Thursday, December 1, 2011

ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ရာ

by Moenge Aung on Friday, December 2, 2011 at 1:30pm
 
(ဤစာအုပ်မှာ ၂၀၁၀ တွင် ကမ္ဘာကျော် ဘရစ်တနီကားစွယ်စုံ ကျမ်းပြုစုရေးအဖွဲ့ Britannica Educational Publishing မှ ထုတ်ဝေခဲ့သည့် စာအုပ် ဖြစ်ပါသည်။ 29 East 21st Street,New York က ရိုက်နှိပ်ဖြန့်ချိသည်။ ဤစာအုပ်ကို အဓိကတည်းဖြတ်သူမှာ စီနီယာအယ်ဒီတာတစ်ဦး ဖြစ်သည့် AMY MCKE NNA ဖြစ်သည်။ သူသည် စွယ်စုံကျမ်းပြုစုရေးအဖွဲ့ ပထ၀ီဝင်နှင့် သမိုင်းဆိုင်ရာတာဝန်ခံတစ်ဦး ဖြစ်သည်။)
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ပုဂ္ဂိုလ်တစ်ရာဆိုသည့်စာအုပ်တွေ အတော်အသင့် ရှိခဲ့ပါပြီ။ သက္ကရာဇ် ၂၀၀၀ ပြည့်က တိုင်းမဂ္ဂဇင်းက လည်း ထုတ်ဝေခဲ့သည်။ လောလောဆယ် အထင်ရှားဆုံး စာအုပ်မှာ ဆရာကြီး ဒေါက်တာသန်းထွန်း၏ ``ကျော်စွာ ၁၀၀´´ စာအုပ်ဖြစ်လိမ့်မည်ထင်ပါသည်။ ထိုစာအုပ် မှာ ၁၉၉၂ က MICHAEL H.HART ၏ The 100 A Ranking of the Most Influential Persons in History စာအုပ် ဖြစ်ပါသည်။

ထိုစာအုပ်မှာ ကောင်းမွန်ပါသည်။ တခြား (၁၀၀) စာအုပ်များကို ဆိုးသည်ဟု မဆိုလိုပါ။ ပုဂ္ဂိုလ်တစ်ရာမှာ စာအုပ်ရွေးချယ်ပြုစုသူ၏ စိတ်ဆန္ဒပြဋ္ဌာန်းချက် အရသာ ဖြစ်ရာ တပြေးတည်းညီ နှစ်သက်လက်ခံနိုင်ဖို့ခဲယဉ်းသည်မှာ သဘာဝကျပါ သည်။ ထို့ကြောင့် အဆင်ကွဲ မူကွဲအမျိုးမျိုး ရှိနေပါသည်။
ဤစာအုပ်မှာ နိုင်ငံရေး ခေါင်းဆောင်များကို အထူးအဓိကထား ရွေးချယ်ပုံရတာ သတိပြုမိပါသည်။ နောက်တစ်ကြောင်းက ပါဝင်သည့် ပုဂ္ဂိုလ်များကို ရှေ့နောက် စီစဉ်ပုံခြားနားမှု ဖြစ်ပါသည်။ ကျော်စွာ ၁၀၀ တွင် နံပါတ်(၄)နေရာမှ ဖြစ်သော ဗုဒ္ဓမှာ ဤစာအုပ်တွင် (၂)နေရာမှ ဖြစ်နေ သည်။ နံပါတ်(၁)မှာ မိုးဇတ်ဖြစ်နေတာလဲ အံ့သြစရာဖြစ်ပါသည်။ (သမ္မာ ကျမ်းစာပြုစုခဲ့သော ဟီးဗရူးပညာရှင်က တမန်တော်ယေရှု၏ ရှေ့ကိုရောက် နေသည်။) ကျော်စွာ ၁၀၀ တွင် အမျိုးသမီး(၂)ဦးသာ ပါသော်လည်း၊ ဤစာအုပ်တွင် ကလီယိုပက်ထရာ၊ ဂျုံးအော့ဖ်အတ်၊ ပထမအဲလီဇဘတ်၊ ကက်သရင်းနှစ်၊ အင်ဒီယာဂန္ဓီ၊ မာသာရက်သက်ချာ စသဖြင့် အတော် အတန် ဖော်ပြထားတာ တွေ့ရပါသည်။ ထို့ပြင် ဗင်ဒရဲလား၊ ချီဂွေဗားရား၊ ဂိုဗာချော့၊ ဒလိုင်လားမား၊ ပူတင်မှ အိုဘားမား အထိပါဝင်ပါသည်။ ခိုမေနီ၊ ဘင်လာဒင်၊ စတာလ်ဒ်၊ ပိုပေါ့၊ ဆဒမ်ဟူစိန်တို့ကိုလည်း မှတ်တမ်းတင်ဖို့ မေ့လျော့မနေခဲ့ပါ။ ကျော်စွာ ၁၀၀ တွင် မပါဝင်သည့် ဂန္ဓီ၊ ဟိုချီမင်းလို ပုဂ္ဂိုလ်မျိုး ပါဝင်နေသည်ကိုလည်း တွေ့ရပါသည်။ သို့သော် ... ဤ စာအုပ်နှစ်အုပ်လုံးတွင် ``မာသာထရေဇာ´´ လို ပုဂ္ဂိုလ်မျိုးမပါဝင်သည်ကို တော့ အနည်းငယ် မကျေမချမ်း ဖြစ်မိပါသည်။ အကြီးအကျယ် မကျေ မချမ်းဖြစ်မိသည်ကတော့ ဘီလ်ဂိတ်လို လူမျိုးမပါဝင်သည့်အချက် ဖြစ်ပါ သည်။ ဘီလ်ဂိတ်၏ တီထွင်စွမ်းဆောင်မှုကြောင့် ကမ္ဘာကြီး ...ပြောင်းလဲ သွားရမှုမှာ လျစ်လျူရှုသင့်သော အရာမဟုတ်ဟု ထင်ပါသည်။ လူ့အဖွဲ့ အစည်းကို အကျိုးပြုပုံနှင့် ပတ်သက်လျင်လည်း ကမ္ဘာ့ဘာသာရေး ခေါင်း ဆောင်ကြီးများ နောက်တွင် သူ့ကိုနေရာပေးသည် ထင်ပါသည်။ ကျွန်တော် သာ စိတ်ကြိုက်ပုဂ္ဂိုလ် ၁၀၀ စာရင်းပြုစုရလျှင် ဘီလ်ဂိတ်ကို နံပါတ် (၁၀) အတွင်း ထားဖြစ်အောင် ထားမိမည်ထင်ပါသည်။ ဤစာအုပ်ပါ ပုဂ္ဂိုလ် တစ်ရာစာရင်းကို ကြည့်ရင်း၊ စာဖတ်သူ အကြိုက်နှင့်မကိုက်ညီသည်ရှိ သော် စာအုပ်ပြုစုသူ၏ အခွင့်အရေးကို အသိအမှတ်ပြုကာ ခွင့်လွှတ်ကြ စေလိုပါကြောင်း။

MOSES
(ဘီစီ ၁၄ ရာစုနှင့် ၁၃ ရာစု အတွင်း)


ဟီးဗရူးပရောဖက်၊ သင်ကြားသူ အာစရိ၊ လူမျိုးခေါင်းဆောင်စသည့် ဂုဏ်ပုဒ်များဖြင့် မိုးဇက်ကို သိကြသည်။ သူသည် အီဂျစ်ကျေးကျွန်ဘ၀ ရောက်နေသော သူ့လူ များကို အီဂျစ်တို့လက် အောက်မှ ခွဲထုတ် ကယ်တင်ပြီး၊ ယခု အခါအစ္စရေးဟု လူသိ များသည့် ဘာသာရေး လူ့အဖွဲ့အစည်းတစ်ခုကို ဦးဆောင် ထူထောင်ခဲ့သူ ဖြစ်လေသည်။ ယနေ့ အနောက်တိုင်းယဉ်ကျေးမှု၏ လူမှုရေးကိုယ်ကျင့်တရား၊ စရဏကျင့်စဉ်၊ ဘာသာရေးဘ၀များအပေါ် သြဇာညောင်းသည်။ Ten Commondments ကို ဖော်ထုတ်ခဲ့သူလည်း ဖြစ်၏။ ယနေ့ကမ္ဘာပေါ်တွင် လူအဖတ်အများဆုံး စာအုပ်များဖြစ်သည့် ထွက်မြောက်ရာကျမ်း (Exodus)၊ လှည့်လည်ရာကျမ်း (Numbers) အပါအ၀င် ထင်ရှားသည့် ဓမ္မဟောင်းကျမ်း ငါးကျမ်းကိုလည်း ပြုစုခဲ့လေသည်။
ဟီးဗရူးအမည်မှာ မိုးရှေး(Moshe) ဖြစ်သည်။ သူ့မွေးအမေက သူ့အတွက် ကလေးထိန်းငှားခဲ့ရာ၊ သူမထံမှ ဟီးဗရူးသမိုင်းနှင့် ထုံးတမ်း စဉ်လာများကို သိခဲ့ရ၏။ တစ်ရက် သူခရီးသွားနေစဉ်၊ ဟီးဗရူး ကျွန် တစ်ယောက်ကို ရိုက်နှက်ပြီး ရက်ရက်စက်စက် ခိုင်းစေနေသည့် အီဂျစ် သခင်ယောက်ကို သူသတ်လိုက်မိ၏။ ထိုအပြစ်ကို ကြောက်ပြီး မစ်ဒီယန် (ယခုအာရေဗျ အနောက်မြောက်မှာရှိ) အရပ်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ သည်။ ထိုအရပ်တွင် သိုးထိန်းလုပ်ကာ နေရင်း၊ ဘရင်ဂျီဘုန်းကြီး Jethno ၏ သားမက်ဖြစ်လာ၏။ တစ်နေ့ သူသိုးများထိန်းမကျောင်းနေစဉ် အနီးရှိ ခြုံပုတ်မှ မီးထတောက်တာ တွေ့ရ၏။ သူက အတိတ်ကောက်ကာ ကောင်းကင်ဘုံရှိ ဖန်ဆင်းရှင်ထာဝရက သူ့ကိုအလိုရှိ၍ အချက်ပြသည် ယူလိုက်၏။ ယေဟိုးဝါ(Yahweh)၏ တရားတွေ ဟောပြောတော့သည်။ အီဂျစ်ဖားရော့ဘုရင်ဒုတိယမြောက် ရမ်ဆေးက လုံးဝသဘောမကျ။ ဖိနှိပ်မှု ပြုသည်။ ထို့ကြောင့် သူ့လူ(ဂျူးကျေးကျွန်)များကို ခေါ်ကာ၊ အီဂျစ် လက် အောက်က ဆိုင်းနိုင်းကုန်းမြေဘက် ထွက်ပြေးရလေသည်။ (ယခုအခါ အီဂျစ်အရှေ့မြောက်ပိုင်း တွင်ရှိသည့် ပင်နင်ဆူလာ Pininsula အရပ်။)

ဒုတိယရမ်ဆေး၏ လူများက လိုက်လံတိုက်ခိုက်သည့်အတွက် အရှေ့စူးစူး ကျူတောပေါ်လယ် (Sea of Reeds ဖြစ်ပါသည်။ Red Sea ပင်လယ် မဟုတ်ပါ) ကို ဖြတ်ကာ ပြေးသည်။ အီဂျစ်တပ်များက ၀ိုင်းရံ ထားသော်လည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့၏။ ထိုမှ Canaan အရပ်(ဘုရားသခင်က အဲဗဟမ်အား