နောက်ပြန်ကြည့်ရင်း၊ ရှေ့မျှော်ကြည့်ရင်း(အောင်ဆန်းစုကြည်)
by Wai Maw on Friday, December 2, 2011 at 10:35am
နှစ်တစ်နှစ်ရဲ့ အစဆိုတာတစ်ဖန်ပြန်သစ်ဆန်းဖို့၊ အားတွေပြန်ဖြည့်ဖို့၊ သန္နိဋ္ဌာန်သစ်တွေချဖို့၊ အတိတ်ကအဖြစ်တွေကို အမှတ်ရဖို့ အချိန်ပဲဖြစ်ပါတယ်။
၂၀၁၀ ကိုပြန်ကြည့်လိုက်ရင် အချို့အပိုင်းတွေဟာ အမှတ်ရစရာနည်းလွန်းလို့ ဆုံးရှုံးသွားပြီး အချိန်တွေ နဲ့အတူ ကွယ်ပျောက်သွားပါပြီ။ ၂၀၁၀ ရဲ့ပထမဆုံးနေ့ကို ကျွန်မဘယ်လိုဖြတ်သန်းခဲ့လဲ၊ ကျွန်မသတိမရတော့ ပါ။ သိပ်ပြီးသက်တောင့်သက်သာတော့ရှိခဲ့မှာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ ကျွန်မရဲ့အိမ်ကို ၂၀၀၉ ဒီဇင်ဘာလထဲက စပြင်ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ် အကြာမှာပဲ စည်ပင်အုပ်ချုပ်ရေးက တားမိန့်ထုတ် လို့ ပြင်ဆင်မှုတွေ ရပ်လိုက်ရပါတယ်။
ကျွန်မရဲ့ရှေ့နေတွေ တားမိန့်ကို ပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်နေကြတုန်းမှာ ကတ်ထူပုံးတွေ၊ စောင်ထူကြီး တွေနဲ့ ထုပ်ထားတဲ့ ဘာရယ်မှန်းမသိနိုင်တဲ့ အရာတွေ၊ ခရီးဆောင်သေတ္တာအမျိုးမျိုးနဲ့ စောင်းနေတဲ့မျှော်စင်နဲ့ တူတဲ့ စာအုပ်ပုံတွေအလယ်မှာ ကျွန်မ လပေါင်းများစွာနေထိုင်ခဲ့ရပါတယ်။
စာအုပ်စင်မြင့်ကြီးတစ်ခု၊စားပွဲမျိုးစုံနဲ့ အထုပ်စည်းတွေကြားထဲ ညပ်နေတဲ့ ကျွန်မရဲ့အိပ်ရာကနေ မော့ကြည့်ရင် ကွာကျနေတဲ့ မျက်နှာကြက်ကို ကောင်းကောင်းမြင်ရပြီး အိုမင်းယိုယွင်းခြင်းနဲ့ ဆွေးမြေ့ပျက်စီးခြင်းတရားကို အခါများစွာ ဆင်ခြင်နိုင်ခဲ့ပါတယ်။
ရာသီဥတု အေးနေရင်တော့ ပြွတ်သိပ်နေတဲ့ အခန်းထဲနေရတာ နွေးထွေးသလိုလို။ မြို့ထဲပြထဲမှာ တောစခန်း ချနေသလိုဟန်နဲ့ နေရတာကလည်း တစ်နည်းတော့ စွန့်စားခန်း တွေ့နေရသလိုလို။ ဒါပေမဲ့ ရာသီဥတုက ပိုပိုပြီး ပူလာတော့ စိတ်ကူးအနုအလှတွေ ပြယ်သွားပါတယ်။ အထူးသဖြင့် ပြတင်းအပြင်ဘက် နံရံမှာ ငြမ်းဆင်ထားတာကြောင့် ပြတင်းတွေ ဖွင့်လို့မရတဲ့အဖြစ် ရောက်ပြီး တစ်ညလုံးနီးပါး ပူပူအိုက်အိုက် ချွေးတွေရွှဲလို့ မအိပ်နိုင်သလောက်ပါပဲ။ ကျွန်မကိုယ်ကျွန်မ ကျန်းမာရေးကောင်းလှပါတယ်လို့ မခံစားနိုင်ပါဘူး။
၂၀၁၀ ရဲ့ ပထမသုံးလအတွင်း ကာလတွေကတော့ ကိုယ်ခန္ဓာတင် သက်တောင့်သက်သာ မရှိတာ မဟုတ်ပါဘူး။ စိတ်လည်းအလွန်အမင်း အလုပ်လုပ်ရတဲ့ အချိန်ပါ။ ယခင်နှစ်က အင်းစိန်ထောင်အတွင်းမှာ ကျွန်မအပေါ် ချမှတ်လိုက်တဲ့စီရင်ချက်အပေါ် အယူခံဝင်ထားတာနဲ့ ပတ်သက်လို့ ကျွန်မရဲ့ရှေ့နေတွေ ကျွန်မနဲ့ ဆွေးနွေးဖို့ အခါအားလျော်စွာ လာကြပါတယ်။ ကျွန်မအတွက် ဒီဥပဒေရေးရာ ကိစ္စတစ်ခုလုံးဟာ သိပ်စိတ်ဝင် စားစရာကောင်းပြီး အင်မတန်အတွေ့အကြုံရင့်တဲ့ စွမ်းရည်ရှိတဲ့ ရှေ့နေကြီးတွေ ဆီကနေ အများကြီးဗဟုသုတ ရခဲ့ပါတယ်။ ကျွန်မရှေ့နေကြီးတွေနဲ့တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာကော်မတီအတွက် လည်း ကျွန်မသိပ်ကို ဂုဏ်ယူမိပါတယ်။ အဲဒီကော်မတီဟာ ၁၉၉၅ ကစလို့ တရားဥပဒေကို ထိန်းသိမ်းဖို့နဲ့ ကျွန်မတို့နိုင်ငံက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေဘက်က ခုခံကာကွယ်ဖို့အတွက် အလုပ်တွေ အများကြီးလုပ်ခဲ့ကြပါတယ်။ ရှေ့နေကြီးဦးဥာဏ်ဝင်းဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် တစ်ယောက်လည်း ဖြစ်နေတဲ့အတွက် ကျွန်မအနေနဲ့ ပြင်ပ နိုင်ငံရေးလောကထဲ ဘာတွေဖြစ်နေ သလဲဆိုတာတွေ သိရှိခွင့်ရခဲ့ပြီး ပါတီရဲ့ဆုံးဖြတ်ချက် ချမှတ်ရမယ့် လုပ်ငန်းစဉ်ထဲအတိုင်းအတာတစ်ခုထိ ပါဝင် နိုင်ခဲ့ပါတယ်။
နိုင်ငံရေးရှုကွက်ထဲ အင်မတန်အရေးကြီးတဲ့ ဒီလိုနှစ်တစ်နှစ်မှာ ရင်ဆိုင်ရတဲ့ ဥာဏ်ရည်မြင့် စိန်ခေါ်ချက် တွေဟာ ကျွန်မအတွက် ကျန်းမာရေးကိစ္စတွေထက် အဆပေါင်းများစွာ ပိုအရေးကြီးပါတယ်။
ဧပြီလလယ် မြန်မာနှစ်သစ်ကူးချိန်လောက်မှာပဲ တရားရုံးက အိမ်ပြင်တာကို ဆက်လုပ်နိုင်ကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။ အလုပ်သမားတွေ ပြုံရောက်လာတာနဲ့ ပြင်ပကမ္ဘာက အသံတွေ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်နေတဲ့ သီးသန့်ခြံဝင်းဟာ နေ့ချင်းညချင်းပဲ အဆက်မပြတ် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိတဲ့ နေရာ ဖြစ်သွားပါတော့တယ်။
လုပ်စရာတွေက အများကြီးပါ။ အဓိကလုပ်ငန်းက ခေါင်မိုးပြင်ဖို့ဖြစ်ပါတယ်။ နှစ်နဲ့ချီပြီး မုတ်သုန်လတွေ မှာ ကျွန်မ မွေ့ရာ(အိပ်နေရင် ကျွန်မပါ) ရေမစိုအောင်နဲ့ ယိုလာတဲ့ မိုးရေကို ခံနိုင်အောင်၊ ခုတင်နဲ့ခွက်တွေ၊ ဇလုံတွေ၊ ပုံးတွေကို ခက်ခဲတဲ့စစ်တုရင်ပွဲ ကစားတော့ အရုပ်တွေရွှေ့ရသလို လိုက်ရွှေ့နေရပါတယ်။ အခုတော့ ခေါင်လုံအောင်လုပ်နိုင်တော့မှာပါ။ နောက်တစ်မိုးကို စိတ်အေးလက်အေးနဲ့ ကျွန်မစောင့်မျှော်နိုင်ပါပြီ။ မြန်မာ စကားမှာ “ခေါင်လုံတယ်” ဆိုတာ လုံခြုံခြင်းကို ဖော်ကျူးတဲ့ အလင်္ကာဖြစ်ပါတယ်။ ထိပ်ဆုံးကသာ ကောင်းရင် တစ်ဗိမာန်လုံး ကောင်းမယ်ဆိုတဲ့ အမြင်ကို ထင်ဟပ်တဲ့ အဓိပ္ပါယ်ပါ။
ပြုပြင်၊ထိန်းသိမ်း၊ပြင်ဆင်တယ်ဆိုတာ နောင်ကာလမှာ ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေမှုနဲ့ သက်သောင့် သက်သာရှိမှုတွေ အများကြီးရတော့မယ် ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ သို့ပေမယ့် ရုပ်ဝတ္ထုဆိုင်ရာ ကိစ္စတွေထက် ကျွန်မအတွက် ပိုအရေးကြီးတာက လူတွေနဲ့ဆက်သွယ် ဆက်ဆံလာနိုင်ခြင်း ဖြစ်ပါတယ်။
