Friday, December 23, 2011

ရရှိခံစားဖူးသော တဒင်္ဂငြိမ်းချမ်းရေး

by Win Ko on Saturday, December 24, 2011 at 9:01am

နိုင်ငံရေးအခြေအနေအရပ်ရပ်မှာ ယခင်ကနှင့်မတူတော့.. အရပ်သားအစိုးရသစ်လက်ထက် ထင်မှတ်မထားခဲ့ သော အပြောင်းအလဲများကို လူတိုင်းတွေ့ကြုံနေရပြီဖြစ်သည်။ ထို့အပြင် နှစ်ရှည်လများ ဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်မှာလည်း တဖြည်းဖြည်းတိုးတိတ်ငြိမ်သက်လာခဲ့သည်။ “အပစ်အခတ်ရပ်စဲရေးမှသည် ထာဝရ ငြိမ်းချမ်းရေးဆီသို့” စသည့်အသံတို့မှာလည်း ကျယ်ကျယ်လောင်လောင်ဖြင့် နေရာယူလာခဲ့သည်ကို နေ့စဉ် နေ့တိုင်းကြားနေရသည်။

          ငြိမ်းချမ်းရေး၏အရသာကိုတော့ ခံစားခဲ့ဖူးသည်။ ကျနော်ကိုယ်တိုင် ဖြတ်သန်းကြုံတွေ့ခဲ့ရသော ငြိမ်းချမ်းရေးမှာ မှတ်မှတ်ရရ ၁၉၉၅ ခုနှစ် မတ်လ။ “ရွာထဲကလူတွေ တစ်အိမ်တစ်ယောက် စခန်းအုပ်ချုပ်ရေး မှူးအိမ်မှာ လူစုရမယ်” ဟု စခန်းလုံခြုံရေးတစ်ဦးမှ လိုက်လံဆော်သြနေသည်။ ကျနော်တို့အားလုံး စခန်း အုပ်ချုပ်ရေးမှူးအိမ်ရှေ့ မြေ၀ိုင်းတွင် စုမိချိန်၊ အုပ်ချုပ်ရေးမှူးမှ “အားလုံးနားထောင်ကြ၊ အခုငါတို့ကရင်နီ တပ်မတော်နဲ့ န၀တတပ် ငြိမ်းချမ်းရေးရသွားပြီ၊ အဲဒီအတွက် မိမိရပ်ရွာပြန်ချင်တဲ့သူပြန်၊ မပြန်ချင်တဲ့သူတွေက တော့ နယ်စပ်မှာရွာတည်ပြီး နေကြရမယ်။ အခုနေတဲ့ရွာကိုလည်း ထိုင်းအစိုးရက တစ်လအတွင်း အပြီးပြောင်း ရမယ်လို့ အမိန့်ထုတ်ထားတယ်။ အဲဒီတော့ ရွာတည်ဖို့ အားလုံးပြင်ဆင်ကြတော့” ဟု စခန်းအုပ်ချုပ်ရေးမှူး ခူးအီရယ်က ပြောကြားပြီးသည့်နောက် ကျနော်တို့အားလုံး စိတ်လက်ပေါ့ပါးစွာနဲ့ နေအိမ်အသီးသီးကို ပြန်ခဲ့ကြ ပါသည်။
          နောက်တစ်ရက်မှာတော့ အားလုံး ရွာသစ်တည်ရန်အတွက် နယ်စပ်အောက်နားက ချိုင့်ဝှမ်းကို ရွေးလိုက်ကြပါသည်။ မြေကွက်ရိုက်သူရိုက်၊ ခြုံရှင်းသူရှင်း၊ လိုအပ်သော သစ်ဝါးခုတ်သူခုတ်နဲ့ အားလုံး အလုပ် ရှုပ်နေခဲ့ကြသည်။ ဒီလိုနှင့် သုံးပတ်လောက်အကြာတွင် ရွာကလေးမှာ အတော်ရုပ်လုံးပေါ်လာလေသည်။ ကျနော်တို့အားလုံး စုပေါင်းနေထိုင်သော ရွာလေးကို