သားနှင့် သားလို ဘ၀များ …
လူဗိုလ်
(၁)
“ကိုလူဗိုလ်၊
ခင်ဗျားသားက အခု အသက် ဘယ်လောက်ရှိပြီလဲဗျ”
“၁၁ နှစ်ကျော်ပြီ
ကိုထူးအောင်ရေ”
“အေးဗျာ ….ဒီကောင်
သိပ်မထွားဘူးနော် ….”
ဟုတ်ပါသည်။ ကျနော့်သား
ကျော်အဂ္ဂသည် အကောင်က သေးသည့်အပြင် အရပ်ကလည်းပုနေသေးသည်။ သေးသေးညှပ်ညှပ်ဖြစ်နေသဖြင့်
ရွယ်တူကလေးများအကြားတွင် မြင်သာ၏။ လွန်ခဲ့သည် ၄-၅ နှစ်ခန့်က တွေ့ဖူး သူများကသူ့ကို အရွယ်မပြောင်းဟု ကောက်ချက်ချကြ၏။ သူနှင့် ၂ နှစ်ခန့်ငယ်သော
သူ့ညီမကပင် သူ့ထက် အရပ်ပိုထွက်နေသယောင်ဖြစ်နေပြီး သူ့အမလားဟုပင်မေးစရာဖြစ်နေသဖြင့်
သူ့သူငယ်ချင်းအချို့က ဂျပုဟုပင် နောက်ပြောင်ခေါ်ကြခြင်းမှာ အပြစ်မဆိုသာတော့။
မြန်မာနိုင်ငံသားအများစုပင်
တဖြည်းဖြည်း သေးညှပ်လာကြသည်ကို ဂရုပြုမိသူများ ဆွေးနွေးကြသည်ကို ကြားဖူး၏။ အပျော်တွေကင်းမဲ့လာသော
စိတ်အခြေအနေနှင့် မသေရုံတမယ် စားသောက်နေရသော အဟာရ အခြေအနေများကြောင့်ဟု ယေဘူယျ သုံးသပ်ကြ၏။
ဤအထဲတွင် ကျနော့်သား ကျော်အဂ္ဂလည်း သာမန် အနေအထား မထွားရခြင်းထဲပါနေသဖြင့် သူ့အကြောင်းကို
အထူးပြောစရာမရှိ။ သို့ပေမယ့် သည်အမိ သည်အဖ ၂ ပါး မှ မွေးဖွားလာသူချင်းအတူတူ ယောက်ျားလေးဖြစ်ရက်
သူ့ညီမနှင့်မတူ သေးသေးညှပ်ညှပ်ဖြစ်နေရခြင်း အကြောင်းကိုကား ကျနော့်မှာ ပြောစရာက အပြည့်။
ထိုအကြောင်းကို ရှင်းပြရသည်မှာ ကျနော့်အလုပ်တခု။
(၂)
မွေးရက်နီးလာမှပင်
လုံခြုံရေးအခြေအနေက ပိုဆိုးလာသည်။ ကျနော်တို့နေထိုင်သည့် ရှိုခိုရွာက KNU မြို့နယ် ရုံးစိုက်ရာဖြစ်နေသဖြင့်
အစိုးရစစ်တပ်များ အာရုံစိုက်ရာဖြစ်ခဲ့ရသည်။ စစ်ကြောင်းထိုးလာပြီဆိုသည်နှင့် စစ် ကြောင်းဦးတည်ရာ
ဖြစ်နေတတ်သည်။ ရှိုခိုရွာက ၁၉၉၇ ခုနှစ်နောက်ပိုင်း ၂ ကြိမ်တိတိ မီးရှို့ခံထားရ၍ ရွာဟု
ပြောစရာ အင်္ဂါရပ်တွေကင်းမယ့်နေပေမယ့် စစ်ကြောင်းများရဲ့စိတ်ဝင်စားစရာဖြစ်နေဆဲ။ အခုလည်းသတင်းက
စစ်ကြောင်း ၂ ကြောင်းတောင် ထိုးလာနေပြီတဲ့။
ကျနော့်မှာ ခေါင်းမီးလောင်နေပါပြီ။
ဒီအပူမျိုးကို ဒေသခံရွာသားတွေမှာ မျိုးရိုးအစဉ်အဆက်ခံခဲ့ကြရတော့ မထူး သလိုရှိနေကြပေမယ့်
ကျနော့်မှာကား အပူသစ် ။ ဇနီးသည်ကိုယ်ဝန်မှာလည်း အရင့်အမာမို့ လမ်းပင်ကောင်း ကောင်း
