၁၀၉/၁၁၀ အလွမ်း
ချစ်သူမရှိသော နေ့ရက်တွေသည် မှောင်မိုက် ခြောက်ကပ်လွန်းလှသည်။ ထို့ပြင် မျှော်လင့်ခြင်းတွေ ပေစွန်းပြီး ပူလောင်ခဲ့ရသည်။ မျှော်လင့်ခြင်း ဆိုသည်မှာ သူမကျွန်တော့်အနားက ထွက်ခွါသွားကာစ နေ့ရက်တွေမှ စတင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်တွင် ချစ်သူရှိမနေမှန်း သိပေမယ့် အိမ်ရှေ့လမ်းမက ဆိုင်ကယ်ဟွန်းသံ ကြားတိုင်း သူမရောက်လာတာများလား ထင်မိကာ ရင်ထဲမှာ တစ်ဆတ်ဆတ် တုန် သွားမိသည်။ဟွန်းသံကြောင့် လမ်းမကို သတိလက်လွတ် လှမ်းကြည့်မိသည် အထိ မျှော်လင့်ခြင်းဖြင့်ရူးနှမ်း နေခဲ့ရဖူးသည်။ အကြိမ်ကြိမ် အခါခါ ရူးသွပ်ခဲ့ရပေမဲ့ ကျွန်တော်ကတော့ အသံကြားတိုင်း ခေါင်းထောင်နေခဲ့ မြဲဖြစ်သည်။ ချစ်သူကိုသတိရမိတိုင်း စိတ်ကူးတို့ကြောင့် ထိုကဲ့သို့ သတိလက်လွတ် အကြိမ်ကြိမ် ဖြစ်ခဲ့ရသည်။
တစ်ခါတစ်လေ ချစ်သူ ကျွန်တော့်အနား ရောက်နေသည်ဟု စိတ်ကူးယဉ် လိုက်မိသည်နှင့်ပိတ်ထားသော မျက်လုံးတို့ ဖျတ်ခနဲပွင့်ကာ ဘေးနားမှာ လိုက်ရှာကြည့်မိသည်။အသိစိတ်ကို စိတ်ကူးယဉ်မှုတို့က အနိုင်ယူ ဝါးမျိုခံခဲ့ ရသည်မှာလည်း အကြိမ်ကြိမ် အခါခါဖြစ်သည်။ ထိုကဲ့သို့ အတွေးများဖြင့် နှိပ်စက်ခံနေရသော ကျွန်တော့်ရင်ခွင်သည် အချိန်နှင့်အမျှ နာကျင်ရပါသည်။ ရှည်လျားလွန်းသော နေ့ရက်တွေသည် သူမထံမှလာမည့် စာကို မျှော်လင့်ရခြင်းသာ မရှိခဲ့ရင် တော်တော် ဖြတ်သန်းဘို့ခက်ခဲမည်။
ကျွန်တော်အတွက် တစ်ခုကံကောင်းသည်မှာ မကြာခဏ ရောက်လာသော သူမရဲ့ စာများကြောင့် နေ့ရက်ဖြတ်သန်းရသည်မှာ အနည်းငယ် သက်သောင့်သက်သာ ရှိစေခဲ့သည်။ ချစ်သူရဲ့စာကိုဖတ်ရတိုင်း ရင်ခွင်သည် လင်းလက်နေခဲ့သည်။ ပျော်ရွှင်ခြင်းနှင့် သတိရခြင်းတို့သည် တစ်ဖက်တစ်ချက်စီ စီးမိုးနေခဲ့ကြသည်။ ထိုခံစားချက်တို့ကြောင့်ပဲ စာတိုက်ပိတ်ရက်တွေကို မုန်းတတ်ခဲ့သည်။ သောကြာနေ့ ညနေတိုင်းသည် မျှော်လင့်ချက်မရှိသော နေ့ရက်တို့အတွက် ဖြတ်သန်းရခက်သော အချိန်ဖြစ်ပြီး တနင်္ဂနွေညတိုင်းသည် မျှော်လင့်ချက်တို့ဖြင့် တက်ကြွစွာ အိပ်ပျော်သွားလေ့ ရှိသောညများဖြစ်သည်။
သူမထံမှ စာလာလျင် ရင်ခွင်သည်ပေါ့ပါး နေသလောက် စာမလာတာကြာသော ရက်များသည် တစ်စုံတစ်ခုဖြင့် ပူလောင်နေရသော ရက်များလည်းဖြစ်သည်။ ထိုသို့ဖြင့် ခံစားချက်တို့နှင့် ကျွန်တော်သည် လုံးလည်ချာလည် လိုက်နေခဲ့သည်။ ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်လုံးလုံး သူမဆီက စာမလာခဲ့ပေ။ ထိုကဲ့သို့ စာလုံးဝမလာသော ရက်သတ္တပတ်များလည်း ရှိသောကြောင့် ထူးထူးခြားခြား စိတ်အနှောက်အယှက် မဖြစ်မိပေ။ တစ်ခါတစ်လေ ထိုကဲ့သို့ နေ့ရက်များကို ဖြတ်သန်းပြီးလျင် သူမဆီက စာကို ရလေ့ရှိသည်။ ထို့ကြောင့်မနက်ဖြန် တနလာင်္နေ့တွင် ပြည့်ဝသော မျှော်လင့်ချက်တို့ စတင်မည် ဖြစ်သည်။
...........................။
တနင်္လာနေ့...
ရုံးဖွင့်ရက် ဖြစ်သော်လည်း ဒီနေ့ကိုတော့ မျှော်လင့်ချက် သိပ်မထားမိပေ။ များသောအားဖြင့် ကျွန်တော်တို့ရပ်ကွက်ထဲသို့ စာပို့သမားလာသော နေ့တွေသည် တနင်္လာနေ့ နောက်ပိုင်းရက်တွေပဲ ဖြစ်လေ့ရှိသည်။ စာလာလေ့ရှိသော နေ့ရက်မဟုတ်ပေမယ့် ရုံးဖွင့်ရက်ဆိုသော အသိကြောင့် မျှော်လင့်ခြင်းနှင့် မသိစိတ် တို့ အတူတကွ ညီညီညွတ်ညွတ် ရှိနေခဲ့ကြသည်။ ထိုညီညွတ်မှုသည် သောကြာနေ့ ညနေတိုင်အောင် တည်ရှိနေမှာလည်း ဖြစ်သည်။ တစ်ဖြည်းဖြည်း အချိန်တွေကုန်ရင်း တနင်္လာနေ့သည်လည်း ကျန်ရစ်ခဲ့တော့သည်။မနက်ဖြန် အင်္ဂါနေ့တွင်တော့ မျှော်လင့်ချက်တို့ ပိုမိုတောက်ပခွင့် ရနိင်မည်ထင်၏။
.........................။
အင်္ဂါနေ့...
