Wednesday, December 21, 2011

တစ်ကျော့ပြန် ကုပ်ပေါ်မိုးသော ဓားများ . . .



by Melven Than on Wednesday, 21 December 2011 at 16:02
December 19, 2011
By Popular


 နိုဝင်ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အစည်းအဝေး ခန်းမတွင် ဆင်ဆာမူဝါဒ လျှော့ချရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပါသည်။  ယင်း အလုပ်ရုံ ဆွေး နွေးပွဲအပေါ်   ရုပ်ရှင် ဆင်ဆာ အတွင်းရေးမှူး လည်းဖြစ်၊ ဗီဒီယို ဆင်ဆာ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည့် ဦးသိန်း ထွန်းအောင် (ညွှန်ကြားရေးမှူး-ထုတ်လုပ် ၊မြန်မာ့ရုပ်ရှင် လုပ်ငန်း၊ ပြန်ကြားရေး ဝန်ကြီးဌာန) အား မေးခွန်းများ ပေးပို့မေးမြန်း ခွင့်တောင်းခံခဲ့ကာ နိုဝင်ဘာ ၂၅ ရက်နေ့ တွင် သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပြီး ၃ပတ် ဆက် ဖော်ပြခဲ့ပါသည်။ ၄င်းဖော်ပြမှု များအပေါ် အမြင် သဘောထားများအား သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်း၊ ဒါရိုက်တာ ညီညီထွန်းလွင်၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)နဲ့ ဒါရိုက်တာဝိုင်း အစရှိသော ရုပ်ရှင် လောကသားများနှင့် ကုပ်ပေါ်မိုးသောဓား ကဏ္ဍအဖြစ် တွေ့ဆုံ တင်ဆက်ခြင်း ဖြစ်ပါသည်။



ရုပ်ရှင်လောကအကျိုးလှုပ်ရှားသူ

      တကယ်တော့ ‘ကုပ်ပေါ်မိုးသော ထားသောဓား’ အင်တာဗျူးတွေကို လွန်ခဲ့သော ၅နှစ်ကျော် ၆ နှစ် ကာလက ရည်ရွယ်ချက် ဖော်ပြခဲ့ရာမှာ ‘စကားတွေကို တချို့က နှုတ်ဖျားလေး နဲ့ပြောတယ်။ တချို့က ရင်ထဲက လာတဲ့ အတိုင်းပြောတယ်။ တချို့က လျှာအရိုး မရှိတိုင်းပြောတယ်။ ကိုယ့်စကားကိုယ် တာဝန်ယူ တတ်သူတွေ အတွက် ကတော့ ပြောလိုက်တဲ့ စကား အခွန်းတိုင်းဟာ ကုပ်ပေါ်မိုး ထားသည့် ဓားတွေလိုပါပဲ။  အပြောနှင့်အလုပ်  မညီခဲ့ရင်  ကိုယ့်ကုပ်ပေါ် တိခနဲ  ခုတ်ဖြတ် လိုက်မည့် ဓားတွေလို စကားတွေကို သဘော ထားပြီး အလေး အနက် ထားပြော တတ်ကြတယ်’ လို့ ဆိုခဲ့ဘူး ပါ၏။ ယခုလည်း ‘တကျော့ပြန် ကုပ်ပေါ် မိုးသော ဓားများ’ မှာ ကိုယ့် စ ကား ကိုယ် တန်ဖိုးထား တတ်မည့် သူမျိုး နှင့် သာ ကျွန်တော် တွေ့ဆုံ မေးမြန်း နေခြင်း ဖြစ်ပါသည်။                                                                                                        

ကိုမျိုး(မြန်မာစာ)
မေး-ဒီကနေ့ (၁ဝ-၁၂-၂ဝ၁၁)နေ့ နံနက်မှာ ပြန်ကြားရေးဝန်ကြီးရဲ့ မြန်မာ့ရုပ်ရှင်လောက တိုးတက်ရေး ဆွေးနွေးမိန့်ကြားမှုပွဲမှာ သရုပ် ဆောင်အနည်းငယ်နဲ့ ဒါရိုက်တာတချို့ကို တွေ့ရပေမယ့် ဦးဌေး(ဦးဇင်ဝိုင်း)၊ဦးမျိုး(မောင် မျိုးမင်း၊ ရင်တွင်းဖြစ်)တို့ကို မတွ့ရပါဘူး။ အဲဒီ အကြောင်းလည်း ကျွန်တော်ဦးတည်မေးချင် ပါတယ်။ ပြီးတော့ ၃ ပတ်တိတိ ကျွန်တော် ဖော်ပြခဲ့တဲ့ ဦးသိန်းထွန်းအောင်နဲ့ တွေ့ဆုံမှု အပေါ်မှာလည်း ဦးဌေးတို့အမြင်တွေ ပြော စေချင်ပါတယ်။ ဒါကနှစ်ဦးနှစ်ဖက်အမြင်တွေ ဖလှယ်ခြင်းပါ။


