Friday, December 16, 2011

ထိုင်း စာစောင် အတွက်ရေးတဲ့ မြန်မာပြည်က ပညာရေး

by Hla Shwe on Saturday, December 17, 2011 at 10:27am
 


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အခြေစိုက်ပြီး မြန်မာပြည်နဲ့ မြန်မာပြည်သူပြည်သားအကြောင်းတွေကို ထိုင်းဘာသာနဲ့ ရေးသားထုတ်ဝေတဲ့ သံလွင်ပို့စ် ဆိုတဲ့ ဂျာနယ်တစ်စောင်ရှိပါတယ်။ ဒီဂျာနယ်ကို စီစဉ်တဲ့ မိတ်ဆွေ ထိုင်းအမျိုးသမီးလေးက ကျမသားလေးရဲ့ ဂီတ သင်ခန်းစာ ဆရာမလည်း ဖြစ်ပါတယ်။ သူက ကျောင်းဖွင့်ရာသီမှာ မြန်မာပြည်က ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်တာကို သူတို့ဂျာနယ်မှာ ထည့်ချင်တယ်။ သူက မေးခွန်းတွေ မေးမယ်၊ အဲဒါကို ကျမက ဖြေပေးပါလို့ အကူအညီတောင်း လာပါတယ်။


ဒါနဲ့ ကျမလည်း သူမေးတဲ့ မေးခွန်းလေး (၇) ခုကို ဖြေပေးမယ်လို့ အလွယ်တကူပဲ ကတိ ပေးလိုက်ပါတယ်။ တကယ်ဖြေကြည့်တော့ မေးခွန်းတွေအတွက် အဖြေက ဟုတ်တယ် မဟုတ်ဘူး အဖြေတင်မက တွေးစရာ စဉ်းစားစရာ၊ သုံးသပ်နှိုင်းယှဉ်စရာတွေပါတဲ့ အဖြေတွေ ထွက်လာရပါတယ်။ သူမေးတဲ့ မေးခွန်းတွေကတော့ သူပေးသလိုပဲ အင်္ဂလိပ်လို တိုက်ရိုက်ဖော်ပြရရင်တော့....

1. When you want to send your son to school inside Burma, how do you choose the school for him? (eg; near home, good teacher?)
2. How many kinds of school in Burma and what is different? (eg; private school, government school..)
3. Where is the best school? Why?
4. How much have you pay for your kid's learning? (books, clothes, tution fee)
5. How about the quality of teachers?
6. Do you have to pay for studying special class after school time or weekend?
7. When you move your son to Thailand, what is the different between school in Thailand and Burma?
...........................................................................................................................................

ဒါနဲ့ ကျမလည်း အောက်က ဆောင်းပါးဆန်ဆန် ရေးထားတဲ့ စာလေး တစ်ပုဒ် သူတို့ဆီ ပို့ပေးလိုက်ပါတယ်။ သူတို့က ထိုင်းမြန်မာ တတ်ကျွမ်းတဲ့ သူက တဆင့် ကျမ စာကို ထိုင်းလို ဘာသာပြန်ပြီး သူတို့ စာစောင်မှာ ထည့်လိုက်ပါတယ်။
ထိုင်းလို ဖတ်တတ်တဲ့ မိတ်ဆွေတွေကို ပြန်ဖတ်ခိုင်းကြည့်တော့ ခေါင်းစဉ်တပ်ပေးထားတာက ရွေးချယ်စရာ မရှိတဲ့ မြန်မာပြည်က ကလေးများတဲ့ ...။ ဆောင်းပါးကတော့ ကျမရေးတဲ့အတိုင်း အတိအကျ မဟုတ်ဘဲ သူတို့ စာစောင် အာဘော်နဲ့ ညီညွတ်အောင် တချို့အချက်တွေကို ဖြတ်တောက် ထားပါတယ်။ ကျမရေးခဲ့တဲ့ သူတို့မေးခွန်း အဖြေလေးတွေကို စာဖတ်သူတွေကို ဝေငှချင်လို့ မောက္ခပညာရေးမဂ္ဂဇင်းကို ပို့ပေးလိုက်ပါတယ်။

မေးခွန်းတွေကို အလွယ်တကူ ဖြေရမယ်ဆိုရင်တော့

၁။ ကလေးကျောင်းပို့တော့မယ်ဆိုရင် အဓိကကတော့ ဆရာ ကောင်းရဲ့လား၊ ကျောင်းအုပ်ချုပ်ပုံ စည်းကမ်းကောင်းရဲ့လား ဆိုတာကို အရင် စဉ်းစားပြီးတော့မှ အိမ်နဲ့ နီးလား ဝေးလားကို စဉ်းစားလေ့ ရှိပါတယ်။ ဆရာတွေ သိပ်ကောင်းနေပေမဲ့ အိမ်နဲ့ ဝေးလွန်းရင်တော့လည်း အိမ်နဲ့ အသင့်အတင့်နီးတဲ့ ကျောင်းမျိုးကိုပဲ စဉ်းစားကြရပါတယ်။

