Saturday, October 29, 2011

ယုံကြည်ချက်ကြောင့် သုံးကြိမ်မြောက် အလည်ရောက်ပြီးနောက် ဗန်းမော်တင်အောင် ရုပ်ပုံလွှာ

( ရေးသားသူ- ချမ်းငြိမ်း)

by Lu Maw on Saturday, October 29, 2011 at 6:38pm
နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်လာသောအကျဉ်းသားများ၏ သတင်းမီဒီယာများတွင် မြင်တွေ့ဖတ်ရှုရပါသည် ။ နိုင်ငံရေး ယုံကြည်ချက်တစုံတရာကြောင့် ပြစ်ဒဏ်ကျခံနေရသော ပုဂ္ဂိုလ်တချို့ လွတ်မြောက်လာသောအခါ ၀မ်းသာရမလို မလွတ်မြောက်သေးသူတချို့ အတွက်လည်းတစ်နေ့ လွှတ်ပေးနိုးနိုး မျှော်လင့်နေဆဲမှာပင် အာက်တိုဘာနောက်ဆုံးအပတ်ရောက်လာသည်။

ထိုအောက်တိုဘာနောက်ဆုံး အပတ်မှ နေ့ရက်တစ်ရက်သည် အမှတ်ရစရာလူပုဂ္ဂိုလ် တစ်ဦး ၊ ဆိုရလျှင် ကိုယ်ကျိုးမဖက် ယုံကြည်ချက်ကြောင့် အစိုးရမင်အဆက်ဆက်တွင် မကြာခဏ ထောင်တွင်းပြစ်ဒဏ်ကျခံခဲ့ရသော သတင်းစာဆရာ ၊ စာရေးဆရာ ဗန်းမော်တင်အောင် ကွယ်လွန်သောနေ့ဖြစ်ပါသည်။ တိတိကျကျ ဆိုရပါလျှင် ၁၉၇၈ အောက်တိုဘာ ၂၃ သည် ဗန်းမော်တင်အောင်ကွယ်လွန်သောနေ့ဖြစ်ပြီး အောက်တိုဘာ ၂၇ သည် ဗန်းမော်တင်အောင် အားမီးသဂြိုဟ်၍ ဂူသွင်းမြှုပ်နှံသောနေ့ရက် ဖြစ်ခဲ့သည်။


ထို့ကြောင့် ယခု အောက်တိုဘာ ၂၃ သည် ဗန်းမော်တင်အောင် ကွယ်လွန်သော (၃၃) နှစ်တင်းတင်းပြည့်သောနှစ်ဟုလည်း ဆိုနိုင်သည်။ မိမိယုံကြည်ရာကို တစ်သက်လုံးဆုပ်ကိုင်၍ စာပေရေးသားမှုဖြင့် လူထုအကျိုးပြုခဲ့သော ၊ ယုံကြည်ချက်ကြောင့်ထောင်နှင့်တစ်ကျွန်းပို့ခံရပြီးနောက် လွတ်မြောက်လာသောအခါ လုံးပါးပါးခဲ့ရသည့် ဗန်းမော်တင်အောင်၏ ပုံရိပ်ကိုရေးချယ်သွားပါမည်။

