့ကို တားမြစ်ဖမ်းဆီးအရေးယူဖို့ လိုအပ်သည့် ကြိုးမဲ့ ဆက်သွယ်ရေးစနစ်များကို အမျိုးသားဥယျာဉ် ဝန်ထမ်းများအတွက် တပ်ဆင်ပေးသည်။ ကြိုးဝိုင်း ဌာနအပြင်ဘက်တွင် စခန်း များ ဆောက်လုပ်ပြီး လူအင်အားဖြည့်ကာ စနစ်တကျ စောင့်ကြည့်တားမြစ် ကာကွယ်ခဲ့ သည်။ တောမီးကာကွယ်ရေးအတွက် လိုအပ် သည့် ကိရိယာနှင့် မီးသတ်လေ့ကျင့်ခန်းများဖြင့် ဖြည့်ဆည်းပေးခဲ့သည်။ ကျားထိန်းသိမ်းရေး ကြိုးဝိုင်းများအတွင်းမှာ ရှိနေသည့် ရွာ တချို့ကို နေရာရွှေ့ပြောင်းပေးခဲ့သည်။ မွေးမြူရေးကွင်းတို့ တွင် နေရာရွှေ့ပေးခဲ့သည်။ ရွှေ့ပေးလိုက်ရသော ရွာတို့အတွက် ပြန်လည် ထူထောင်ရန် လုံလောက်သည့် အရင်းအနှီး ပမာဏကို ပေးဆပ်ခဲ့သည်။ ရေရရှိရေး ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် ကျားကောင်ရေ လျော့နည်းမှုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ခံသည်။ ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့သော နိုင်ငံတော် ကျား ထိန်းသိမ်းရေး ဦးဆောင်အဖွဲ့မှ မှတ်တမ်းအရ အိန္ဒိယနိုင်ငံတွင် ကျားကောင်ရေ စုစုပေါင်း အနည်းဆုံး ၁,၄၁၁ ကောင် (ဆန်ဒါဘန်ရှိ ကျားကောင်ရေ မပါ) ရှိသည်ဟု သိရပါ သည်။ Tiger Task Force ဟူသော အဖွဲ့ကိုလည်း ၂၀၀၅ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတွင် ထပ်မံဖွဲ့စည်းလိုက်သည်။ ကျားထိန်းသိမ်းရေးနှင့် ပတ်သက်လျှင် အိန္ဒိယနိုင်ငံက ကမ္ဘာမှာ ဦးစွာ ဦးဆောင်လှုံ့ဆော်ခဲ့ သည့် နိုင်ငံ ဖြစ် သည်။
            ကျားတွေကို ဘေးမဲ့ပေးထားသော အမျိုးသား ဥယျာဉ်များရှိရာ ရာဂျာ့စ်သန်ပြည်နယ်သို့ ကျွန်မ ဖြတ်သွားရုံ သွားခဲ့ဖူးသည်။ ကျွန်မတို့ လေ့လာရေးခရီးသွားခဲ့သည့် ဗလာခြေဖဝါး ကောလိပ် (Barefoot College) က ရာဂျာ့စ်သန် ပြည်နယ်တွင် တည်ရှိနေ ခဲ့သောကြောင့် ဖြစ်သည်။
            ရာဂျာ့စ်သန်ပြည်နယ်တွင် ကျားဘေးမဲ့တော နှစ်ခုရှိသည်။ တစ်ခုက ၁၉၇၃-၇၄ ခုနှစ်တွင် တည်ထောင်သည့် ဧရိယာ ၁,၃၃၄ စတုရန်းကီလိုမီတာ ကျယ်သည့် ရန်သန်ဘိုးရ်ဟုခေါ်သည့် နေရာ၊ နောက်တစ်ခုက အယ်လ်ဝါမြို့လေး အနီးတွင် ရှိသည့် ဆာရစ္စကာ ကျားဘေးမဲ့တော ဖြစ်သည်။ ကျွန်မတို့ဆီမှာ ဟူးကောင်း ကျားထိန်းသိမ်းရေးစခန်း တစ် ခုတည်း ရှိပေမယ့် အိန္ဒိယမှာ ကျား ထိန်းသိမ်းရေး စခန်းပေါင်း ၃၈ခုရှိသည်။ အိန္ဒိယနိုင်ငံရှိ ကျားထိန်းသိမ်းရေး ဘေးမဲ့ ဥယျာဉ် စုစုပေါင်းကတော့ ၁၅,၈၁၆ စတုရန်း ရှိ သည်ဟု ဆိုပါသည်။