၂။ မြန်မာပြည်မှာတော့ အစိုးရကျောင်း အများစု၊ ပုဂ္ဂလိကပိုင်ကျောင်း အနည်းစုနဲ့ အခြေခံလူတန်းစား ဆင်းရဲသူများအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆိုပြီး သုံးမျိုးရှိပါတယ်။

၃။ အကောင်းဆုံးကျောင်းဆိုတာတော့ အပြင်ပုဂ္ဂလိက ကျောင်းတွေလို့ ယေဘူယျ ပြောရမယ်ထင်ပါတယ်။ ဘာကြောင့်ကောင်းလဲဆိုရင်တော့ ဈေးနှုန်းလည်း ကောင်းလှ(မြင့်မား)သလို ကျောင်းပရိဘောဂ အသုံးအဆောင်တွေကလည်း ကောင်းလှပါတယ်။ အများစု မြို့ကြီးတွေမှာ ရှိပါတယ်။ အစိုးရကျောင်းတွေမှာ အကောင်းဆုံးဆိုတာကတော့ အစိုးရစစ်စာမေးပွဲဖြစ်တဲ့ ၁၀ တန်း အောင်ချက် အကောင်းဆုံးကျောင်းတွေကို ပြောလေ့ရှိတာဖြစ်ပြီး ရန်ကုန်မြို့ပေါ်မှာ အများစု ရှိပါတယ်။

၎။ ကျောင်းအပ်ပြီဆိုရင် ကလေးအတွက် မရှိမဖြစ် မိဘက ဖြည့်ဆည်းပေးရတာကတော့ ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ စာအုပ်စာတမ်း၊ စာရေးကိရိယာ၊ စတာတွေနဲ့ ကျောင်းအပ်ခ တို့ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ကျောင်းလခ သတ်မှတ်ချက်ဟာ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင်တော့ ဈေးမကြီးလှပေမဲ့ မြန်မာမိဘတွေရဲ့ ၀င်ငွေနဲ့ နှိုင်းယှဉ်ရင် အတော်အသင့် ဈေးကြီးပါတယ်။
အဲသည်အပြင် ကျောင်းပေါ်မူတည်လို့ ကျောင်းအုပ်ကို ကန်တော့ရတဲ့ ပိုက်ဆံ၊ ကျောင်းက လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ထည့်ရတဲ့ အလှူငွေ စတာတွေ ထည့်ပေါင်းလိုက်ရင် ကျောင်းအပ်ရတဲ့ အချိန်ဟာ ကျောင်းသားမိဘတွေ အလွန်ကို မပျော်ရွှင်ရတဲ့ ကာလတစ်ခုပါ။

၅။ စည်းကမ်း ကောင်းတဲ့ဆရာလို့ ယေဘူယျ ပြောကြပါတယ်။ ကျမ ကိုယ်ပိုင် ထင်မြင်ချက်တော့ မဟုတ်ပါဘူး။

၆။ မြို့ပေါ်ကကျောင်းသား ၉၀ ရာနှုန်းလောက်ကတော့ ကျောင်းချိန်ပြင်ပမှာ အထူးသင်တန်းတွေ (ကျူရှင်တွေ) ထပ်တက်ကြပါတယ်။ ကျေးလက်တောရွာက ကလေးတွေအတွက်တော့ အဲဒီအခွင့်အရေး သိပ်မရှိလှပါဘူး။

၇။ ထိုင်းကျောင်းနဲ့ မြန်မာကျောင်းမှာ ကွာခြားတာကတော့ နေ့လည်စာကျွေးတဲ့ စနစ်၊ ကျောင်းဝတ်စုံပုံစံ၊ ကျောင်းမှာ သင်ရတဲ့ သင်ရိုးညွှန်းတမ်းတွေ ကွာပါတယ်။ သင်ကြားတဲ့ ပုံစံမှာလည်း မြန်မာကျောင်းတွေက အလွတ်ကျက်ရတဲ့စနစ်နဲ့ သင်ကြားကြပါတယ်။ ကျောင်းသား ဆရာ ဆက်ဆံရေး၊ ကျောင်းစည်းကမ်း သတ်မှတ်ချက်တွေကတော့ သိပ်မကွာခြားဘူးလို့ ထင်ပါတယ်။
မေးခွန်းတွေကို ယေဘူယျ တိုတို ဖြေထားပေမဲ့ တကယ်တော့ ပညာရေးဆိုတာ ကျယ်ပြန့်လှပြီး၊ လူတစ်ဦးတည်းအမြင်၊ လူတန်းစား တစ်မျိုးတည်းရဲ့ အမြင်နဲ့ ကြည့်လို့လည်း မပြည့်စုံဘူးလို့ထင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မြန်မာပြည်က လူတန်းစား အားလုံးရဲ့ ပညာရေးကို ခြုံငုံမိအောင် ဒီမေးခွန်းတွေ ကိုပဲ အခြေခံလို့ နည်းနည်း အကျယ်ချဲ့ပြီး ပြန်ရေးပြချင်ပါတယ်။