မလျှောက်နိုင်တော့။ မိုးနှောင်းကာလဆိုပေမယ့် မိုးက ကောင်းကောင်းမပြတ်သေး။ ခါတိုင်းလို
နီးစပ်ရာ တောတောင်များကြား ပုန်းအောင်နေမည်ဆိုလည်း မီးဖွားချိန်ဆို ခက်မည်။ လုံခြုံစိတ်ချရမယ့်နေရာလေးမှာ
ဇနီးသည်ကို မီးဖွားခွင့်လေးတော့ရစေချင်သည်။ နောက်ဆုံးအနီးစပ်ဆုံးနဲ့ စိတ်အချရဆုံးနေရာကို
ရွေးလိုက်မိ ၏။ ၀ီဝေါ်ဘိုရွာကို မနက်ဖြန်သွားမည်။
ဝီဝေါ်ဘိုဆိုသည့်ရွာက
ကရင်နီ (ကယား) ပြည်နယ်ထဲက။ တောင်တွေပတ်လည်ဝိုင်းထားပြီး အလွန်လှပသည့် ရွာကလေး။ ရွာအနီးတွင်
ချောင်းများ၊ လယ်ကွက်များနှင့် စိုက်ပျိုးစားသောက်၍ကောင်းသောကြောင့် ပတ်ဝန်း ကျင်ရွာများထဲတွင်မူ
ထူးခြား၏။ ကျနော်တို့အတွက်ပြဿနာက ရှိုခိုနှင့်ဝီဝေါဘိုရွာကြားတွင် မတ်စောက်သည့် တောင်တန်းကြီးက
ကာစီးထားသည်။ သာမန်လူများပင် သည်တောင်တန်းကို ကျော်၍သွားဖို့ ၄ နာရီခန့် လမ်း လျှောက်ကြရသည်။
မိုးမကြာခနရွာထားသဖြင့် လမ်းကလည်းချောဆဲ၊ ဇနီးသည်ကလည်း ကိုယ်လေးလက်ဝန် ဆိုတော့ ….။
မည်သို့ပင်ဆိုစေ ၀ီဝေါ်ဘိုရွာက လောလောဆယ်မှာ ငြိမ်းချမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထား ချိန်မို့
မီးဖွားခွင့်အတွက် အသင့်တော်ဆုံး ရွေးချယ်စရာ ဖြစ်နေ၏။
(၃)
မနက်စောစော ခရီးသွားဖို့အတွက်အသင့်ပြင်ဆင်ပြီး
၇ နာရီလောက်မှာ အိမ်က စထွက်ဖြစ်သည်။ လမ်းပြေပြေ ကို နည်းနည်းလေးလျှောက်ပြီးကတည်းက အတက်ချည်းသက်သက်။
ဝမ်းသာစရာက ပြီးခဲ့သည့် အပတ်ထဲမှ ခုထိ မိုးမရွာထားသည်မို့ လမ်းလျှောက်၍ကောင်းနေသေး၍
… ။ နာရီဝက်လောက်လျှောက်လိုက် နားလိုက်နဲ့ တောင်ထိပ်ကိုရောက်သည်အထိ ၆ နာရီကျော်ကြာသည်။ တောင်ထိပ်ရောက်သည်နှင့် ရွာကို
လှမ်းမြင်နေရ သဖြင့် တောင်ပေါ်ရှုခင်းကိုအရသာခံရင်း တနာရီလောက်နားဖြစ်ခဲ့၏။ သည်တောင်ကြောက
ကရင်နီနှင့်ကရင် နယ်မြေကို ပိုင်းခြားထားသည့် သဘာဝနယ်ခြားမျဉ်းကြီးတချောင်းဖြစ်နေပြီး
နယ်မြေ ၂ ဖက်လုံးကို အထင်းသား လှမ်းမြင်နေရသည်။ ကျောက်တောင်ဖြစ်ပြီး လေတိုက်ကြမ်းသည့်အတွက်
တောင်ကြောပေါ်တွင် ပေါက်သော အပင်များမှာ အပင်ပုများနှင့် သေးသေးကျစ်ကျစ်ပင်များချည်း။
တောင်ကြော၏အချို့နေရာများတွင် ပန်းခါးပင် များပေါက်သည်ဟုလည်းသိရသည်။
တောင်အဆင်းကို
