Wednesday, December 21, 2011

တစ်ယောက်တစ်ပေါက် မထိမရောက်

Rozoner King created a doc.
[By Ramanya Ravika ]

လက်ရှိမှာ ဒီမိုကရေစီခေါင်းဆောင်ဆိုတာ ဘယ်သူလဲ။ ဒေါ်အောင်ဆန်းစုကြည်ပါလို့ ပြောသူတွေက များပါတယ်။ ဒီအချိန်မှာ လူထုခေါင်းဆောင်ဆိုတာ ဘယ်သူလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ညွှန်းပြကြမယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင်ပါလို့ ပြောယင် သူက ဘာကို ညွှန်းကြားနေလဲ၊ ဘာကို ...အကောင်အထည်ဖော်နေလဲ သတိထားပြီး နောက်လိုက်နောက်သားတွေက သတိထားပြီး ပြောဆိုပြုမူသင့်ပါတယ်။

ဆန်ရှင်ရှိသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောယင် ပါတီဝင်တွေပဲဖြစ်ဖြစ်၊ သာမန်ပြည်သူတွေပဲဖြစ်ဖြစ် နားလည်အောင် ရှင်းပြထားရတယ်။ အဲဒီဆန်ရှင်နဲ့ပတ်သက်ပြီး စကားပြောစရာရှိယင် သုံးရမယ့် ဝေါဟာရတွေကို ရွေးချယ်ထားသင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆန်ရှင်ရှိသင့်သေးတယ်လို့ ပြောနေချိန်မှာ သူ့အနီးကပ်လူတစ်ယောက်က ဆန်ရှင်ရှိမနေသင့်တော့ဘူးလို့ ဆိုယင် ဒါက မူဝါဒနဲ့ဆိုင်သွားပြီ။ ဒီမိုကရေစီ မဟုတ်ဘူး။

ပါတီတစ်ခုကို တည်ထောင်တယ်ဆိုတာ တစ်နိုင်ငံလုံးကို ခြုံနိုင်တဲ့ မူဝါဒရေးရာ ရှိရတယ်။ ပါတီတွေက မှိုလိုပေါက်ပြီး သေချာတဲ့ မူဝါဒမရှိယင် ဒါက ဒီမိုကရေစီကို ရုပ်ဆိုးစေတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပါတီတွေ သိပ်များနေယင်လည်း ရှက်စရာပဲဗျ။ ပါတီ(၂)ခုလောက် ရှိယင် တော်ပါပြီ။ အဲဒီပါတီနှစ်ခုမှာ ရှိတဲ့မူဝါဒက တိုင်းပြည်အတွက် လုံးဝအဆင်မပြေဘူး၊ ပါတီတစ်ခုရဲ့အင်္ဂါရပ်များနဲ့ ကြောင်းကျိုးဆီလျော်မှု မရှိဘူးဆိုမှ တသီးပုဂ္ဂလတွေက ဝင်ပြိုင်လေ့ရှိကြပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံမှာ တကယ်လို့ ပြည်ထောင်စုစစ်စစ်မူနဲ့ တိုက်ရိုက်ဒီမိုကရေစီဝါဒကို လက်ခံကျင့်သုံးမယ်ဆိုယင် ပြည်ထောင်စုအဆင့်မှာ တိုင်းရင်းသားပါတီတွေတောင် မလိုတော့ဘူး။ မလိုပုံမှာ...

၁။ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲတစ်ခုရှိနေမယ်။ ဗမာအပါအဝင်တိုင်းရင်းသားအမတ်တွေက ပါတီ(၂)ခုထဲက ကြိုက်တဲ့ပါတီတစ်ခုခုကို ရွေးပြီး ဝင်ပြိုင်ရုံပဲ။
၂။ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲတစ်ခု ရှိနေမယ်။ ဒါလည်း ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးများထဲက သက်ဆိုင်ရာပါတီနှစ်ခုက ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတလောင်းက ဝင်ပြိုင်ရမှာပဲ။
၃။ ပြည်နယ်တွေက ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီဖြစ်လို့ တိုင်းရင်းသားတွေက မိမိတို့ပြည်နယ်မှာ လွှတ်တော်နှစ်ရပ်အတွက် ကြိုက်နှစ်သက်ရာပါတီ(၂)ခုထဲက တစ်ခုကို ရွေးပြီး ဝင်ရောက်ယှဉ်ပြိုင်ရုံပါပဲ။
၎။ အဲဒီလိုပဲ ကိုယ်ပိုင်းပြဌာန်းခွင့်ရပြည်နယ်တွေမှာ ပြည်နယ်အစိုးရအတွက် ပြည်နယ်အထွေထွေရွေးကောက်ပွဲကို ကျင်းပရမယ်။ ဒီပြည်နယ်ရွေးကောက်ပွဲကိုလည်း အထက်ဖော်ပြပါပါတီ(၂)ခုထဲက တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးဦးကို ပြည်နယ်အုပ်ချုပ်ရေးမှူးပဲပြောပြော ပြည်နယ်ဝန်ကြီးချုပ်ပဲဆိုဆို ရွေးကောက်တင်မြှောက်လို့ရတယ်။