ယနေ့ရဲ့အချိန် တော်တော်များများသည် ခေါင်းစဉ်တပ် မရသော အလုပ်တို့ကို လုပ်နေပေမယ့် ကျွန်တော်ရဲ့စိတ် နှင့် နားအစုံတို့ကတော့ လမ်းမဆီကို သာရောက်နေခဲ့သည်။ စက်ဘီးတစ်စီးရဲ့ဘရိတ်ညစ်သံကြား
ချစ်သူထံမှ စာသည် ကျွန်တော်တို့ ချစ်ခြင်းတွေရဲ့ကြိုးတစ်ချောင်း ဖြစ်သည်။ ထိုကြိုးသည် ကျွန်တော်တို့ရဲ့ နှလုံးသားနှစ်ခုကို ပေါင်းစည်းစေနိင်သလို တမ်းတခြင်းတွေကို တဒင်္ဂ ပြေပျောက်စေနိင်သော မျှော်လင့်ချက်လည်း ဖြစ်သည်။ သို့သော်လည်း ကျွန်တော်ထမ်းပိုးထားရသော မျှော်လင့်ချက်တို့ လေးပင်သလောက် အချိန်တို့ကတော့ ပေါ့ပါးစွာနှင့် ကုန်ဆုံးသွားခဲ့သည်။ မကြာခင် နေဝင်တော့မည် ဖြစ်ပေမယ့် စိတ်တော့မပျက်ခဲ့သေးပါ။
ကျွန်တော့်အတွက် (၃)ရက်စာ အခွင့်အရေး ကျန်ရှိနေသေးသည် မဟုတ်လား။
.............................။
ဗုဒ္ဓဟူးနေ့...
ဒီနေ့မှာတော့ သူမရဲ့စာကို သိသိသာသာ မျှော်နေမိသည်။ ရက်သတ္တပတ်တွေရဲ့ဗုဒ္ဓဟူး နေ့တိုင်းသည် စာပို့သမား လာနိုင်သလို လာတတ်သော နေ့တွေလည်း ဖြစ်သည်။ ကောင်းကင်မှာ နေလုံးသည် တစ်ဖြေးဖြေးမြှင့်တက်လာနေသည်နှ
“ ကျွီ ”
စက်ဘီးဘရိတ်ညစ်သံ ကြားရပြီးနောက် ဒေါက်ထောက်သံကိုပါ ကြားလိုက်ရ၏။ ဒါဆိုရင်တော့ သေချာပါပြီ။ ကျွန်တော် ခပ်သွက်သွက်လေးပဲ အပြင်ကိုထွက်လိုက်သည်။ မြင်ရသော မြင်ကွင်းကြောင့် ကျွန်တော့်ရင်ထဲက အလိုမကျစိတ်တို့ ဆောင့်တက်သွားသည်။
“ဟာ..ကွာ..”
မကျေမနပ် ရေရွတ်လိုက်မိသည်။ သတင်းစာပို့သမားကို မြင်လိုက်ရသဖြင့် အလိုလို စိတ်တိုသွားရခြင်း ဖြစ်သည်။“သွားစမ်းပါ ဒီသတင်းစာ ငါဘာလုပ်ရမှာလဲ” စိတ်ပျက်လက်ပျက် တွေးရင်း ပြန်ဝင်လာပြီး အရိုးမရှိသူ တစ်ယောက်လို ထိုင်ခုံပေါ်သို့ ခန္ဓာကိုယ်ကို ပုံချလိုက်သည်။
“အေးလေ ဒီအချိန် သတင်းစာ လာနေကြပဲဟာ ကိုယ့်ဘာသာ လိုရာဆွဲတွေးပြီး မျှော်လင့်ချင်တာကိုး ” ကိုယ်ကိုကိုယ် ပြန်ဖြေသိမ့်မိသည်။
'စိတ်တိုလိုက်တာ'
'ဒီအချိန် စာမဟုတ်ဘဲ လူကိုယ်တိုင် ပြန်လာရင် ဘာလုပ်မလဲ' ကိုယ့်ကိုယ်ကို မေးမိတော့
'အသက်ရူ မွန်းတဲ့အထိသာ နမ်းပစ်လိုက်ချင်တယ်' အဖြေကို စဉ်းစားမိသဖြင့် ပြုံးလိုက်မိ၏။
ဒါပေမဲ့ မဖြစ်နိင်ပါဘူး။ ဒီလိုနဲ့ ရင်ထဲကိုငုံ့ကြည့်တော့ “ ငိုမဲ့မဲ့ ” နာရီကိုမော့ကြည့်တော့ “ ၃ နာရီခွဲ ”
“ဒီအချိန်မှတော့ စာပို့သမား ဘယ်လာနိုင်ပါတော့မလဲ။ တစ်ခြားရက်ကွက်တွေ ပို့နေလို့နဲ့ တူပါတယ် ဒါဆိုရင်လည်း မနက်ဖြန်ပေါ့” ဟု သက်ပြင်းရှိုက်ရင်း တွေးလိုက်မိသည်။
............................။
ကြာသာပတေးနေ့ ...