ဖြေးဖြေးချင်းလျှောက်ခဲ့ကြ၍ ညနေ ၄ နာရီကျော်ကျော်မှသာ ရွာထဲသို့ရောက်၏။ ရောက်ရောက်ချင်း
ရွာမှသက်ဆိုင်ရာအုပ်ချုပ်သူများကို အကြောင်းကြားလိုက်၏။ ယခင် ဆက်သွယ်သိကျွမ်းဖူး သူများဖြစ်နေသဖြင့်
အစစ အဆင်ပြေပါသည်။ တချို့ရွာသားများမှာ တောင်ယာနှင့် လယ်များတွင်မိသားစုလိုက် သွားနေကြရာ
အိမ်လွတ်များရှိနေသဖြင့် စိတ်ကြိုက်အိမ်ရွေး၍ နေနိုင်သေးသည်တဲ့။ ရွာသူကြီးပြောခဲ့သည့်
စကားများထဲတွင် ထူးထူးခြားခြားမှတ်မိနေသည်မှာ “ဒီရွာမှာ နိုင်ငံရေးအရခိုလှုံမှာလား။
စစ်ရေးအရခိုလှုံမှာ လား” ဆိုသည့် စကားတခွန်းပဲဖြစ်သည်။ မည်သို့အကြောင်းရင်းနှင့် မည်သည့်အဓိပ္ပါယ်ကိုဆိုလိုမှန်း
မသိသည် ကတကြောင်း၊ မည်သို့ပင်ဆိုဆို ထူးခြားမည်မထင်သည်ကတကြောင်းတို့ကြောင့် သူကြီးကို
အဆင်ပြေသလို သာ သတ်မှတ်ပါဟု အကြောင်းပြန်မိလိုက်၏။
ဝီဝေါဘိုရွာကိုရောက်ပြီး
၅ ရက်မြောက်နေ့ ( ၂ ၊ ၁၀ ၊ ၂၀၀၀) တွင် ကျနော့်သားဦး ကျော်အဂ္ဂကို ရွာထဲမှ ၀မ်းဆွဲဆရာမ
နော်ချယ်ရီမို၏ အကူအညီဖြင့် ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပါသည်။ ကျနော်မှာ ပူတူတူးဆိုသည့်
အတူနေ ယောက်ဖတယောက်ပါလာပြီး ကူဖေါ်လောင်ဖက်ရနေ၍ အတော်အဆင်ပြေပါသည်။ စားဝတ်နေရေး အတွက်
KNU မှ ဆန်ထုတ်ပေးထားသော်လည်း ကျန်ဟင်းလျှာကိစ္စနှင့် သယ်ပိုးဖို့ကိစ္စများတွင် သူ့ကိုအားကိုး
ရပါသည်။ အထူးသဖြင့် ကျနော်ရောက်နေသောဝီဝေါဘိုရွာတွင် ကရင်စကားသုံးကြသည်မို့ ရွာသားများနှင့်
ဆက်သွယ်ပြောဆိုရာတွင်လည်း အားကိုးရ၏။ သို့သော် ကရင်စကားချင်းကလည်းမတူကြ။ ဘွဲကရင်ချင်း
တူ လျှင်တောင် တရွာနှင့်တရွာ စကားက မတူတတ်။ အရင်ရွာတွေမှာ ထမင်းစားမယ်ကို “အာဒီး” ဟုပြောကြ၍
ဝီဝေါ်ဘိုရွာရောက်မှာ “အားကျက်” ဟုပြောကြသည်။ ကျနော်နားလည်သော ဤမျှလောက်တွင်ပင် ကွဲလွဲပါက
ကျန်ကိစ္စများတွင် မည်မျှကွဲလွဲမည်နည်း၊ ကျနော်တယောက်တည်းသာဆိုလျှင် မည်သို့ဆက်ဆံရမည်နည်း။
(၄)
ကျနော်တို့မှာ
သားဦးလည်းဖြစ်၊ အတွေ့အကြုံလည်းမရှိကြသည်မို့ ကလေးပြုစုရေးမှာ ရွာထဲမှ ရင်းနှီးသော
အဖွားကြီးများကို အကူအညီတောင်းရပါသည်။ ဒေသအလိုက်မတူသည့် ကလေးပြုစုနည်းများရှိတတ်သော်