လက်ရှိမြန်မာနိုင်ငံနိုင်ငံရေးအခင်းအကျင်းတွေမှာ ပါတီတွေ များနေတယ်။ ဗမာလူမျိုးတွေမှာ ပါတီဒါဇင်ပေါင်းများစွာ ရှိနေတယ်။ လူဦးရေအသင့်အတင့်ရှိတဲ့တိုင်းရင်းသားတွေမှာတောင် ပါတီက (၂)ခု (၃)ခုလောက် ရှိနေတယ်။ အားလုံးပေါင်းလိုက်ယင် ပါတီတွေက များလို့ အမှားတွေလည်း များသလို အမှန်တွေလည်း များနေတယ်။ ရွေးချယ်စရာတွေ များလို့ ကောင်းပါတယ်ဆိုပေမယ့် ဟိုဟာမနိုင်ဘဲ ပဲများများစားသလို ဖြစ်နေတယ်။

လက်ရှိအချိန်မှာ စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ကြံ့ခိုင်ရေးပါတီ၊ လောလောဆယ်မှာ သူက အာဏာရပါတီပေါ့၊ ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတိုက်အခံပါတီပဲ။ မုန်းယင်လည်း မုန်းကြပေါ့ဗျား။ မြန်မာနိုင်ငံမှာ ဒီပါတီနှစ်ရပ်နဲ့ပဲ လုံလောက်နေပါပြီ။ တစညတို့က မျိုးဆက်အရ ပြည်ခိုင်ဖြိုးနဲ့နီးယင် ပြည်ခိုင်ဖြိုးထဲ ဝင်ချင်ဝင်၊ ဒါမှမဟုတ် အစာမကြေတာ ရှိနေလို့ NLD ထဲ ဝင်ချင်ဝင်ပေါ့ဗျား။ အဲဒီလိုပါပဲ။ NDF အပါအဝင် အခြားအတိုက်အခံပါတီများကလည်း NLD နဲ့ မူဝါဒရေးရာညှိုနှိုင်းပြီး ပူးပေါင်းသင့်တယ်လို့ ထင်ပါတယ်။ ဒီလောက်ဆို ပြည်သူတွေအတွက် ဗျာများစရာမလိုတော့ဘူး။ အမှန်နဲ့အမှားက (၂)ခုပဲ ရှိတယ်။ မမှန်မမှားဆိုတာ မရှိသင့်ဘူး။ အဲဒီအတွက်လည်း မမှန်မမှားပါတီတွေ ရှိမနေသင့်ဘူး။ (ရှိချင်သလိုရှိပါပြောယင် စာရေးသူတို့လည်း သီရိလကာင်္မှာလို ဘုန်းကြီးနိုင်ငံရေးပါတီထောင်ပြီး နိုင်ငံရေးလုပ်ချင်စမ်းပါဘိ။ ဟန်းဖုန်းနဲ့၊ ကိုယ်ပိုင်ကားနဲ့၊ ကိုယ်ပိုင်သက်တော်စောင့်နဲ့ နေပြည်တော်က လွှတ်တော်ကို တက်ချင်စမ်းပါဘိ။ လွှတ်တော်မှာ ဗုဒ္ဓဘာသာကို စော်ကားယင် မြန်မာလွှတ်တော်ကို ကမ္ဘာကျော်သွားစေရမယ်။ စကားအဖြစ် ပြောတာပါ)

နောက်ပြီး ပြည်ထောင်စုစစ်စစ်မူ မရှိသေးလို့ တိုင်းရင်းသားပါတီတွေက ရှိနေသင့်တယ်။ ဒီတော့ သူတို့လည်း မွန်လား ရှမ်းလား ကရင်လား ခွဲပြီး ဝင်မနေတော့ဘဲ UNA အနေနဲ့ပဲဖြစ်ဖြစ်၊ မဟာမိတ်ပါတီအနေနဲ့ပဲဖြစ်ဖြစ် အမည်တစ်ခုကိုပဲ သုံးပြီး ရွေးကောက်ပွဲ ဝင်သင့်တယ်။ သူတို့က တိုင်းရင်းသားတွေရဲ့အသံကို ပြည်ထောင်စုကြီး ကြားအောင် ပြောရသေးတာကိုး။ ဒီတော့ မြန်မာ့နိုင်ငံရေးက ရှုပ်ယှက်ခတ်မနေတော့ဘူး။ ရွေးကောက်ပွဲပြီးယင် UNA က စောင့်ကြည့်နေဖို့ပဲ။ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ U.S.D.P နဲ့ ပေါင်းမလား၊ N.L.D. နဲ့ ပေါင်းမလား ဒါပဲ။