ဒီနေ့တော့ မမျှော်တော့ပါဘူး အလိုက်သင့်ပဲ နေတာကောင်းမယ်၊ မဟုတ်ရင် လူလည်း ရူးမလားပဲ၊ ရင်ထဲမှာ ဗျာများရတာ ပင်ပန်းလှသည်ဟု တွေးနေမိသည်။ ဘေးလူတွေသာ ကျွန်တော်အဖြစ်ကို သိရင် တော်တော် ပိုတယ်ထင်ကြမည်။ တစ်ကယ်တော့ အဝေးရောက်နေတဲ့ ချစ်သူကို သိပ်ချစ်မိလို့ အလွမ်းကြောင့်ပဲ အာရုံတွေ နောက်နေရခြင်းဖြစ်သည်။ ကျွန်တော်တို့ အတွက် အဆင်ပြေဆုံး ဆက်သွယ်နိုင်မှုမှာလည်း အပြန်အလှန် စာပို့ခြင်းသာ ရှိသည်။
ရံဖန်ရံခါ ဖုန်းဆက်လေ့ရှိပေမယ့် ထိုအခွင့်အရေးသည် သူမ တစ်နေ့တာလုပ်ခရဲ့ တစ်ဝက်စာနှင့် လဲလှယ်ပြီးမှသာ ရရှိသဖြင့် အမြဲတမ်း ဆက်သွယ်မှုအတွက် စာပို့ခြင်းကိုသာ အားထားနေခဲ့ရသည်။ ကျွန်တော် စာမျှော်တတ်သလို သူမလည်း မျှော်လေ့ရှိသဖြင့် အမြဲမပြတ် စာထည့်ပေးလေ့ရှိသည်။ ဒီနေ့လည်း သူမအတွက် စာတစ်စောင်ရေးရင်း အချိန်တွေကို ဖြတ်သန်းနေမိသည်။ ဒီလိုနှင့် ကြာသာပတေးနေ့သည်လည်း တစ်တိတိ ကုန်ဆုံးသွားတော့သည်။
နောက်ဆုံးတော့ ကျွန်တော်လုပ်နိုင်စရာ တစ်ခုပဲ ရှိတော့၏။ ချိုချိုသာသာ ကျိန်ဆဲ လိုက်သည်။
“ ကောင်မလေးရေ နင်တော်တော် ဆိုးတယ်ဟာ ”
ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ သေချာပြီဟု ထင်မိပါသည်။ ဒီနေ့က စာပို့သမား ခွင့်ယူထားတာ ဖြစ်နိင်သည်ဟု တွေးလိုက်မှပဲ အနည်းငယ် စိတ်သက်သာရာ ရသွား၏။
.........................။
သောကြာနေ့...
