Friday, December 23, 2011

ထုတ်တဲ့ လျှပ်စစ် ဆည်တဲ့ ဇော်မင်း

by Naing Htoo Aung on Saturday, December 24, 2011 at 10:37am
 
စီးတဲ့ရေ ဆည်တဲ့ကန်သင်းတဲ့ ကြားဖူးနားဝလေးပေါ့ဗျာ... ဟုတ်တာ မဟုတ်တာတော့ စာဖတ်သူများ သဘောဗျ...

ထားပါလေ ဒါတွေပြောချင်တာမှ မဟုတ်ပဲကို ခုတလော ကြားရတာလေးတွေက ကိုယ်နဲ့များ အနည်းငယ် ပတ်သက်လေမလားလို့ပါ ကျွန်တော်တို့ရဲ့ ခောတ်မီ ဖွံဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကြီးဆီကို လျောက်လှမ်းနေရာမှာ အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလို တလွဲလေးတွေများ ပေါပါရဲ့လို့။ နဂိုကကိုမှ လေရှည်တာ ပေရှည်တာက အခံလေးရှိတယ်မဟုတ်လားဗျ။

လျှပ်စစ်ပေါ့ဗျာ... အဲဒိကောင်ပေါ့...


ကျွန်တော်ကတော့ သိပ်သိပါဘူးဗျာ သူများတွေလို စာကြီးပေကြီးတွေ ဖတ်တဲ့ကောင်မှ မဟုတ်တာပဲလေဟော... အများသူငါပြောပြောနေကြတဲ့ သတင်းစာဆိုတာလဲ ပစ္စည်းထုပ်ဖို့ ကားမှန်သုတ်ဖို့လောက် အသုံးပြုတက်လေတော့... စကားမစပ် ကားမှန်သုတ်ရင် သတင်းစာလောက်ကောင်းတာ မရှိဘူးတဲ့ဗျ... လိုရင်းမရောက်တော့လဲ သီးခံကြပါနော်... အဲလို ကြမ်းကိုးကြမ်းကား (တမင်ရေးသည်)နဲ့လဲ မပြောတက် စာဖတ်ကလဲ ပျင်းဆိုတော့ ခပ်ပိန်းပိန်းလေးတွေပဲ သာမာန် ပြည်သူတစ်ယောက် အသိနဲ့ ရေးပြချင်တာပါ။

အဓိက လျှပ်စစ်အကြောင်း ပြောရမယ်ဆိုရင် အပိုင်းကြီး သုံးခုကို ခွဲပြောရပါမယ်။

အဲတာတွေကတော့ Generation လို့ခေါ်တဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း၊ ရေအားတို့ ဓါတ်ငွေ့တို့ ကျောက်မီးသွေးတို့ လေအားတို့ ဘာညာနဲ့ ဓါတ်အားပေးစက်ရုံကြီးတွေက ထုတ်ပေးတာကို ပြောတာပါ။ လေအားဆိုတာ လေဒလက်တွေနဲ့ တာဘိုင်ကို လည်ပြီးထုတ်တာနော်... လေနဲ့ထုတ်နေတာလို့ မပြောပါဘူး...။

နောက်တစ်ခုက Transmission လို့ခေါ်တဲ့ ဓါတ်အားပေး စက်ရုံတွေကနေပြီး စူဠဓါတ်အားလိုင်းတို့ မဟာဓါတ်အားလိုင်းတို့ဆီကို သွယ်ယူတာကအစ ဓါတ်အားဖြန့်ဝေဖို့အတွက် အနှီဓါတ်အားလိုင်းကြီးများကနေပြီး Sub-Station လို့ခေါ်တဲ့ ဓါတ်အားပြန်လည်ဖြန့်ဖြူးပေးမယ့် ခွဲရုံတွေဆီ သွယ်ပို့ပေးတာကို ဆိုလိုချင်ပါတယ်။