ဦးဇင်ဝိုင်း
ဖြေ- ဒီနေ့ ကိုမျိုးနဲ့ အခုလိုမျိုး တွေ့ဆုံ ဖြေကြားခြင်း တွေဟာ ပြီးခဲ့တဲ့ အပတ်တွေက ပေါ်ပြူလာမှာ ဖော်ပြခဲ့တဲ့  မြန်မာ့ ရုပ်ရှင် လုပ်ငန်းက တာဝန် ရှိသူ ဦးသိန်း ထွန်းအောင် ရဲ့ ဖြေကြားချက်တွေ အပေါ် ပြန်လည် ငြင်းဆိုဖို့ ရည်ရွယ်ချက် တစ်ခုတည်း မဟုတ်ပါဘူး။ အဓိက ရည်ရွယ်ချက်က ဆင်ဆာ ပြဿနာ တစ်ခုတည်း မဟုတ်ဘဲ ဒီကနေ့ ရုပ်ရှင် လောကမှာ ဖြစ်ပျက်နေရတဲ့ လွဲမှားမှုတွေကို သက်ဆိုင်ရာ နိုင်ငံတော် အကြီးအကဲများ သိစေဖို့ရည်ရွယ်တာပါ။ တစ်ချိန်တည်း မှာပဲ မြန်မာ့ရုပ် ရှင်၊ ဗီဒီယို စသည် တို့ကို သံယောဇဉ် ကြီးစွာ အားပေးနေကြတဲ့ ပရိသတ်ကြီးကို ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေကို သိ စေချင်တာလည်း ပါပါတယ်။  ကျွန်တော်တို့ က မရသင့် မရထိုက်တဲ့ အခွင့်ထူးတွေကို တောင်းနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်စီကိုယ်စီမှာ ရှိသင့်တဲ့ ကိုယ်ပိုင် ရပိုင်ခွင့် လေးတွေပေါ့နော်၊ ဒါလေးတွေ ကို တောင်းနေတာပါ၊၊ ကိုမျိုးတို့ ပေါ်ပြူလာထဲမှာ ပြီးခဲ့တဲ့ အပတ်တွေက ဖော်ပြသွားတဲ့ ‘တစ်ကျော့ ပြန်ကုပ်ပေါ် မိုးထားသောဓားများ’ ဆိုတဲ့ ခေါင်းစဉ်မှာ ဦးသိန်း ထွန်းအောင် က ပြန်ဖြေသွားပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်သမားတွေ အပေါ်မှာ ဓားတွေမိုးထား တယ်ဆိုတာကို ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူ တစ်ဦး ကိုယ်တိုင် က လက်ခံတယ် ဆိုတော့ မဆိုးလှ ပေဘူးပေါ့။ သို့သော် ကျွန်တော်တို့ ရုပ်ရှင်သမားတွေကို မိုးထားတဲ့ဓားက ၃ ချောင်း တည်း မကပါဘူး။ အဲဒါ တကယ့် အဖြစ်အမှန် ပါ။ သူပြောတဲ့ ထုတ်လုပ်မှု ဆိုတဲ့ဓား၊ ဆင်ဆာ မူဝါဒ ဆိုတဲ့ဓား၊ ပြီးတော့ ဖြန့်ချိရေး (သို့တည်းမဟုတ်) ရုံတင်ပြသရေး ဆိုတဲ့ဓား။ ဒီ ၃ ချက် မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဓား ၃ချောင်း မကပါဘူး။ ရင်တွေကျောတွေကို ထောက်ထားတဲ့ ဓားတွေ၊ လှံတွေလည်း ရှိပါတယ်။ ပိုဆိုးတာက ဒီဓားတွေ လှံတွေကို ဆွဲ နုတ်ဖို့ ကြိုးစား လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ပိုမိုပြီး ကြီးမားပြင်းထန်တဲ့ ငယ်ထိပ်ကို တည့်တည့်ခုတ်မယ့် ရဲဒင်းလို ဟာမျိုးကလည်း ရှိ တယ်။ အဲဒါ ဘာလဲဆိုတော့ တစ် ချိန်သောအခါ က ကျွန်တော်တို့က ကိုယ့်ရဲ့ လုပ်ငန်း ကိုင်ငန်းတွေ အဆင်ပြေ ချောမွေ့ဖို့ အတွက် ရိုးရိုးသားသား တင်ပြရင်တောင်မှ နိုင်ငံရေး