ဒီနေ့ကတော့ ဒီ ရက်သတ္တပတ်အတွက် နောက်ဆုံးနေ့ ဖြစ်သလို စိတ်ခံစားမှုရဲ့ ဒီရေအမြင့်တက်ဆုံး အချိန်လည်းဖြစ်သည်။ ဒီနေ့တော့ သေချာပြီဟု ယုံကြည်နေမိသဖြင့် စိတ်ကြည်ကြည်လင်လင်နဲ့ မျှော်နေတော့မည်။ ကုန်လွန်ခဲ့တဲ့ နေ့တွေက ခံစားချက်တွေကိုလည်း မေ့လိုက်ပစ်ပြီ။ ဒီနေ့မှ စာပို့သမား မလာရင် စာတိုက်ကို မီးသွားရှို့တော့မည်ဟု ခပ်ရွတ်ရွတ်သာ တွေးလိုက်မိ၏။
လှုပ်ခတ်နေသော အတွေးတို့ သည် နာရီ လက်တံနှင့် အပြိုင် ဖြစ်နေခဲ့သည်။ ထိန်းချုပ်၍ နေသည့်တိုင် နေ့လည် ထမင်းစားချိန် နီးလာသည်နှင့်အမျှ ကျွန်တော်အနည်းငယ် စိတ်လှုပ်ရှားလာမိကြောင်း ဝန်ခံရမည်။ အိမ်ရှေ့ထွက်ပြီး ဟိုကြည့်ဒီကြည့်လုပ်ရတာလဲ နှစ်ခါရှိနေပြီ။ စာလေးတစ်စောင်ကို ဘာကြောင့် ဒီလောက်တောင် တောင့်တ နေမိသလဲမသိပေ။ အတိုဆုံးပြောရရင် အချစ်ကြောင့်ပဲ ဖြစ်မည်ထင်ပါသည်။ ပင်လယ်ခြားတဲ့ အရပ်ကနေ ကျွန်တော့်ကို စိတ်ခံစားမှုအမျိုးမျိုး ပေးနေသည်မှာ ကျွန်တော်ရဲ့ 'ကောင်မလေး' ဖြစ်သည်။
တကယ်ပါပဲ.. ကျွန်တော့် ရင်ခွင်ထဲကို မျှော်လင့်ခြင်း မျိုးစေ့တွေ ပျိုးထားပေးခဲ့သည်။ ကျွန်တော့်ရဲ့ ဒီဒုက္ခတွေ ကို သူမ စဉ်းစားမိပါ့မလား။ ကိုယ်ချင်းရောစာတတ်ပါ့မလား။ သုံးကြိမ်မြောက် အိမ်ရှေ့ထွက်ကာ လမ်းမရဲ့ အပေါ်ဘက် အောက်ဘက် ကို မျက်စိတစ်ဆုံး ကြည့်မိတော့ လမ်းရဲ့အောက်ဖက် ခပ်လှမ်းလှမ်းတွင် စာပို့သမား ကုလားလေးကို တွေ့လိုက်ရသည်။ အမှန်အတိုင်း ဝန်ခံရလျင် ကျွန်တော့်ရင်သည် ဆတ်ခနဲ တုန်ခါသွားသည်။
ကုလားလေးကို ရင်ခုန်မိတယ် ဆိုတာကတော့ တော်တော် လွဲမှားလွန်းသော အလွဲ ပဲဖြစ်သည်။ အမှန်က စာပို့သမားဆိုတဲ့ အသိနှင့် ဖြစ်သွားရခြင်းပါ။ (ကောင်မလေး ရေ နင်သာသိရင်တော့ ရယ်နေမှာပဲနော်)
ကျွန်တော်အိမ်ထဲကို ပြန်မဝင်တော့ဘဲ အိမ်ရှေ့ကအုတ်ခုံတွင် ထိုင်နေလိုက်တော့သည်။ ဘေးလူတွေကြည့်ရင် တစ်စုံတစ်ရာကို မျှော်နေတဲ့ပုံစံ မပေါ်အောင်လည်း တစ်ခုခုကို စဉ်းစားနေပုံမျိုး လုပ်နေမိသည်။ ဒီအချိန်မှာတော့ စိတ်ထဲတွင် အမည်မဖေါ်နိင်သော ခံစားချက်တစ်ခုဖြင့် ကျေနပ်နေခဲ့သည်။ နောက်ကိုလှည့်ကြည့်သောအခါ ကုလားလေးသည် ခပ်လှမ်းလှမ်းက အိမ်ကိုစာပို့ပြီး ပြန်ထွက်လာသည်။