နောက်ဆုံးအပိုင်းကတော့ Distribution လို့ခေါ်တဲ့ စက်ရုံတွေ အလုပ်ရုံတွေ လူနေအိမ်တွေက အစပေါ့ဗျာ... ဓါတ်အားတွေကို သုံးစွဲသူတွေ ဆီရောက်အောင် ဖြန့်ဖြူးပေးတဲ့ အပိုင်းပါ။

ဒီနေရာမှာ ပြောချင်တာလေးတစ်ခုက Generation နဲ့ Transmission တို့ဆိုတာက အစိုးရ ပေါ်လစီနဲ့လဲ အများကြီးသက်ဆိုင်ပါတယ်။ ဓါတ်အားပေးစက်ရုံတစ်ခု ဆောက်တော့မယ်ဆိုရင် ဒီနှစ်ပိုင်းက သီးသန့် ဒီဇိုင်းတွေ နောက်ပြီးတော့ လျှပ်စစ်အား အသုံးပြုမှု တိုးနှုန်း စတဲ့ ရှုပ်ရှက်ခက်နေတဲ့ တွက်ချက်မှုတွေနဲ့ စပ်ဆိုင်နေတော့ သိပ်မပြောတက်ပါဘူး။ မြန်မာပြည်မတော့ အမှတ် (၁) လျှပ်စစ်စွမ်းအားက ဒါတွေ ကိုင်ပါတယ်။ နောက်တစ်ခုကတော့ ဓါတ်အားတွေ ဖြန့်ဝေပေးတဲ့ အမှတ် (၂) လျှပ်စစ်စွမ်းအားပေါ့ဗျာ... သူကတော့ တိုက်ရိုက်လူတွေနဲ့ ထိတွေ့နေတာပါ။

မြန်မာပြည်၊ ကျွန်တော်တို့ရဲ့ အမိ မြန်မာပြည်ကြီးမှာပေါ့ဗျာ လျှပ်စစ်လုပ်ငန်းကနေ အရှုံးပေါ်ပါသတဲ့။ စာအုပ်ကြီးတွေ Reference  ကြီးတွေနဲ့တော့ မပြောတက်ပေါင်ဗျာ... တွေ့တာလေးတွေ ပြောပါမယ်။

မြန်မာပြည်မှာနေတဲ့သူတွေတိုင်း မီးအားကျတာကို ခံစားဖူးကြမယ်ထင်ပါတယ်။ အရှုံးပေါ်နေပါတယ်ဆိုတဲ့ အဓိကလက်သည်ဟာ အဲဒိမီးအားကျခြင်းပါပဲ။ ကျွန်တော်ထင်တာပေါ့နော်... မဟုတ်လဲ ပြောပေါ့ ကိုယ်တွေက သူ့လောက်မှ မသိတာပဲ... မသိဆို ဦးသောင်းဆီကထွက်တာလေ။ သင်တဲ့သူမတော်ရင် ဘယ်သူကတက်မလဲ အဲဒိတော့ သွယ်ဝိုက်သောနည်းနဲ့ ဝန်းကြီးအချင်းချင်း ပညာရှိနည်းနဲ့ ဖဲ့တာလို့ အဲတုန်းက တွေးမိသဗျ... ဆရာသောင်းက မသိဘူးထင်လို့ သတိပေးတာနော်... ရန်တိုက်တယ်ထင်လဲ မတက်နိုင်ဘူး...။ ဘယ်လိုဆက်စပ်လဲ ဖြည်းဖြည်းပြောပြပါ့မယ်။ မီးအားတွေ ဘာကြောင့်ကျ ကျချင်လို့ ကျတယ်တော့ မလုပ်နဲ့ပေါ့ဗျာ...