အခုကျတော့ ပါတီတွေက များလွန်လို့ စာရေးသူတို့ စာဖတ်တတ်တဲ့လူတွေတောင် အဲဒီပါတီအမည်တွေကို မမှတ်မိနိုင်ဘူးဖြစ်နေတယ်။ သာမန်လက်လုပ်လက်စားပြည်သူများအတွက်တော့ ဒီထက် ပိုခက်မယ်လို့ ထင်ပါတယ်။ ပါတီမူဝါဒလည်း များနိုင်သလို အယူအဆပေါင်းများစွာလည်း ရှိနေမှာပါ။ အဲဒီထဲမှာ ဘယ်ပါတီက တိုင်းပြည်အတွက် အမှန်တကယ်အကျိုးနိုင်မလဲ ရွေးထုတ်ဖို့ ခက်သွားပြီ။ ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို မဝေဖန်လိုပါဘူး။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးဟာ သူရဲကောင်းနိုင်ငံရေးအဆင့်ပဲ ရှိသေးတယ်လို့ ပြောချင်ပါတယ်။

အခုနေအချိန်မှာ ပါတီက များလို့၊ အဖွဲ့အစည်းပေါင်းကလည်း များလို့၊ ဥပမာပေါ့ဗျား ဆန္ဒပြကြပြီဆိုပါစို့။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် ဆန္ဒပြချင်ပါတယ်ဆိုတော့ တစ်ယောက်က လာပင့်တယ်၊ ဒါ ကောင်းပါတယ်၊ ကူညီပေးရတာပေါ့။ နောက်ရက်ကျတော့ နောက်တစ်ယောက် ရောက်လာပြန်တယ်။ ရှစ်လေးလုံးနှစ်ပတ်လည်အတွက်တဲ့။ မနေ့က ကြွခဲ့ပြီဆိုတော့ မတူဘူးဘုရားတဲ့။ ကဲ ရှစ်လေးလုံးနှစ်ပတ်လည်တောင် မတူဘူးဆိုတော့ ရှုပ်ရှက်ခတ်မနေဘူးလား။ စစ်အစိုးရကြောင့် အားလုံးဒုက္ခရောက်ကြရပါတယ်ဆိုမှ တစ်ယောက်တစ်ပေါက် ဖြစ်နေကြတယ်။ ကိုယ့်ပေါင်ကို ကိုယ်က ထောင်းတာကိစ္စမရှိဘူး။ ပေါင်မှားထောင်းနေကြတာက ခက်တယ်။ သူတော်ကောင်းတွေက ကြက်မှုဖော်နေကြတာနဲ့ တကယ့်သူခိုးဓားပြတွေက ကွင်းလုံးကျွတ်လွတ်သွားရတဲ့အဖြစ်မျိုးပါ။

အခုလည်း ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်ပြောတော့ လူစွမ်းကောင်းတွေ အများကြီး ထွက်လာဦးမှာ မြင်ယောင်သေးတယ်။ ဒီမိုကရေစီကို အငမ်းမရ တောင့်တရလွန်းလို့ ပါတီများလာတာကို သဘောပေါက်နိုင်ပါတယ်။ ဒါပေမယ့် ပါတီတစ်ခုအတွင်းမှာကိုးက စကားက အစွန်းထွက်နေသေးတယ်ဆိုတော့ ခေါင်းရှုပ်စရာတွေ ဖြစ်ရတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဆန်ရှင်ရှိဖို့ လိုသေးတယ်။ အပြောင်းအလဲတွေကို တွေ့မြင်ရသလောက် လျှော့ပေါ့ပေးမယ်လို့ ဟယ်လာရီက ပြောတယ်။ ဒီအချိန်မှာ လူရွှင်တော်ဇာဂနာက ဆန်ရှင်က ရှိမနေသင့်တော့ဘူး၊ ပြည်သူတို့ရဲ့လူနေမှု ထိခိုက်တယ်ဆိုတော့ Egrass ယောင်ယောင်၊ ပြည်ခိုင်ဖြိုးယောင်ယောင် ဖြစ်ကုန်တယ်။ အမေရိကန်မှာဆိုယင် ဒါဟာ အကောင်းဆုံးပြက်လုံးတစ်ပုဒ်ပါပဲ။ အမေရိကန်နိုင်ငံရေးစနစ်ကို ကြည့်ပါ။ မြန်မာပြည်ဆန်ရှင်ကိစ္စကို ဒီမိုကရက်တွေက လျှော့ချဖို့ စိတ်ဝင်စားတယ်ဆိုတာ သံသယဝင်စရာမရှိဘူး။ ဒါပေမယ့် ရီဘဗ္ဗလီကင်တွေကတော့ လျှော့မှာမဟုတ်ဘူး။ ဒီတော့ ဒီဆန်ရှင်က ကွန်ဂရက်က ပြုခဲ့တဲ့ဥပဒေပါ။ အစိုးရကလည်း မထိရဲဘူး။ အတိုက်အခံကလည်း အကွက်ချောင်းနေတာပဲ။ ဒီတော့ စကားကို အလယ်အလတ်ပြောရတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့မူဝါဒကို reverse ဖြစ်မယ့်စကားမျိုးကို ဘယ်တော့မှပြောဘူး။ အခု ဦးသူရခေါ် လူရွှင်တော်ဇာဂနာက ဆန်ရှင်ကိစ္စကို ရုပ်သိမ်းဖို့ ပြောတော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။

