တိုးတက်မှုနိယာမ
hnin lae yee win ဒီဇင်ဘာလ 21, 2011 2:58pmတွင်hnin lae yee win မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
ဒါမျိုး မင်းမှာ ဖြစ်ဖူးသလား။
စနေနေ့ တစ်မနက်မှာပေါ့။ တစ်နေ့လုံး အစီအစဉ်တွေ ဆွဲပြီးသား။
မင်းနဲ့ မင်းသူငယ်ချင်းတွေနဲ့ ကုန်တိုက်သွားကြမယ်။ နောက် ရုပ်ရှင်ကြည့်မယ်။ ညစာစားမယ်။ ပါတီသွားမယ်။
အိမ်က ထွက်မယ်လုပ်တော့ အိမ်ရှေ့တံခါးနားမှာ မင်းအမေနဲ့ တွေ့ပါလေရော။
‘ သား မင်းအခန်း ဘယ်တော့ရှင်းမှာလဲ’
‘ နက်ဖြန်’
‘အရင်အပတ်ကလည်း မင်း ဒီလိုပဲ ပြောတာပဲ ‘
မင်းအမေဟာ ပြောရင်းနဲ့ စိတ်တိုလာပုံပါပဲ။
‘သွား အပေါ်ပြန်တက်။ မင်းအခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ရှင်း၊ မပြီးမချင်း အိမ်ကမထွက်နဲ့’
မင်းလည်း မတက်ချင်တက်ချင်နဲ့ပဲ မင်းအခန်းထဲကို ပြန်ရောက်သွားရတယ်။ မင်းအခန်းကလည်း ပီဇာမုန့်ဘူးတွေ၊ ညစ်ပတ်နေတဲ့ ခြေအိတ်တွေ၊ Coke အချိုရည်ဘူးခွံတွေ၊ ကျောင်းစာအုပ်တွေ၊ သတင်းစာတွေ၊ နှာခေါင်း အစက်ချဆေးတွေ၊ ကော်ဖီပန်းကန်တွေ၊ တစ်ရှူးဟောင်းတွေ၊ မဂ္ဂဇင်းတွေ၊ စီဒီတွေ၊ ချွေးစော်နံနေတဲ့ အားကစား ဘောင်းဘီတိုတွေ၊ ဓာတ်ခဲတွေ၊ စကိတ်စီးတဲ့ ရိုလာဘလိတ်တွေ၊ လက်ကိုင်ပ၀ါတွေ၊ ညစ်ပတ်နေတဲ့ တီရှပ်ကလည်း တစ်ဒါဇင်လောက်နဲ့ သုံးနေကျ ပစ္စည်းပစ္စယတွေနဲ့ ရှုပ်ပွနေတာပါပဲ။
မင်းက စဉ်းစားတယ်။
‘ဒီအလုပ်ဟာ ကမ္ဘာမှာ အဆိုးဝါးဆုံး အလုပ်ဖြစ်မယ် ‘
နောက် မင်း ငြိမ်ငြိမ်လေး ရပ်ပြီးတွေးတယ်။ မလုပ်လို့လည်း မရ။ သူငယ်ချင်းတွေနဲ့ကလည်း ချိန်းပြီးသား။ မထူးပါဘူးကွာ။ မျက်စိမှိတ်ပြီးသာ လုပ်ချလိုက်တာပေါ့လို့ မင်း ဆုံးဖြတ်လိုက်တယ်။
မဂ္ဂဇင်းတွေ၊ စီဒီပြားတွေကို စုထပ်ရင်းနဲ့ မင်းအလုပ် စ လိုက်တယ်။ ညစ်ပတ်တဲ့ အ၀တ်တွေ အ၀တ်ခြင်းထဲထည့်၊ ခဲတံတွေ၊ ခဲဖျက်တွေ အံဆွဲထဲပို့၊ ပီဇာမုန့်ဘူးတွေ အမှိုက်ပုံးထဲသွား၊ နောက်ဆုံး ကွန်ပျူတာပေါ်က ချောကလက်အစွန်းတွေတောင် သုတ်ပစ်လိုက်သေးတယ်။
အခုတော့ အရာရာဟာ အရင်ထက် အများကြီး ပိုကြည့်ကောင်းသွားပါပြီ။ ချက်ချင်းပဲ မင်းမှာ အမြင်တစ်ခု ဖျတ်ခနဲ ရောက်လာတယ်။
‘ ငါ့အခန်း သန့်ပြန့်သွားပါလား ‘
