Saturday, October 29, 2011

အဆိုးရွားဆုံးအခြေအနေအတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ် အစ်မ ရင်လတ်

 (Posted by ...အလင်းစက်များ )

by Young Tiger on Saturday, October 29, 2011 at 7:57pm

ဒီမနက် ကျနော် အိပ်ချင်မူးတူး ဖြစ်နေတုန်း Phone တစ်ကော ၀င်လာပါတယ်။ “တီတီ....... တီတွီ...... တွမ် တွမ်..... ” ။

“ဟဲလို....... ဟဲလို အမိန့် တွေ ပိုးစိုးပက်စက် ရှိလိုက်ပါနော်...... ”

အချိန်ကား ယပလက်ပြည်ဟု လူသိများ ထင်ရှားလေသော ထိုင်းနိုင်ငံမှာ သဘာဝဘေး ဒုက္ခ ရေကြီးခြင်း ကို ဗရုတ်ဗယက် အုတ်အော် သောင်းနင်း အဆိုးရွားဆုံး ကြုံတွေ့  နေရသော ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက် နေ့ ပေတည်း။



A bridge to nowhere (A Bridge too far မဟုတ်ပါ) National Disaster ဖြစ်ပါတယ်။

“ဗွမ်းဗွမ်း......... ဗွမ်းဗွမ်း........ ဗလန်း ဗလန်း၊ ဟောဟဲ.... ဟောဟဲ” တက်ဖက်ဖုန်းမှ ဟဲလို ထူးသံ မကြားရသေးပဲ ရေကူးသံ မောဟိုက်သံများသာ ကြားလိုက်ရသဖြင့် စိတ်ဝင်စားစွာ ကျနော် ဆက်နားထောင်နေ လိုက်မိပါသည်။


“ဟဲလို....... မောင်လတ်လား........... ဟော.... ဟဲ...... ဟောဟဲ”.......

“ဟုတ်ကဲ့ ခင်ဗျ...... ကျနော် ကိုလတ်ပါ” “အေးကွယ်...... ငါ့မောင် ကိုလတ်ရေ..... အစ်မတော့ အလုပ်တွေ မအားတာနဲ့  နင့်တောင် သတင်း မမေးမိဘူးဟယ်..... ဘယ့်နှယ့်လဲ အဆင်ပြေရဲ့လား၊ ရေဘေး အတွက် ပြင်ဆင် ထားရဲ့လား”

“အော်...... ဘယ်သူများလဲလို့  အစ်မရင်လတ် ကိုး” “နေပါဦး ဒီလောက် ရေကြီးနေတာ အစ်မက ဘာတွေ လုပ်နေတာတုန်းဗျ”

“ဟဲ့..... ဒီမှာ ရေဘေးဒုက္ခသည်တွေ ကယ်ဖို့  ရေကူးနေတာလေ” “မောရတဲ့ ကြားထဲ နင်ကလည်း စကားရှည်ထှာ”

“အစ်မရာ စတိုင်ပျက်ပါတယ်၊ ဘယ်နှယ့် ကိုယ့်ဖာသာ အေးအေးဆေးဆေး နေစမ်းပါ”

“အလိုတော် ကျုပ်လူတွေ ကျုပ်မှ မကယ်ရင် ဘယ်သူ လာကယ်မှာတုန်း” သူမက ခပ်ဆတ်ဆတ် ပြောသည်။


ဝန်ကြီးချုပ် ရင်လတ်ရှင်နာ ၀တ်ထရာနဲ့  ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝေချာချီပါ။