            ဗန်းမော်တင်အောင်ဆိုတာ

စစ်ပြီးခေတ်နှင့် ဖဆပလ အစိုးရခေတ်တွင် လူငယ်ထုကို အလွှမ်းမိုးနိုင်ဆုံး စာရေးဆရာ တစ်ဦးမှာ ဗန်းမော်တင်အောင်ဖြစ်သည်။ ဘုန်းမောင့်တစ်ယောက်တည်းရယ် နှင့် လွမ်းရစ်တော့သက်လှယ်ရယ် ၀တ္ထုတို့ဖြင့် လူငယ်ထုကို ဖမ်းစားနိုင်ခဲ့သော ဗန်းမော်တင်အောင်သည် အချိန် တိုတိုနှင့် နိုင်ငံကျော် စာရေးဆရာ တစ်ဦးဖြစ်လာသည်။ ပဲခူးမြို့သား ဖြစ်သော်လည်း ငယ်စဉ်က နေထိုင်ဖူးသော ဗန်းမော်မြို့ကို စွဲနေ၍ စာရေးသောအခါ ဗန်းမော်တင်အောင်ဟု အမည်ပေးခဲ့သည်ဆို၏။ ဗန်မော်တင်အောင်ည်ထိုခေတ်က တိုးတက်သောအမြင်ရှိသူပုဂ္ဂိုလ်များအတိုင်း မက့်စ်ဝါဒအပေါ် ညွှတ်နူးစိတ်ရှိခဲ့သော်လည်း စင်စစ်တွင်မူ မည်သည့်ပါတီ ဂိုဏ်းဂန အစွဲမထား ပြည်သူလူထုနှင့် တစ်သားတည်းကျကျနေထိုင်၍ ပြည်သူ့ အရေးအရာများကိုသာ ရည်ညွှန်းဖော်ဆောင်ရေးသားခဲ့သဖြင့် လူထုက နှစ်ခြိုက်သော စာရေးဆရာ ဖြစ်လာသည်။ ၀တ္ထုရေးစက အဖွဲ့အနွဲ့၊ အလွမ်းအဆွေးများပါသော ဇာတ်အိမ် ဇာတ်ကွက်များစီခြယ်ရေးခဲ့သော်လည်း တဖြည်းဖြည်းသူ့စာများသည် ခေတ်နှင့်လျော်ညီမှု ရှိသော၊ ခေတ်ကိုထင်ဟပ်စေသော၊ ဖြတ်သန်းနေသော ခေတ်၏အကြောင်းအရာများကို တစ်စိုက်မတ်မတ် ရေးလာ၍ ဖဆပလအစိုးရက အာရုံစိုက်လာသည်။ ဗန်းမော်တင်အောင်သည် မဂ္ဂဇင်းများတွင် ရေးသားယုံမက လုံးချင်းဝတ္ထုများပါ ရေးသားနေရာမှ အားမရသေး၍ တစ်ပတ်တကြိမ်ထုတ် လင်းယုန်ဂျာနယ်ကိုထုတ်၏ ။ ထို့နောက် နေ့စဉ်ထုတ်သတင်းစာကြီးတစ်စောင် ဖြစ်လေအောင် ကြံဆောင်လုပ်ကိုင်လေသည်။

ဗန်မော်တင်အောင် ထုတ်ဝေသော လင်းယုန်ဂျာနယ် နှင့် လင်းယုန်သတင်းစာ တို့မှာ အရေးအသားထူးခြား တောက်ပြောင်လွန်း၍ စာပေလွတ်လပ်ခွင့်ပေးသည်ဆိုသော ဖဆပလအစိုးရ၏ မျက်မုန်းကျိုးမှုကိုပင်ခံရသည်။ ၁၉၅၂ ခုနှစ်သည်ကား ဗန်းမော်တင်အောင် စန်းအပွင့်ဆုံးနှစ်ဖြစ်သည်။ သူပုန်ကြီး ၊ ပြည်တော်သာ ခင်ခင်ဦး နှင့် အမေ စသည့် ၀တ္ထုကြီးသုံးအုတ်ကအစိုးရကို ဝေဖန်ထိုးနှက်သည်ဆိုကာ ဗန်းမော်တင်အောင်သည် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံရလေသည်။ ဗန်မော်တင်အောင်မှာ လွတ်လပ်ပြီးမြန်မာနိုင်ငံ၌ ဖဆပလအစိုးရလက်ထက် ပထမဦးဆုံးထောင်ဒဏ်ချမှတ်ခံရသော စာရေးဆရာ ဖြစ်ခဲ့သည်။