တနီးလဲ(ပျားချောင်းရွာ) ဟု ခေါ်တွင်စေခဲ့သည်။ ရွာဟောင်းမှ ပစ္စည်းများကို ရွာသစ်သို့ ထမ်းပိုးပြောင်းရွှေ့ကြရသည်။ ငွေကြေးအတော်အသင့်ရှိသူ အချို့ကတော့ ရောင်းဝယ်ရေး ဗဟိုဌာနချုပ်တွင် ဆိုင်ခန်းများဖွင့်လှစ်ရန်အတွက် ပြင်ကြဆင်ကြနှင့် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော အနာဂတ်တစ်ခုကိုမျှော်လင့်တောင့်တနေခဲ့ကြသည်။
          ကျနော်တို့ရွာလေးထဲတွင် လူစုံရှိသည်။ ဆွံ့အနားမကြားများ၊ သက်ကြီးရွယ်အိုများ၊ မုဆိုးမများ၊ စသဖြင့် လူစုံကိုတွေ့ရသည်။ အိမ်များဆောက်သောအခါ အားလုံးကိုယ့်အိမ်ကိုယ် ဆောက်နေကြရသဖြင့် တစ်ဦးကိုတစ်ဦး မကူညီနိုင်ကြ။ အိုက်ပဲ့ ဆိုသော ဆွံ့အနားမကြားဖြစ်နေသူက ကိုယ့်အားကိုယ်ကိုးပြီး သူ့အသိုက်အမြုံလေးကို အကောင်းဆုံးဖြစ်အောင် ဆောက်လုပ်နေသည်ကိုလည်း အံ့သြဖွယ် တွေ့မြင်ရသည်။ ရွာလေးတွင် မရှိမဖြစ်လိုအပ်သော စာသင်ကျောင်းလေးကိုတော့ စုပေါင်းဆောက်လုပ်ကြသည်။ ဇွန်လ ကျောင်းဖွင့်ရာသီတွင် ကျနော်လည်း တာဝန်ကျရာစာသင်ကျောင်းမှာ စတင်တာဝန်ထမ်းဆောင်ရပါသည်။ ကျောင်းဆရာတစ်ဦး၏ လစာမှာ ထိုင်းငွေ ဘတ်သုံးရာ ဖြစ်ပါသည်။ ထိုလစာကို ၆လမှ တစ်ကြိမ်သာ ထုတ်ယူရ သည့်အတွက် အခက်အခဲများနှင့်ကြုံတွေ့ခဲ့ရပါသည်။ တချို့ကျောင်းသူကျောင်းသားများမှာ ကျနော်နှင့် မတိမ်းမယိမ်း မြန်မာစကား လုံးဝမပြောတတ်။ ကျနော်ကလည်း ကရင်နီဘာသာစကားကို မသိ။ ဆရာနှင့် တပည့် ဆက်ဆံရေးမှာ ဂလိုဘယ်လန်းဂွေ့ခ်ျ( ခြေဟန်လက်ဟန်ဘာသာစကား) ဖြင့်သာ အချိန်အတော်ကြာ စခန်းသွား နေခဲ့ရသည်။ ကျောင်းအုပ်ဆရာကြီး ဘယ်ရီထွန်းနှင့် ဆရာမ နော်ဆာမူး တို့မှာ ကျနော် ပြောချင်သော လိုအပ်သော အရာတို့ကို ၀ိုင်းဝန်းဖြည့်ဆည်းပေးသောကြောင့် အစစအရာရာ အဆင်ပြေ ခဲ့ရသည်။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော ဆရာဆရာမများနှင့် ဆုံစည်းရခြင်းမှာလည်း ၀မ်းသာကြည်နူးဖွယ်ရာ အတိပင်။
