ဆင့်ကဲဖြစ်စဉ်၏ အနာဂတ်
by Ever Leisure Ly on Thursday, December 15, 2011 at 7:24pm
"ကိစ္စ များမြောင် လူတို့ဘောင်" ဟု ဆိုကြသည်။ ကိစ္စများလိုက်ပုံက လူ့သက်တမ်းတစ်ခုနှင့်ပင် လူတို့အကြောင်း၊ ကမ္ဘာလောက ကြီးအကြောင်းအား လေ့လာရန် လုံးဝ လုံလောက်လိမ့်မည်မဟုတ်ချေ။ ရုပ်ဝတ္ထုများအကြောင်း သူများအကြောင်းလေ့လာရင်းနှင့်ပင်၊ ကိုယ့်ကိုယ်ကို လေ့လာဖို့မေ့ကာ သက်တမ်းကုန်ဆုံးခဲ့သူများ မရေမတွက်နိုင်အောင်ပင်များပြားပါလိမ့်မည်။ လူသား မျိုးနွယ်ကြီး စတင်ခဲ့သည့် အချိန်မှစ၍ အတွေးအခေါ် အယူအဆ အရကွဲပြားမှုများ၊ ဘာသာတရား အယူအဆအရကွဲပြားမှုများ ဒွန်တွဲပါလာခဲ့သည်။
အယူအဆများတွန်းတိုက်မှု၊ ရုပ်၊ ဒြပ် များ ဖြစ်ပျက်ပြောင်းလဲမှုတို့ကြောင့် ဒါဝင်၏ evolution (ဆင့်ကဲဖြစ်စဉ်) သီအိုရီ ပေါ်ထွက်ခဲ့ခြင်းပေလော။ ဗုဒ္ဓ၏ ကြောင်း၊ ကျိုး ဖြစ်စဉ်ကပင် သက်သေပြပြီးဖြစ်ခဲ့ သလော။ မည်သို့ဆိုစေ မတည်မြဲတတ်သည့် သဘော၊ ပျက်စီး ဆုတ်ယုတ်တတ်ခြင်းသဘောနှင့် အသစ် တစ်ဖန် ဖြစ်ပေါ်တတ်ခြင်းသဘော တို့ကား ကျွန်ုပ်တို့ လောကကြီး၏ ငြင်းမရသည့် အမှန်တရားပင်။
သို့ဆိုလျင် လူသားများစသိသော ကျောက်ခေတ်မှသည် ယနေ့ E ခေတ်၊ IT ခေတ် ထိ၊ ဖြတ်သန်းခဲ့သော သက်ဦးဆံပိုင်၊ မြေရှင်ပဒေဿရာဇ်၊ အရင်းရှင်၊ ဖက်ဆစ်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လက်ရှိအား အကောင်းဆုံး ဒီမိုကရေစီ အထိ သည်လည်း evolution ၏အစိတ်အပိုင်းငယ်၊ အယူအဆ တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။ revolution သည်လည်း evolution ၏အလွန်သေးငယ်သော အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီ သည် အလုံးစုံပြီးပြည့်စုံခဲ့သော် ကမ္ဘာလောကကြီးကို ဖန်ဆင်းတော် မူခဲ့သည်ဟုဆိုသည့် ဘုရားသခင်သည်လည်း ဒီမိုကရေစီ ကမ္ဘာကြီး ဖန်ဆင်းပေးတော်မူ ခဲ့သင့်သလို၊ လူသားများသည်လည်း အရင်းရှင်တော်လှန်ရေး၊ ကွန်မြူနစ်တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ စက်မှုတော်လှန်ရေး များမလုပ်ခဲ့ပဲ ဒီမိုကရေစီကိုသာ ရှာဖွေခဲ့သင့်ပေသည်။ သို့ဆိုလျင် လူသားတစ်ဦး၏ အသိဥာဏ် နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းသည်ပင် အချိန်အခါ၊ နေရာဒေသကို လိုက်၍သာ မှန်ကန်နေကြောင်းတွေ့ရသည်။ ဒီမိုကရေစီသည်လည်း ဆင့်ကဲဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုမျှသာ။ ဤသို့ဆိုလျင် လောကသားများ၏ ပန်းတိုင်ကား အဘယ်ဖြစ်သင့်ပါသနည်း။
ကျွန်ုပ်၏ အယူအဆနှင့်ဆိုရလျင် ယဉ်ကျေးသော လူ့ဘောင်၊ လောကပါလ တရားများ ထွန်းကားသည့် လူ့ဘောင်သည်သာလျင် လောကသားတို့၏ ပန်းတိုင်ဖြစ်သင့်ပေသည်။ ကျွန်ုပ်သဘောပေါက်သော ယဉ်ကျေးမှုသည်ကား မိန်းကလေး များဝတ်သည့် စကပ်အတိုအရှည်ကို လိုက်၍ခွဲခြားသည့် ယဉ်ကျေးမှုမဟုတ်။ အင်အားကြီးသူက ငယ်သူကို အနိုင်မကျင့်တတ်သော၊ ငယ်သူကလည်းကြောက်ကန် မကန်တတ်သော၊ မြေနိမ့်ရာလှံ မစိုက်တတ်သော၊ မြေအမြင့်ပေါ်တွင်လည်း လှံတတ်မစိုက်ချင်သော၊ မျက်စိရှေ့တွင် မြင်နေရသည့် မတရားမှုကို ရှောင်မပြေးတတ်သော၊ တကိုယ်ကောင်းမဆန်တတ်သော၊ အတ္တမထူထောင်သော၊ လူသားတစ်ဦး၏ ဖြစ်တည်မှုကို တန်ဖိုးထားသော၊ သစ္စာတရား၊ မေတ္တာတရားပေါ်တွင်အခြေခံသော ၊ငြိမ်းချမ်းခြင်းကိုရှာဖွေသော ယဉ်ကျေးမှုသည်သာ ယဉ်ကျေးမှု အစစ်ဖြစ်ပေလိမ့်မည်။ ယခု ကျွန်ုပ်တို့ လောကကြီး၏ ယဉ်ကျေးမှုသည်ကား မည်သို့ရှိနေသနည်း။