၁။ ဘယ်ကျောင်းမှာအပ်မလဲ

ခုနှစ် ဇွန်လ ကျောင်းဖွင့်ရင် သားအသက်က ငါးနှစ်ပြည့်လို့ လေးလတောင်ကျော်ပြီဆိုတော့ ကျောင်းစ ထားရတော့မှာပေါ့။ မြန်မာပြည်မှာက အသက် ငါးနှစ်ကစလို့ အစိုးရ မူလတန်းကျောင်းမှာ သူငယ်တန်းက စလို့ လက်ခံတယ်လေ။ နောက်မှ ပထမ တန်း၊ ဒုတိယတန်း၊ တတိယတန်း နဲ့ စတုတ္ထတန်း ဆိုတာ ပြီးရင် အသက် ၉ နှစ်မှာ မူလတန်း ပြီးတာပေါ့။ တကယ်တော့ သားက ၃ နှစ်သားကတည်းက မူကြိုဆိုတာ တက်ခဲ့တာပါ။ မူကြိုကတော့ ကလေးတိုင်း မတက်လည်းရပါတယ်။ အစိုးရက ဖွင့်ထားတဲ့ မူကြိုတွေလည်း ရှိပါတယ်။ အပြင်က ပုဂ္ဂလိကပိုင် မူကြိုတွေလည်း ရှိပါတယ်။ ဈေးနှုန်းတွေကတော့ အစားစားပါပဲ။

အစိုးရကဖွင့်တဲ့ မူကြိုမှာကို ဈေးနှုန်းချင်းက မတူကြပါဘူး။ အစိုးရက ပညာရေးဝန်ကြီးဌာနက မဟုတ်ဘဲ လူမှုဝန်ထမ်းဦးစီးဌာန ဆိုတာကနေ ဖွင့်တာပါ။ အိမ်က နေ့လည်စာထမင်းဘူး ထည့်ပေးရပါတယ်။ တချို့ကျောင်းအနည်းငယ်မှာတော့ နေ့လည်စာ စီစဉ်ကျွေးပေးပါတယ်။ မူကြိုအဆင့်မှာတော့ နိုင်ငံတကာ အဆင့်မီလို့ ကြော်ငြာကြလေ့ရှိပါတယ်။ ကလေးတွေရဲ့ ကာယ ဥာဏ ဖွံ့ဖြိုးရေး ကိုလည်း လုပ်ပေးလေ့ရှိပြီး စာသိပ်မသင်ပေးပါဘူး။ ဖွံ့ဖြိုးရေးအတွက် သင်ထောက်ကူ သိပ်မသုံးနိုင်တဲ့ ကျောင်းတွေမှာတော့ ကလေးတွေကို စာများများသင်ပေးပြီး ထိန်းပေးတဲ့ သဘောမျိုးလောက်ပဲ ဖွင့်တတ်ကြပါတယ်။

မြန်မာပြည်မှာ ဥပဒေနဲ့ သတ်မှတ်ထားတာက မူလတန်းအရွယ်ကလေးတိုင်း ကျောင်းမတက်မနေရ ဖြစ်ပြီး မူလတန်းအထိ(သူငယ်တန်းကနေ စတုတ္ထတန်း) အခမဲ့ ပညာရေးလို့ ဆိုပါတယ်။ သည်အရွယ်ကလေးကို ကျောင်းမပို့ရင် မိဘကို ဥပဒေနဲ့ အရေးယူနိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ရပ်ကွက်တွေထဲမှာ ကျောင်းနေအရွယ် ကလေးရှိရင် ကျောင်းအပ်ရမယ်လို့ ကျောင်းဖွင့်ရာသီဆိုရင် တာဝန်ရှိသူတွေ(ဆရာ၊ မိဘ နဲ့ အုပ်ချုပ်ရေး အာဏာပိုင်) က လိုက်ပြီး ဆော်သြ ပါတယ်။

နိုင်ငံပိုင်သတင်းစာတွေကလည်း ကျောင်းအပ်ရမယ့် သတင်းပတ်ဆိုပြီး သတိပေးသလိုလို ကြော်ငြာသလိုလို ထည့်ပေးပါတယ်။ စစ်တမ်းတွေအရတော့ သူငယ်တန်းမှာတော့ ကျောင်းအပ်ရာနှုန်း တစ်ရာရှိပေမဲ့ မူလတန်းပြီးဆုံးချိန်မှာ ကျောင်းမှာရှိတဲ့ ကလေးဟာ ၇၅ ရာနှုန်းလောက်ပဲ ကျန်ပါတယ်တဲ့။

အဲသည်ထဲကမှ အလယ်တန်းကို ဆက်တက်နိုင်သူက ၅၀ ရာနှုန်းလောက် အဲလို လျော့လျော့သွားတာ အခြေခံပညာအဆင့်လို့ သတ်မှတ်ထားတဲ့ အထက်တန်း (၁၀တန်း) ပြီးတဲ့သူဆိုတာ ပြီးသင့်တဲ့ အရေအတွက်ထက် ၄၀ ရာနှုန်းလောက်ပဲကျန်ပါသတဲ့။
သားကို ကျောင်းအပ်ဖို့ စဉ်းစားတော့ အိမ်နားနီးတဲ့ကျောင်းအပ်မလား ဆရာကောင်းတဲ့ကျောင်းအပ်မလား စဉ်းစားကြတယ်။ အိမ်နားနီးပေမဲ့ ဆရာညံ့ရင် ကလေးက ကျောင်းမှာ မပျော်နိုင်ဘူးလေ။ အဲလိုပဲ ဆရာ ဘယ်လောက်ကောင်းကောင်း အိမ်နဲ့ဝေးလွန်းရင်လည်း ကျောင်းသွားရတာ အခက်အခဲ ဖြစ်တာပေါ့။

တချို့ကလေးတွေဆို ကျောင်းကြိုပို့ ကားပေါ်မှာပဲ ကြပ်ကြပ်သိပ်သိပ်နဲ့ မနက်ပိုင်း အသွားမှ ၁ နာရီ ညနေ အပြန်မှာ ၁ နာရီလောက်ကြာအောင် စီးရတော့ ညောင်းချိ နေရှာတာပေါ့။ ဒါကြောင့် အဘက်ဘက်က စဉ်းစားပြီး အဆင်ပြေတဲ့ ကျောင်းပို့ဖို့ စီစဉ်ရတာပါ။ နောက်တချက်ထည့်စဉ်းစားရတာက အပ်ရင် အဆင်ပြေနိုင်အောင် ခင်မင်ရာ သိကျွမ်းရာ အဆက်အသွယ်ရှိတဲ့ ကျောင်း ဖြစ်ဖို့လိုပြန်ပါတယ်။ ဒါမှ ကျောင်းအပ်ရင် ရေးမထားတဲ့ စည်းကမ်းတွေကို မိဘတွေက သိပြီး အပ်လို့ ချောချောမွေ့မွေ့ဖြစ်တာပါ။

ဒါပေမဲ့ မြန်မာပြည်သားအများစုအတွက်တော့ ရွေးချယ်ပိုင်ခွင့်ဆိုတာ သိပ်မရှိပါဘူး။ အခြေခံလူတန်းစား အများစုရှိတဲ့ ကျေးရွာတွေမှာတော့ ကိုယ့်ရွာမှာ ကျောင်းရှိတယ်၊ သင်ပြပေးမဲ့ ဆရာရှိတယ်၊ ဆရာက ပုံမှန် ကျောင်းတက်တယ်ဆိုရင် ကံကောင်းတာပါပဲ။ ရှိတဲ့ ကျောင်းမှာပဲ ကိုယ့်ကလေးကို အပ်ကြတာပဲပေါ့။

၂။ ကျောင်းဘယ်နှစ်မျိုးရှိသလဲ

မြန်မာပြည်မှာက ဟိုးအရင်လွတ်လပ်ရေးရပြီးကာစ ပါလီမန် ဒီမိုကရေစီခေတ်တုန်းက ကိုယ်ပိုင်ကျောင်း (ခရစ်စယန် မစ်ရှင်) တွေ တော်တော်များများရှိခဲ့တယ်လို့ ပြောကြတယ်။ ၀န်ကြီးချုပ်ကိုယ်တိုင်က သူ့သားသမီးတွေကို အစိုးရကျောင်းမထားဘဲ ဈေးကြီးပေးရတဲ့ အပြင်ကျောင်းတွေမှာပဲ ထားတယ်လို့ ကြားဖူးတယ်။ အဲဒီကျောင်းတွေမှာက အင်္ဂလိပ်စာကို ကောင်းကောင်း လေ့ကျင့်ပေးနိုင်တဲ့ အားသာချက် ရှိတယ်လေ။ ဒါပေမဲ့ စစ်အာဏာရှင် အစိုးရတက်လာချိန်မှာ ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့ အစီအစဉ်ဖြစ်တော့ ကျောင်းတွေလည်း ပြည်သူပိုင်သိမ်းခံရတယ်။ အဲတော့ မြန်မာတစ်နိုင်ငံလုံး အစိုးရ အသိအမှတ်ပြုတဲ့ ကျောင်းဆိုတာ တစ်မျိုးတစ်စားတည်းပဲ ရှိတော့တာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်း လိုအပ်ချက်အရပဲဖြစ်ဖြစ် ဈေးကွက်စီးပွားရေးအရပဲဖြစ်ဖြစ် ကိုယ်ပိုင် ကျောင်းတွေ ပြန် ပေါ်လာနေပါပြီ။
ဒါပေမဲ့ ဒီကျောင်းတွေက အရင် ၂၀၁၀ မတိုင်ခင်အထိတော့ ပညာရေးဝန်ကြီှးဌာန လက်အောက်က မဟုတ်ဘဲ ကုန်သွယ်ရေး ၀န်ကြီးဌာန လက်အောက်ကနေ စီးပွားရေးကုမ္ပဏီ အနေနဲ့ မှတ်ပုံတင်ရတာမို့ တရားဝင်ကတော့ အစိုးရကျောင်းတမျိုးပဲ မြန်မာပြည်မှာရှိပါတယ်။
ခု အစိုးရသစ်လက်ထက်မှာတော့ ပုဂ္ဂလိကကျောင်းတွေဖွင့်ခွင့် ပြုလိုက်တယ်လို့လည်း ဆိုပါတယ်။ မူဝါဒတွေ သတ်မှတ်လိုက်ရင်တော့ မြန်မာပြည်မှာ ကျောင်းအမျိုးအစား ပရိုက်ဗိတ်ကျောင်းနဲ့ အစိုးရကျောင်း ၂ မျိုးရှိတယ်လို့ ပြောရမှာပေါ့လေ။
ဒါပေမဲ့ တကယ်တမ်း အခြေခံလူတန်းစားကလေးတွေရဲ့ ပညာရေးကို ဖြည့်ဆည်း ပေးနေတာကတော့ ဘက လို့ ခေါ်တဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ပါပဲ။ သည်ကျောင်းတွေက တရားဝင် ကျောင်းလားလို့ မေးရင်တော့ အစိုးရက တရားဝင် သတ်မှတ်ပေးရင် ရသလို တရားမ၀င်ဘူးဆိုပြီး ပိတ်ခိုင်းရင်လည်း ရပါတယ်။

