Monday, December 19, 2011

ိဒီမိုကရေစီကို ထိန်းချုပ်မှုရဲ့ အကျိုးဆက် (မောင်ဝံသ)

by မက်စင်ဂျာ ဂျာနယ် on Monday, December 19, 2011 at 4:15pm

ဒီကနေ့ခေတ် သတ်သတ်မှတ်မှတ်ပိုင်းပိုင်းခြားခြား  ပြောရရင် မကြာသေးခင် သုံးလေးနှစ်အတွင်း ကမ္ဘာတစ် ဝန်းမှာ မြင်တွေ့ခဲ့ရတဲ့ အထူးခြားဆုံး အထင်ရှားဆုံး အခြင်းအရာတစ်ခုကတော့ အင်တာနက်က ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်၊ ကာထားတဲ့ တံတိုင်းတွေ၊ စည်းရိုး တွေကို ဖြိုလှဲပစ်လိုက်ပြီး ကမ္ဘာကြီးတစ်ခုလုံး ဟင်းလင်း ပွင့်သွားအောင် လုပ်ပစ်လိုက်တဲ့ ကိစ္စပဲ ဖြစ်တယ်ဗျ။

အာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်းတွေ
          ဒီအခြေအနေကြောင့်ပဲ မိမိတို့ပြည်သူတွေကို တံခါးပိတ်ထားတဲ့ အခန်းတွေ စည်းရိုးတံတိုင်းကာထားတဲ့ နယ်မြေတွေထဲမှာ အမြင်အာရုံချို့တဲ့အောင် ပိတ်လှောင် ထားပြီး နိုင်ငံကို ကာလရှည်ကြာ တချို့ဆိုရင် နှစ်ပေါင်း သုံးလေးဆယ်နီးပါး လိုသလို ထိန်းချုပ်စေစားအုပ်စိုး လာခဲ့ကြတဲ့ အာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်း အစိုးရ တွေ တချို့ပြိုလဲ၊ တချို့ယိမ်းယိုင်တုန်ခါ၊ တချို့အပြောင်း အလဲတွေ ကမန်းကတန်းလုပ်နေကြရတဲ့ ဖြစ်ရပ်တွေ ကမ္ဘာပေါ်မှာ အတောမသတ်နိုင်အောင် တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေတာ ဖြစ်တယ်ဗျာ။


အင်တာနက်နဲ့ ပေါင်းစည်းမိ
          အာရပ်နွေဦးလို့ တင်စားခေါ်ဝေါ်သုံးနှုန်းနေကြတဲ့ အာရပ်ပြည်သူတွေ နိုးထလာနေကြမှုဟာ ကမ္ဘာ့သမိုင်းရဲ့ အဲဒီအခန်းအတွက် အင်မတန်မှ ထင်ရှားတဲ့ သက်သေ ပြချက်တစ်ခု ဖြစ်တယ်ဗျ။ အာရပ်နွေဦးဟာ အဖိနှိပ်ခံ ပြည်သူတွေ ရင်ထဲက အထွေထွေမကျေနပ်မှုနဲ့ အင်တာနက် တို့ ပေါင်းစည်းသွားမိခဲ့ခြင်းက မွေးဖွားပေးလိုက်တဲ့ ရင်သွေးဖြစ်တယ်ဆိုတာ အခုအချိန်မှာ ပေါ်လွင်ထင်ရှားခဲ့ ပြီး ဖြစ်တယ်ဗျ။

ရုရှားနိုင်ငံက ဒီမိုကရေစီလေပြင်း
          အခုတော့ အာရပ်နွေဦးမှာ တိုက်ခတ်ခဲ့တဲ့ ဒီမိုကရေစီ လေပြင်းဟာ ရုရှားနိုင်ငံမှာပါ တိုက်ခတ်နေပြီလားလို့ တချို့က မေးခွန်းထုတ်နေကြတဲ့ အခြေအနေတွေ ပေါ် ပေါက်နေတယ်ဗျ။ ရုရှားနဲ့ နိုင်ငံခြား မီဒီယာတချို့က တော့ အခု ရုရှားနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ လူထုအုံကြွမှု ဆန္ဒပြမှုတွေဟာ ဆောင်းရာသီမှာ ဖွေးဖွေးဖြူတဲ့ နှင်းတွေ ကျရောက်နေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် 'အဖြူရောင် တော်လှန်ရေး' လို့လည်း တင်စားနေကြတယ်ဗျာ။