            နယူးဒေလီမှ ခြေဗလာကောလိပ်သို့ ရထားခရီးဖြင့် သွားခဲ့ရာ ဂျိုက်ပူရ်မြို့ကို ဖြတ်ကျော်ရသည်။ ဂျိုက်ပူရ်မြို့ သို့ ရထား မရောက်မီ လမ်းခုလတ်တွင် အယ်လ်ဝါမြို့ရှိပြီး ထိုမြို့အနီးမှာ ဆာရစ္စကာကျားစခန်း ရှိသည်။ ကျွန်မတို့ကို လမ်းညွှန်လိုက်ပို့သော အိန္ဒိယလူငယ် ရာဟူးလ်၏ အိပ်စင်နေရာက ကျွန်မနှင့် တော်တော်ဝေးသည်မို့ သူ့ကို သွားမေး ဖို့လည်း မဖြစ်နိုင်။ ရထားလမ်း၏ မည်သည့်ဘက်တွင် ကျားဘေးမဲ့တော ရှိသည်ဆိုတာလည်း ကျွန်မ မသိ။ သို့သော် ခုတ်မောင်းနေသော ရထားပေါ်တွင် အိပ်စင်မှာ လှဲအိပ်နေရင်းက အနီးအနားတစ်နေရာရာတွင် ကျားတွေကို ဘေးမဲ့ ပေးထားသည့် အမျိုးသားဥယျာဉ် နှစ်ခုရှိသည်ဆိုတာကိုတော့ စိတ်ထဲကနေ သတိရနေခဲ့မိသည်။
            ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၁ မှ ၂၄ ရက်အထိ ကျားထိပ်သီးဆွေးနွေးပွဲတစ်ခုကို ရုရှားနိုင်ငံ စိန့်ပီတာစ ဘတ်မြို့တွင် ကျင်းပခဲ့သည်။ သဘာဝတောထဲမှာ ကျားတွေရှိနေသည့် နိုင်ငံ ၁၃ နိုင်ငံမှ အစိုးရခေါင်းဆောင် ကိုယ်စား လှယ်များ တက်ရောက်ပြီး ကျားထိန်းသိမ်းရေး ဆွေးနွေးဆောင်ရွက်ရန် ဖိတ်ကြားခဲ့သည်။ ထိုသတင်းကို ဖတ်မိတော့မှ ကမ္ဘာပေါ်တွင် ကျားတွေ အသက်ရှင်နေ ထိုင်သည့် ဂေဟစနစ် တည်ရှိသော ထို ၁၃ နိုင်ငံထဲတွင် ကျွန်မတို့ မြန်မာနိုင်ငံ ပါဝင်နေပါလားဟု ဂုဏ်ယူရသည်။ ထိုအစည်းအဝေးတွင် ရုရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ၂၀၂၂ ခုနှစ် တွင် ကျားကောင်ရေ နှစ်ဆတိုးပွားရန် ဆောင်ရွက်ကြမည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြသည်။ အဲဒီလို နှစ်ဆတိုးပွားရန် ဆို လျှင် ကျားတွေ၏ အရိုး၊ အရေခွံ၊ အသား၊ အဆီ စသည့် အစိတ်အပိုင်းများ တရားမဝင် ရောင်း ဝယ်ဖောက်ကားရေး အ တွက် သတ်ဖြတ်နေသော မုဆိုးတို့အား တင်းတင်းကျပ်ကျပ် အရေးယူကာ အပြစ်ပေးရမည် ဖြစ်သည်။

Panthera tigris tigris Indian tigers in the water, facing each other Bangkok Zoo Thailand. © WWF-Canon/Martin HARVEY