အရင်ကတော့ မြန်မာပြည်မှာ အခြေခံပညာ အထက်တန်းအဆင့်ထိ သင်ပေးနိုင်တဲ့ ဘက ကျောင်းကို ၂ ကျောင်းပဲ အစိုးရက အသိအမှတ်ပြု ဖွင့်ခွင့်ပေးထားပါတယ်။ လက်တွေ့မှာလည်း အထက်တန်း အဆင့်အထိ သင်ပေးနိုင်တဲ့ ဆရာရဖို့ဟာ ဘုန်းတော်ကြီးတွေအတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ မူလတန်း အဆင့်ထိ ကလေးတွေကို စာရေးတတ် ဖတ်တတ် ဂဏန်းသင်္ချာ အတွက်အချက် တတ်မြောက်ဖို့ သင်ပေးတဲ့ မူလတန်းအဆင့် ဘက ကျောင်းတွေကတော့ မြန်မာ့ပညာရေး လိုအပ်ချက်အရ အရေးပါတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဘက ကျောင်းတွေက ကျောင်းဝင်ကြေးမပေးရပါဘူး။ တခြားဆရာငှားခ၊ စာအုပ်စာတမ်းခ၊ ကျောင်း ပရိဘောဂ လိုအပ်ချက် စတာတွေကတော့ ဘုန်းတော်ကြီးကျောင်းနဲ့ အလှူရှင်ရှိတာပေါ်မူတည်လို့ ကျောင်းသား မိဘတွေဆီက တောင်းတာရှိသလို မတောင်းတဲ့ ကျောင်းလည်းရှိပါတယ်။

သည်ကျောင်းတွေရဲ့ အားသာချက်က ဆင်းရဲသား မိဘတွေအတွက် ငွေကုန်ကြေးကျနည်းတယ်။ ဘုန်းတော်ကြီးကျောင်းဖြစ်လို့ အစား အသောက်ပိုလျှံခဲ့ရင် နေ့လည်စာပါ ကလေးတွေကို ကျွေးပေး နိုင်တယ်။ သေစာရှင်စာ လို့ ပြောလေ့ရှိတဲ့ အရေးအဖတ် အတွက်အချက် တတ်မြောက်မယ်။ အားနည်းချက်ကတော့ တချို့ကျောင်းတွေက အစိုးရအသိအမှတ်ပြု မဟုတ်တဲ့အတွက် သည်ကျောင်းက ပြီးမြောက်ကြောင်း ထောက်ခံချက်က အသုံးမ၀င်ဘူး။ ခေတ်မီ သင်ကြားနည်းတွေနဲ့ တခြားဖွံ့ဖြိုးရေး ဘာသာရပ်တွေတော့ တတ်ချင်မှတတ်မယ်။

၂၀၀၇ ခုနှစ်မှာ သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ဘက ကျောင်း တော်တော်များများ ပိတ်ခံရပါတယ်။ အစိုးရရဲ့ မျက်စိစိုက်စရာ စောင့်ကြည့်စရာ အခြေအနေမှာ အနေကြပ်ခဲ့ ကြပါတယ်။ ဒါပေမဲ့လည်း ပညာရေးအသုံးစရိတ်ကို အလွန် အနည်းငယ်ပဲ သုံးစွဲနေတဲ့ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆိုတဲ့ အခမဲ့ မူလတန်းသင် ဘုန်းကြီးကျောင်း တွေဟာ ပိုလို့ ပိုလို့ အရေအတွက် တိုးပွားလာနေပါတယ်။ စာရင်းဇယား အတိအကျ မရှိပေမဲ့ မူလတန်း အရွယ် ကလေး လေးပုံတစ်ပုံလောက်က ဘက ကျောင်းတွေမှာပဲ တက်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။