ကျွန်တော်တို့ တစ်တွေ လမ်းဘေးမှာ မြင်နေကြ ထရန်စဖော်မာကြီးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ တစ်ချို့နေရာတွေမှာ 300 KVA, 400 KVA, 500 KVA ဆိုပြီး အစားစားရှိကြပါတယ်။ ဒိထက်ကြီးတာတွေ သေးတာတွေလဲ အပုံကြီးပါ။ တော်ကြာ ဒီလောက်ပဲသိလားအပြောခံရမှာစိုးလို့....။  500 KVA ကတော့ အများဆုံးတွေ့နိုင်ကြပါတယ်။ အဲဒိကနေပြီး အိမ်တွေမှာ မီးသုံးတဲ့ အထိလောက်လေးပဲ ကွတ်ပြောကြရအောင်ဗျာ။ အဲကွတ်ပြောတယ်ဆိုလို့ ကျန်တာတွေကကော အပြောမစောစေချင်ဘူးဗျ... အဲဒိမှာတင် အဓိက ယိုပေါက်ကြီးက ရှိနေတာကိုး...။

ပုံလေးတစ်ပုံ လက်ကညော့ထားတယ် ပြောရ ရှင်းရလွယ်အောင်ပါ... ဖတ်တဲ့သူတွေက သိကြပေမယ့် ကိုယ်ကပြောနေရင်း လည်နေမှာကြောက်လို့ပါ... နမူနာလေးပါ ဒါပေမယ့် အပြင်က တကယ့်အခြေအနေကို သိသာအောင် ရှင်းပြထားတာပါပဲ...



အထက်ပါပုံမှ ပြထားတဲ့အတိုင်းပဲ အဲဒိစနစ်တစ်ခုမှာဆိုရင် 500 KVA ထရန်စဖော်မာ တစ်လုံးပါပါတယ်။ ဓါတ်တိုင်တွေရယ် ဓါတ်ကြီုးတွေပါမယ် နောက်ပြီးတော့ အိမ်တွေကို သွယ်ထားတဲ့ မီးကြိုးတွေပါပါမယ်။

ဒီနေရာမှာ လျှပ်စစ်ပါဝါတွက်ပုံလေးကို အနည်းငယ်ပြောချင်ပါတယ် အတော်များများက သိပြီးသားပါ မသိတဲ့သူတွေအတွက်ပါ။ KVA ဆိုတာက ထရန်စဖော်မာရဲ့ အသုံးပြုန်ုင်တဲ့ ပမာဏပါ... အဲဒိပမာဏဟာ အသုံးပြုတဲ့ Voltage (Volt,V) နဲ့ လျှပ်စစ် အသုံးအဆောင်ပစ္စည်းတွေက ဆွဲယူတဲ့ Current (Ampere,A) တို့ မြှောက်လို့ရတဲ့ ရလာဒ်လို့ အကြမ်းဖျင်းသိထားလို့ရပါတယ်။ လျှပ်စစ်မော်တာလို ပစ္စည်းမျိုးတွေသုံးရင် သုံးနိုင်တဲ့ ပါဝါအနည်းငယ်ကျတက်ပါတယ် Power Factor ဆိုတာ ထည့်တွက်ရပါတယ်။ ဒီနေရာမှာ ဒါကိုထည့်ပြောရင် ရှုပ်ကုန်မှာမို့ ခဏချန်ထားခဲ့ပါတယ်။