          ကျွန်မ တစ်ခါက တွေ့ဆုံမေးမြန်းခဲ့ဖူးသည့် တောခေါင်းတို့၏ စကားတို့ကို အခုတိုင် ကြားယောင်နေဆဲ ဖြစ်သည်။ တရားမ ဝင် တောရိုင်းတိရစ္ဆာန် ရောင်းချသည့်အဖွဲ့နှင့် အကျိုးတူဖမ်းဆီး သတ်ဖြတ်သယ်သူသည့် စီးပွားရေး သမားတို့မှာ ခေတ်မီလက်နက် အပြည့်အစုံ ရှိသည်။ မိမိတို့မှာက ချောက်တီးချောက်ချက် သေနတ်လေးတောင် မရှိ သည့်အတွက် ဟိုကလူတွေ သေနတ်တွေနှင့် တစ်ဒိုင်းဒိုင်း အသံပေးကာ ဖြတ်သွားကြလျှင် မိမိတို့မှာ အသံမထွက် အောင် ပုဝပ်လျက် ငြိမ်နေရသည်တဲ့။ တရားဥပဒေကို ထိန်းသိမ်း ကာကွယ်ဖို့ ကာကွယ်မည့်သူမှာ လိုအပ်သည့် အ ဆောက်အအုံ၊ ဆက်သွယ်ရေး ကိရိယာနှင့် လက်နက်အပြည့်အစုံ လိုအပ်မှာပါပဲ။ အဲဒီအတွက် ငွေကြေး လိုအပ်ပါ သည်။
            ကမ္ဘာကြီးမှာ ကျားတွေ ဆက်လက်ရှိနေဖို့ အကြောင်း အမျိုးမျိုးဖြင့် အရေးကြီးသည်။ သိပ္ပံပညာအတွက်၊ စီးပွားရေး အတွက်၊ ဂေဟဗေဒတည်မြဲမှုအတွက်၊ ယဉ်ကျေးမှုတည်မြဲရေးအတွက်၊ အလှဗေဒအတွက် စသည်ဖြင့် ကျား မျိုးစိတ်များ တည်မြဲ ရန်၊ ပြန့်ပွားရန် အရေးကြီးသည်။ နိုင်ငံတစ်နိုင်ငံ၏ အမွေအနှစ်အဖြစ် ထိန်းသိမ်းရမည့် အရာတွေ ထဲတွင် မူလရှိခဲ့သော ဂေဟစနစ် လည်း ပါသည်။ ထိုကြောင့် ကျားတွေကလည်း နိုင်ငံအမွေအနှစ်ထဲမှာ ပါဝင်သည်။ ကျွန်မတို့ နိုင်ငံ အပါအဝင် ဆင်းရဲသော တတိယ ကမ္ဘာနိုင်ငံများ (ဥပမာ- လာအို၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံ) အတွက် ကျားထိန်းသိမ်းနိုင်ဖို့ဆိုလျှင် ရန်ပုံငွေ အများအပြား လိုအပ်လိမ့်မည်။
            ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယို ရုရှားကျားထိန်းသိမ်းရေး ထိပ်သီးဆွေးနွေးပွဲတွင် ဒဗ္ဗ လျူဒဗ္ဗလျူ အက်ဖ်သို့ လှူဒါန်းခဲ့သော ရန်ပုံငွေဒေါ်လာတစ်သန်း အပါအဝင် အလှူငွေအားလုံးကို ၁၃ နိုင်ငံသို့ ဘယ်လို ခွဲဝေပေးမလဲ မသိ။ ကျွန်မတို့ မြန်မာနိုင်ငံရော ရပါ့မလား။ ရခဲ့လျှင် ဘယ်သူတွေက ဘယ်လို ကြိုးစား အကောင်အ ထည် ဖော်ကြမလဲ။ ကျွန်မ စိတ်ဝင်စားမိပါသည်။

ဂျူး
(အိန္ဒိယ ဒိုင်ဂျက်စ်၊ အမှတ် (၇)၊ ဇန်နဝါရီလ၊ ၂၀၁၁)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...