ဟုတ်သားပဲ။ သူမ ၀န်ကြီးချုပ်ဖြစ်နေတာ မေ့သွားသည်။ သူ့ လူတွေ လိုက်ကယ်ဖို့  သူ့ မမှာ တာဝန် ရှိသည်ပဲ။ ထိုင်းမှာ ရေကြီးနေတာ လွန်ခဲ့တဲ့ ၂ လ (သြဂုတ်လ ၂၀၁၁) ကထည်းက ဖြစ်ပါသည်။ ဒေါ်ရင်လတ် ၀န်ကြီးချုပ် ဖြစ်သည်မှာ မကြာသေး၊ သူ့ မ မှာ ရင်ဆိုင်မှု တွေ ပြင်းပြင်းထန်ထန် ကြုံတွေ့ ရသည်။ အနှစ် ငါးဆယ် အတွင်း အဆုံးရွားဆုံးသော သဘာဝ ဘေးဆိုးကြီးပါ။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နဲ့  မြောက်ပိုင်း ခရိုင်တွေမှာ မိုးတွေ သည်းထန်စွာရွာသည်။ ချင်းမိုင်မြို့ပေါ်မှာ ရေကြီးသည်။ ဆည်တွေ ကျိုးကျလောက်သည်တိုင် မိုးတွေဆွေခဲ့သည်။

မြောက်ပိုင်းကရေတွေက ပင်လယ်ရှိရာ တောင်ပိုင်း ဘန်ကောက်မြို့တော်ကို အလုံးအရင်းနှင့် စီးဆင်းလာခဲ့သည်။ ဘန်ကောက်ကို ရောက်မလာခင် ထိုင်းမြို့တော်ဟောင်း အယုဒ္ဓယ ကို လ အတန်ကြာ ရေအောက် ရောက်နေစေခဲ့သည်။ ရင်းနှီးမြုပ်နှံမှု ကြီးမားလှသော တိုရိုတာ ကားစက်ရုံ နှင့် အခြားသော စက်မှုဇုံများ ကြိုးစားတားဆီးလျက်က ရေအောက်သို့  ရောက်ခဲ့ရလေသည်။ ဘန်ကောက်မြို့ကို ရေမနစ်မြုပ်ဖို့ ရာ ကြိုးစားရင်းက မြောက်ပိုင်းမှ ရေတွေ ပင်လယ်ထဲ စီးဆင်းမှုအား တားဆီးသလို ဖြစ်သွားသည်။ တားလေ ရေထုထည်က မြင့်လာလေ၊ ပိတ်ကာထားလေလေ ဘန်ကောက် အပေါ်ဖက်က ရေမြုပ်ဧရိယာက လူတွေ နစ်နာဆုံးရှုံးမှု ပိုပိုများလာလေလေ ဖြစ်လာသည်။ ခုတော့ တစ်နိုင်ငံလုံး အတိုင်း အတာ အတွက် ဘန်ကောက်ကို အတိုင်းအတာနှင့် စတေးကြဖို့  ဆုံးဖြတ် လိုက်ကြလေပြီ။

“နင် သေသေချာချာ ပြင်ဆင်ထားရဲ့လား၊ နင်တို့  အိမ်နား ရေရောက်လာတော့မှာနော်၊ ခုတောင် ဒီမှာ ငါ ဆူကွန်ဗစ် ၅၄ က အိမ်တွေမှာ ကယ်ဆယ်ရေး လိုက်ဆင်းနေတာ။ နင်ပေါ့မနေနဲ့ ဦး။”

“အော်..... ဟုတ်ကဲ့ အစ်မ သောက်ရေ ၅ လီတာပုံး ၂ ပုံးအပြင် ရေပုံးအကြီး ၂ ပုံး ၀ယ်ပြီး လှောင်ထားလိုက်ပြီ အစ်မ”

“အေးအေး နင့်တစ်ယောက်စာဆို အတော်ပါပဲ” “ဒါနဲ့  ချိုးရေ အတွက်ရော”

“အာ........ အစ်မရယ်။ ဒီကိစ္စတော့ .... အင်း၊ ကြုံသလိုပေါ့ဗျာ”

“မီးဖြတ်လိုက်လို့  နင့်အထပ်ကို ရေ မရောက်ရင် ဘာနဲ့  ရေချိုးမတုန်းဟ” “ရေမချိုးပဲ နေမလို့ လား”