လောကီရေးကား ရှုပ်ထွေး၊ ညစ်ထွေး၊ ပွေလီလှသည်။ ထိုရှုပ်ထွေးလှသော လောကီမှုရေးရာတို့ကို စိတ်ကုန်၍၊ လောကသားများနှင့် တန်းတူ အပူထဲတွင် မကျင်လည်လို၍၊ ထိုလူသားများအား ငြိမ်းချမ်းမှု အမှန်ကို ညွှန်ပြလို၍ ကြိုးစားအားထုတ်သည့် ပုဂ္ဂိုလ်များကား လေးစားထိုက်ပါပေ၏။ ထိုအစစ်အမှန် ပုဂ္ဂိုလ်တို့သည် လောကီရေးနှင့် စည်းခြားကြပြီး၊ ယုံကြည်ရာ ငြိမ်းချမ်းမှု ပန်းတိုင်ကို ညွှန်ပြကြသည်။ လူတို့၏ ယုံကြည်ကိုးကွယ်မှု ဘာသာတရားတိုင်းတွင် ထိုကဲ့သို့ ပုဂ္ဂိုလ်များ ရှိကြပေသည်။ ထို ပုဂ္ဂိုလ်တို့ကို လူသားတို့က ကိုယ့်ထက် မြင့်မြတ်သည်ဟု ယူဆ၍သာ ကိုးကွယ်ခြင်းဖြစ်ပေသည်။ အထက်တွင်ဖော်ပြခဲ့သော ယဉ်ကျေးမှုကို ထိုပုဂ္ဂိုလ်များက လမ်းညွှန်ပြသကြသည်။ ထိုဘာသာတရားကို အမှီပြု၍ လုပ်စားသူများလည်း လူတို့၏ ဆင့်ကဲဖြစ်စဉ်တွင် ပါဝင်ခဲ့မည်မှာလည်း မလွဲမသွေပင်။ မိမိယုံကြည်ရာ ဘာသာတရားအား ပြန့်ပွားတည်တံ့ အောင်လည်း မဆောင်ရွက်၊ လူသားတို့အားလည်း ငြိမ်းချမ်းမှု အားမညွှန်ပြ၊ ဘာသာမတူ အယူမတူသူကိုလည်း မလေးစား၊ ငြိမ်းချမ်းမှုကို ဦးတည်မှုမရှိသူများသည် ဘာသာတရားနှင့်လုပ်စားခဲ့သူများ ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် ဘာသာရေးစစ်ပွဲကြီးများကို ဦးတည်အားပေးခဲ့ကြသော၊ ဘာသာရေးစာအုပ်ကိုင်၍ လူသားများအား ချုပ်ကိုင်ချင်ခဲ့သော သာဓကများ ရှိခဲ့ပေသည်။ ဘာသာရေးသည် လောကီရေးနှင့် စည်းခြားသင့်ပါ၏။ မိမိ၏ ဘာသာတရားကို ထိပါးခံရ၍ ထိန်းသိမ်း၊ ညွှန်ပြရခြင်းနှင့်တော့ ကွဲပြားပေလိမ့်မည်။
ကျွန်ုပ်တို့၏ ဆင့်ကဲ ဖြစ်စဉ်ကြီးတွင် ရှုပ်ထွေး၊ ပွေလီသော ဆင်းရဲခြင်း အပူများနှင့် ပြည့်နှက်လျက်ရှိသည်။ ဘာသာရေးကား ဤသည်နှင့်ဆန့်ကျင်ဘက် ငြိမ်းချမ်းခြင်းတရား၊ ချမ်းသာတရားကို ညွှန်ပြသော ဘက်၌သာ ရပ်တည်နေသင့်ပေသည်။ ဆင့်ကဲ ဖြစ်စဉ်ကြီးအား အကောင်းဘက်သို့ ပြုပြင်ထိန်းသိမ်းရန်မှာ ဘာသာတရားတိုင်း၏ တာဝန်ဖြစ်ပါသည်။ ကိုယ်စားပြုနေသည့် ပုဂ္ဂိုလ်များ၏ တာဝန်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များသာ ယဉ်ကျေးသော လူ့ဘောင့်ကို ညွှန်ပြနိုင်ပေလိမ့်မည်။ သို့ဆိုလျင် ထို ပုဂ္ဂိုလ်များသည် မြင့်မြတ်သောနေရာ၊ ယုံကြည်ကိုးစား ထိုက်သော နေရာ၊ လောကီသားများထက် မြင့်မြတ်သောနေရာ တွင်သာ ရှိနေသင့်ပေလိမ့်မည်။ ထိုပုဂ္ဂိုလ်များက လောကီသားတို့၏ အပူကိစ္စများ၌ လုံးထွေးပွေလီသော်၊ ပုဂ္ဂိုလ်ရေးဆန်သော် ကျွန်ုပ်တို့ ဆင့်ကဲဖြစ်စဉ်၏ အနာဂတ်သည် ယိုယွင်းပျက်စီးဖွယ်ပင်ဖြစ်တော့သည်။
everleisurely
15/12/2011
0 comments:
Post a Comment