၃။အကောင်းဆုံးကျောင်းက ဘယ်မှာရှိသလဲ။ ဘာကြောင့်လဲ။

အကောင်းဆုံးကျောင်းဘယ်မှာရှိလဲ လို့ မေးလာရင်တော့ဖြေရခက်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ကျောင်းဆိုတာ သည်တိုင်းပြည်မှာ ကျင့်သုံးနေတဲ့ ပညာရေးမူဝါဒအရ တက္ကသိုလ်ဝန်တန်း(၁၀တန်း) အောင်ချက် အကောင်းဆုံးကျောင်းကို ပြောရမှာလား။ ဒါမှမဟုတ် သင်ထောက်ကူ ပစ္စည်း စုံစုံလင်လင်နဲ့ ကမ္ဘာ့အဆင့်မီ ခေတ်မှီသင်ရိုးညွှန်းတန်းတွေနဲ့ သင်ကြားပေးတဲ့ ကျောင်း ဆိုရင်တော့ ရေပေါ်ဆီ လူတန်းစားလို ဖြစ်နေတဲ့ လူနည်းစု မိဘတွေထားနိုင်တဲ့ ကျောင်းတွေကို ပြောရမှာပါပဲ။ ဒီလို ကျောင်းမျိုးတွေကတော့ ကိုယ်ပိုင်ကျောင်းတွေဖြစ်ပြီး နိုင်ငံခြားသား ဆရာတွေ ကျောင်းအုပ်တွေက စီမံအုပ်ချုပ်ပါတယ်။ ကျောင်းအများစုက ရန်ကုန်မှာရှိပါတယ်။ ရလာဒ်တချို့အရတော့ သည်ကျောင်းတွေက သင်ကြားပေးလိုက်တဲ့ကလေးတွေဟာ အင်္ဂလိပ်စာကောင်းပေမဲ့ မိခင်ဘာသာစကား အားနည်းပြီး မြန်မာယဉ်ကျေးမှု စံတွေနဲ့ မကိုက်ညီတဲ့ ကလေးတွေ၊ ဖြစ်လာတတ်ပါတယ်တဲ့။

ဒါမှမဟုတ် အကောင်းဆုံးကျောင်းဆိုတာ လိမ်မာယဉ်ကျေးတဲ့၊ အမှားနဲ့အမှန်ကို ခွဲခြားချင့်ချိန်တတ်တဲ့၊ လူ တစ်ယောက်နဲ့တစ်ယောက် လေးစားဆက်ဆံတတ်တဲ့ အလေ့အကျင့်တွေပေးတဲ့ ကျောင်းမျိုးကို ပြောတာလားဆိုရင်တော့ အဖြေကို မသိတော့ပါဘူး။ ကိုယ်ပိုင်အမြင်အရတော့ အကောင်းဆုံးကျောင်းဟာ မိဘ ပါပဲ။

၎။ ကလေးအတွက် မိဘက ဘာတွေ ဖြည့်ဆည်းပေးရသလဲ။

မြန်မာပြည်မှာတော့ ကလေး ကျောင်းအပ်ပြီဆိုရင် မိဘက အစစ ဖြည့်ဆည်းပေးရပါတယ်။ အခြေခံ လိုအပ်ချက်ကတော့ ကျောင်းဝတ်စုံ၊ အိတ်၊ စာအုပ်၊ စာရေးကိရိယာ စသဖြင့်ပါ။ အပ်တဲ့ ကျောင်းကို လိုက်လို့ ကျောင်းက ကောက်ခံတဲ့ ငွေကြေးတွေလည်း ပေးရပါတယ်။
တခါတရံ အိမ်သာ ဆောက်ဖို့၊ ကစားကွင်းဖောက်ဖို့၊ ကွန်ပျူတာခန်း လေအေးစက် တပ်ဖို့၊ စာအုပ်ဘီရို၊ ထိုင်ခုံဝယ်ဖို့ စသဖြင့် အစိုးရက ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေကို မိဘတွေကပဲ ဖြည့်ဆည်းပေးရပါတယ်။
ကောင်းတဲ့တစ်ချက်လို့ ပြောချင်တာကတော့ ကျောင်းဝတ်စုံဟာ လွယ်ကူပေါ့ပါးပြီး ကလေးတွေအတွက် ရာသီဥတုနဲ့ ကိုက်ညီတဲ့ ၀တ်စုံမျိုး သတ်မှတ်ထားပါတယ်။ အပိုအဆာ သိပ်မပါလို့ ၀တ်စုံအတွက် စရိတ်လည်း သိပ်မတက်ပါဘူး။ သည်နိုင်ငံမှာ ကျောင်းတွေက နေ့လည်စာကျွေးတဲ့ အစဉ်အလာ မရှိပါဘူး။ နေ့လည်စာ အတွက် အိမ်ကပဲ စီစဉ်ပေးရပါတယ်။ ဆင်းရဲတဲ့ ကလေးအများစုဟာ နေ့လည်စာ မစားရလို့ ဆာလောင်ပြီး ကျောင်းခန်းထဲမှာ ထိုင်နေရတယ်လို့ ဆောင်းပါးတစ်ပုဒ် မှာရေးထားတာ ဖတ်ဖူးပါတယ်။