“အစ်မရယ်....... အစ်မရဲ့ ထိုင်းတွေ အတွက်ပဲ ပူစမ်းပါ၊ ကျနော်တို့  ရန်ကုန်မှာ နာဂစ်မုန်တိုင်း တိုက်ပြီး တစ်ပတ်ကျော်တဲ့ အထိ ရေမလာလို့  ရေမချိုးပဲနေခဲ့ဖူးတယ်။ အစ်မ ထိုင်းတွေသာ အလှအပ ကြိုက်က ကြိုက်နဲ့  ရေမချိုးမိုးမချိုး နေနိုင်မယ် မထင်ဘူး။ ကိုယ့်လူတွေ အတွက်သာ ကိုယ်စဉ်းစားလေ”

ကျနော်ရေ မချိုးပဲ နေသည့် အကြောင်း ကြားလိုက်ရလို့ ထင့် အဟွတ်လား၊ အဟုတ်လား၊ ဝေါ့ ကနဲအသံလား မသိ တစ်ဖက်မှ ကြားလိုက်ရသည်။ အတန်ငယ်ကြာမှ “အေး အစ်မ ရေကူးရင်း ပြောနေတာမို့  စကားပြတ်သွားတယ်။ စားစရာရော စုထားဆောင်းထားရဲ့လား နင် ပေါ့ပေါ့တန်တန်နဲ့ ဟယ်”

“အာ.. အစ်မရယ်။ မပူပါနဲ့  ကျနော် အကောင်းဆုံး ပြင်ဆင်ထားပါတယ်” “ပုစွန် တစ်ကီလို ၀ယ်တယ်လေ၊ အဲ့ဒါ ခေါင်းချွတ်ပြီး ဆီ၊ ကြက်သွန်နီ ဖြူ တွေနဲ့  လှိမ့်ထားလိုက်တယ်”

ထမင်းပေါင်းအိုးဖြင့် ချက်လိုက်သော ပုစွန် (အချို့အခွံမခွာနိုင်ပါ စိတ်မရှည်ဘူး)။

“ဟယ် ....... ရှလွတ်။ အစ်မတောင် စားချင်လာဘီဟယ်၊ ဒီမှာ ရေဒုက္ခ စီမံခန့် ခွဲ နေရတာနဲ့  တစ်နေ့ တစ်နေ့  ခေါက်ဖတ်ကိုင် (ကြက်ထမင်းကြော်) လေးနဲ့  တင်းတိမ်နေရတယ်” “နောက်ကော.....”

“အင်း....... ၀က် အသားချည်းပဲ တစ်ကီလို ၀ယ်တယ်လေအစ်မ၊ အဲ့ဒါ ထုံးစံအတိုင်း အနီအဖြူလေး တွေ နဲ့  ပြုတ်ကြော် လုပ်ထားလိုက်တယ်၊ မာဆလာက ၀ယ်လာပြီး ဘယ်နား ထားမိမှန်း မသိလို့  မထည့်လိုက်ရဘူး ဟဲဟဲ”

“အော.. ရေဘေး ဒုက္ခကြောင့် အတော်လေး ကသီနေတယ် မှတ်တာ” “အင်း ဘာကျန်သေးလဲ...”


ဝက်သားချက် (ပေါင်းအိုးထဲ ထည့်ပြုတ်သည်ဟု ပြောလျှင် ပိုမှန်ပါမည်)။

“အစ်မရယ် သိပ်မများလှပါဘူး၊ ကြက်သားလေး တစ်ကီလိုထဲပါ၊ အဲ့ဒါ လည်း နှပ်ထားလိုက်ပါတယ်”