လည်း ဤဒေသမှ ကလေးရေချိုးနည်းမှာ လန့်စရာ။ မွေးပြီးပြီးချင်း ကလေး နီတာရဲလေးကို ရေနွေးပွက်ပွက် ဆူနှင့် ရေချိုးပေးကြသည်။ မျိုးရိုးအစဉ်အဆက်
ဒီလိုပဲချိုးပေးခဲ့ကြသည်တဲ့။ ဒီလိုချိုးထားခြင်းက တောင်တက် ရာတွင်ကောင်းသည်တဲ့။ ဒန်အိုးကြီးကြီးတွင်
ရေနွေးကိုတည်စေ၍ ရေဆူလျှင်လာခေါ်ရန် ပြောထားသော ရေလာချိုးပေးမည့်အဖွားကြီးကို ရေနွေးဆူဆူပြီးချင်း
သွားမခေါ်ရဲ။ လူကြီးများပင် ဒီရေနွေးနှင့်တွေ့ ပါက အရေခွံလန်နိုင်မည်ဖြစ်ရာ အသားနုနုထွတ်ထွတ်လေးဆိုလျှင်
မတွေးရဲ၍ … ။ ရေနွေးအိုးကို မီးဖိုပေါ်မှ ချပြီ ခနကြာမှ သွားခေါ်လိုက်သည်။
အဖွားကြီးရောက်လာတော့
ရေနွေးကိုစမ်းကြည့်ပြီး ချက်ချင်းလာမခေါ်၍ ကျနော့်ကို ဆူလိုက်သေးသည်။ သားကို ရေချိုးတော့
ကျနော်မကြည့်ရဲ၊ ငိုသံကြားမှ လှမ်းကြည့်လိုက်တော့ ကလေးတကိုယ်လုံး နီရဲနေသည်။ သဘက်ကို
ရေနွေးထဲထည့်၊ ပြန်ထုတ်ပြီးရေညှစ်ချ၊ နောက်ကလေးကို သုတ်သည်။ အဖွားကြီးရေချိုးနေပုံက
ကနေသလိုပင် ကြည့်၍ကောင်း၏။ အတွေ့အကြုံ မည်မျှရှိနေပြီမသိ။ အတော်ကျွမ်းကျင်နေပုံရသည်။
ကလေး ကို မနက်တကြိမ် ညနေတကြိမ် ရေလာချိုးပေးမည်ဟုပြောသွားသည်။ နောက်နေ့တွေမှာ ကလေးက
မငိုတော့။ တပတ်တိတိ ရေလာချိုးပေးမည်ဆိုသော်လည်း ရေချိုးခြင်းလုပ်ငန်စဉ်ကို အဆုံးသတ်ခွင့်မလိုက်ရ။
သားကိုမွေးပြီး
၅ ရက်မြောက်သောညတွင် သူကြီးမှ အစိုးရစစ်ကြောင်း ရွာဖက်လာသည့်သတင်းရ၍ ရှောင်နေ ရန် သတင်းလာပေး၏။
ရွာနှင့်မလှမ်းမကမ်းရှိ လယ်တဲများသို့ ကျနော်တို့ပြေးရပြန်ပါသည်။ နဂိုကအေးလွန်းလှ သည့်
ဝီဝေါ်ဘိုရွာသည် ဆောင်းဦးပေါက်လာပြီဖြစ်၍ အေးချက်ကလွန်သည်။ သားကိုသာ ဦးစားပေးထား၍
စောင်မလောက်သောကြောင့် တညလုံးအိပ်မရ။ ကလေးကလည်း အေးလွန်း၍ဖြစ်မည်၊ တညလုံးငို၏။ တံစက်
မြိတ်မှ နှင်းစက်ကျသံများကို ညလုံးပေါက်ကြားနေရသည်။ တော်ပါသေး၏၊ သတင်းမှားဟုဆို၍ လယ်တဲမှာ
၂ ညသာ အိပ်ခဲ့ရသည်။ ရွာထဲကို ပြန်ပြောင်းတော့ နဂိုအိမ်ကိုမရတက်တော့၊ ကျနော်တို့ထက်ဦးသူရှိနေ၍
တခြား အိမ်ကို ပြောင်းတက်လိုက်ရ၏။
ဒီတော့မှ ပြဿနာက
အသစ်ပေါ်ရပြန်သည်။ ကျနော့်သားက အိမ်ပေါ်ရောက်သည်နှင့်ငိုပါတော့သည်။ ငိုသည် မှာလည်း တနေကုန်၊
တညလုံးမအိပ်တော့။ အစာလည်းမစား၊ နို့လည်းမစို့။ မျက်လုံးဖွင့်မှာမူ ဖွင့်ထားလျှက်။