ဗျာဒိတ်ပေးခဲ့သည့် Promised Land, ဂျော်ဒန်မြစ် အနောက်ဘက် ယခုပါလက်စတိုင်းနေရာ)ကို ခရီးဆက်ခဲ့ သည်။ ထိုနေရာတွင် အခြေချနေထိုင်ကြခိုက်၊ မိုးဇက်ကို အတိုက်ခံလုပ်လို သူတွေ တစ်နေ့တခြားတိုပွားသဖြင့် တစ်ရက်၌ နယ်မြေသစ်ရှာဦးမည်ဟု ပြောကာ မိုးဇက်သည် Pisgah (ယခု ဂျော်ဒန်တွင်ရှိ) တောင်ပေါ်သို့ တစ်ကိုယ်တည်း ထွက်ခွာသွား၏။ ထိုအချိန်ကစ၍ မိုးဇက်ကို မည်သူမှပြန် မတွေ့ရတော့ချေ။ သူသေဆုံးကြောင်း အခိုင်အမာ သက်သေမရှိ။ သူ့ဘ၀ နိဂုံးသည် လျှို့ဝှက်သဲဖိုဆန်ဆန် ပဟေဠိတစ်ပုဒ် ဖြစ်နေလေသည်။ သို့သော် သူသာမရှိခဲ့လျှင် ယနေ့ကမ္ဘာပေါ်၌ အစ္စရေးနိုင်ငံ မရှိနိုင်သကဲ့သို့ The Torah ခေါ် ဟီးဗရူးဘာသာ ဓမ္မဟောင်းကျမ်းများသည်လည်း ရှိလိမ့် မည် မထင်ပါချေ။
٭
BUDDHA GOTAMA
(ခြောက်ရာစု ဘီစီမှ လေးရာစုဘီစီ အတွင်း)



မူရင်းစာအုပ်တွင် ဂေါတမ ဗုဒ္ဓခေါ်ဘုရားရှင်၏ မွေးဖွားရာ ခုနှစ်ကို အတိအကျ မဆို။ ကပိလ၀တ္ထနိုင်ငံ သကျ(Sakys)မင်း သုဒ္ဓေါဒနနှင့် မာယာ ဒေ၀ီ၏ သားတော် ဖြစ်သည်။ လုမဗိနီ ဥယျာဉ် (နီပေါနိုင်ငံ ယခု Padaria ဟု ခေါ်သောအရပ်) ၌ မွေးဖွားသည်။ မမွေး ဖွားမီ မယ်တော်သည် ဆင်ဖြူတော် ၀မ်းထဲဝင်သည်ဟု ထူးခြားသောအိပ်မက် ကို မြင်မက်ရာ၊ နိမိတ်ဖတ်သူတွေက စကြာဝတေးမင်း သို့မဟုတ် ဘုရားဖြစ် မည့်သူဟု နိမိတ်ဖတ်ကြသည်။ ငယ်မည် မှာ သိဒ္ဓတ္ထဖြစ်၏။ မိခင်သည် ဖွားမြင်ပြီး ခုနှစ်ရက် တွင် ကွယ်လွန်းခဲ့သဖြင့် မိထွေးလည်းဖြစ် အဒေါ်လည်းဖြစ်သူ ဂေါတမီက မွေးမြူစောင့်ရှောက်ခဲ့သည်။ ၁၆ နှစ် အရွယ်တွင် (တချို့က ၁၉ နှစ်ဟု ဆိုပါသည်) ဒေ၀ဒတ္ထဘုရင့်သမီးတော် ၀မ်းကွဲနှမ ယသော်ဓရာ နှင့် လက်ထပ်ခဲ့သည်။ ၂၉ နှစ်အထိ နန်းစည်းစိမ်ကို ခံစားကာ၊ နမိတ် ကြီးလေးပါး (သူအို၊ သူနာ၊ သူသေ၊ ရဟန်း) ကိုမြင်၍ လောကီလူ့ဘုံ ဘ၀ကို ငြီးငွေ့ကာ သားတော်ရာဟုလာ မွေးဖွားသောနေ့၌ပင် တောထွက် တော်မူသည်။ တောထဲတွင် ဒုက္ကရစရိယာ ခေါ် ခက်ခဲသောအကျင့်ကို (၆) နှစ်ကျင့်သော်လည်း တရားထူးမရ။
ထိုအကျင့်ကို စွန့်ကာ မဇ္ဈိမ ပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်မှ ဗောဓိညောင်ပင်အောက်တွင် (ယခု ဗုဒ္ဓဂါယာခေါ်သောအရပ်) သစ္စာလေးပါးကို ထိုးထွင်း သိမြင်ကာ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသည်။ ထိုနေ့ကား မေလ၊ လပြည့်နေ့ဖြစ်၏။ ဗုဒ္ဓ၏အဓိပ္ပာယ်ကား ဉာဏ်အလင်း ရှင် (enlightened)၊ နိုးကြားသူ (awakened one) ဖြစ်သည်။ သူ၏ ပထမ ဆုံး တပည့်သံဃာဟု ဆိုနိုင်သည့် ပဉ္စ၀ဂ္ဂီ(၅)ဦးကို ဓမ္မစကြာတရား၊ အနုတ္တ လက္ခဏာသုတ်တို့ကို စတင်ဟောပြောတော်မူသည်။ ထို့နောက် သူသိသော တရားများကို (၄၅)၀ါ ပတ်လုံးလှည့်လည်ဟောပြော၍၊ သက်တော် (၈၀) တွင် (ဘီစီ ၄၇၇) မလ္လင်မင်းတို့၏ အင်ကြင်းဥယျာဉ် ကုသိန္နရုံ (ယခု Kasia ခေါ်သည့်အရပ်)၌ ဖွားသေခြင်းဆိုသော စက်ရဟတ်ကို ရပ်စဲတော် မူသည်။ ဘုရားရှင်လက်ထက်တော် ဘ၀တစ်လျှောက်လုံး လှည့်လည်ပြော ဟောခဲ့သည့် တရားတော်တို့ကို စုစည်းမှတ်တမ်းတင်ထားသည့် ပါဋိ တိပိဋက ခေါ် ပိဋကတ်သုံးပုံသည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ထားရာ ကျမ်းစာပင် ဖြစ်သည်။ ထို့အတူ ဂေါတမအဖြစ် မမွေးဖွားမီ ဘ၀ ပေါင်းများစွာ ကျင်လည်ခဲ့စဉ်က ဖြစ်ပျက်ခဲ့သည်ဆိုသော အလောင်းတော် မြတ်အကြောင်း ဇာတက(Jatakas)များသည် ဗုဒ္ဓယဉ်ကျေးမှုဗုဒ္ဓစာပေ၌ အရေးကြီးသော အပိုင်းက ပါဝင်နေပေသည်။

CONFUCIUS
(ဘီစီ ၅၅၁ - ဘီစီ ၄၇၉)



ကွန်ဖြူးရှပ်သည် တရုတ် ပြည်၌ အကျော်ကြားဆုံး ဒဿန ဆရာကြီး၊ သင်ကြားပို့ချသူ (အာစရိ)၊ နိုင်ငံရေး သဘော တရားဆရာ၊ ပညာရှင်ကြီး ဖြစ် လေသည်။ သူ့ကို လု Les (ယခု အခါ ရှန်ဒေါင်းပြည်နယ်)၊ Qufu ကျူဖု့ရပ်တွင် မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ Kong Qiu ဖြစ် သည်။ ထို့ကြောင့် သူ့ကို ဆရာကြီးကောင်း Master Kong (တရုတ်လို Kangfuzi ဟု ခေါ်ကြသည်။) Confucius မှာ လက်တင်စကား