အာဏာရှင်နဲ့ မဲမသမာမှု
          အခုလောလောဆယ် ရုရှားနိုင်ငံရဲ့ မြို့တော်မော်စ ကိုနဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ စိန့်ပီတာစဘတ်တို့မှာ ပေါ် ပေါက်နေတဲ့ လူထုအုံကြွကမှုဟာ ဆိုဗီယက်ပြည်ထောင်စု ကို ပြိုကွဲသွားစေခဲ့တဲ့ ၁၉၉ဝ အစပိုင်းနှစ်များမှာ ပေါ် ပေါက်ခဲ့တဲ့ လူထုအုံကြွကမှုနောက်ပိုင်း အင်အားအကြီးဆုံး ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့တယ်ဗျာ။ ဆန္ဒပြမှု နှစ်ခုရဲ့ ပစ်မှတ်တွေကတော့ မတူကြဖူးပေါ့ဗျာ။ ၉ဝ အစောပိုင်း နှစ်တွေတုန်းက ဆန္ဒပြမှုနှစ်ခုရဲ့ ပစ်မှတ်က နိုင်ငံကို ကွန်မြူနစ်အာဏာရှင် အမှောင်ခေတ်အတွင်းသို့ ပြန်လည်ဆွဲသွင်းလိုသူတွေဖြစ်ပြီး လက်ရှိဆန္ဒပြမှုတွေရဲ့ ပစ်မှတ်ကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေလုပ်ခဲ့ တဲ့ အာဏာရပါတီဖြစ်တယ်ဗျ။

သတိပေးခေါင်းလောင်းသံ
          အခုချိန်ထိတော့ လက်ရှိဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲခဲ့ ကြသူတွေရဲ့ အရေအတွက်နဲ့ ပိုင်းဖြတ်မှုက လွန်ခဲ့တဲ့အနှစ် ၂ဝ လောက်က အနေအထားကို မီဖို့ အများကြီးလိုနေ သေးတာတော့ မှန်တယ်ဗျ။ ဒါပေမဲ့ အခုဆန္ဒပြပွဲက ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံရဲ့ 'ပုံရိပ်' အကောင်းဆုံး ခေါင်းဆောင်ဖြစ်သူ ဗလာဒီမီယာပူတင်နဲ့ သူရဲ့အာဏာရ ယူနိုက်တက်ရုရှားပါတီအတွက်တော့ အန္တရာယ်သတိပေး ခေါင်းလောင်းသံဖြစ်တယ်လို့ အများက သုံးသပ်ပြော ဆိုနေကြတယ်ဗျ။
ပြုပြင်ပြောင်းလဲရေး
          နိုင်ငံတကာရေးရာ စိတ်ဝင်တစားလေ့လာသူအား လုံး သိကြတဲ့အတိုင်း အနောက်အုပ်စုနိုင်ငံတွေရဲ့ 'မ ကောင်းဆိုဝါး အင်ပါယာ' လို့ အမည်ပေးကင်ပွန်းတပ် ခြင်းခံခဲ့ရတဲ့ ဆိုဗီယက်ယူနီယံဟာ ပြုပြင်ပြောင်းလဲရေး ဝါဒီသမ္မတ မစ်ခေးလ်ဂေါ်ဘာချော့ရဲ့'ပွင့်လင်းလွတ်လပ် မှု' နဲ့ 'ပြုပြင်ပြောင်းလဲမှု' လုပ်ဟန်များနဲ့အတူ ပြိုကွဲ သွားခဲ့ပြီး လစ်ဘရယ်ဒီမိုကရေစီခေတ်သစ်တစ်ခုတွင်း သို့ ချဉ်းနင်းဝင်ရောက်နိုင်ခဲ့ပေမဲ့ အဲဒီတော်လှန်ရေးကို ရဲရဲရင့်ရင့်ဦးဆောင်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ ပထမဆုံးဒီမိုကရေစီ သမ္မတ ဘောရစ်လဲ့လ်ဆင်ဟာ ရုရှားပြည်သူတွေရဲ့ အိပ် မက်ကို အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိခဲ့ဘူးဗျာ။ သူ့လက်ထက်မှာ ရုရှားပြည်သူအများစုကြီးက ဒီမိုကရေစီ တော်လှန်ရေးဆိုတာ မတည်ငြိမ်မှု၊ မလုံခြုံမှု၊ စီးပွားရေး ဖရိုဖရဲဖြစ်မှုတွေအပြင် အဆိုးဆုံးက အမေရိကန်ပြည် ထောင်စုနဲ့ ပခုံးချင်းယှဉ်ရပ်တည်နိုင်ခဲ့တဲ့ အနေအထားကို ပါ လက်လွတ်ဆုံးရှုံးခံရမှု စတဲ့ စိတ်ပျက်လက်ပျက် ဖြစ်စရာတွေကိုချည်း ယူဆောင်လာခဲ့တဲ့ အရာပါလားလို့ တောင် ခံစားခဲ့ကြရတာ ဖြစ်တယ်ဗျာ။