အသွေးအရောင် ရှိတယ် ဆိုတဲ့ မှတ်ချက်နဲ့ ကျွန်တော်တို့မှာ အပိတ်ခံရ၊ အပြုခံရ ဆင်ဆာမှာ ပိုက်စိပ် တိုက်ခံရတဲ့ အဖြစ်မျိုးတွေပေါ့။ blacklist ဆိုတဲ့ ဟာမျိုးထိ ရှိတယ်။ ဒီခေတ် ဒီအခါမှာ မရှိ သင့်တော့ပါဘူး။ နိုင်ငံရေး ဆိုတာ လူတိုင်းပြောနေတဲ့ စကားဖြစ်သွားပြီ။ လွတ်လပ်စွာနဲ့ ကိုယ်ယုံကြည်ရာ နိုင်ငံရေးကို ရေးနေသား နေကြပြီ။ ကျွန်တော် မြင်တာ ကတော့ ကိုမျိုး ရယ်။ ဒီနေ့ ကျွန်တော်တို့ နိုင်ငံဟာ ကျွန်တော်တို့ လက်ခံနိုင် သည်ရှိ၊ လက်မခံနိုင် သည်ရှိ အပြောင်းအလဲ တစ်ခုကို တော့ သိသိသာသာကြီး ပြောင်းနေပြီ ဆိုတာ ကတော့ လက်ခံရမယ်။ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့၊ ပြည်သူလူထု တစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ အရေးအရာ ကိစ္စတွေမှာ ပြည်သူရဲ့ အသံကိုနားထောင် ပြီး ပြည်သူ့ ဆန္ဒကို ရှေး ရှုပြီးတော့ နိုင်ငံတော် အကြီးအကဲလို ပုဂ္ဂိုလ်မျိုးက ချက်ချင်းကို ဆုံးဖြတ်ပေးတဲ့ ကိစ္စတွေ ရှိနေပါပြီ။ ဒီလိုပဲ စီးပွားရေး ဆိုင်ရာ မူဝါဒတွေ မှာလည်း ပို့ကုန် အခွန်လျှော့ပေါ့ရေး ကိစ္စတွေ လည်း ဒီနေ့လို ဆွေးနွေး၊ ၂ ရက်လောက် နေရင် ဘယ်လောက် ရာခိုင်နှုန်းနဲ့ ချမယ်ဆိုတာ ချက်ချင်း ထွက်လာတယ်။ ကျွန်တော်တို့ ဒီစာ တမ်းကို ၁၆ ရက်နေ့ တင်ပါတယ်။ ဒီကနေ့ ဝန်ကြီးက အစည်းအဝေး ခေါ်တယ်လို့ ပြောပါတယ်။ သို့သော် စာတမ်းရှင် ကျွန်တော့်ကို တော့ ဖိတ်ကြားခြင်း မရှိပါဘူး။ ဒီလိုပဲ စာတမ်းကို ဝိုင်းဝန်း ပြုစုကြတဲ့ ဒီက ဒါရိုက်တာကိုဝိုင်း တို့လို၊ ကိုမျိုးမင်း တို့လို၊ ဒါရိုက်တာ ကျော်ဇောလင်း တို့လို   တော်တော် များများပေါ့နော်။ ကျွန်တော်တို့ လောကရဲ့ အရေးအရာကို စိတ်ဝင်စားပြီး ဒီအတွက်ကို လှုပ်ရှားကြတဲ့ လူတွေ တစ်ယောက်မှ ဖိတ်ကြားခြင်း မရှိပါဘူး။ ဖိတ် ကြားရေး ဘယ်သူ့မှာ တာဝန်ရှိနေလဲ။ သတင်းစာထဲမှာ ဖော်ပြချက် အရတော့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ ရုပ်ရှင် အနုပညာရှင် များတွေ့ ဆုံညှိနှိုင်းပွဲ လို့ဆို ပါတယ်။ ဒီတော့ ဒီပွဲကို ဖိတ်ကြားခြင်း မခံရတဲ့ ကျွန်တော်တို့ အများစုကြီးဟာ ရုပ်ရှင် အနုပညာရှင်များ မဟုတ်လို့လား။ ညှိနှိုင်းဆွေးနွေးခွင့် မရှိတဲ့ သူတွေလား။ ဒါမှမဟုတ် ကျွန်တော်တို့ ဆွေးနွေးမယ့် အချက်တွေကို နားမထောင် ရဲတာလား။ အမှန်တရားတွေကို မကြားချင်တာလား။ တွေးစရာတွေ အများကြီးပါ။ ဒီနေ့နိုင်ငံတော် က သွားနေတဲ့ စနစ်နဲ့ ဆိုရင် ဒီကိစ္စက အလွန် လွဲမှားနေပါတယ်။ အပေါ်ပိုင်းက တိုင်းပြည် အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်ကြီးများက ဘယ်လိုပင် ပြောင်းလဲနေပေ မယ့် အောက်ခြေ မှာ မပြောင်းလဲသေးဘူး ဆိုတာ မဖြစ်သင့်ပါဘူး။ ဒီဟာက ကိုမျိုးတို့ စာနယ်ဇင်း သမားတွေ ဖြစ်တဲ့ အတွက် ပိုပြီးသိပါမယ်၊၊ စာစောင်တွေပေါ် မှာ ဒါတွေဟာ ပလူ ပျံနေအောင်မြင်နေရတဲ့ ကိစ္စပါ။ အောက်ခြေက အဖြစ်အပျက်တွေ ကိုနိုင်ငံအကြီး အကဲများက သိမှသာလျှင် ကျွန်တော်တို့ နိုင်ငံပြုပြင် ပြောင်းလဲမှုကို ပိုမြန်ဆန်စွာ လုပ်နိုင် လိမ့်မယ် လို့ ကျွန်တော်တို့ ရိုးသားစွာ ယုံကြည်တယ်။


 ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)
ဖြေ-    ကျွန်တော်တို့က ဖိတ်ကြားခြင်း မခံရတာပါ။ ဖိတ်ကြားခြင်း မခံရတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ ရုပ်ရှင်လော ကက လူတော်တော် များများကို ဖိတ်ကြားခြင်း မပြုခဲ့ပါဘူး၊၊ လက်မှတ်ထိုးပြီးတော့ တောင်းဆိုထားတဲ့ အနုပညာရှင်တွေ အများကြီး ရှိပါတယ်။ အဲဒီ အနုပညာရှင်တွေ ထဲက လူနည်းနည်းလေးကိုပဲ ဖိတ်ခဲ့တာပါ။ အဲဒီပွဲကို တက်ခဲ့တဲ့ အနုပညာရှင်တွေ တော်တော်များများ ဟာလည်း သူတို့ဆန္ဒကို ဘာမှထုတ်ဖော် ပြောကြားခွင့် မရခဲ့ပါဘူး။ ဆွေးနွေးခွင့်လည်း မရှိခဲ့ပါဘူး။ ပြောခွင့်မရတဲ့ အခြေအနေလို့ သိရပါတယ်။ တချို့ နီးစပ်ရာ စာနယ်ဇင်း သမားများ (ပေါ်ပြူလာ ဂျာနယ်မှ မဟုတ်ပါ) record  လုပ်ထားတဲ့ အသံတွေ ကို သာ ပြန်နားထောင် ရပါတယ်။ အရေးကြီးဆုံး တစ်ချက်ကတော့ ခိုးကူးခွေတွေ ဖမ်းဖို့နဲ့ ခိုင်မာတဲ့ ဥပဒေ တစ်ရပ် လွှတ်တော်မှာ တင်ပြပြီး ထုတ်ပြန်ပေးဖို့ စတာတွေ ပါဝင် ပါတယ်။ ဆင်ဆာနဲ့ စပ်လျဉ်းပြီး မသမာမှုများ၊ အားနည်းချက်များ ရှိပါက ဝန်ကြီးရုံးသို့ တိုက်ရိုက် ဆက်ပြီး တိုင်ကြားနိုင်ပါတယ်။ ချက်ချင်း စစ်ဆေးပြီး အရေး ယူ ဆောင်ရွက်ပေးပါ့မယ် လို့ သတင်းစားမှာ ရေးသား ထားပါတယ်။ အခု တောင်းဆိုချက်တွေ ထဲမှာ ဆင်ဆာအဖွဲ့ လုံးဝ ပပျောက်စေရန် အချက်ကို ဘယ်အချိန် ကမှ တောင်းဆိုခဲ့ခြင်း မရှိပါဘူး။ ဆင်ဆာ အဖွဲ့ ရှိသင့်တယ် ဆိုတာ ကျွန်တော့် အနေနဲ့ လေးလေးနက်နက်ကို ထောက်ခံပါတယ်။ ဒါပေမဲ့ သန့်ရှင်း စင်ကြယ်ပြီး ဘက် လိုက်မှု မရှိတဲ့၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိတဲ့ ဖြောင့်မတ် မှန်ကန်တဲ့ ဆင်ဆာအဖွဲ့ တစ်ဖွဲ့ အမှန်တကယ် လိုချင်မိပါတယ်။ ဒါ့ကြောင့် ဆင်ဆာအဖွဲ့ကို အသစ် ပြန်လည် ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဝန်ကြီးအနေ နဲ့အောက်က တင်တဲ့ စာတွေကို မဟုတ်ဘဲ၊ အမှန်တကယ် နစ်နာနေ ရတဲ့ သူတွေရဲ့ အသံ ကို သေသေချာချာ နားထောင်နိုင်ဖို့ စာတွေရ သင့်ပါတယ်။ အောက်က တင်တဲ့စာကို ဝန်ကြီး လက်ထဲ မရောက်ခင်မှာ အဆင့်ဆင့် တည်းဖြတ် ပြုပြင် ပြောင်းလဲပြီး ရေးသားထားတဲ့ စာမျိုး ကိုကြည့်ပြီး သုံးသပ်လို့ မဖြစ်ပါဘူး။ အရင်ဆုံး ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေ ရှိတယ်။ ဥပမာ- ရုပ်ရှင် ရိုက်ကူးမယ့် ဇာတ်လမ်း တစ်ခု ဆိုပါစို့။ ကျွန်တော်တင်တဲ့ ဇာတ်လမ်းကို အကြောင်းမျိုးစုံ ပြပြီး ရိုက်ကူးခွင့် မပြုခဲ့ပါဘူး။ ဒီဇာတ်လမ်းကိုပဲ တခြား ဒါရိုက်တာတစ်ဦးက ရိုက်ကူးခွင့် တင်တဲ့အခါ အလွယ်တကူ ရိုက်ကူး ခွင့်ပြုခဲ့ပါတယ်။ ဒီလိုပဲ လွန်ခဲ့တဲ့ ၁ဝနှစ် လောက် က ရိုက်ကူးပြီးသား ဇာတ်လမ်း၊ အများပြည်သူ ပြသပြီးသား ဇာတ်လမ်းကို ပရိသတ်နဲ့ ထုတ်လုပ်သူ တောင်းဆိုချက် အရ ယခင်ဇာတ်ကား အတိုင်း ပြန်လည် ရိုက်ကူးတဲ့ အခါ ခွင့်မပြုဘဲ နည်းမျိုးစုံနဲ့ ဇာတ်ကား အရသာပျက်အောင် ဖြတ်တောက်ခဲ့ပါတယ်။ ပြင်ဆင် ရိုက်ကူးခိုင်းပါတယ်။ အဲသလိုပြင်ဆင် ရိုက်ကူးခိုင်းတဲ့ အချက်ကို တခြားသူ ရိုက်ကူးထားတဲ့ ဇာတ်ကားများမှာတော့ ဘာမှ ဖြတ်တောက် ထားခြင်း မရှိဘဲ အလွယ်တကူ ခွင့်ပြုထားတာ တွေ့ရပါတယ်။ ဒီအချက်များကို ကြည့်လိုက်ရင် တရားမျှတမှု မရှိကြောင်း၊ အနုပညာရှင်များ ဘက်မှ ခုခံပြောဆိုခွင့် မရှိကြောင်း ထင်ရှားပြီး ပုဂ္ဂိုလ်ရေး မုန်းတီးမှုများ ရှိနေကြောင်း လည်း သိသာ ထင်ရှားပါတယ်။ မကြာသေးမီက ထုတ်လုပ် ဖြန့်ချိခဲ့တဲ့ မျက်ခြယ် ဗီဒီယိုထုတ်လုပ်ရေးမှ ‘ယောက်ျား စကား’ ဇာတ်ကားမှာ အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့ ပုလိပ်များကို မြန်မာမျိုးချစ် သူရဲကောင်းတစ်ဦးက လှောင်ပြောင် ပြောဆိုခြင်း အတွက် အဲဒီ့ အခန်းကို ဖြတ်တောက်ပေးရန်’ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက် စေသည်’ ဆိုတဲ့ ထောက်ညွှန်ချက်ကို ဖတ်ရတဲ့အခါ အလွန် အံ့သြခဲ့ရပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွေမှာ ရေးထားတဲ့ စာတန်း တစ်ခုရှိပါ တယ်။’ ကိုလိုနီ စရိုက် အကျင့်ဆိုးများ ပျောက်ပျက်စေရမည်’ ဆိုတဲ့ ဆောင်ပုဒ်ကို ချက်ချင်း ပြေးသတိရမိတယ်။ အဲဒီ ထောက်ညွှန်ချက် ကြောင့် နောက်တစ်ခါ ကိုလိုနီ ပုလိပ်တွေ နဲ့ ရိုက်ကူးတဲ့ အခါမှာ မြန်မာမျိုးချစ် သူရဲကောင်း တွေက ကိုလိုနီပုလိပ်တွေကို ရိုရိုသေသေ ဆက်ဆံ ရတော့မှာလား။ မဖြစ်နိုင်ပါ။ ဆင်ဆာ အဖွဲ့ဝင် တစ်ယောက်က အားလုံးကို ကိုယ်စား မပြုနိုင်ပါ။ ဒီထောက်ညွှန်ချက် ကတော့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို အမှန်တကယ် ထိခိုက်စေတယ် ဆိုတဲ့ အချက်ကို အားလုံး နားလည်ကြပါတယ်။ ကျွန်တော့်လိုပဲ အလားတူ ရုပ်ရှင် လောကသားတွေကို ပြန်လည်ဖြေရှင်းခွင့် မရှိဘဲ လည်စင်းခံနေရတဲ့ ဒါရိုက်တာ အနုပညာရှင် များစွာ ရှိနေ ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ အနုပညာရှင်များရဲ့ ဆင်ဆာနဲ့ ပတ်သက်တဲ့ ခံစားချက်များကို လွတ်လပ်စွာ တင်ပြနိုင်ရန် သတင်းစာပါ ဝန်ကြီးရဲ့ပြောစကား အရ စု ဆောင်းပြီး တိုင်ကြား သွားဖို့ အစီအစဉ် ရှိပါတယ်၊၊ တခြားသော အာဏာပိုင်များ၊ အဖွဲ့အစည်းများ ဆီကိုလည်း မိတ္တူပေး ပို့ဖို့ရည်ရွယ်ထားပါတယ်။