အဲသည်တော့... 500 KVA ထရန်စဖော်မာ တစ်လုံးဟာ ကျွန်တော်တို့နိုင်ငံမှာ သုံးနေတဲ့ 230 Volt စနစ်အရ Current 2100 ကျော် ဆွဲယူအသုံးပြုလို့ရပါတယ်။ ပုံမှာကြည့်မယ်ဆိုရင် ဓါတ်တိုင် A, B, C ဆိုပြီး သုံးတိုင်သာပြထားပေမယ့် အပြင်မှာတော့ တိုင်ပေါင်း များစွာ ရှိနေနိုင်ပါတယ်။ ဒီနေရာမှာ ရှင်းရလွယ်အောင် Point တစ်ခုမှာ 500 A လောက်စီကို အညီအမျှ ဆွဲတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ရလာတဲ့ Voltage ကတော့ မတူတော့ပါဘူး။ မီးအာကျလို့ပါ။ လူအတော်များများ သိကြတဲ့အတိုင်းပဲ Transformer နဲ့နီးတဲ့ နေရာမှာ ရှိတဲ့အိမ်တွေဟာ မီးအားသိပ်မကျတက်ပါဘူး ဝေးလေလေ ခရမ်းချဉ်သီး ပိုစားရလေပါပဲ။ အဲဒိမှာ 500 A ဆိုပေမယ့် 500A ဆိုတာက တကယ်အိမ်မှာသုံးတာပါ မီးအားကျလို့ မီးအားမြှင့်စက်တွေ သုံးကြပြီဆိုရင် တကယ်ဆွဲနေတာက ပိုများပါတယ် သုံရတာကတော့ 500 A လောက်ပါပဲ... အဲတာကြောင့် အကြမ်းလေး ခြစ်ပြထားပါတယ်။

မီးအားကျရခြင်း အကြောင်းအရင်းကတော့ ဓါတ်ကြိုးတွေကြောင့်လို့ ပြောလို့ရပါတယ်။ ကြိုးဆက်တဲ့နေရာတွေနဲ့ Transformer အတွင်းက ဝါယာတွေထဲတွေမှာလဲ Ampere အများကြီး ဆွဲတဲ့အတွက်ကြောင့်လဲ ပါပါတယ်။ ဓါတ်တိုင်အချင်းချင်း သွယ်တန်းထားတဲ့ ဓါတ်ကြိုးတွေကတော့ အဓိက တရားခံတွေပါပဲ။ဓါတ်ကြိုးတွေကို ပြောတာနော်... လူတစ်ယောက်မှ မပါဘူး...:)

ဒီနေရာမှာ ဓါတ်ကြိုးအကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ လမ်းဘေး ဓါတ်တိုင်တွေမှာ အဓိကထား အသုံးပြုတာက ကြေးနီကြိုးရယ်၊ သံမဏိအားဖြည့် အလူမီနီယမ်ကြိုးရယ်ပါ။ ဓါတ်ကြိုးတွေမှာလဲ ခုခံအားရှိပါတယ်။ ရေပိုက်တွေလိုပါပဲ ကြိုးသေးရင် ခုခံအားပိုများမယ် ကြိုးကြီးရင် ခုခံအားနည်းပါမယ်။ အဲတော့ ကြိုးကြီးကြီးသုံးပေါ့လို့ မပြောနဲ့နော် ကြိုးကြီးရင် ဈေးလဲ လိုက်ကြီးသဗျ...။ အဲဒိခုခံအားကနေပြီး ဆွဲယူတဲ့ Current အရ Voltage Drop လို့ခေါ်တဲ့ ဓါတ်ကြိုးအတွင်း ဗို့အားပျောက်ဆုံးခြင်းကို ဖြစ်စေပါတယ်။ တစ်ချို့အရပ်တွေဆိုရင် Voltage 100 V တောင်မပြည့်တာတွေ အများကြီးရယ်...။

အဲဒါကိုတော့ ဒီလိုအလွယ်တွက်လို့ရပါတယ်...V = I x R, V= ဓါတ်ကြိုးအတွင်း ဖြစ်ပေါ်သော ဗို့အား, I= ဓါတ်ကြိုးတွင် စုစုပေါင်း စီးဆင်းသော Current (A), R= ဓါတ်ကြိုးရဲ့ ခုခံအား (Ohm)... ကျွန်တော်ဒိနေရာမှာ ဓါတ်ကြိုးရဲ့ ခုခံအားကို အသေးစိတ်မပြောတော့ပါဘူး နောက်များ အလျဉ်းသင့်ရင်တော့ပေါ့ဗျာ။ ဓါတ်တိုင်တွေမှာ ရှိနေတဲ့ ဗို့ကနေပဲ ကြားထဲက ကြိုးမှာ ဘယ်လောက် ဗို့အားဆုံးရှုံးသလဲဆိုတာ တွက်ပါမယ်...