ငါးလလောက် ကြာမြင့်တဲ့ အိမ်ပြင်ချိန်ကာလ (ဧပြီကစပြီး စက်တင်ဘာမှာ ပြီးပါတယ်။ ကြားထဲ သုံးပတ်လောက် ခဏ ရပ်နားပါတယ်) မှာ နေ့စဉ်နေ့တိုင်း ကျွန်မတို့ အလုပ်သမားတွေရဲ့ ဘ၀တွေနဲ့ သူတို့သောကတွေနဲ့ အကျွမ်းဝင်ခွင့်ရခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံက အလုပ်သမားထု ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို ပိုမိုနားလည်လာပြီး၊ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒကို ပိုမိုရှင်းရှင်းလင်းလင်း သိမြင်ရပါတယ်။
အိမ်ပြုပြင်တဲ့ စီမံချက်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုကတော့ အထူးသတင်းတပ်ဖွဲ့နဲ့တကွ အိမ်ဝင်းလုံခြုံရေးအတွက် တာဝန်ယူထားတဲ့ အခြားတပ်ဖွဲ့တွေနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးရတာပဲ ဖြစ်ပါတယ်။ လူတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ ခြံထဲသွင်းဖို့ နေ့စဉ်လိုလို ဆွေးနွေးညှိနှိုင်းနေရပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးက အကျိုးအကြောင်းသင့်မြတ်တာ၊ ပျော့ပျောင်းလိုက်လျောတာတွေနဲ့ အတားအဆီးတွေကို ချောမွေ့အောင် လုပ်နိုင်တယ် ဆိုတာလည်း ကျွန်မတို့ တွေ့လာခဲ့ရပါတယ်။
၂၀၁၀ ခုနှစ်ဟာ ကျွန်မအိမ်အတွက် ပြောင်းလဲတိုးတက်မှုတွေ အများကြီး သယ်ဆောင်လာခဲ့တဲ့ နှစ်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ပြည်သူတွေ နေထိုင်နေကြရတဲ့ ကျွန်မတို့တိုင်းပြည်မှာရော ဘာတွေပြုပြင်ပြောင်းလဲ ခဲ့သလဲ ဆိုတာကတော့ နောင်တစ်ချိန် ပြန်ပြောကြရမယ့် ပိုလေးနက်တဲ့ ပုံပြင်တစ်ပုဒ် ဖြစ်နေပါလိမ့်မယ်။
ကျွန်မလွတ်လာပြီး ပထမဆုံးရေးဖြစ်တဲ့ ဒီဆောင်းပါးကို ကျွန်မက အခလိုအဆုံးသတ်ချင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး ကျွန်မကို ထောက်ခံမှုနဲ့ ခင်မင်မှုပေးခဲ့တဲ့ မာအိနိချိရှင်ဘွန်းကို ကျွန်မ ကျေးဇူးတင်ကြောင်း ပြောရင်း၊ ကျွန်မ ခင်ပွန်း အထူးနှစ်သက်ခဲ့ပြီး၊ အမြဲရှင်သန်နေမယ့် ပညာအမြင်ကြောင့် ကျွန်မကိုယ်တိုင်လည်း နှစ်သက်ရတဲ့ ကဗျာတစ်ပုဒ်က ကောက်နှုတ်ချက်ကလေးကို ကျွန်မရဲ့ စာဖတ်ပရိသတ် တွေနဲ့ မျှဝေချင်ပါတယ်။
မနေ့ကဆိုတာ
အိပ်မက်မျှသာ၊
မနက်ဖြန်ဆိုတာ
စိတ်ထဲကပုံရိပ်အလား၊
ဒါပေမဲ့ဒီနေ့ကိုသာ
ကောင်းကောင်းနေသွား၊
မနေ့ကတိုင်း
ကြည်နူးစရာ
အိပ်မက်ဖြစ်သလို၊
မနက်ဖြန်တိုင်း
မျှော်လင့်ချက်ပြည့်တဲ့
ပုံရိပ်ဖြစ်မယ်၊
ဒီနေ့ကိုသာ
ကောင်းကောင်းနေကြည့်သွား။
(The Salutation to the Dawn based on Vedic Hymn မှထုတ်နှုတ်သည်)
အောင်ဆန်းစုကြည်
(၁-၁-၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖော်ပြပြီး)
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၁ တွင် ဘာသာပြန်ဆို ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။
0 comments:
Post a Comment