“အောင်မလေး ၀န်ကြီးချုပ်အိမ်မှာတောင်........” စကားသံ ခဏ ပြတ်သွားပြီးနောက် “*******” (ထိုင်းလို အော်သံများ) ပြီးနောက် “ယား......... ယစ်စ်........ ဗွမ်း” ဟူသော အသံများနှင့် လူတစ်စု ၀ရုန်းသုန်းကား ဖြစ်နေကြသံများ သာ ကြားရလေသည်။ အတန်ငယ်ကြာမှ “ဟဲလို ကိုလတ်..... ကြားလား၊ အေး ဆောရီးဟာ ကလေးတစ်ယောက် ရေထဲ မျောသွားလို့  အစ်မ ဒိုက်ဗစ်ပစ်ပြီး လိုက်ဆယ်နေတာနဲ့  ” “အင်း... ဒါနဲ့  စကားဘယ်ရောက်.... အော်.... ကြက်သားချက်ရောက်ပြီ။ ပြီးတော့ရော အခြောက် အခြမ်း ဘာစု ထားသေးတုန်း”


ကြက်သားဆီပြန် (မခဥမထက်တော့ သာမည်ထင်သည် :D)

သူမ ခင်ဗျာ စိတ်ပူရှာလေသည်။ ဒီလောက် အလုပ်များနေတာတောင် ဖုန်းပြော မပြတ်ပဲ သတင်းမေး နေတဲ့ ၀န်ကြီးချုပ် အစ်မကို အတော်ပင် ချီးကျူးမိသည်။ တ၀ုန်းဝုန်း စီးဆင်းနေသော ရေအလျင် ကြားမှာပင် ဒေါင်းတင် မောင်းတင် လုပ်ရင်း ကိုင်ရင်း ကျနော့ကို ဖုန်းပြော မပြတ်။ တော်ချက်။ သမ္မကြီးတို့ နဲ့  များ ကွာချက်။

“ဆန် ၅ ကီလို သုံးထုတ်၊ ဆီက ၁ လီတာ တစ်ပုလင်း၊ အာလူး၊ ကြက်သွန်နီ၊ ဖြူ၊ ကြက်ဥ ၁၅ လုံး ၂ ကဒ်၊ ပဲဝါလေး ကီလိုဝက် တစ်ထုတ်၊ ကုလားပဲခြမ်း တစ်ထုတ်၊ ပဲနီလေး တစ်ထုတ်၊ ပေါင်မုန့် ကြမ်းက ၃ ထုတ်၊ ငါးသေတ္တာက ဗူးကဒ်ကြီး တစ်ကဒ်၊ သကြား၊ နို့ ဆီ၊ ခေါက်ဆွဲခြောက်က ပါကင် အထုတ်ကြီး တစ်ထုတ်၊ နောက် အထားခံတဲ့ မုန်လာဥနီနဲ့  အခြား အထားခံ အသီးအရွက်တွေ၊ အသားလုံး ငါးလုံး၊ အချိုရည်၊ ကော်ဖီ တွေ စုဆောင်းထားတယ်အစ်မ” “သိပ်များပါဘူး အစ်မရယ်.... :D”

“အယ်....... ငါ့အိမ်မှာ ပြတ်ရင် နင့်အိမ် လာယူမှထင်တယ်” ဟမ်..... ၀န်ကြီးချုပ်ကလည်း :P။

“တစ်ရှုးစက္ကူ နဲ့  အခြား အသုံးအဆောင်တွေလည်း ၀ယ်ဖြည့်ထားတယ်အစ်မ၊ စိတ်မပူနဲ့  နော်”... “အစ်မလည်း ဂရုစိုက်ဦး အလုပ်တစ်ဖက်နဲ့  ဖုန်းပြောနေတာ ပင်ပန်းနေပါ့မယ်၊ လုပ်စရာ ရှိတာ လုပ်ဦးလေ”