ဗန်းမော်တင်အောင်သည် လူပုဂ္ဂိုလ်အားဖြင်မူ အရပ်ခြောက်ပေခန့်၊ အသားလတ်လတ်၊ မျက်ခုံးမျက်လုံးကောင်းကောင်း ၊ ငယ်စဉ်ကအားကစားလိုက်စား၍ တောင့်တင်းကျစ်လျစ်သောခန္ဒာ ကိုယ်ကအ၇ပ်အမောင်းနှင့် ကိုက်ညီလှသည်။ တစုံတရာကိုသဘောကျ၍ ရယ်လိုက်သောအခါ ဖြူဖွေးညီညာသောသွားများစီတန်းပေါ်လာသည်။ သူ့စာများက မာသလောက် လူကသိမ်မွေ့နူးညံ့သည်။ တဖတ်သားကိုသိသိမသိသိမည်သည့်အခါ တွင်မဆို အကူအညီပေးရန်အသင့်။ စကားပြောလျှင် မျက်လုံးချင်းဆိုင်၍ မေတ္တာစွက်သော မျက်နှာဖြင့် သိမ်သိမ်မွေ့မွေ့ ပြောတက်ရာ လူချစ်လူခင်ပေါလှသည်။ ဗန်းမော်တင်အောင်နှင့်အတူ ယှဉ်တွဲလျှောက်ရသူသည် စိတ်မရှည်တတ်။ ဗန်းမော်တင်အောင်မှာ ရောက်လေရာရာ၌ တွေ့ဆုံနှတ်ဆက်သူမနည်း၍ သူနှင့် လိုက်ပါရသူမှာ စောင့်စောင့်နေရသည် ဆို၏။
အရက်သေစာ သောက်စားခြင်းအလှဉ်းမရှိ ။ သူကြည်ညို လေးစားသော ဂျာနယ်ကျော် ဦးချစ်မောင်လို လက်ဖက်ရည်ကိုသာ မပြတ်သောက်တကတ်သည်။ တစ်ရက်လျှင် လက်ဖက်ရည် ခုနှစ်ခွက် ၊ ရှစ်ခွက် လောက်သောက်တတ်သည်။ သူသောက်သလိုတဖတ်လူကို တိုက်ဖို့ရာလည်း ဘယ်တော့မှဝန်မလေး။ တစ်ခါတစ်ခါ သုံးလေးရက်ဆက်ပျောက်သွားတတ်သည်။ တစ်နေရာရာမှာ ပုန်းလျှိုးကွယ်လျှိုး စာသွားရေးနေခြင်းဖြစ်သည်။

            ပထမအကြိမ် ထောင်က လွတ်စဉ်က

ဖဆပလအစိုးရ၏ ပုဒ်မ-၅ဖြင့်ထောင်ခုနစ်နှစ်ကျခံရသော ဗန်းမော်တင်အောင်သည် ပဉ္စမသင်္ဂါယနာတင် အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား လွှတ်ပေးရာတွင်ပါဝင်ခဲ့ပြီး ငါးနှစ်ခန့်သာ ထိန်းသိမ်းခံခဲ့ရသည်။ ထောင်တွင်း အကျဉ်းကျစဉ်က ဗန်မော်တင်အောင်သည် လူထုဦးလှနှင့်အတူ သက်ဆိုင်ရာအား ခွင့်တောင်း၍ ထောင်တွင်း စာဆိုတော်နေ့ကို ကျင်းပခဲ့သည်။ ထိုစာဆိုတော်နေ့အထိန်းအမှတ်ပွဲသို့  ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ပင့်ဖိတ်ကာ ကန်တော့ခဲ့ကြသည်။