          ကျောင်းလေးမှာ စာသင်ချိန် ၂လသားအရွယ်လောက်သာ ငြိမ်းချမ်းရေးအရသာကို ခံစားခွင့်ရလိုက် ပြီးနောက် အခြေအနေတွေရုတ်ချည်း ပြောင်းလဲသွားပြန်သည်။ ကရင်နီတပ်မတော်မှ သတ်မှတ်ထားသော ကန့်သတ်နယ်မြေထဲသို့ န၀တတပ်များ စတင်ကျူးကျော်ဝင်ရောက်လာခြင်းမှစ၍ နှစ်ဘက်တပ်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလာခဲ့ပြီး ငြိမ်းချမ်းရေးမှာ လုံးဝ ပျက်သုန်း သွားခဲ့ရပေသည်။ လက်နက်အင်အား လူအင်အား အစစအရာရာ အသာစီးရနေသော န၀တတပ်များသည် ကရင်နီတပ်မတော် ခြေကုပ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လိုက်နိုင်သည်။ ကျနော်တို့ ဆရာဆရာမများ ကျောင်းသူကျောင်းသားများမှာ တိုက်ပွဲဝင်နေသော ရဲဘော်များအား ထမင်းထုပ်များပို့ပေးနေရသည်။ အားပေးစာများရေးသားပြီး ရဲဘော်များထံ အရောက်ပေးပို့ကြရပါသည်။ အခြေအနေမှာ ပို၍ ဆိုးဝါး လာခဲ့သည်။ ကျောင်းစာသင်ချိန်များတွင် လက်နက်ကြီးများ ဆက်တိုက် ကျရောက်ပေါက်ကွဲသံများကြောင့် ဆရာဆရာမ များနှင့် ကျောင်းသူ ကျောင်းသားတို့မှာ တောင်ကြည့်မြောက်ကြည့်နှင့် အခြေအနေအပေါ် သုံးသပ်ရင်း ပညာသင်ကြားနေရသည်။
နောက်ဆုံး မိမိတို့ရွာအပေါ်ရှိ နယ်စပ်တပ်စခန်းများဖြစ်သော တောင်သုံးလုံး၊ ဓာတ်ခဲကုန်း၊ ရမ်ဘိုကုန်း၊ ချက်ပွိုင့်(Check P0int)တို့ ရှေ့ဆင့်နောက်ဆင့် လက်လွှတ်ကျဆုံးသွားရသောကြောင့် ကျနော်တို့နေထိုင်သော တနီးလဲရွာတွင်နေထိုင်သူအားလုံးမှာလည်း ၀ရုန်းသုန်းကားနှင့် ထိုင်းနိုင်ငံထဲသို့ ၀င်ပြေးကြရတော့သည်။ မိမိတို့သယ်ဆောင်နိုင်သော အစားအသောက်နှင့် အသုံးအဆောင်များကိုသာ သယ်ဆောင်ပြေးကြရသည်။ ကျနော်လည်း ပစ္စည်းပစ္စယများကို ထမ်းပိုးရင်း လေးလအရွယ်သမီးလေးအား ချီပိုးထားသည့် ဇနီးသည်ကို လက်ဆွဲကာ အများနည်းတူ ကျည်လွတ်ရာနယ်မြေသို့ ပြေးလွှားခဲ့ရပါသည်။ ထိုသို့ အသက်လုပြေးနေချိန်တွင် အိုက်ပဲ့ ကိုလည်း ပြေးရန် အချက်ပြလိုက်ပေမဲ့ သူကမပြေး။ သူဆောက်လုပ်ထားသော အိမ်လေးကို အတင်းတွယ်ဖက် ထားသည်။ မည်သူ မျှဆွဲ၍ မရအောင် ကျစ်ကျစ်ပါဖက်ထားသည်။ ရန်သူစစ်ကြောင်း ကလည်း နီးသထက်နီး လာသောကြောင့် စိတ်မကောင်းစွာဖြင့် သူ့ကိုထားခဲ့ကြရသည်။