ဒါရိုက်တာဝိုင်း
ဖြေ- လောလောဆယ်မှာ ကျွန်တော်တို့က ကျွန်တော်တို့ လိုချင်တာကို တောင်းဆိုတယ်။ ဆွေးနွေး ညှိနှိုင်းနေတဲ့ အဆင့်တစ်ခု ရှိနေတယ်ပေါ့။ ကျွန်တော်တို့ရဲ့ အခွင့် အရေး ကျွန်တော်တို့ လောကရဲ့ တိုးတက်မှုကို ထိပါးမယ် ဆိုရင်တော့ ကျွန်တော်တို့ တိုင်သင့်လည်း တိုင်ရမှာပဲ။ ဘာလို့လဲဆို ကျွန်တော်တို့က မှန်နေတယ်လေ။ ကျွန်တော်တို့ ကိုယ်ကျိုး အတွက် လုံးဝမပါဘူး။ ကျွန်တော်တို့ တစ်လောကလုံး ကောင်းဖို့ အတွက် လုပ်နေတာ။ ဒီအချိန်မှာ လူ့အခွင့်အရေး ဆိုင်ရာ မူဝါဒတွေ လည်း ရှိနေပြီ ဆိုတော့ ကျွန်တော်တို့က သိပ်မကြောက်ဘူး။ မှန်တာလုပ်တာ နောက်ဆုံးဗျာ တိုင်းပြည် ပြုပြင် ပြောင်းလဲရေးကို ရှေ့ ဆက်သွားနေတဲ့ နိုင်ငံရဲ့ခေါင်းဆောင်တွေ ကို ယုံတယ်။ခုတော့ တိုင်တန်းတယ် ဆိုတာထက် တင်ပြတာပေါ့။ နောက်ဆုံး မရရင် အဆင့်ဆင့် ပေါ့။ နိုင်ငံတော် သမ္မတကြီးအထိ ကိုတင်ပြဖို့ စဉ်းစားထားတယ်။ ကျွန်တော် တို့ ဒီအခွင့် အရေးကို မရရအောင် ဆောင်ရွက်မယ်လို့လည်း သန္နိဋ္ဌာန် ချထားတယ်။ ဒါ ကျွန်တော် အပြတ်သားဆုံး ရင်ထဲက စကားကို ပြောတာ။ ဘာလို့လဲ ဆို ကျွန်တော်တို့ မတရား တောင်းဆိုနေတာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ အတွက် လုပ်နေတာ မဟုတ်ဘူး။ ဒါအမှန်ကန်ဆုံး သစ္စာ တရားပဲ။ အရေးကြီးတာက ရုပ်ရှင် အစည်း အရုံးပြောင်းလဲရမယ်။ နိုမို့ဆို အဆင့်တွေက အများကြီး လုပ်နေရတယ်။


ဒါရိုက်တာညီညီထွန်းလွင်
ဖြေ-  ကိုမျိုးရေးထားတဲ့ ဆောင်းပါးထဲမှာ လည်း လည်ကုပ်ပိုင်းမှာ ရှိနေတဲ့ အနုပညာ သမားတွေနဲ့ ဓားနေရာမှာ ရှိနေတဲ့ ဆင်ဆာ လူကြီးတွေ စတဲ့ ဘယ်သူ့ ဘယ်သူ မှတော့ မပြစ်မရှိဘူး။ အခု ဂျာနယ်တွေမှာလည်း ရုပ်ရှင် အဆင့်အတန်းတွေ ဘာလို့ ကျဆင်း သွားလဲ ဆိုတာကို မေးနေကြတယ်။ ရုပ်ရှင်သမားတွေ ကလည်း ဆင် ဆာကြောင့်၊ ဆင်ဆာလူကြီးတွေ ကလည်း အနုပညာ သမား တွေကြောင့် ဆိုပြီး ပြောကြတယ်။ ဘယ်သူမှတော့ အပြစ်မရှိဘူး။ တကယ်တန်း အပြစ်ရှိတာ စနစ်မကောင်း တာ။ အဲဒီ အုပ်ချုပ်တဲ့ စနစ်ကို ပြင်စေချင်တယ်။ ရုပ်ရှင် ဇာတ်လမ်း စိစစ်ရေး အဖွဲ့ ဆိုတာ ၁၉၆၂ ခုနှစ် ဖဆပလ ခေတ်မှ ပေါ်လာတာ။ ဖလင်ကို ဒေါ်လာနဲ့ ဝယ်ရတယ်။ ဇာတ်လမ်းက ဘယ်လို ဆိုပြီး တင်ရတယ်။ အဲဒီလိုမှ ဖလင် ထုတ်ပေးတယ်။ ရိုက်ပြီးမှ ဆင်ဆာ ဖြတ်ရင် ဖလင်ပိုင်း ဆုံးရှုံးတယ် ဆိုပြီး သတ်မှတ်ဖွဲ့လိုက်တာ။ ဦးနုခေတ် မှာ အဲဒီလိုဟာမျိုး မရှိဘူး။ တအားလည်း အောင်မြင်တယ်။ စနစ်ကိုသေချာ ပြင်စေချင်တယ်။ စနစ် တစ်ခုလုံးကို ပြောင်းလဲဖို့ လိုပြီ။ အာဆီယံနိုင်ငံ တွေမှာ တိုးတက်နေ ပါပြီ။ ရုပ်ရှင် စစ်ဆေး စိစစ်ရေးအဖွဲ့ ဆိုတာ မရှိပါဘူး။ ဆင်ဆာ အဖွဲ့ကတော့ ရှိပါတယ်။ ဆင်ဆာ ကတော့ ဇာတ်ကားတိုင်းကို သတ်မှတ်ပေး ထားပါတယ်၊၊ ဘယ် ဇာတ်ကား က ဘယ်အသက်အရွယ် မှ ကြည့်သင့်တယ် ဆိုပြီး သတ်မှတ်ထားတယ်။ ဒါတွေကို လေ့လာပြီး အုပ်ချုပ်မှု စနစ် တွေကို ပြင်စေချင်တယ်။