ပထမအကြိမ် ထောင်မှလွတ်လာသာ လင်းယုန်သည်ပို၍ မြင့်မြင့် ပျံတက်ရန် စီုပ်ကိုင်လေသည်။ ဗန်းမော်တင်အောင်သည် ၃၇နှစ်ရှိပြီ ဖြစ်ရာ အတွေအကြုံလည်း အတော်စုံ၍ အင်တိုက်အားတိုက် ကိုယ်ရောစိတ်ပါ လုပ်ကိုင်နိုင်တုန်းဖြစ်သည်။ ပထမဦးဆုံး လင်းယုန်ဂျာနယ်ကို ပြန်လည် အသက်သွင်းသည်။ အရှိန်ရလာသောအခါ လင်းယုန်သတင်းစာကို ပြန်လည်ထုတ်ဝေသည်။ လင်းယုန်သတင်းစာသည် ဗန်းမော်တင်အောင်၏ ကြိုးပမ်းမှုဖြင့် ထောင်မကျခင်ကလို ပြန်လည်ထွက်ရှိလာသည်။ သတင်းစာဆရာကြီး ဦးညိုမြ(အိုးဝေ) ကိုချစ်သလို ဗန်းမော်တင်အောင်သည် သူ၏ (လင်ယုန်) ကို တစ်သွေးတစ်မွေးဖြစ်အောင်လုပ်ကိုင်လေသည်။ လင်းယုန်သတင်းစာမှနေ၍ လူထုအတွင်းဖြစ်ပျက်နေသော အခက်အခဲများ၊ ထူးခြားသည့် သတင်းဖြစ်ရပ်များ၊ အရေးကြီးသည့် အယ်ဒီတာ့အာဘော်ရေးသားဖော်ပြရုံမျှမက ကိုရီးယားပြည်တွင်းစစ် စသည့် နိုငှ်ုံတကာရေးရာ အခြေအနေတို့ကိုပါ လူထုသိစေရန် ထုတ်ဝေဖြန့်ချီခဲ့သည်။ သတင်းစာ၊ ဂျာနယ်ထုတ်သလို တစ်ဖက်ကလည်း ပြောင်မြောက်သော ၀တ္ထုကြီးများကို ရေးခဲ့ရာ မုန်တိုင်းကထန် (၁၉၅၇)၊ ငသြ (၁၉၅၇)၊ ချောကလက်ဗိုလ်ကြီး (၁၉၅၈)၊ မြိုင် (၁၉၅၈) တို့မှာထင်ရှားခဲ့သည်။ သို့ရာတွင် ....ဗန်းမော်တင်အောင်သည် ထောင်နှင့် ရေစက်ပါလာသည်လား မပြောတတ် ။ တော်လှန်ရေးအစိုးရတက်ပြီးမကြာ ၁၉၅၈ တွင် ဒုတိယအကြိမ် ထိန်းသိမ်းခံရလေသည်။ လင်ယုန် သတင်းစာသည် ဒုတိယအကြိမ် ထုတ်ဝေမှုတွင် တစ်နှစ်နှင့်ရပ်ဆိုင်းခဲ့ရသော်လည်း လင်းယုန်ဂျာနယ်သည်ကား ဗန်းမော်တင်အောင် ဒုတိယအကြိမ် ထောင်ကျစဉ် အတွင်းဆက်လက်ထုတ်ဝေနေပြီး သုံးနှစ်အကြာ ၁၉၅၉ ခုနှစ်တွင်မှ ရပ်နားခဲ့ပါသည်။

              ဒုတိယအကြိမ် ထောင်မှလွတ်စဉ်က

၁၉၆၀ အောက်တိုဘာလတွင် ဗန်းမော်တင်အောင် ဒုတိယအကြိမ် ထောင်မှလွတ်ပြန်သည်။ယခုတစ်ကြိမ်တွင်မူ ဗန်းမော်တင်အောင်သည် အနည်းငယ်ကျသွားပြီ။ ပထမအကြိမ်လွတ်စဉ်က အလုပ်များတရပ်စပ်လုပ်ကိုင်ခြင်းနှင့် ဒုတိယအကြိမ် ထောင်ကျစဉ်အတွင်း စစ်ဆေးမေးမြန်းခံရခြင်း အာဟာရမပြည့်ဝသော အစားအစာများကိုသာ စားသုံးခဲ့ရ၍ ကျန်းမာရေးသည် ယခင်ကလိုဒေါင်ဒေါင်မြည် မဟုတ်တော့။  ရုပ်ရည်ကျဆင်းမှု သိသိသာသာမရှိသော်လည်း ယခင်ကလို ကြံခိုင်မှုမရှိတော့။ ဗန်းမော်တင်အောင်သည် ထောင်အတွင်းကျန်းမာရေးကို အထူးဂရုတစိုက် နေခဲ့သူဖြစ်ပါသည်။ အုန်းပင်စိုက်ခြင်းဟုခေါ်သော နံရံကိုမှီ၍ ကင်းမြီးကောက်ထောင် လေ့ကျင့်ခန်းကို မှန်မှန် လုပ်ခဲ့သည်။ သို့ပါသော်လည်း စိတ်ပင်ပန်းခြင်း၊ လူပင်ပန်းခြင်ဒဏ်က ရုပ်ကိုလောင်ဟပ်စပြုနေပြီ။