ဖြစ်သည်။ အများစုက သူ့ကို ဘီစီ ၅၅၁ စက်တင်ဘာ ၂၈ တွင် မွေးဖွားသည်ဟု လက်ခံကြသည်။ ထိုနေ့ကို ဆရာများနေ့ဟု သတ်မှတ်ကာ တိုင်ပေ (ထိုင်ဝမ်)တွင် ရုံးပိတ်ရက်အဖြစ် ကြေငြာထားသည်။ သူသုံးနှစ်သားတွင် ဖခင်ကွယ်လွန်သွားသဖြင့် ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရသည်။ အရွယ်ရောက် စဉ်က အစိုးရရာထူးငယ်လေးများမှာ အမှုထမ်းခဲ့ကာ၊ ၁၉ နှစ်အရွယ်တွင် လက်ထပ်ခဲ့သည်။
အသက်သုံးဆယ်အရွယ်တွင် သူ့ဒဿနကို လှည့်လည်ဟောပြော ပို့ချရာ၊ အထူးအောင်မြင်ခဲ့သည်။ သူပို့ချသည့် ဘာသာရပ်ခြောက်မျိုးမှာ ထုံးတမ်းဓလေ့၊ မြားပစ်၊ ဂီတ၊ စစ်ရထားအတတ်၊ လက်ရေးလက်သား ပညာနှင့် ဂဏာန်းသင်္ချာတို့ ဖြစ်သည်။ အသက်ငါးဆယ်အရွယ်တွင် နိုင်ငံ တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသော်လည်း တာရှည်မခံ။ အုပ်စိုး သူများနှင့် သဘောခြင်းမတိုက်ဆိုင်သဖြင့် ပြည်နှင်ဒဏ်အပေးခံရလေ သည်။ ထိုနှစ်(၁၃)နှစ်အတွင်း သူသည် နယ်လှည့်ကာ သူ့အယူဝါဒများကို ဟောပြောပို့ချခဲ့သည်။ ၆၇ နှစ်မှာ သူ့ဇာတိသို့ပြန်လာကာ စာပေပို့ချ သင်ကြားပေးရင်း (၇၃) နှစ်အရွယ်မှာ ကွယ်လွန်လေသည်။ ချင်မင်းဆက် ရှီဟွန်တီဘုရင်လက်ထက်မှာ တစ်ကြိမ်၊ တရုတ်ပြည်မှာ ကွန်ဖြူးရှပ်၏ အယူဝါဒများမှ ခေတ္တမှောမှိန်ခဲ့ရသော်လည်း ယနေ့တိုင်အောင် အရှေ့ အာရှလူ့အဖွဲ့အစည်း၌ သူ့သြဇာသည် အခိုင်အမာရှိဆဲဖြစ်ကြောင်း လေ့ လာတွေ့ ရှိရပေသည်။ သူကွယ်လွန် စဉ်ကျန်ရစ်ခဲ့သော သူ့တပည့်သုံးရာ က ရူဂိုဏ်းကိုထူထောင်ကာ လွင့်ယီးဒဿနကို ဖြန့်ဖြူးခဲ့သော ကျေးဇူးပင် ဖြစ်လေသည်။

ALEXANDER THE GREAT
(မွေးဖွား - ၃၅၆ ဘီစီ Pella မက်ဆီဒိုနီးယား၊
ကွယ်လွန်- ဇွန် ၁၃၊ ၃၂၃ ဘီစီ ဘေဘီလုံ)