ပထမညမှာ အိမ်ပတ်ဝန်းကျင်ကလူကြီးများ
ကလေးငိုသံကြားရ၍ လာကြည့်ကြပါသည်။ သူတို့ပြောသည်ကို ဇနီးသည်ဘာသာပြန်ပေး၍ သိရသည်မှာ
ဒီလိုငိုနေရင် ကြက်အရှင်ကို ခေါင်းဖြတ်ပြီး ဆိုင်ရာကို ကျွေးလိုက်ရင် ပျောက်သည်တဲ့။
ကျနော်မှာလည်းမွေးထားတဲ့ကြက်တွေရှိ၏။ သို့ပေမယ့် ဒါကို ကျနော်က အယုံအကြည်မရှိ။ ၄-၅
ရက် အိပ်ပျက်ထားရ၍လားမသိ၊ စိတ်တိုတိုဖြင့် “ကလေးသေချင်သေပါစေ မလုပ်ဘူး” ဟုသာပြောလိုက်
မိသည်။
ဒုတိယညမှာလည်း
လူကြီးတယောက်က အကြံလာပေးပြန်သည်။ လယ်ထဲမှ ပရောဂဆရာတဦးကို ခေါ်၍ပြရင် ကောင်းမည်ဟု …
။ ကျနော်လည်း သားအတွက် အတော်စိုးရိမ်နေပါပြီ။ သားအတွက်လိုအပ်သော ဗမာဆေး များကို ကျနော့်ယောက်ခမ
မမွေးမီတလလောက်ထဲက ကြိုပိုထားပြီးသား။ အင်္ဂလိပ်ဆေးများကိုလည်း ကျနော် ရလောက်ဝယ်စုထားသဖြင့်
ရှိနှင့်နေပြီးသား။ ဗိုက်နာ၍ ငိုသည်လားထင်ပြီး အင်္ဂလိပ်ဆေးရော၊ ဗမာဆေးရော တိုက်ပြီးသား၊
မသက်သာပဲ ငိုမြဲငိုနေသဖြင့် စိတ်ပူတာပေါ့။ နောက်ဆုံးမှာ ဇနီးသည်ကပါ ငိုပြီးတောင်းပန်မှ
ကျနော်လည်းမနေသာတော့ပဲ သွားခေါ်လိုက်ရပါသည်။ ထိုပရောဂဆရာ ရောက်လာပြီး ရေမန်းတခွက် တိုက်လိုက်မှ
ကလေးအငိုက ချက်ချင်းဆိုသလိုရပ်သွား၏။ ပရောဂဆရာအပြန် ကျနော်လိုက်အပို့ ကျနော့်ကို
မှာသွားသည်က မနက်ဖန် အိမ်ပြောင်းလိုက်ပါတဲ့။ ဟုတ်ပါသည်၊ ကျနော်တို့ အိမ်ပြောင်းဖို့
အိမ်အောက်ဆင်း လိုက်သည်နှင့် သား လုံးဝမငိုတော့။ ပုံမှန်ပြန်ဖြစ်သွားသည်။ အံ့သြစရာ။
နောက်ပိုင်းမှာ လူကြီးတချို့ ဆီမှ သိလိုက်ရသည်က ကျနော့်သား ငိုသည့်အိမ်မှာ “ဘီလူးလက်ဝါးရှိတယ်”
တဲ့။ “မွေးထားတာတဲ့။ အမွှေးတောင် ထွက်နေပြီ” တဲ့။ ယုံ၊ မယုံထက် ကျနော်တော့ ကြောက်သွား၏။
ကျနော်တို့ ၀ီဝေါ်ဘိုရွာမှာ ၂ ပတ်လောက် ဆက်နေပြီး ကရင်ဒေသမှာ အခြေအနေကောင်းပြီသတင်းကြား၍
ကျနော်တို့ ပြန်ခဲ့ကြသည်။
(၅)
ရှိုခိုရွာကိုပြန်ရောက်ပြီး
တပတ်လောက်အကြာမှာ ကိုမူဒိုရွာမှ ရွာသားတဦး အသည်းအသန်နေမကောင်းဖြစ် နေ၍ ကျနော့်ကိုလာခေါ်သည်။
ခါတိုင်း ကျနော်လိုက်ကုပေးနေကျဖြစ်ပေမယ့် အခု ကျနော့်သားမွေးသည်မှာ မကြာသေး၍ မလိုက်လိုကြောင်း
မငြင်းစဖူးငြင်းလိုက်မိ၏။ ယောက်ဖလည်းရှိသည့်အပြင် ကျနော့်အိမ်မှာ ဆေး ပညာလေ့လာနေသော