ထရန်စဖော်မာနဲ့ ဓါတ်တိုင် A ကြားမှာဆိုရင် 230V - 215V = 15 V Voltage ကျတယ်လို့ တွက်ချက်ပါမယ်... ခြားနားခြင်းကနေ ရှာယူတာပါ... အဲတာကို V(T-A) လို့ ခေါ်ပါမယ်။ အလားတူပဲ ဓါတ်တိုင် A နဲ့ B ကြားကို V(A-B) = 55V နောက်ပြီး V(B-C) = 55 V ဆိုပြီးတော့ပါ....

အဲဒိဗို့အား ပျောက်ဆုံးမှုဟာ သုံးစွဲနေတဲ့ ပါဝါကို လျော့ကျစေပါတယ်။ အဲတာကိုတော့ P= V x I နဲ့ ပဲတွက်ယူပါမယ် ဒီနေရာမှာတော့ P(loss) ပျောက်ဆုံးသွားသော ပါဝါလို့ အသုံးပြုပါမယ်။

ကဲ ပုံထဲက နမူနာလေးနဲ့ ကြည့်ကြရအောင်... တကယ်တမ်းက ဓါတ်တိုင်နေပီး ယူသုံးထားတာက တစ်တိုင်ကို ပျမ်းမျှ 500 A လောက်ပါပဲ မီးအားမြှင့်စက်တွေသုံးကြတဲ့ အခါ ဆွဲယူတဲ့ Current ကလဲ အသုံးပြုမှုပေါ်မှုတည်ပြီး လိုက်တက်လာတာပါ...

ဓါတ်တိုင် A ကနေယူသုံးတဲ့ ပါဝါ
P= 215V x 500 A =107500 VA (or) 107.5 VA

ဓါတ်တိုင် B ကနေယူသုံးတဲ့ ပါဝါ
P= 175V x 600 A =105000 VA (or) 105 VA

ဓါတ်တိုင် C ကနေယူသုံးတဲ့ ပါဝါ
P= 130V x 800 A =104000 VA (or) 104 VA

စုစုပေါင်း အိမ်တွေကနေ သုံးတဲ့ ပါဝါကတော့ 107.5 + 105+ 104 = 316.5 VA ပဲရပါတယ်။ ဒါကတကယ်သုံးရတဲ့ ပါဝါပါ အဲဒိမှ တစ်ခုပေးစရာရှိပါတယ် လူတွေက မီးအားကျရင် ဒီအတိုင်းသုံးကြမလားပေါ့လေ... မသုံးပါဘူး မီးအားမြှင့်စက်ခံသုံးမယ် အဲတော့ ဘာဖြစ်လာမလဲ မီးအားပိုကျတဲ့ နေရာတွေမှာ ပိုပြီးဆွဲတဲ့ Current တွေ ပိုများလာပါမယ် အဲတော့ မီးအားတွေ ပိုကျလာမယ် ထရန်စဖော်မာမှာ ပိုပြီးဝန်ဖြစ်လာမယ် လောင်မယ် စတာတွေ ဖြစ်လာပါမယ်... သပ်သပ်ထပ်ပြောပါဦးမယ်... မုန့်လုံးက ဒီနေရာမှာလဲ စက္ကူလာလာကပ်သဗျ...။ တကယ်ကြီးရယ်...။

ကြိုးတွေမှာ ပျောက်သွားတဲ့ ပါဝါတွေကို တွက်ကြည့်ရအောင်ဗျာ....

ထရန်စဖော်မာနဲ့ ဓါတ်တိုင် A ကြား
ထရန်စဖော်မာနဲ့ ဓါတ်တိုင် A ကြားမှာဆိုရင် ဗို့အားဆုံးရှုံးမှုက 15 Vပါ ပြီးတော့ စုစုပေါင်းဆွဲတဲ့ Current က 1900 A ပါ။ အဲဒိတော့ ကြားထဲက ပါဝါ ဆုံးရှုံးမှုကို တွက်ကြည့်ရင်  P(loss) (T-A) = 15V x 1900A = 28500VA (or) 28.5 KVA ရပါတယ်... 