နောက်ဆုံးတော့လည်း အားလုံးဟာ အဆုံးသတ်သွားရတာပဲ မဟုတ်လား။
“နေပါအုံး.. စာပို့သမား လာတာက ဟုတ်ပါပြီ ငါ့အတွက် စာပါမယ်လို့ ဘယ်သူက အာမခံလို့လဲ၊ မပါရင် ဘယ်လိုလုပ်မလဲ၊” မသိစိတ်ရဲ့အတွေးတစ်ခုကြောင့် ကျွန်တော်ရင်ထဲ နည်းနည်းလှုပ်ခါသွားသည်။
“အို..ဘာတွေ တွေးနေတာတုန်း၊ ပါကိုပါရမယ်ကွာ၊ ဘယ်လိုသိလဲမမေးနဲ့ အာရုံရနေတာ” ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်လိုက်မှပဲ စောစောက ရရှိ ထားသော ကျေနပ်မှုလေး ပြန်ရလာသည်။ ကျွန်တော် ပျော်ရွှင်ရသလို စာပို့သမားလေးလည်း ကျေနပ်သွားအောင် လ္ဘက်ရည်ဖိုး ပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်၏။ အိမ်ထဲ ပြန်မဝင်တော့ဘဲ စောင့်နေလိုက်တော့သည်။
“အစ်ကိုရေ စာ”
စာပို့သမားရဲ့လှမ်းပြောသံကြော
“ဟာ”
ရင်ထဲတွင် တိုးတိတ်စွာ မြည်ဟီးသွားခဲ့သည်။ စာအိတ်က အညိုရောင်ကြီး၊ ဟင်..တံဆိပ်ခေါင်းကလည်း (၂)ကျပ်တန် ပြည်တွင်း တံဆိပ်ခေါင်းကြီးနဲ့... လိပ်စာကတော့ငါ့လိပ်စာပါပဲ ဘာတွေဖြစ်ကုန်ပြီလဲ တခုခုတော့ မှားနေတာ သေချာပြီ။ ကုလားလေးရေ မင်းဒီနေ့တော့ လဘက်ရည် မသောက်နဲ့အုံး။ စိတ်ရှုပ်ထွေးစွာဖြင့် စာအိတ်ကို ဖွင့်ကြည့်တော့မှပဲ အဖြစ်မှန်ကို သိရတော့သည်။
အဝေးသင်တက္ကသိုလ်အတွက် ကျူရှင်တက်ရန်ကြော်ငြာ စာရွက်ပို့လိုက်ခြင်းဖြစ်နေသည်။ ပြုံးရမလို မဲ့ရမလိုနှင့် ခြေပစ်လက်ပစ်သာ ထိုင်ချလိုက်တော့သည်။ ရင်ထဲမှာလည်း ဗလာတစ်ခုလို ဖြစ်သွားသည်။ စိတ်တိုဖို့တောင် မေ့လျော့သွားရ၏။
ဘာဖြစ်ချင်မှန်းလည်းမသိတော့ပေ။ စာပို့သမားလာတိုင်း အလွမ်းရဲ့ဘုရင်မဆီက မဟုတ်နိင်ဘူး ဆိုတဲ့ သဘောတရား တစ်ခုကိုလည်း နားလည်သွားရတော့သည်။ ကုန်ဆုံး သွားတဲ့ တစ်ပတ်တာ ကာလအတွက် စိတ်ညစ်ညစ်နဲ့ဒီလိုသာ အော်လိုက်ချင်တော့တာပါပဲ...။
“ငါ့မျှော်တဲ့စာမပါရင် စာပို့သမားတွေ ရပ်ကွက်ထဲ မလာကြပါနဲ့ ”
..............................
(၂၅.၈.၂၀၀၂) က ရေးခဲ့တဲ့ဝတ္ထုတိုလေးပါ။
http://www.myitkyoeinn.com
0 comments:
Post a Comment