ဦးဇင်ဝိုင်း
ဖြေ- ကျွန်တော်တို့ ရုပ်ရှင်သမား ဆိုတာလည်း  ပြည်သူပါ။ ကျွန်တော်တို့ရဲ့ အခက်အခဲကို နိုင်ငံတော် အကြီးအကဲများ သိအောင် တင်ပြတာပါ။ ကျွန်တော့်မှာ ဒီဟာလေး တင်ပြဖို့ ကြိုးစားတဲ့အခါ ဘာအခက်အခဲ သွားတွေ့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာတွေမှာ အရိုးစွဲနေတဲ့ ကြောက်စိတ်ပေါ့။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က တာဝန် ရှိသူ တချို့ဆီမှာ အချက်အလက်တွေ တောင်းတဲ့အခါ သူက ဒါတော့ မလုပ်နဲ့ ဒါပြဿနာ ရှိတယ်။ ဒါကတော့ အကုန်လုံး ဒုက္ခရောက် ကုန်မယ် ဆိုတဲ့ ဟာမျိုး အ များကြီးပေါ့။  ကျွန်တော့်မှာ ကျွန်တော် လိုချင်တာ အများကြီးပေါ့။ ကျွန်တော် လိုချင်တဲ့ အချက်အလက်တွေ မရပါဘူး၊၊ ဦးသိန်းထွန်းအောင် ပြောတဲ့ အထဲမှာလည်း ပါပါ တယ်။ ၂ဝဝဝခုနှစ်က သရုပ်ဆောင် တစ်ဦး ကနေ စာရေးတင်တယ် ဆိုတာ ကျွန်တော်ပါပဲ။ ကျွန်တော် ရေးတာပါ။ ၂ဝဝဝ ခုနှစ် အခြေအနေလေးကို သိအောင် လို့ ပြောပြချင် လို့ပါ။ ၂ဝဝဝ ခုနှစ်မှာ ဗီဒီယို ထုတ်လုပ်ခြင်း ဆိုတာ လုံးဝ ရပ်ဆိုင်းသွားပါတယ်။ ဘယ် ပရိုဂျူဆာ ကမှကား မရိုက်တော့ဘူး။ ကားရိုက်ရမှာ ကြောက်လို့။ ဘာလို့လဲဆို ထွက်လာသမျှ ကားတော်တော် များများဟာ တစ်ကားလုံး ပိတ်၊၊ တချို့ကားတွေဆိုအကြီးအကျယ် ထိပါတယ်။ အဲဒီလို ရပ်ဆိုင်း သွားတဲ့အခါ ထုတ် လုပ်သူ ဆိုတာ ပင်မပင်စည်ကြီး နဲ့တူပါတယ်။ ကျွန်တော်တို့က အကိုင်းအခက်ပါ။ အဲဒီတော့ ပင်စည်ပြိုမှတော့ အကိုင်းအခက်က ထင်းဖြစ် ဖို့ပဲရှိတယ်။ ဒီအတွက် မဖြစ်တော့ဘူး ဆိုပြီး ကျွန်တော် ကိုယ်တိုင် စာရေးတာပါ။ ရေးပြီး တော့မှ နီးစပ်ရာ သရုပ်ဆောင်များကို လက်မှတ် ထိုးပြီးတော့ တင်ဖို့ကြိုးစားပါတယ်။ ကိုလွင်မိုးက အဲဒါကို တင်ပါတယ်။ အဲဒီတုန်း က အတွင်းရေးမှူး ၁ ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထဲကို အဲဒီ စာထည့်ပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ နှုတ်မိန့်နဲ့ဖြေ လျှော့ မှုတွေပေး ပါတယ်။ ၂ဝဝဝ ခုနှစ် အဲဒီဖြေ လျှော့မှု တွေက လာလိုက်တာ ခု ၂ဝ၁၁ဆိုတဲ့ ၁၁ နှစ် တာကာလအတွင်းမှာ မူလ အခြေအနေအတိုင်း ပြန်ဖြစ်သွားတာပါ။ ဒီတစ်ခါတော့ ကျွန်တော်က သူတို့ပေးတဲ့ အခွင့် အရေးအတိုင်းစာတမ်းလေးပြုစုတာပါ။ဒီစာ တမ်းကို ပြုစုတဲ့အခါမှာ တချို့ ပုဂ္ဂလဓိဋ္ဌာန် တွေ၊ ပုဂ္ဂိုလ်ရေး ထိခိုက်မယ့်ကိစ္စတွေ ကျွန် တော် အတတ်နိုင်ဆုံး ချန်လှပ်ခဲ့ပါတယ်။ ကျွန် တော့်မှာ အကုန် ရှိပါတယ်။ အဲဒါကို ကျွန် တ်ာချန်လှပ်ပြီးတော့မှ မူအရပဲ ဖြစ်သင့်တာ တွေတင်ပါတယ်။


ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)
ဖြေ- ဆင်ဆာနဲ့ စပ်လျဉ်းပြီး မသမာမှုများ၊ အား နည်းချက် များကို တိုင်ကြားရတဲ့ နေရာ ဟာ ပြန်ကြားရေး ဝန်ကြီးဌာန မဟုတ်ဘဲ တခြား ထိရောက်တဲ့ အုပ်ချုပ်ရေး နေရာ တစ်ခု ဖြစ် သင့်တယ် လို့ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ယခင်တိုင်ကြားတဲ့ စာများကို အကြောင်းပြန်ချက်မျှ မရှိဘဲ ပျက်စီးပျောက်ဆုံး ခဲ့ရပါတယ်။ ယခင် ပြသ ခွင့်မပြုဘဲ ပိတ် ပင်ထားတဲ့ ဇာတ်ကားများ အတွက် ဘယ်လို စဉ်းစားမလဲ ဆိုတာ သိလိုပါတယ်။ ဆက်လက် တောင်းဆိုလိုတာက ဆင်ဆာ အဖွဲ့မှာ အနု ပညာရှင်များ ပါဝင်တဲ့အဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်းပေးရန်နဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို အနုပညာရှင်များ၊ ရုပ်ရှင်လောက သားများရဲ့ဆန္ဒနဲ့ ရွေးချယ် တင်မြှောက်သူများ နဲ့သာ ပြန်လည် ဖွဲ့စည်းပေးရန်၊ လက်ရှိ ရုပ်ရှင် အစည်းအရုံးရဲ့ ငွေကြေး ရှင်းတမ်းများကို နိုင်ငံတော် စာရင်းစစ်အဖွဲ့နဲ့ စစ်ဆေးပေး ပါရန် တောင်း ဆိုလိုပါတယ်။ စစ်ဆေးလိုက်တဲ့အခါ ရုပ်ရှင်လုပ်ငန်းက တာဝန်ရှိ သူများနဲ့ ရုပ်ရှင် အစည်းအရုံးက တာဝန်ရှိ သူများ ရဲ့မသမာမှု များကို ဘယ်နေရာကိုမှ တိုင်စရာ မလိုဘဲ အလိုအလျောက် ဘွားဘွားကြီး ပေါ်လာမှာ တွေ့ရှိနိုင်ပါ လိမ့်မယ်။ ဒါမှသာ အိမ်တံခါးဖွင့် အခိုးခံနေရတဲ့ သူများထက် အိမ်တံခါးပိတ် ခိုးနေတဲ့သူများ ဘယ်အရေ အတွက် ကများနေတာကို ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ အချက် သုံးရပ်ကို လေးနက်စွာ တောင်းဆိုပါတယ်။ ဒီတောင်းဆိုမှုများဟာ မည်သည့် နိုင်ငံရေး အရောင်အသွေးမျှ မပါဘဲ ရုပ်ရှင် အနုပညာ အမှန်တကယ် ချစ်မြတ်နိုးသူ အနုပညာရှင်ကို တစ်ယောက်ရဲ့ ရပိုင်ခွင့်ကို ရိုးသားစွာ တောင်းဆိုခြင်း သာဖြစ်ပါတယ်။
မေး- ကျွန်တော် အခုပဲရုပ်ရှင်လုပ်ငန်းက တွေ့ဆုံပွဲမှာ ဦးသိန်းထွန်းအောင်နဲ့ တွေ့ခဲ့တယ်။ အနုပညာ သမားတွေက အမှန်မှာတော့ အဆင်ပြေစေ လိုတဲ့ စေတနာနဲ့ တင်ပြတာ။ အဲဒီအပေါ်မှာ ပြန်လည် ဖြေကြားတာတွေက တကယ်ပဲ အနုပညာသမားတွေ အတွက် အကျိုးသက်ရောက် မှုရှိ၊ မရှိ။ ဘယ်အချက်က အကျိုးသက် ရောက်မှု မရှိနိုင်ဘူး၊ ဒါကတော့ ဆင်ဝှေ့ရန်ရှောင် ဖြစ်ပါတယ် ဆိုတဲ့ အချက်လေးတွေကို ပြောပြပါဦး။
ဆက်လက်ဖော်ပြပါမည်။

(ယခု မေးမြန်းတင်ဆက်မှုများအား မေးမြန်းသူနှင့် ဖြေကြားသူတို့မှ တာဝန်ယူတင်ဆက်ပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...