ပူတင်ရဲ့ ရွှေခေတ်
          ဒါပေမဲ့ ယဲ့လ်ဆင် စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ ကေဂျီ ဘီ အရာရှိဟောင်း ပူတင်လက်ထက်မှာတော့ ဆိုဗီယက် ကွန်မြူနစ် အာဏာရှင်စနစ်ကို ဖြိုခွဲခဲ့ကြတုန်းက ထားရှိ ခဲ့ကြတဲ့ ရုရှားပြည်သူတွေရဲ့ မျှော်မှန်းချက်တွေ တစ်ဖန် ပြန်လည်ရှင်သန်တောက်ပလာခဲ့တယ်ဗျာ။ ကရာတေးပ ညာမှာ ခါးပတ်နက်အဆင့်အထိ တတ်မြောက်ထားပြီး တောင့်တင်းကြံ့ခိုင်မာကြောတဲ့ ဟန်ပန်အပြည့်ရှိတဲ့ ပူတင်  ဟာ အရေးပါတဲ့ နိုင်ငံတကာဖြစ်ရပ်တော်တော်များများ မှာ အမေရိကန်ပြည်ထောင်စုနဲ့ ဆန့်ကျင်တဲ့ဘက်မှာ ပြတ် ပြတ်သားသားရပ်တည်ခြင်းဖြင့် တန်ခိုးသြဇာအရှိန်အဝါ ကြီးမားခဲ့တဲ့ ဆိုဗီယက်တစ်ခေတ်ကို လွမ်းတသသဖြစ် နေကြတဲ့ ရုရှားပြည်သူတွေရဲ့ ဆန္ဒအာသီသတွေကို ဖြည့် ဆည်းပေးနိုင်ခဲ့တဲ့ တစ်ချိန်တည်းမှာ ပြည်တွင်းမှာလည်း စီးပွားရေးဖွံ့ဖြိုး၊ လူမှုရေးတည်ငြိမ်မှု ရရှိအောင် အတိုင်း အတာတစ်ခုထိ ဆောင်ကြဉ်းပေးနိုင်ခဲ့တာမို့ ပြည်သူတွေ ဟာ ယဲ့လ်ဆင်လက်ထက်မှာ ရရှိခဲ့တဲ့ သူတို့ရဲ့ လွတ် လပ်ခွင့်တချို့ ပြန်လည်ရုပ်သိမ်းခံခဲ့ရတဲ့ အခြေအနေကို တောင် ခွင့်လွှတ်နားလည်ပေးနိုင်ခဲ့ကြတယ်ဗျ။ ဒါကြောင့် လည်း သူ သမ္မတရာထူးသက်တမ်း နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့တဲ့ (၂ဝဝဝ-၂ဝဝ၈) ကာလမှာ ပူတင်အပေါ်  လူကြိုက်များမှုဟာ တစ်သမတ်တည်း မြင့်တက်နေခဲ့ပြီး အဲဒီအချိန်ကို ပူတင်ရဲ့ ရွှေခေတ်လို့ ဆိုနိုင်ခဲ့တာ ဖြစ်တယ် ဗျာ။