မင်းရင်ထဲမှာ ပီတိလှိုင်းတွေ တရိပ်ရိပ်တက်လာတယ်။
နောက်ပြီး မင်း အစီအစဉ်တွေ စ ဆွဲတော့တာပါပဲ။
‘ ငါ့ စာအုပ်စင်ကို ပြန်ဖွဲ့စည်းရမယ်၊ ဘာသာရပ်အလိုက် သူ့အကန့်နဲ့သူ ခွဲထားလိုက်မယ်၊ ဘောလ်ပင်တွေကို ဖန်ခွက်ထဲမှာ သီးသန့်ထားမယ်။ အမှိုက်ခြင်းကိုလည်း အပတ်တိုင်း ရှင်းမယ် ‘
ကဲ၊ အခု မင်းမှာ အထူးတာဝန်ရှိနေပြီ။
ကမ္ဘာမှာ အသန့်ရှင်းဆုံး အခန်းဖြစ်အောင် မင်း ဖန်တီးတော့မယ်။ ကြမ်းပြင်ကို ဖုန်စုပ်စက်နဲ့ စုပ်တယ်။ အိပ်ရာတောင် ချန်မထားတော့ဘူး။
ဒီနေရာမှာ မင်းက ၀န်ခံချင်မှ ၀န်ခံမယ်။
ဒါပေမယ့် မင်းကိုယ်မင်း ကျေနပ်အားရ ပျော်ရွှင်နေတယ်မဟုတ်လား။
ဒါဟာ အခန်းရှင်းခြင်းနဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားပါပဲ။ ဒီနိယာမကို မင်းဘ၀ရဲ့ ဘယ်နေရာမှာမဆို အသုံးပြုနိုင်ပါတယ်။
တစ်ခုခုကို မင်း စလုပ်လိုက်ပြီးတဲ့နောက်မှာ အဲဒါနဲ့ ပတ်သက်လို့ မင်းရမှာက စိတ်လှုပ်ရှားမှပဲ ဖြစ်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ စွန့်စွန့်စားစားနဲ့ မျက်စိမှိတ်ပြီးတော့ လုပ်ချလိုက်တာမျိုးကျတော့ စိတ်လှုပ်ရှားမှုသာမကဘဲ စွမ်းအားတွေပါ ရရှိခံစားရမှာပါ။
ကိုယ်တို့ဟာ တစ်ခါတစ်ရံ အပြောအဆိုတွေ မှားတတ်ကြပါတယ်။
‘ ငါ အားရှိလာလို့ကတော့ မနက်တိုင်း ထပြေးမယ်’
မှားပါတယ်။ ပထမဆုံး လုပ်ရမှာက စ ပြေးရမှာ။ အားရှိအောင် စောင့်နေရမှာ မဟုတ်ဘူး။
‘ အိမ်စာတွေ ထားလိုက်၊ အခု စိတ်မပါသေး’
စိတ်ပါမှ အိမ်စာတွေ လုပ်မယ်ပေါ့၊ ဒါလည်း မှားတယ်နော်။
လုပ်ရမယ့်အလုပ်က လုပ်ကို လုပ်ရမှာ။ လုပ်ရင်းနဲ့မှ စိတ်ပါလာတတ်တာမျိုး။
တိုတိုပြောရရင်
စ လိုက်ပြီဆိုတာနဲ့ အဲဒီအလုပ်အတွက် ခွန်အားနဲ့ စိတ်အားတက်ကြွမှုကို မင်းရမှာပါ။ ခွန်အားကို မင်းရဲ့ အားထုတ်ကြိုးပမ်းမှုရဲ့ ရလာဒ်အနေနဲ့ မင်းရရှိမှာပါ။ လျှို့ဝှက်ချက်ကတော့ စ လုပ်ဖို့ပဲ။
Ref: Being A Happy Teenager by Andrew Matthews ကို ဘုန်းခေါင် မြန်မာပြန်သော ဆယ်ကျော်သက်တွင် ပျော်ပျော်ရွှင်ရွှင် စာအုပ်မှ
http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A3567085&xgs=1&xg_source=msg_share_post မှ
0 comments:
Post a Comment