“အေးအေး .. အစ်မလည်း ဒီရပ်ကွက်က လူတွေ ရွေ့ပြီးရင် ခဏနားပြီး ဗျူတီပါလာ ၀င်လိုက်ဦးမယ်။ ညနေ အင်တာဗျုးရမယ်လေ၊ အဲ့ဒါ Design အသစ်လေးနဲ့  လန်းရဦးမှာမို့  နောက်မှ ပြန်ခေါ်မယ့်နော်။ ဂရုစိုက်ပါကွယ်” ဘိုင့်ဘိုင်။

ဝန်ကြီးချုပ်ရင်လတ် နှင့် ကျနော် မောင်နှမ အရင်းလား လို့  ဘန်ကောက်က သူငယ်ချင်းတွေ မေးဖူးသည်။ ဟုတ်တာပေါ့ဗျာ။ နာမည်မှာ ကြည့်လေ ကျနော်က ကိုလတ် သူမက ရင်လတ်။ အရင်းလား ၀မ်းကွဲလား မေးဖူးသူတွေ အတွက်တော့ (သူ့ အမေနဲ့  သူ့  အဖေက သူ့ ကို ထိုင်းမှာမွေးတာလေ၊ ကျနော့အမေနဲ့  ကျနော့ အဖေ ကတော့ ကျနော့်ကို ရန်ကုန်မှာမွေးတာ ဆိုတော့...... အင်း ဘယ်လိုပြောရပါ့... မောင်နှမ အရင်းပေါ့နော် :D ) လို့ ပဲ ဖြေရှင်း လိုက်ပါတော့တယ်ဗျာ။


မိုးပျံလမ်းလား ဘာလုပ်မှာလဲ ဖော့တုံးလေးပဲ စီးပြီးသွားရအောင်လေ။

ထိုင်းမှာ ယခုလက်ငင်း ကြုံနေရတဲ့ ဘေးဒုက္ခဟာ အလွန်ကြီးမားတဲ့ သဘာဝ ဘေးဆိုးကြီးပါ။ မစ္စ ရင်လတ်ရှင်နာဝတ်ထရာ ကို ကိုင်တွယ်မှု ညံ့ဖျင်းတယ်၊ ဘာမှ နားမလည်ပဲ လျောက်လုပ်တယ် အဲ့သည်လို ၀ိုင်းဝန်း အပစ်ဖို့ ကြပေမယ့်လို့  ကျနော်တော့ အဲ့သည်လို မမြင်မိပါဘူး။ သူမဟာ နိုင်ငံရေးမှာ အတွေ့ အကြုံ မရှိတဲ့သူ တစ်ယောက်သာ ဖြစ်ပါတယ်၊ ဒါကိုတော့ မငြင်းမိပါဘူး။ သို့  သော် ဒီလိုဘေးဆိုးမှာ ဘယ်လောက် အရည် အချင်းရှိသူ ကိုင်တွယ် ကိုင်တွယ်၊ ထိုင်းဘုရင်မင်းမြတ်ပဲ ဖြစ်ဖြစ်၊ မစ္စရင်လတ်ရှင်နာဝတ်ထရာ့ အရင် မစ္စတာ အဘီဆစ်ဝေချာချီ ပဲ ဖြစ်ဖြစ်၊ မစ္စတာ သက်ဆင်ရှင်နာဝတ်ပဲ ဖြစ်ဖြစ် ဆုံးရှုံးမှုတွေကို သေချာပေါက် ရင်ဆိုင်ရမှာ သေချာသလောက်ပါပဲ။


မျောက်ကိုအားကျလို့  သစ်ပင်ပေါ် တက်တယ် မထင်လိုက်ပါနဲ့ ၊ ရေကြီးလို့  သစ်ပင်တက်နေရတဲ့ ပါပီတွေပါ။ လေနေပုံပါပဲ။