၅။ အကောင်းဆုံးဆရာ ဆိုတာ ဘယ်လိုမျိုးလဲ

အကောင်းဆုံးဆရာ ဆိုတာ ကတော့ ကလေး စိတ်ကို နားလည် ခံစားပေးတတ်တဲ့ ဆရာမျိုးပေါ့။ ဒုတိယ အရည်အချင်းက ဘာသာရပ်ကို ကျွမ်းကျင်စွာ သင်ပြနိုင်ပြီး ခေတ်မီသင်ကြားနည်းတွေကို သိနားလည် လေ့လာနေတတ်တဲ့ဆရာတွေ ဖြစ်စေချင်တာပေါ့။ တတ်နိုင်ရင် ကလေးတစ်ဦးချင်းစီရဲ့ အရည်အချင်း၊ အလေ့အထ အတွေးအခေါ်နဲ့ ကလေးတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်ကလေးတွေကိုပါ သိထား နားလည်ပေးထားနိုင်တဲ့ ဆရာမျိုးဖြစ်ခဲ့ရင် အကောင်းဆုံးဆရာ အရည်အချင်းနဲ့ ပြည့်စုံမယ်ထင်ပါတယ်။
အဲ ဆရာကျင့်ဝတ်နဲ့ညီညွတ်တဲ့ အရည်အချင်း အမြဲဖြည့်နေတဲ့သူဖြစ်ဖို့၊ လူတစ်ယောက်အနေနဲ့ အကျင့်စာရိတ္တ ကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်ဖို့ အချက်ဟာလည်း ကလေးတွေရဲ့ စံပြုထိုက်စရာ ဆရာတစ်ယောက်အနေနဲ့ မရှိမဖြစ်တဲ့ အရည်အချင်း ဖြစ်ပါသေးတယ်။

၆။ ကျောင်းချိန်ပြင်ပမှာ သင့်ကလေးအတွက် တခြားသင်တန်းတွေ ထားပေးဖို့ လိုသေးသလား

မြန်မာပြည်မှာတော့ အများစုကလေးတွေဟာ ကျောင်းချိန်ပြင်ပမှာလည်း အချိန်ပို သင်ကြားမှုတွေ လုပ်နေရပါတယ်။ တခြား ဂီတ အနုပညာ အားကစား စတဲ့ ဖွံ့ဖြိုးရေး ဘာသာရပ်တွေအတွက်မဟုတ်ဘဲ ကျောင်းမှာ သင်ပြီးသား ပြဌာန်းစာအုပ်ပါ သင်ခန်းစာတွေကိုပဲ အချိန်ပိုမှာလည်း ထပ်မံသင်ကြားနေကြရ ပါတယ်။
အတန်းငယ်တွေမှာဆို ကျောင်းမှာ သင်ခဲ့တဲ့ ဆရာကိုယ်တိုင် ဆီမှာပဲ အခကြေးငွေပေးပြီး အထူး သင်ယူရခြင်းမျိုးတွေ ဖြစ်တတ် ပါတယ်။ တက္ကသိုလ်ဝင်တန်းလို့ ခေါ်တဲ့ ၁၀ တန်း အဆင့်မှာတော့ ပြင်ပ ဘာသာရပ်ဆိုင်ရာ နာမည်ကြီး ကျူရှင်ဆရာတွေဆီမှာ သင်ယူလေ့ရှိကြပါတယ်။
တွဲဘက်သင်ရိုးခေါ်တဲ့ ဖွံ့ဖြိုးမှု ဘာသာရပ်တွေကို သင်ဖို့ဆိုတာတော့ ကလေးတွေအတွက် ကျောင်းမှာ လည်း အချိန်မပေးသလို ကျောင်းချိန်ပြင်ပမှာလည်း အချိန်မရှိသလို ဖြစ်နေကြပါတယ်။

၇။ သင့်ကလေးကို မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို ပြောင်းရွှေ့ထားခဲ့မယ်ဆိုရင် မြန်မာကျောင်းနဲ့ ထိုင်းကျောင်း ဘာကွာခြားမှုရှိပါသလဲ။
ထိုင်းနိုင်ငံကို ရွှေ့ပြီးကျောင်းထားမဲ့ မြန်မာကလေးတစ်ယောက်အတွက် ရင်ဆိုင်ရမယ့် ပထမဆုံး အခက်အခဲကတော့ ဘာသာစကား နားလည်မှုပဲဖြစ်ပါတယ်။ ဘာသာစကားနားလည် တတ်ကျွမ်းသွားရင်တော့ ကျန်တာ သိပ်ခက်ခဲလိမ့်မယ် ကွာခြားလိမ့်မယ်မထင်ပါဘူး။
ထိုင်းကျောင်းက သင်ခန်းစာတွေမှာ အနုပညာ ခံစားမှု၊ အားကစား စတဲ့ တွဲဘက်သင်ရိုးတွေကို မြန်မာပြည်က ကျောင်းတွေထက်ပိုပြီး သင်ကြားပေးနိုင်တာ ကလေးတွေအတွက် ကောင်းတဲ့ အားသာချက်ပါ။ ဒါပေမဲ့ ထိုင်းကျောင်းတွေမှာ ၀တ်ရတဲ့ ၀တ်စုံဟာ အမြင်မှာ ပိုမို သပ်ရပ် စေပေမဲ့ ကလေးတွေအတွက် နိုင်ငံ ရာသီဥတုနဲ့ သိပ်မကိုက်ညီတာကြောင့် မြန်မာကျောင်းက ၀တ်စုံတွေလောက် သက်တောင့်သက်သာ မဖြစ်စေပါဘူး။ တန်ဘိုးလည်း ပိုမြင့်မားနေပါတယ်။