ပြည်ပရောက်ဒီမိုကရေစီရဲဘော်တွေ၊ အတိုက်အခံနိုင်ငံရေးပါတီတွေမှာပဲ တစ်ယောက်တစ်ပေါက် ဖြစ်နေတာမဟုတ်ဘဲ အာဏာရပြည်ခိုင်ဖြိုးအစိုးရမှာတောင် တစ်ယောက်တစ်ပေါက်ပါပဲ။ သမ္မတက တစ်မျိုးပြောလိုက်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တစ်မျိုးပြောလိုက်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လေထိုးလိုက်နဲ့ သွားနေတာ တွေ့ရတယ်။ သမ္မတက အမိန့်ပေးလိုက်၊ ကာချုပ်က မကြားလိုက်၊ မောင်ကျော်ဆန်းက ဒါက သဘာဝပဲလို့ လေပြေထိုးလိုက်၊ သမ္မတက နိုင်ငံရေးအကျဉ်းသားမရှိဘူးပြောလိုက်၊ ရွှေမန်းက လွတ်ပေးမယ်လို့ ပြောလိုက် ရှုပ်ရှက်ခတ်နေပါတယ်။ ဒီအစိုးရက တက်ကြွနေတာလား၊ ကြွတက်နေတာလား၊ မရိုးမရွ မချိုမချဉ်နဲ့ ပျိုဖော်ဝင်နေလား မခန့်မှန်းတတ်ဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ။

ကိုင်း...ဒီဘုန်းကြီးက ရှည်တယ်လို့ အပြောမခံရလေအောင် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ကြရအောင်ပါ။  ပြည်ထောင်စုမြန်မာနိုင်ငံကို လက်နက်နဲ့အုပ်ချုပ်ဖို့ မလိုအပ်ဘူးလို့ ယူဆယင်...

၁။ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ဂုဏ်သရေရှိအစိုးရဖြစ်ကြောင်း ပြသပါ။ (စစ်တပ်အားကိုးနဲ့ အာဏာကို အလွဲသုံးစားပြုခြင်းမရှိစေရ)
၂။ အတိုက်အခံတွေကလည်း အစိုးရထိန်းပေးလို့ ကျုပ်တို့ ငြိမ်နေတာမဟုတ်၊ ကျုပ်တို့ဟာ ဒီမိုကရေစီအသိညာဏ် ကြွယ်ဝသူများဖြစ်ပြီး ဒီမိုကရေစီရေးအတွက် စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်လို့ ပြသပါ။
၃။ တိုင်းရင်းသားတွေကလည်း တပ်မတော်ကို ကြောက်စရာမလိုတော့ယင် ကျုပ်တို့အချင်းချင်း သတ်ဖြတ်ခြင်းမရှိကြပါဘူး။ ကျုပ်တို့အားလုံးက ပြည်ထောင်စုတပ်မတော်တစ်ခု ရှိနေပါပြီ။ ကျုပ်တို့မှာ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ရှိကြပါတယ်လို့ ပြသပါ။

ပြည်ခိုင်ဖြိုးဖြစ်စေ၊ အတိုက်အခံတွေပဲဖြစ်စေ၊ တိုင်းရင်းသားတွေပဲဖြစ်စေ အချင်းချင်း စုစည်းညီညွတ်စွာ ပူးပေါင်းဆောက်ရွက်မှုမရှိဘဲ တစ်ယောက်တစ်ပေါက် ပြောဆိုပြုလုပ်နေကြမယ်ဆိုယင် ဘယ်တော့မှ ထိရောက်မှာမဟုတ်ဘူးလို့ ပြောပါရစေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...