သူမ သိပ်ညံ့နေတယ် ဆိုရင်တောင် ကျနော်တို့  ဆီက သန်းရွှေတို့ ၊ သမ္မတကြီးတို့ ၊ ဓါတ်မီးဝန်ကြီး သိန်းဇော်တို့ ၊ တနင်္သာရီက ချီးထုပ် ခင်ဇော်တို့  ကို ခေါင်းခေါက်နိုင်ပါသေးတယ်။ ခုတော့ ကျနော်တို့  အဖြစ်က သားဆိုးသားမိုက် ဘိန်းစား တစ်ယောက်က မူးရမ်းပြီး အိမ်ဂရမ်ကို တရုတ်ဆိုင်မှာ သွားပေါင် ထားတာ ခံလိုက်ရသလိုပါပဲ။ ဘိန်းစားက လုပ်ချင်တာ လုပ်သွားပြီး ကျန်ခဲ့တဲ့ သူတွေက အကြွေးမှန်သမျှ လှည့်ပတ်ဆပ်၊ နေစရာ အိမ်မရှိတော့မယ့် ဘ၀ မရောက်ရုံတမယ် ဖြစ်နေပါပြီဗျာ။


Express Toll Gate ahead for Boat :D (ရှေ့မှာတိုးဂိတ်ဗျာ လှေတစ်စီး ဘတ်၅၀ ပါ)

အယုဒ္ဓယမြို့ဟောင်းကို အလည်လာဖူးကြသူတိုင်း ဒီလမ်းလေးကို ဖြတ်ရပါတယ်။ ခုတော့လည်း လှေလမ်းပေါ့လေ။

ကြွယ်ဝလှတဲ့ တရုတ်ပြည်မှာ ကလေးငယ်လေးကို ကားနဲ့  ကြိတ်သတ်ဖို့  ၀န်မလေးကြပေမယ့် ထိုင်းမလေးကတော့ ခွေးတစ်ကောင် အသက်ကို တန်ဖိုးထားရှာတယ်။

စိတ်မပူနဲ့ ငါ့သား အမေချီထားတယ်ကွယ် (“လူမမယ်လေးကို ကားနဲ့  ကြိတ်သတ်တဲ့ တရုတ်နဲ့  မမြင်ယောင်ဆောင်သွားတဲ့ ပြည်မကြီးက တရုတ်လူမျိုးများ”မြင်စေချင်စမ်းတယ်)

စိတ်ချပါ အားလုံးကို Rescue လုပ်မယ့် အစီအစဉ်ထဲ ထည့်သွင်းထားပါတယ် (မြန်မာလူမျိုး ပါမယ် လို့ တော့ အာမ မခံဘူးနော် ဟီး)

မိုးပျံ တံတားလော လှေဆိပ်လော ဝေခွဲမရတော့ပါ။

ဘန်ကောက်ရေကြီးမှုဟာ နောက်ထပ် သတင်းပတ် ၆ ပတ်လောက်ထိ ရှိနေဦးမယ် ဆိုတဲ့ အတွက် အစားအသောက်၊ ဆက်သွယ်ရေး၊ ကျန်းမာရေး တွေ အတွက် စိုးရိမ်စရာပါပဲ။ လူတော်တော်များများ ကတော့ ဘန်ကောက်ကို ယာယီ စွန့် ခွာပြီး ပတ္ထရား၊ ဟွာဟင် စတဲ့ ကမ်းခြေတွေနဲ့  ချင်းမိုင် ကို အပျော်ခရီး အဖြစ်ထွက်ခွာသွား ကြပါတယ်။ ကျနော်တော့ အများနည်းတူ ရင်ဆိုင်ဖို့  အစစ အရာရာ အဆင်ပြေအောင် ဖန်တီးထားပါတယ်။ စိတ်ပူပေးကြသော ကျနော့် ညီအစ်ကို မောင်နှမများ၊ ဘလော့ဂါမိသားစု များနဲ့  အွန်လိုင်း မိတ်ဆွေများကို ကျေးဇူး အထူး တင်ရှိပါတယ်လို့  ဗျာ။

ကြောင်ဖြူများရှင် ကိုကိုလတ်

Posted by ...အလင်းစက်များ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...