ထိုင်းနိုင်ငံမှာ နေ့လည်စာ ကျောင်းမှာကျွေးတဲ့ အတွက် ကလေးတိုင်း တန်းတူ အဟာရ ဖြစ်စေနိုင်ပါတယ်။ မိဘတွေအတွက်လည်း နေ့လည်စာ စီစဉ်ရတဲ့ အလုပ်သက်သာသွားတာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ စာသင်ကျောင်း အများစု (အားလုံးနီးပါးဟာ) ကျယ်ပြန့်တဲ့ မြေကွက်လပ်၊ အားကစားကွင်း တွေ မရှိမဖြစ်ပါတာကို တွေ့ရပါတယ်။ မြန်မာပြည်ရဲ့ တချို့ကျောင်းတွေကတော့ ကလေးတွေအတွက် မြေကွက်လပ်ဆိုတာ မရှိဘဲ ရန်ကုန်မြို့လယ်က နာမည်ကြီး ကျောင်းတချို့သည်ပင် လူနေတိုက်ခန်း တွေကြားမှာ ကျောင်းအင်္ဂါနဲ့ မညီ၊ ကျပ်ကျပ်သပ်သပ် ဆိုင်းဘုတ်တပ်ထားတာကို မြင်တွေ့ရတာ ကလေးတွေအတွက် စိတ်မကောင်းစရာပါ။

မြန်မာပြည်က စာမေးပွဲတွေဟာ အလွတ်ကျက်ဖြေဆိုတဲ့စနစ်ဖြစ်တာကြောင့် ကျောင်းဖွင့်ပြီဆိုတာနဲ့ ကလေးတွေရဲ့ စာအံသံ၊ အော်ဟစ် ကျက်မှတ်နေတဲ့ အသံတွေကို လမ်းတိုင်း ရပ်ကွက်တိုင်းလိုလိုမှာ ကြားနေရတတ်ပါတယ်။ မိဘတွေကလည်း အဲလို အသံကြားရတာကို ကျေနပ်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ စနစ်ကတော့ ဘယ်လိုပုံစံဆိုတာ မသိပေမဲ့ အဲလို စာအော်ဟစ်ကျက်မှတ်နေတာ မကြားဘူးပါဘူး။ ကလေးတွေကလည်း ပေါ့ပေါ့ပါးပါးပဲ သင်ခန်းစာတွေကို လိုက်နာသင်ယူနေကြပုံ မြင်တွေ့ရတတ်ပါတယ်။
နိုင်ငံသမိုင်း သင်ရိုးညွှန်းတမ်းမှာပါတဲ့ ထိုင်းမြန်မာ ဆက်ဆံရေး သင်ခန်းစာတွေ ကတော့ မြန်မာပြည်က စာအုပ်တွေမှာ ပြဌာန်းထားတာဟာ သမိုင်းအမြင်နဲ့ချဉ်းကပ်ထားတာမဟုတ်လို့ ကလေးတွေအတွက် နားလည်ရ ခက်စေသလို အကျိုးရလဒ်ကောင်းလည်း မရှိစေပါဘူး။ ထိုင်းနိုင်ငံမှာ ပြဌာန်းထားတဲ့ သမိုင်း သင်ခန်းစာတွေ ကိုတော့ ထိုင်းစာ မဖတ်တတ်သူ တစ်ယောက်အနေနဲ့ ဝေဘန် နိုင်စွမ်းမရှိပါဘူး။

ဒါပေမဲ့ ငယ်စဉ်အခါ မှာတော့ ကလေးတွေကို သမိုင်းသင်ရိုးတွေ အများကြီးသင်မဲ့အစား သဘာဝ ပတ်ဝန်းကျင်၊ သိပ္ပံအခြေခံအသိ၊ တကိုယ်ရေ ကျန်းမာရေး၊ လူမှု ကျင့်ဝတ်၊ ဘာသာစကားဆိုင်ရာ အရေးအဖတ်၊ သင်္ချာအတွက်အချက်နဲ့ အားကစား အနုပညာ စတဲ့ ဘာသာရပ်တွေ ကို ပိုမို ဦးစားပေးသင်ကြားမယ်ဆိုရင် ထိုင်းနိုင်ငံမှာ လာရောက် ပြောင်းရွှေ့ပညာသင်ကြားရတဲ့ မြန်မာနိုင်ငံသား ကလေးတစ်ယောက်အဖို့ ပညာရေးအခွင့်အရေးမှာ တန်းတူညီမျှ ရှိမယ်လို့ ထင်ပါတယ်။

ခင်လေးငယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...