ကလေးမလေး ၂ ယောက်လည်းရှိနေသဖြင့် နောက်ဆုံး မငြင်းသာတော့ပဲ လိုက်သွားခဲ့ ရပါသည်။ ၅
ရက်အကြာ လူနာနေကောင်းလာသည်နှင့် ချက်ချင်းပြန်ခဲ့၏။ ပြန်ရောက်ရောက်ချင်း ကြားရသည့်
သတင်းက မကောင်း။ ကျနော်သွားပြီး နောက်ညမှာ ကျနော်တို့အဖွဲ့ထဲမှ ရဲဘော်တယောက်က မူးမူးနှင့်
ကျနော့် အိမ်ဖက်ကို သေနတ်နှင့်ပစ်ပြီး ရန်ရှာသည်တဲ့။ ကျနော့်တအိမ်လုံး မီးခွက်တောင်မမှိတ်အားပဲ
ပြေးကြရကြောင်း၊ ရွာသားအများစုရှိရာဘက်သို့ မှောင်မှောင်မဲမဲထဲမှာအပြေး ချောင်းကိုအကျော်မှာ
သားကိုချီထားသည့် ကျနော့် မိန်းမ ခြေချော်လဲကျကြောင်း၊ မည်သည့်ဒဏ်ရာမျှမရသော်လည်း သားက
၂ ရက်လောက် လန့်လန့်ပြီးငိုနေပြီ။ နားလည်သည့် ရွာသားကြီးတဦးမှ လဲကျသည့်ချောင်းမှာ
လိပ်ပြာပြန်ခေါ်ပေး၍ ပြန်ကောင်းသွားရကြောင်းများ ကို သိရသည်။
သည်နောက်ပိုင်းတွေမှာလည်း
စစ်ကြောင်းလာပြီဆို တောတောင်တွေကြား မိုးထဲရေထဲ ပုန်းအိပ်ရသည်မှာ လည်း ခနခန။ ကျနော့်သားလေးခမျာ ဖျားပြီး ၃-၄ ရက်အထိ အပူမကျလို့
လူကြီးထိုးသည့် ဆေးပြင်းများကို ထိုးပေးခဲ့ရနှင့် အသက်ဆက်ခဲ့ ရရှာသည်။ ကျနော့်သားလိုပင်
တောတောင်ထဲ ဖျားခဲ့ကြသည့်ကလေးငယ်များ ဆေးဝါးမရှိ၊
ကုပေးမည့်သူမရှိနှင့် ဆုံးပါခဲ့ရသူများကိုလည်း စိတ်မကောင်းစရာကြုံခဲ့ရသည်မှာ မနည်းတော့ချေ။
ကျနော့်သား၂
လကျော်လောက်တွင် ကျနော်တို့ဗဟိုမှ ပြန်လာခဲ့ဖို့ ညွန်ကြားချက် ကြေးနန်းတစောင်ရ၏။ ကျနော်
ပြန်ဖို့စီစဉ်တော့ မဟာမိတ် KNU လူကြီးများကတားကြသည်။ သားက ငယ်လွန်းသဖြင့် သတ်သလို ဖြစ်သွားနိုင်ကြောင်း
မိသားစုဆန်ဆန် ၀ိုင်းရှင်းပြကြသည်။ လမ်းခရီးကကြမ်းလွန်းသည့်အပြင် လမ်းခရီးမှာ
တလလောက်လျှောက်ရမှာဖြစ်သည့်အတွက် ကလေးငယ်တဦးအနေနှင့် မဖြစ်သင့်မှန်းကို ကျနော်သတိပြုမိ
သွားပါ၏။ သို့ကြောင့်ပင် ကျနော်ပြန်မလာနိုင်သေးသည့်အခြေအနေကို ဗဟိုသို့ ကြေးနန်းပြန်လိုက်သည်။
ကျနော့်သား ၉
လ ကျော်သောအခါ ဗဟိုကိုပြန်ဖို့ ကျနော်ဆုံးဖြတ်လိုက်၏။ ကျနော်သားလေး၏ ရှေ့ရေးကို တွေးမိလာ၍နှင့်
ကျနော်ကိုယ်တိုင် ဒီလိုပဲ စစ်ကြောင်းထိုးလာရင် တောတောင်တွေကြားထဲပုန်းအောင်းရင်း၊ ပြေးလွှားရင်း
