Thursday, October 13, 2011

စတိဗ်ဝေါ့ဇနစ် (Steve Wozniak) (အက်ပဲလ် ကွန်ပျူတာ ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ)

by Moenge Aung on Friday, October 14, 2011 at 9:32am


Envoy News Originally posted 22/09/2011 11:16AM

၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၁ ရက်မှာ မွေးဖွားခဲ့တဲ့ စတိဗ်ဝေါ့ဇနစ်ရဲ့ ငယ်နာမည် အပြည့်အစုံက စတီဖင်ဂါရီ ဝေါ့ဇ်ဝေါ့ဇနစ် (Stephen Gary Woz Woznaik) ဖြစ်ပြီး၊  သိပ္ပံပညာနဲ့ နည်းပညာ ဆိုင်ရာ စာအုပ်တွေ ဖတ်ရင်းက ဒီဇိုင်း ဘာသာရပ်ကို အထူး စိတ်ဝင်စားသွားခဲ့ပါတယ်။ နောက်တော့ အမေရိကန် ကွန်ပျူတာ အင်ဂျင်နီယာလေး ဖြစ်လာတယ်။ ဝေါ့ဇနစ်ဟာ စတိဗ်ဂျော့ (Steve Jobs) နဲ့ ရော်နယ်ဝိန်း (Ronald Wayne) ဆိုတဲ့ မိတ်ဆွေ နှစ်ဦးနဲ့အတူ အက်ပဲလ် ကွန်ပျူတာ ကုမ္ပဏီ (Apple computer,Inc) ကို ပူးတွဲ တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီ အမည်ကို ''Apple Inc" ဆိုပြီး ပြောင်းခဲ့တာ တွေ့ရပါတယ်။


စတိဗ်ဝေါ့ဇနစ်ဟာ ၁၉၇၀ ပြည့်နှစ် တစ်ဝိုက်မှာ တစ်ကိုယ်ရည်သုံး ကွန်ပျူတာကို စတင် ဖန်တီးခဲ့တယ်။ သူတီထွင်ခဲ့တဲ့ Apple I, Apple II ကွန်ပျူတာတွေကို သုံးစွဲသူတွေ စိတ်ကြိုက်တွေ့ခဲ့ကြတာကြောင့် သူ့အမည်ဟာ ကွန်ပျူတာ လောကမှာ ထင်ရှား လူသိများလာခဲ့တယ်။ ဒါ့ကြောင့် သူ့ကို ချစ်ကြတဲ့ သုံးစွဲသူတွေက သူ့အမည်ကို နာမည်ပြောင်တွေ ပေးပြီး ခေါ်ခဲ့ကြတဲ့ အထိပါပဲ။ သူ့အမည်ပြောင်တွေက "The Woz", "Wonderful Wizard Woz", နဲ့ "i Woz" တွေ ဖြစ်ကြတယ်။ ဒီနေ့ခေတ် လူတွေ နှုတ်ဖျားမှာ ရေပန်းစားနေတဲ့ Apple ဆိုတာဟာ ၁၉၇၀ ပြည့် ဝန်းကျင်လောက်က စတင် အခြေတည်ခဲ့ရတာပါ။ ဝေါ့ဇနစ်ဟာ စတိဗ်ဂျော့နဲ့ မိတ်ဆွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ကွန်ပျူတာကို အကောင်းဆုံး အနေအထား တစ်ရပ် ဖြစ်အောင် တီထွင် ဖန်တီးဖို့ ကြိုးပမ်းခဲ့တယ်။ အဲဒီအချိန်က ကွန်ပျူတာတွေ ဆိုတာ ဒီနေ့ခေတ်လို အရွယ်အစား သေးသေး မဟုတ်ကြပါဘူး။ “ကွန်ပျူတာတွေက အရွယ်အစား ကြီးလွန်းနေတဲ့ အတွက် အလုပ် သိပ်မဖြစ်နိုင်သေးဘူး၊ ဒါ့ကြောင့် အရွယ်အစား သေးသေးနဲ့ စွယ်စုံ အသုံးချနိုင်မယ့် ကွန်ပျူတာစနစ် ဖန်တီးဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချခဲ့တယ်” လို့ ဝေါ့ဇနစ်က သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်မှ ထည့်သွင်း ရေးသားခဲ့တာ တွေ့ကြရပါတယ်။

ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အတွက် ဝေါ့ဇနစ်ဟာ သူ့ရဲ့ HP သိပံ္ပဂဏန်းတွက်စက်ကို ရောင်းချခဲ့ရသလို စတိဗ်ဂျော့ကလည်း သူစီးနေတဲ့ ဗင်ကားလေးကို ရောင်းထုတ်ခဲ့ရတယ်။ ဝေါ့ဇနစ်ရဲ့ နေအိမ်မှာ ဆိုရင် ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ တစ်ပုံတစ်ပင်နဲ့ ရှုပ်ထွေးနေခဲ့တာပါ။ သူဟာ ၁၉၇၅ ခုနှစ်မှာ ဘာကလေမှာ ရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က ထွက်ခဲ့ပြီး ဟာ့ဒ်ဝဲ (Hardware)၊ ဆော့ဖ်ဝဲ (Software)၊ ဆားကစ်နဲ့ ဒီဇိုင်းပညာတွေကိုသာ တစိုက်မတ်မတ် လေ့လာ ဆည်းပူးနေခဲ့ပါတယ်။ သူနဲ့ စတိဗ်ဂျော့တို့ ပူးပေါင်း ဆောင်ရွက်နေမှုကို အားပေးတဲ့ အနေနဲ့ပါလို့ အယ်လ်တို အခြေစိုက် ဟုမ်းဘရူး ကွန်ပျူတာကလပ် (Palo Alto-based Homebrew Computer Club) က အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီ ကလပ်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး အလွန် စိတ်ဝင်စားတဲ့ ကလပ် တစ်ခု အဖြစ် လူသိများပါတယ်။ ၁၉၇၆ ခုနှစ် ဧပြီလ ၁ ရက်မှာတော့ ဝေါ့ဇနစ်နဲ့ စတိဗ်ဂျော့တို့ ပူးပေါင်း တီထွင်တဲ့ အက်ပဲလ် ကွန်ပျူတာ (Apple Computer) ဆိုတာ အောင်မြင်စွာနဲ့ ပေါ်ထွက်လာပါတော့တယ်။ ဒီအခါမှာ ဝေါ့ဇနစ်ဟာ အက်ပဲလ် ကွန်ပျူတာ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး သုတေသန လုပ်ငန်းတွေကိုလည်း အဆက်မပြတ် ကြိုးပမ်း အားထုတ်နေခဲ့ပါတယ်။

သူတို့ နှစ်ဦးရဲ့ ပထမဆုံး လက်ရာ Apple I Computer ဟာ Altair 8800 ဒီဇိုင်းနဲ့ ခပ်ဆင်ဆင် ဖြစ်နေပေမယ့် တစ်ကိုယ်ရည်သုံး ကွန်ပျူတာ အဖြစ်နဲ့ကတော့ ပထမဆုံးလို့ ပြောလို့ရပါတယ်။ ဒီအချိန်မှာ ပေါလ်တာရဲလ် (Paul Terrel) ဆိုသူက ကွန်ပျူတာ အရောင်းဆိုင်သစ် ဖွင့်ဖို့ ကြုံကြိုက်နေတာနဲ့ သူတို့ဆီက ကွန်ပျူတာ လုံးရေ ၅၀ ကို ဝယ်ယူခဲ့တာ တွေ့ရတယ်။ ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီ အတွင်းက စတိဗ်ဝေါ့ဇနစ်ဟာ ကိုယ်ပိုင် လေယာဉ်နဲ့ ခရီးသွားရင်း မတော်တဆမှု ဖြစ်ပေါ်ခဲ့ပေမယ့် သေကံ မရောက်ခဲ့ပါဘူး။ အခုဆိုရင် စတိဗ်ဂျော့နဲ့ ပူးပေါင်း ထုတ်လုပ်ခဲ့တဲ့ အက်ပဲလ် ကွန်ပျူတာတွေဟာ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

Ref;Wikipedia
ကေဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...