ကျနော်တို့ ရွာသူရွာသားအားလုံး ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင်၊နန်းဆွယ်ရွာအနီး ရောက်သောအခါ UNHCR မှ ကြိုဆိုပြီး၊ တစ်အိမ်လျှင် မိုးကာတစ်စစီ ထုတ်ပေးပါသည်။ မိုးတွင်းကာလဖြစ်သောကြောင့် အပြိုင် အဆိုင် မိုးကာရွက်ဖျင်တဲများ ထိုးကြရပြန်သည်။ မိုးကလည်း အဆက်မပြတ်ရွာသွန်းနေသည်။ ရွှံ့ဗွက်များမှာ လည်း လမ်းလျှောက်မရအောင် ဖြစ်နေသည်။ ဒီကြားထဲ လူတွေက အပြင်းဖျားကြ၊ ၀မ်းသွားကြနှင့် အတော်ပင် ဒုက္ခပင်လယ်ဝေနေခဲ့ရသည်။ အရေးပေါ်ဆေးခန်းမှာ ဗွက်တောထဲမှာ ဖြစ်သလိုပင်။ ဆေးဝါးကလည်း မစုံ မလင်။ သေဆုံးသွားသူများကို မည်သူမျှ မကြည့်အား။ ဖြစ်သလို ၀ါးကပ်ဖြင့်လိပ်ကာ မြှုပ်လိုက်ကြရသည်။ ပေးထားသော မိုးကာရွက်ဖျင်မှာလည်း မိသားစုသုံးယောက်ကိုပင် လုံခြုံမှု မပေးနိုင်။ အဆက်မပြတ်ရွာသွန်းနေ သော မိုးရေကြောင့် ဆန်များမှာ မှိုတက်ပြီးဂျပ်ခဲဖြစ်နေသည်။ စားစရာ မရှိသောကြောင့် ထိုဆန်များကိုသာ ထုထောင်းချေမွပြီး ချက်ပြုတ်စားကြရသည်။ ဟင်းဆိုသည်မှာ ရှာ၍ပင်မရ။ ဆားနှင့်ထမင်းကို မသေရုံအသက် ဆက်စားပြီး နေကြရသည်။ ဒီကြားထဲ လူတော်တော်များများ ၀ဲနှင့်ယားနာများစွဲကပ်ပြီး ကျနော်နှင့် သမီးလေးလည်း မလွတ်ပေ။
ကလေးများ၏ပညာရေးကလည်း အရေးကြီးသောကြောင့် မိုးတိတ်ချိန်များတွင် ဘောသင်ပုန်းကို သစ်ပင်ကြီးများမှာကပ်ရိုက်ပြီး စာသင်ခဲ့ရသည်မှာလည်း မမောနိုင်မပန်းနိင် ဖြစ်ခဲ့ရပြန်သည်။ တစ်ပတ်ခန့်ကြာ သောအခါ ရန်သူတပ်များပြန်ဆုတ်သွားသောကြောင့် ရွာဟောင်းသို့ သွားကြည့်ဖြစ်ကြသည်။ အိုက်ပဲ့မှာ အိမ်တိုင်ကိုဖက်လျက်ဖြင့်ပင် ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ သေနတ်ဒဏ်ရာပေါင်း များစွာဖြင့် ပုပ်ပွနေသည်ကို ကြေကွဲမဆုံး တွေ့မြင်လိုက်ကြရသည်။ အိမ်များမှာလည်း မီးလောက်တိုက်သွင်းခံထားသဖြင့် ပြာပုံအတိ ဖြစ်နေပါပြီ။
ဤသည်မှာ ကျနော်ကြုံတွေ့ခံစားခဲ့ဖူးသော ငြိမ်းချမ်းရေး၏ အရသာပင် ဖြစ်ပါတော့သည်။
ပြည်တွင်းစစ်အမြန်ဆုံး ရပ်စဲ၍ စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ကြပါစေ...။

အုပ်ကြီးဖေ
၂၃ ဒီဇင်ဘာ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...