ဆက်လက်ရှင်သန်ဖို့ကို ညည်းငွေ့လာ၍လည်းဖြစ်ပါသည်။ ဒေသခံပြည်သူများကိုလည်း ပို၍ စာနာလာမိ၏။
စစ်ကြောင်းရှောင်ဖို့ဆိုသည်မှာ မလွယ်လှပါ။ သတင်းကြားသည်နှင့် အိမ်ရှိပစ္စည်းများကို
အိမ်နှင့် ဝေးဝေးမှာတမျိုး နီးနီးမှာတမျိုး ဖွက်ရပါသည်။ တန်ဖိုးအလိုက်နှင့် ပျက်လွယ်သည့်ပစ္စည်းမျိုးနှင့်
ဒဏ်ခံနိုင်သည့် ပစ္စည်းမျိုးကို ခွဲ၍ သင့်တော်သလို ဖွက်ရသော်လည်း အာမခံချက်ကတော့ လုံးဝမရှိပါ။
ပြန်တွေ့ရမှ ကိုယ့်ပစ္စည်း ဟု ပြောနိုင်ပါသည်။
ပြေးမည်ဆိုရင်လည်း
ပထမဦးစားပေးယူရမည်က ရိက္ခာ၊ အနည်းဆုံး ၃-၄ ရက်စာ ပါရမည်။ နောက် အ၀တ် အစားနဲ့ စောင်။
ကျနော်မှာ သူများထက်ထူးခြားစွာ ဆေးဝါးပါသည့် ပလိုင်းပါသည်။ ဒီဆေးက ကျနော်မိသားစု အတွက်သာမက
ရွာသားများအတွက်ပါ အရေးပါသည်။ ကျန်းမာရေးမကောင်းလျှင် ဆေးဝါးမရှိပဲ မန်းမှုတ်၍ မကုတတ်ပဲကိုး။
ကလေးငယ်ရှိလာ၍
ပိုဂရုစိုက်ရပြန်သည်၊ မိုးမမိအောင် အမိုးကို ရအောင်စီစဉ်ရပြန်သည်။ တခါတခါဆို သားနဲ့
ဇနီးလုံခြုံရန် ရှိသည့်မိုးကာဖြင့် စီစဉ်ပေးပြီး မိုးရွာထဲမှာပင် အိပ်ရသည့်ညများလည်းရှိ၏။
ကျနော်မှာက ကလေးရတာ
တနှစ်တောင်မပြည့်သေး၊ ကလေးကလည်းတယောက်ထဲ။ ရွာသားများဆိုလျှင် မွေးကထဲက ဒီလိုဘ၀တွေနဲ့
ရင်ဆိုင်ခဲ့ကြသည်မှာ သူတို့ သား၊ မြေးတွေရနေသည့်တိုင်အောင် ဒီလိုဖြစ်စဉ် တွေနဲ့ ရုန်းကန်နေရဆဲ။
ကလေး ၄-၅ ယောက်နဲ့ မိသားစုတွေဆိုလျှင် သူတို့ သယ်ရသည့်ပစ္စည်းက မနည်း။ လူတိုင်းလိုလို
အရွယ်အလိုက် သယ်နိုင်သလောက်ပစ္စည်းကို သယ်ကြရ၏။ တချို့ကလေးတွေဆိုလျှင် မိဘ သယ်ခိုင်းသည့်
ပစ္စည်းလေးတွေကိုသယ်ရင်း လမ်းတလျှောက်မှာ ပျော်နေကြ၊ ရောက်သည့်နေရာ ကိုယ့်အိမ် ကိုယ်ရာလိုသတ်မှတ်ပြီး
ပျော်နေကြရ။ ကျောင်းတက်ဖို့ စာသင်ဖို့ကို သတိတောင် မရအားကြ။
(၆)
ကျနော် ဗဟိုသို့
အပြန်ခရီးမှာ KNU က ရဲဘော် ၃ ယောက်ကို လမ်းခရီးလုံခြုံရေးအတွက် ထည့်ပေးလိုက်၏။ ဘွဲကရင်ရွာများမှ ပြည်သူများကို မမေ့ဖို့၊ ပြည်သူတွေရဲ့ဘ၀ကို
လူအများသိနိုင်အောင်လုပ်ပေးဖို့ မြို့နယ်ဥက္ကဌ ပရိုဆာလွယ်က နှုတ်ဆက်စကားဆိုလိုက်သေးသည်။
ကိုယ်တိုင်ရင်း၍ ဖြတ်သန်းရသည့်ဘ၀မို့ မေ့စရာမရှိပါ။ ခရီးစဉ်အတွက် ကျနော်တို့မိသားစုမှာ
ပြေးလွှားနေကျ အတွေ့အကြုံက ရှိနေပြီးသားမို့ တာဝန်အထူးအထွေ ခွဲဝေနေစရာမလိုချေ။ ကျနော့်ဇနီးက