ဒုတိယအကြိမ်ထောင်မှလွတ်သောအခါ ဗန်းမော်တင်အောင်သည် သတင်းစာ ၊ ဂျာနယ်များထုတ်ဝေခွင့်မသာတော့၍ လုံးချင်းစာအုပ်များကိုသာ ဖိရေးလေသည်။ ထိုကာလက ဗန်းမော်တင်အောင်ရေးခဲ့သော စာအုပ်များအနက် ဘာလင်ပြသနာ (၁၉၆၁)၊ ရဲဘော်အောင်ဒင် (၁၉၆၂)၊ ရိုးမတိုက်ပွဲ (၁၉၆၂)၊ မြန်မာနိုင်ငံတော်သမိုင်း (၁၉၆၂)၊ ဆိုရှယ်လစ်ဋီကာ (၁၉၆၃)၊ ဆိုရှယ်လစ်အဘိဓာန် (၁၉၆၃)၊ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း(၁၉၆၄)၊ အညတြကြက်တော (၁၉၆၅) တို့မှာထင်ရှားသည်။ မမကြီးဝတ္ထုသည် ဖဆပလအစိုးရ အရာရှိကတော်တစ်ဦး၏ ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အဖြစ်အပျက်အမှန်ကို ဇာတ်အိမ်တည်ရေးသားခဲ့ရာ ၁၉၆၀ စာပေဗိမာန် ၀တ္ထုရှည်ဆု ချီးမြှင့်ခံရသောလည်း ဗန်းမော်တင်အောင်သည် ဆုကိုလက်မခံခဲ့ ။ ယင်းသို့စာအုပ်တွေ ဆက်တိုက်ရေးရင်း တစ်ဖတ်၌လည်း အစည်းပြေသွားသော အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် လက်တွဲလုပ်ကိုင်ခဲ့သည်။၁၉၆၃ နိုဝင်ဘာတွင်ကျင်းပသည့် တော်လှန်ရေးကောင်စီနှင့် တောတွင်လက်နက်ကိုင် အင်အားစုများ၏ ဆွေးနွေးပွဲအပျက်တွင်ဗန်းမော်တင်အောင် အဖမ်းခံရပြန်သည်။ထောင်ခဏခဏ ကျနေ၍လားမသိ၊ ဗန်းမော်တင်အောင်အား ထောင်တွင်းခဏသာထား၍ မရောက်ဖူးသေးသော ကိုကိုးကျွန်းကျခံရန် ပို့ဆောင်လိုက်လေသည်။

                 တတိယအကြိမ် ထောင်နှင့် တကျွန်းကျခံရပြီးနောက်

ပျိုနုသောအချိန်များ တိုက်စာခံရလေပြီ ၊ပျိုမျစ်နုနယ်မှုနှင့် တက်ကြွလုပ်ကိုင်နိုင်သော အရည်အသွေးများကို ထောင်ကစုပ်ယူ ၀ါးမျိုခဲ့ချေပြီ။ ပျိုရွယ်ချိန် လုပ်နိုင်ကိုင်နိုင်သော နေ့ရက်တစ်ရက်သည် မကျန်းမာဖြစ်၍ အိပ်ရာထက်လဲနေရသော တစ်လနှင့် လဲနိုင်မည်မဟုတ်ပါ။ ထောင်နှင့်တစ်ကျွန်းသို့ သုံးကြိမ်မြောက်အလည်ရောက်ပြီး ပြန်လွတ်လာသော ဗန်းမော်တင်အောင် သည် ရုတ်တရက်မှတ်မိဖွယ်ရာမရှိတော့၊ သွားတွေမရှိတော့၍ အံကပ်ထည့်ထားရသည်။ ယခင်က ထောင်ထောင်မောင်းမောင်း ခန္ဒာကိုယ်သည် ညှိုးချုံးကျဆင်းကာ အဟာရမပြည့်ဝ၍ မေးရိုးနှင့် မျက်တွင်းများ ဟောက်ပက်ငေါထွက်နေသည်။ တစ်ချိန်က ဒါရိုက်တာ ဦးသုခမင်းသားတင်ရိုက်ချင်သော ရုပ်ရည်မျိုး မဟုတ်တော့။ လမ်းလျောက်သောအခါ မြင့်မားသောအရပ်အမောင်းနှင့် ကိုက်ညီသည့်ခန္ဒာကိုယ်မရှိတော့၍ ကိုင်းကိုင်းကြီး ဖြစ်နေတတ်သည်။