ဓါတ်တိုင် A နဲ့ B ကြားမှာဆိုရင်
Vdrop= 55V & I = 1400 A
 P(loss) (T-A) = 40V x 1400A = 5000VA (or) 56 KVA ရပါတယ်...

ဓါတ်တိုင် B နဲ့ C ကြားမှာဆိုရင်

Vdrop= 45V & I = 800 A
 P(loss) (T-A) = 45V x 800A = 36000VA (or) 36 KVA ရပါတယ်...

အထက်မှာတွက်ပြသွားတာတွေက ဓါတ်ကြိုးမှတင် ဖြစ်တဲ့ ပါဝါတွေပါ ပြောရရင် ဘယ်သူမှ မသုံးလိုက်ရပဲ ပျောက်သွားတာပါ စုစုပေါင်းဆိုရင် 28.5 + 56 + 36 = 120.5 KVA ပါဗျာ...ထရန်စဖော်မာကနေ စုစုပေါင်းသုံးနေတာ 316.5 KVA ရယ် ဆုံရှုံးတာက 120.5 KVA ရယ် ပေါင်းရင် 437 KVA ရပါတယ်။

ဒါက နိုင်ငံတော်ကနေ တကယ်တမ်း ကုန်ဆုံးသွားတဲ့ ပမာဏပါ။ ဒါပေမယ့် တကယ်တမ်း အသုံးပြုရတာက 316.5 KVA တည်းရယ်ဗျာ...။ ကျန်တာတွေက.... အင်း..အဲ... အဲဒီလိုပေါ့နော်...

ကဲ KWH လို့ခေါ်တဲ့ မီတာယူနစ်လေးတွက်ကြရရင်တော့ အဲဒီနေရာမှာ power factor လို့ခေါ်တဲ့ အရာလေးကို ဖြုတ်ထားပါတယ် အိမ်သုံးဖြစ်တာမို့ သိပ်အရေးမကြီးတာရယ် ဒီနေရာပြောရင် ရှုပ်နေမှာရယ်ကြောင့်ပါ... ဒါကြောင့် KVA ရယ် KW ရယ်ကို အတူတူပဲလို့ ထားလိုကိပါမယ်။ ဒါကြောင့်မို့လို့ ဒီလို ထရန်စဖော်မာ တစ်လုံးအတွက် တစ်နာရီသုံးနေတိုင်းမှာ ယူနစ် 120 လောက်ဟာ အချိန်နှင့်မျှ ဆုံးရှုံနေပါတယ်ဆိုရင် လက်ခံချင်ကြမလားဗျာ... ရပ်ကွတ်တစ်ခုမှာ ဘယ်နှစ်လုံးရှိမလဲ ရပ်ကွတ်ပေါင်း မြို့နယ်ပေါင်း များစွာ...ဒါတောင် ဓါတ်တိုင်ကနေ အိမ်တွေဆွဲတဲ့ မီးကြိုးတွေ အရည်အသွေးမပြည့်တာ ဆိုဒ်အမှန်မသုံးတာတွေကြောင့် မပါသေးပါဘူး ဒါကတော့ သုံးစွဲသူတွေနဲ့ ဆိုင်တယ်ဆိုပေမယ့် မီးရုံးကလူတွေပဲ ကိုင်တွယ်ခွင့် ခွင့်ပြုမပြု ဆုံးဖြတ်ခွင့်ရှိနေတာကို ငြင်းချင်လဲ မသိချင်ယောင်ဆောင်ပေးနေပါ့မယ်။ နောက်ပြီးတော့ Spider Man တောင်ထိုင်ငိုချင်သွားမယ့် မီးကြိုးတွေ ပြုံဆွဲတာကလဲ ဓါတ်အားဆုံးရှုံးမှုတွေ မနည်းပါဘူး....။ ပြီးတော့ ကြွေသီးတွေရဲ့ သက်တမ်း ခံနိုင်ရည်တွေဟာလဲ ပြောစရာတစ်ခုပါပဲ။