အဆိုးဘက်ကို တရွေ့ရွေ့
          ဒါပေမဲ့ ၂ဝ၁၂ သမ္မတရွေးကောက်ပွဲမှာ သူပြန် လည်ပါဝင်ယှဉ်ပြိုင်မယ်လို့ ပူတင်က တရားဝင် ထုတ် ဖော်ပြောဆိုလိုက်တဲ့အချိန် နောက်ပိုင်းကစပြီး သူ့အပေါ် ရုရှားပြည်သူတွေရဲ့ အမြင်သဘောထားဟာ အဆိုးဘက် ကို တရွေ့ရွေ့ပြောင်းလဲလာခဲ့တာကို စစ်တမ်းတွေအရ သိရှိခဲ့ရတယ်ဗျ။ ဒါဟာ နိုင်ငံရဲ့အမြင့်ဆုံးရာထူးနှစ်ခု ကို ပူတင်နဲ့ သူ့တပည့် လက်ရှိသမ္မတ မက်ဗီဒက်ကို လိုသလို အပေးအယူ အလဲအလှယ်လုပ်ကြပေမဲ့ တစ်နည်း ပြောရရင် ဒီမိုကရေစီ နဖူးစီးစာတန်းအောက်မှာ ဒီမိုကရေစီ ကို အားနည်းအောင်လုပ်သလို ဖြစ်သွားစေမယ့် လုပ်ရပ် အပေါ် ပြည်သူတွေ စိတ်မသက်မသာဖြစ်သွားကြပုံကို ပြသနေတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံး သပ်ပြောဆိုသွားခဲ့ကြတယ်ဗျာ။

မကျေနပ်နိုင်တဲ့ ပြည်သူတွေ
          ရုရှားပြည်သူတွေရဲ့ အဲဒီခံစားချက်ကို အထင်အရှား အသေအချာ မြင်တွေ့ခဲ့ကြတာကတော့ ပြီးခဲ့တဲ့ လွှတ် တော်ရွေးကောက်ပွဲပဲ ဖြစ်တယ်ဗျ။ ဒီရွေးကောက်ပွဲမှာ ပူတင်ရဲ့ အာဏာရပါတီက (၁၉၉၇) ရွေးကောက်ပွဲတုန်း ကထက် အမတ်နေရာ အတော်ကလေး လျော့ကျသွားခဲ့ ပြီး အတိုက်အခံပါတီတွေက အမတ်နေရာ နှစ်ဆကျော် တိုးလာခဲ့တယ်ဗျာ။ ဒါတောင်မှ ဝန်ကြီးချုပ်ဟောင်း တစ်ဦး ဦးဆောင်တဲ့ အဓိက အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ဘူးဗျာ။ ပူတင် အတွက် ပိုပြီးအခံရခက်စရာက သူ့ပါတီ အခုလို အမတ် နေရာအများကြီးလျော့ကျသွားတာကိုတောင်မှ မကျေနပ် နိုင်ကြသေးတဲ့ ပြည်သူတွေက သူ့ပါတီကို ဆန့်ကျင်ဆန္ဒ ပြနေကြတာပဲ ဖြစ်တယ်ဗျ။
          ဒီအခြေအနေတွေက ဘာကိုပြနေသလဲဆိုတော့ အလုံပိုက် နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခြင်းခံနေခဲ့ ရာကနေ အင်တာနက်တန်ခိုးကြောင့် အပြင်ကို ရောက် လာပြီဖြစ်တဲ့ တန်ခိုးရှင်တစ်ယောက်လို အင်မတန်မှ စွမ်း ပကားကြီးမားလှတဲ့ ပြည်သူတွေဟာ ဘယ်လိုလူမျိုးက မှ ဒီမိုကရေစီကို လိုသလို ထိန်းချုပ်စီမံခန့်ခွဲတဲ့ လုပ်ရပ် မျိုးကို သည်းခံကြတော့မှာ မဟုတ်ဘူးဆိုတာလည်း ဖြစ်တယ်ဗျ။ ဒီဖြစ်စဉ်မှာ ရုရှားပြည်သူတွေရဲ့ သူရဲကောင်း ဖြစ်ခဲ့ဖူးတဲ့ ပူတင်ဟာလည်း ခြွင်းချက်မဟုတ်ဘူးဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...