သိုရာတွင် ဗန်းမော်တင်အောင်၏ မျက်လုံးများကားအရောင်မပြောင်း၊ ယခင်ကအတိုင် ဖော်ဖော်ရွေရွေ ရွှန်းရွှန်းတောက်တောက် ရှိသေးသည်။ ဗန်းမော်တင်အောင်သည် စာရေးဆရာသက်တန်းတလျှောက် ထောင်နှင့်ကျွန်း၌သာ အနေများခဲ့သူဖြစ်သည်။ သူ့ကို အပြင်မှာမြင်တွေ့ရသည်ထက် အထဲရောက်နေ၍ မမြင်ရတာများသည်ဟု ခေတ်ပြိုင်စာရေးဆရာအချို့က ဆိုကြသည်။ သည်ကြားထဲထောင်မှလွတ်သည်နှင့် ဆူးရှတောက်ပြောင်သောစာများ၊ ဆောင်းပါးများ မပြတ်ရေးနိုင်၍ လုပ်ဖော်ကိုင်ဖက်အချို့က သူ့စွမ်းဆောင်ရည်ကို သြချကြသည်။

တတိယအကြိမ် ကျွန်းမှပြန်လာသော ဗန်းမော်တင်အောင်သည် ၄င်းရေးချင်သည့် လုံးချင်းများရေးခွင့်မသာတော့ ထိုအခါ အတ္ထုပ္ပတ္တိများ၊ သိပံ္ပကျမ်းများနှင့် လူမှုသိပံ္ပပညာနှင့် စပ်လျဉ်းသော စာအုပ်များဘက်ဦးလှည့်ရတော့သည်။အဏုစကြာဝဋ္ဌာ(၁၉၇၄)၊ အိန်စတိန်းနှင့်သူ၏ဓမ္မတရား (၁၉၇၅)၊ သဘာဝတ္တ (၁၉၇၆)၊ ရုပ်ကမ္ဘာ (၁၉၇၈) တို့သည် ထင်ရှားသောစာအုပ်များ ဖြစ်ကြသည်။ ထို့အပြင် လူအမည်ရှိ လူမှုသိပံ္ပကျမ်း နှင့် ဂျက်လန်ဒန်၏ ဘ၀နှင့် စာပေတို့မှာ နောက်ဆုံးရေးသားခဲ့သော စာအုပ်များ ဖြစ်လေသည်။

ကျွန်းမှပြန်လာသော ဗန်းမော်တင်အောင်ကို မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ ပင်းယစာအုပ်တိုက်၌ ထိုင်ကာ စာရေးနေသည်ကို မြင်ရလေ့ရှိသည်။ စာရေးရင်း မိတ်ဆွေတစ်ဦးဦးရောက်လာပါက လက်ဖက်ရည် မှာတိုက်ပြီး စကားစမြည်ပြောဆိုလေ့ရှိသည်။ စာမရေးဖြစ်သောအခါ ဗန်မော်တင်အောင်သည် ညှိုးချုံးသောမျက်နှာဖြင့် တစ်နေရာရာကို တွေတွေကြီး ငေးနေတတ်သည်ကို မိတ်ဆွေစျာေရးဆရာများက ဂရုဏာသက်ကြသည်။ ထိုအတောအတွင်း ကျန်းမာရေးအလွန်ချို့ယွင်းလာ၍ ဆေးရုံတက်လိုက် ၊ပြန်ဆင်းလိုက် ၊ ပြန်တက်လိုက် နှင့် လုံးလည်လိုက်နေ၏။ အဆုတ်ကင်ဆာဆိုသောရောဂါဆိုးကြီးက ဗန်းမော်တင်အောင်အားချွတ်ခြုံကျသွားအောင် အပြီးတိုင် ဆွဲခေါ်ရန် ကြိုားး၏။ ထောင်ထဲတွင် နှစ်ရှည်လများနေခဲ့ရသော ကိုယ်ခန္ဓာက ကင်ဆာဆဲလ်တို့ကို မတုံပြန်နိုင်တော့ပြီ ။၅၈ နှစ်အရွယ် ၁၉၇၈ အောက်တိုဘာ ၂၃ရက် ည ၇ နာရီ ၁၀မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ သွေးနှစ်ခါ န်စဉ် ဒုတိယအကြိမ် အန်သောအခါ အသက်ပါ သွားလေသည် ။ တန်ဖိုးရှိသော ကြယ်တစ်စင်း မြေခရခြင်း.....။