ကျွန်တော်တို့ တစ်တွေ မီလိုင်းတပ်ဆင်ရင် ပေးရတဲ့ ကနဦး ကုန်ကျစားရိတ်တွေဟာ ဒီလိုမျိုး မီးလိုင်းအသုံးပြုမှုအတွက် မီးကြိုးတွေ ဓါတ်တိုင်တွေ အတွက် ပေးဆောင်ရတာပါ။ မီတာထိန်းသိမ်းခဆိုတာလဲ နင့်နေအောင်ပေးရပါတယ် ဒီငွေတွေဟာ ဘာတွေအတွက် ကောက်လဲဆိုတာ မေးချင်ပါရဲ့ဗျာ...။

မီလိုင်းကို ခိုးယူအသုံးပြုကြတယ်ဆိုတာလဲ ပြောကြပါရဲ့ မီတာရုံးကလူတွေ စစ်ဆေးရေးဝင်မယ်ဆိုရင် ဝပ်ကင်းတွေ တပ်တွေချပြီးမှ သွားစစ်ကြတာဆိုတော့ ဟိုကလူတွေ ကြိုရှောင်ကြတော့ မမိကြဘူနဲ့ တူပါတယ်ဗျာ... နောက်ဆုံးတော့ ရွှေသမင်ဘယ်ကထွက် မင်းကြီးခြင်ထောင်ထဲက ထွက်ပေါ့ဗျာ... အဲ သမင်က သမင်ဖိုကြီးဗျ... ။

ကဲပြောချင်တာကတော့ နိုင်ငံတကာမှာကော ဒီလိုဆုံးရှုံးမှုတွေ ရှိသလားပေါ့... နောက်ပြီး ဒီဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ တစ်တွေက ပေးဆောင်ပေးရမှာလား နောက်ပြီး အရှုံးခံပြီး လုပ်ပေးနေရတယ်ဆိုတာက ဘယ်နေရာတွေမှာ ရှုံးတာလဲ မေးစမ်းကြည့်ချင်ပါရဲ့....။

ပြဿနာရဲ့ ရင်းမြစ်ကို မပြင်ရင် ဘယ်တော့မှ တိုးတက်တဲ့ တိုင်းပြည်ဖြစ်မှာ မဟုတ်ပါဘူး။ နောက်ပြီး ဒီလိုယိုပေါက်တွေ ရှိနေမှပဲ ဘယ်လောက်ပဲ ထုတ်ထုတ် ရှုံးနေမှာပါပဲ... အခုတွက်ပြတာက နမူနာလေးပါ ဒိထက်ဆိုးတဲ့နေရာတွေ ထားပါလေ... ဒိမျိုးဘယ်လောက်နေရာရှိနေမလဲ... တွက်ကြည့်ကြပါဗျာ.. အခုမီတာခနဲ့... ဘယ်လောက်တောင်ဆုံးရှုံးနေလဲဆိုတာ... ဒါလေးပါပဲ ကိုယ်ကဘာကောင်မှ မဟုတ်တော့လဲ သိတာလေး ဝင်ဖောတာပါ။ အမှားပါလဲ ဆဲသာသွားပါ... နောက်လဲ ဝင်ဝင်ရွှီးပါဦးမယ်...။

တကယ်ကို လုပ်နိုင်သူတွေ မြင်ကြပါစေဗျာ...
ကိုယ်ကခင်သူများ၊ လေးစားသူများကို၊ စိတ်ဝင်စားလောက်သည်ဟု အထင်ရှိသူများကို Tag ပါသည် မကြိုက်ပါက ဖြုတ်သွားပါခင်ဗျာ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...