ကလေးနဲ့ ကလေး အသုံးအဆောင်ပစ္စည်း၊ ယောက်ဖက ရိက္ခာပစ္စည်း၊ ကျနော်က ဆေးဝါးနှင့် အခြားလိုအပ်သောပစ္စည်းများကို
တာဝန်ယူပြီး တလကျော်ခရီးကို ဖြတ်ခဲ့ကြပါသည်။ သားကတော့ ထင်ထားသည့်အတိုင်း ရေပြောင်းမြေပြောင်းနှင့်
ခရီးလမ်းကြမ်းများကြောင့် လမ်းတ၀က်မှာပင် ၀မ်းလျှောပါတော့သည်။ တနေ့ကို ၁၅ ကြိမ်လောက်ဝမ်းသွားနေ၍
ဓါတ်ဆားထုပ်ကို မပြတ်တန်း တိုက်ခဲ့ရပါ သည်။ ဆေးဝါး ကြိုပြင်ဆင်မှုနှင့် လမ်းကြောင်းရှိ
KNU တပ်များမှ ဆေးဝါးကူညီပေးမှုများကြောင့် ကျနော့်သား အသက်ဆက်ရှင်ခဲ့ရသည်ဟု ပြောနိုင်ပါသည်။
လမ်းခရီးမှာ
ဓါတ်ဆားထုပ်ကို အကူအညီတောင်း၍ အလွယ်တကူရခဲ့ပေမယ့် ဒုက္ခသည်ဆေးခန်းရောက်ပါမှ ဓါတ်ဆားထုပ်အခက်အခဲ
ဖြစ်ရ၍ ဆေးရုံတာဝန်ခံနှင့် စကားများရပါသေးသည်။ “အိမ်သုံးဓါတ်ဆားကိုသုံးဖို့ ပညာပေးနေချိန်ဖြစ်လို့
ရယ်ဒီမိတ်ကို မပေးတာပါ” တဲ့။ “ဆေးလည်းမပေး၊ ဓါတ်ဆားထုပ်လည်းမပေးရင် ခင်ဗျားတို့ဆေးရုံကို
ဘာလာလုပ်ရမှာလဲ” လို့ ကျနော်ဒေါသတကြီး ပြောမိပါသည်။
ကျနော့်သားက လမ်းမှာ
၂ ပတ်လောက် ၀မ်းသွားခဲ့တာဖြစ်ပြီး
KNU က ဆေးဝါးကူညီပေးခဲ့၍ ခုတိုင် အသက်ရှင်နေတာဖြစ်ကြောင်း စိတ်ရှည်ရှည်ထားပြီး ရှင်းပြတော့မှ
ဓါတ်ဆားထုပ်ကို ထုတ်ပေးပါသည်။ ကျနော့်သားမှာ ဇလားဒုက္ခသည်စခန်း ရောက်ပြီး ၂ ပတ်ကြာမှ
သက်သာပါ၏။ ထိုအချိန်မှစ၍ ကျနော့်သားလည်း ကျန်းမာရေး ပြန်ကောင်းခဲ့သည်မှာ ခု ၄ တန်းကျောင်းသားဖြစ်သည့်အထိပင်။
ကျနော့်သမီးမှာမူ
မမွေးခင်ကတည်းက မိခင်က ကာကွယ်ဆေးစားရ။ အားဆေးစားရနှင့်၊ မွေးပြီးတော့လည်း ကာကွယ်ဆေးအမျိုးမျိုး
ထိုးရ၊ သောက်ရနှင့်မို့ ရောဂါဖြစ်သည်ဟု မရှိခဲ့။ ကျနော့်သမီးလို အခွင့်အရေးမျိုး ကျနော့်သားလည်း
ရခဲ့မည်ဆိုလျှင် ခုလို ခန္ဒာကိုယ်သေးသေးလေးမျိုးကို
ပိုင်ဆိုင်ရမည်မထင်ပါ။ ဒုက္ခသည်ဘ၀မှာပင် ဒီလိုပြည့်စုံမှုကိုတွေ့မြင်ရတော့ ကိုယ့်နိုင်ငံ၊
ကိုယ့်ပြည်တွင်းမှာဖြစ်လျှက် လူစဉ်မမှီဘ၀ဖြင့် အသက်ရှင်သန်နေကြရသော ဘွဲကရင်ဒေသက ကလေးငယ်များကို
သတိရမိနေ၏။ ဒုက္ခသည်ဘ၀ထက်ပင် ဆိုးဝါးလှသော ၀ဋ်ဆင်းရဲ၊ ဒုက္ခများမှ အမြန်လွတ်မြောက်ကြပါစေ။
0 comments:
Post a Comment