သူသည် မဟာအလက်ဇန္ဒယားအမည် ဖြင့်လည်းကောင်း၊ တတိယမြောက် အလက်ဇန္ဒယား အမည်ဖြင့် လည်းကောင်း၊ မက်ဆီဒိုးနီး ယား ဘုရင်အဖြစ်၊ ကြီးမားလှသော ပါရှန်း အင်ပါယာကြီးတစ်ခုလုံး (၃၃၆ မှ ၃၂၃ ဘီစီ အတွင်း) အုပ်ချုပ်ခဲ့လေသည်။ သူ့ဖခင်မှာ မက်ဆီဒိုးနီးယားဘုရင် ဒုတိယ ဖိလစ်၊ မိခင်မှာ မင်းသမီး အိုလံပီယား ဖြစ်သည်။ သူသည် ၁၃ နှစ် မှ ၁၆ နှစ်အတွင်း ဂရိဒဿနိက ဆရာကြီး အရစ္စတိုတယ်ထံတွင် ပညာသင်ကြားခဲ့သည်။ သူစိတ်ဝင်စားသော ဘာသာရပ်များမှာ ဒဿနိက၊ ဆေးပညာနှင့် သိပ္ပံနည်းကျ စူးစမ်းလေ့လာမှု(သုတေသန)တို့ ဖြစ်သည်။
သူသည် ၁၈ နှစ်သားကပင် Chaeronea စစ်မြေပြင်တွင် အစွမ်းပြ တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ၃၃၆ တွင် သူ့အဖေ လုပ်ကြံခံရ၍ကွယ်လွန်သောအခါ၊ နန်းမွေ ဆက်ခံမှုကို ကန့်ကွက်သူမရှိပဲ အလွယ်တကူ ရရှိခဲ့သည်။
သူသည် ဘုရင် ဖြစ် သည်နှင့် စစ်တပ်ကို တောင့် တင်းခိုင်မာ ကောင်းမွန်အောင် ပြင်ဆင်ဖွဲ့စည်းကာ နယ်ချဲ့ တိုက်ပွဲများ ဆင်နွှဲတော့သည်။ သူသည် ကိုယ်တိုင်ရဲစွမ်းသတ္တိ ပြည့်စုံရုံမက၊ စစ်မက်ရေးရာ၌ ပါ ကျွမ်းကျင်လိမ္မာသူ ဖြစ် သည်။ ဂရိနိုင်ငံ Thebes ကို ကိုယ်တိုင်ဝင်တိုက်သည်။ ရန်သူ ၆၀၀၀ ကို သတ်ဖြတ်လိုက်ကာ ဖမ်းမိ သော သုံ့ပန်းများကို ကျေးကျွန်များအဖြစ် ရောင်းချလိုက်သဖြင့် ကျန်ဂရိ နိုင်ငံများ ကြောက်လန့်ခြောက်ချားကာ အလိုအလျောက်ပင် အညံ့ခံလာကြ သည်။ ၃၃၄ ဆောင်တွင်းတွင် ပါရှန်းအင်ပါယာကြီးတစ်ခုလုံး၏ ၀င်ပေါက် ဖြစ်သော အာရှမိုင်းနား အနောက်ပိုင်းကို တိုက်ခိုက်သိမ်း ပိုက်လိုက်၏။ ၃၃၃ တွင် ပါရှန်းတစ်နိုင်ငံလုံး သိမ်းယူနိုင်ခဲ့သည်။
ပါရှန်းဘုရင် တတိယမြောက် ဒရိုင်းယပ်စ်က လက်နက်ချ အညံ့ခံ တာကိုပင် လက်မခံခဲ့။ ထို့နောက်တွင် မြောက်ဘက်ဆီးရီးယားနှင့် ဖိုနီဆီး ယား (Phoenicia) ကို ချီတက်တိုက်ခိုက်သည်။ ကျွန်းမြို့တော်ဖြစ်သည့် တိုင်ယာ Tyne ကို ခုနှစ်လ ကြာအောင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရ ၏။ နိုဝင်ဘာ ၃၃၂ တွင် အီဂျစ်ကို အောင်နိုင်သည်။ အီဂျစ်တွေက အညံ့ခံလာခြင်း ဖြစ်သည်။ သူ့ကို အီဂျစ်ဘုရင် ဖားရော့အဖြစ် အသိအမှတ်ပြုခဲ့ကြ၏။ သူသည် နိုင်းမြစ်အနောက်ဘက်ကမ်းခြေတွင် ယခုတိုင် ထင်ရှားဆဲ ဖြစ်သည့် အလက်ဇန္ဒယားမြို့ကို ထူထောင်ခဲ့သည်။ အီဂျစ်ကို ရရှိသဖြင့် မက်ဒီ တာရေးနီးယန်း အရှေ့ပိုင်းတစ်ခုလုံးကို ချုပ်ကိုင်ဖို့ လွယ်ကူသွား၏။ ၃၃၂ တွင် တိုင်ယာကိုပြန်၍ နန်းစံသည်။ ပါရှန်းနန်းကျဘုရင် ဒရိုင်းယပ်စ် လုပ်ကြံသတ်ဖြတ်ခံရသောအခါ၊ သူသည် ပြိုင်ဘက်မရှိ ဧကရာဇ်မင်း ဖြစ်လာသည်။
၃၂၇ နွေဦးတွင် Hinds Kush ကို ဖြတ်၍ အိန္ဒိယကို ၀င်တိုက် သည်။ သူ၏ နောက်ဆုံးနှင့် အကြီးအကျယ်ဆုံး တိုက်ပွဲများ ဖြစ်သည်။ Hydaspes (ယခု TheLum) မြစ် ကမ်းပါးတွင် မြို့နှစ်မြို့ထူထောင်ခဲ့ သည်။

သူ့အောင်ပွဲကို ဂုဏ်ပြုသည့် Alexandria Nicaea နှင့် တိုက်ပွဲတွင် သေဆုံး သွားသည့် သူ့မြင်းအမည်ကို အစွဲပြုမှည့်ခေါ်သည့် Buceph-ala တို့ ဖြစ် သည်။ သူ့တပ်ပမ်းနေသဖြင့် တပ်ခေါက်ခဲ့ရသည်။ ၃၂၄ တွင် ပါရှန်း မြို့တော် စူစ(SuSa) ပြန်ရောက်သည်။ ပါရှန်းအင်ပါယာတစ်ခုလုံး သူ အုပ်မိုးထားနိုင်ပြီ ဖြစ်သည်။ သူ့ရည်ရွယ်ချက်က ပါရှန်းနှင့် မက်ဆီဒို ဗေးနီးယန်းတို့ သွေးနှောကာ ဓလေ့ထုံးစံများ ညှိနှိုင်း၍ လူမျိုးတစ်မျိုးအဖြစ် အရှည်တည်တံ့နိုင်ဖို့ ဖြစ်၏။
ထို့ကြောင့် သူကိုယ်တိုင် ပါရှန်းမင်းသမီး တစ်ပါးကို လက်ထပ် ယူကာ၊ သူ့လက်အောက်အရာရှိ ရှစ်ဆယ်(၈၀)ကျော်ကိုလည်း ပါရှန်း အမျိုးသမီးများကို လက်ထပ်ယူစေသည်။ ပါရှန်းလူမျိုးများကို သူ့စစ်တပ် တွင် စစ်မှုထမ်းခွင့်ပေးသည်။ နောက် သူသည် ဘေဘီလုံမြို့မှာ ပြောင်း ရွှေ့စံသည်။ ထိုမြို့တွင် ဂုဏ်ပြုစားသောက်ပွဲကြီးကို ကာလကြာမြင့်စွာ ကျင်းပသည်။ ထိုပွဲအပြီး သူသည် ပြင်းထန်စွာ မမာမကျန်းဖြစ်ကာ ၂၀ ရက် ကြာသောအခါ ကွယ်လွန်လေသည်။ သူ့အလောင်းကို ရွှေခေါင်းဖြင့် ထည့်ကာ အီဂျစ်ရှိ အလက်ဇန္ဒယားမြို့ကို သယ်ဆောင်၍ ခမ်းနား ကြီးကျယ်စွာ သင်္ဂြိုဟ်ခဲ့ကြလေသည်။

သစ္စာနီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...