           ကြေကွဲသောပုံရိပ်

"ကျွန်တော့်မှာ မခင်ဦးသာကိုချစ်ရတဲ့ အတ္တတစ်ခုတည်းသာ ရှိပါတယ်ဗျာ" ဟု ဗန်းမော်တင်အောင်မကြာမကြာ ပြောတတ်သော ဇနီးဖြစ်သူသည် ဗန်းမော်အောင်၏ အကောင်းဆုံးသော ပါရမီဖြည့်ဖက်လည်း ဖြစ်ခဲ့သည်။ မူလက သားဖွားဆရာမလုပ်ကိုင်ခဲ့သော ဗန်းမော်တင်အောင်၏ ဇနီးသည် ဗန်းမော်တင်အောင်ဆုံးသောအခါ သားသမီးခြောက်ယောက် နှင့်အတူ ဘ၀ကိုရုန်းကန်ရရှာလေသည် ။ လမ်းစဉ်ပါတီခေတ်တွင် သားသမီးခြောက်ယောက်နှင့် ကျိုက္ကဆံစေတီတော်အနီး ရပ်ကွက်ဈေးလေး၌ ကြက်ဥများရောင်းချ၍ စားဝတ်နေရေး ဖြေရှင်းရသည့် ကာလတစ်ခုရှိခဲ့သည်။ ထိုအတောအတွင်း ကြေးမုံသတင်းစာတိုက်မှ လူလတ်ပိုင်းသတင်းစာဆရာ၊ စာရေးဆရာတစ်ဦးသည် ဗန်မော်တင်အောင်၏ ဇနီမှန်သိ၍ ကြက်ဥမှန်မှန်ဝယ်ယူအားပေးခြင်းပြု၏ ။ ဗန်းမော်တင်အောင်၏ ဇနီးကား ထိုလူငယ် မည်သည့်အသက်မွေးမှုပြုသည်မသိ ၊ ၄င်းတို့ကြားရင်းနှီးလာသောတစ်နေ့ စကားစပ်မိကြသည်။
"သားက ဘယ်မှာ အလုပ်လုပ်သလဲ"
" ကျွန်တော် သတင်းစာတိုက်မှာ လုပ်တာပါ "
"စာတွေဘာတွေ ရေးသေးလား"
" နည်းနည်းပါးပါး ရေးပါတယ်"

ဤတွင် ထိတ်လန့်တုန်လှုပ်သော အကြည့်ဖြင့် မော်ကြည့်ရင်းပြောလိုက်သောစကားမှာ  ဤသို့ဖြစ်သည်။
" စာရေးတယ် ဟုတ်လား၊ စာရေးဆရာ မလုပ်ပါနဲ့သား၊ စာရေးဆရာ မလုပ်ချင်ပါနဲ့"

မည်သို့သော စိတ်ကူးဖြင့်ပြောသည်မသိ ထိုအဖြစ်အပျက်လေးသည် ဗန်းမော်တင်အောင်နှင့် ပတ်သတ်၍ ယနေ့တိုင် ကြေကွဲရသော အဖြစ်အပျက်လေးဖြစ်ပါသည်။

(ကွယ်လွန်ခြင်း ၃၃ နှစ်ပြည့် အမှတ်တရ)
ချမ်းငြိမ်း

 အောက်တိုဘာ ၂၇ ရက်နေ့ထုတ် 7 DAY NEWS ဂျာနယ်မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...