နိုင်ငံရေးနှင့် ကွဲပြားခြားနားမှုများ
စံပယ်ဖြူ၊
မဂ္ဂဇင်း ၊ အမှတ်(၅)၊ သြဂုတ်၊ ၂၀၀၆ မှ
ညီထက်အောင်
ဒေါက်တာဂျေဒီဘီမေလာ
ပါမောက္ခ
ဒေါက်တာမေလာသည် လန်ဒန်စီးပွားရေးသင်တန်းကျောင်းနှင့် လိုက်စက်စတာ တက္ကသိုလ်တွင် စာပေများပို့ချခဲ့သည်။
နယူးဒေလီမြို့ရှိ အိန္တိယ နိုင်ငံတကာလေ့ကျင့်ရေးကျောင်းနှင့် နယူးယောက်မြို့ရှိ ကိုလံဘီယာ
တက္ကသိုလ်တို့တွင် ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကင်ဘာရာမြို့ရှိ သြစတေးလျ
အမျိုးသားတက္ကသိုလ်
နိုင်ငံတကာဆက်ဆံရေးဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ သူရေးသားခဲ့သော
စာအုပ်များမှာ နိုင်ငံရေး၏ သဘောသဘာဝ၊ သြစတေးလျအစိုးရနှင့် နိုင်ငံရေး၊ ကမ္ဘာ့ဓနသာဟာယနိုင်ငံတို့ဖြစ်သည်။
နိုင်ငံရေး၏ သဘောသဘာဝ
ကျွန်တော်တို့နေ့စဉ်ဘဝ ပြောဆိုနေကြ စကားဝိုင်းများတွင်
တစ်စုံတစ်ခုသော ကိစ္စကို ‘ ဒါကတော့ နိုင်ငံရေးကိစ္စဗျ’ ဟုပြောဆိုလိုက်သည့်အခါ ‘နိုင်ငံရေး’ ဟူသည် မည်သို့သော အဓိပ္ပါယ်ကိုဆောင်ပါ သနည်း။
ကျွန်တော်တို့စိတ်ထဲတွင် ‘မည်သို့သော လူ့ဘောင်ကိစ္စရပ် ဖြစ်ပါသနည်း’ ဟု မေးခွန်းထုတ်ကြည့် ကြသည်။
ထို့အတူပင်လူတို့သည် ကြုံတွေ့နေရသော ကိစ္စအဝ အဝပေါ်ဝယ် ဒါကတော့ အနုပညာကိစ္စ၊ ဒါကတော့စီးပွားရေးနှင့်ဆိုင်တယ်၊
ဒါကတော့ ဘာသာရေးနှင့် ပတ်သက်တယ်၊ ဒါကတော့ ပညာရေးနှင့် အကျုံးဝင်တယ်၊ ဒါကတော့
နိုင်ငံရေးကိစ္စပဲ စသည်ဖြစ် သူ့အကန့်နဲ့သူ အဘယ်ကြောင့်စည်းခြားပြောဆို တတ်ကြသနည်း။
“နိုင်ငံရေးဟူသည် မည်သို့သော အရာနည်း” ဟူသောမေးခွန်းကို
လူပိန်းဖြေ ဖြေကြသည့်အခါ နိုင်ငံရေးဟူသည်
ပါတီနှင့်ပတ်သက်သော ကိစ္စများသာ ဖြစ်သည်ဟု ဆိုကြပါသည်။ ထိုအဖြေနဲ့အတူ နိုင်ငံရေးဟူသည်လူရိုး
လူဖြောင့်တို့ ရှောင်ကြဉ်ကြသည့် ညစ်ပတ်သည့် ကစားနည်းတစ်ခု ဆိုသော အဓိပ္ပါယ်ပါ ပါလာသည်။
အမှန်တော့ ဤသို့ အဓိပ္ပါယ်မဆောင်ပါ။ နိုင်ငံရေးသည် ပါတီကိစ္စ သက်သက်မျှ မဟုတ်ပါ။ အခြားခြားသောနယ်ပယ်များတွင်လည်း
ဤဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် သုံးတတ်ကြပါ သည်။ လူတို့သည်မကြာခဏဆိုသလို
နိုင်ငံရေး သဘောသက်ရောက်သော လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ကြရသည်။ ဥပမာဆိုလျှင် လူတို့သည်
မိမိတို့၏ အထက်အရာရှိများနှင့် ဆက်ဆံရာတွင်လည်း ကောင်း၊ ရုံးတစ်ရုံးရှိ မိမိ၏ လုပ်ဖော်ကိုင်ဖက်များနှင့်
ဆက်ဆံရာတွင်လည်းကောင်း နိုင်ငံရေးသဘော သဘာဝတွင် ပါဝင်နေတတ်ကြသည်။
“နိုင်ငံရေးကိစ္စ ဟူသည် အစိုးရနှင့် ပတ်သက်သည်”
ဟူသောအဖြေသည် အများစုက ဖြေတတ်ကြ သောနောက်ထပ်
အဖြေတစ်မျိုးဖြစ်သည်။ ဤအဖြေက နီးစပ်သည့်အဖြေတစ်ခုဟု ဆိုချင်သည်။ နိုင်ငံရေးသည် အစိုးရနှင့်
ပတ်သက်နေသည့်တိုင်း အစိုးရနှင့် ပတ်သက်သည့် အရာတိုင်း နိုင်ငံရေုးဟု ဆို၍တော့ မရပါ။
အစိုးရစာတိုက်တွင်
အလုပ်လုပ်နေသော စာတိုက်စာရေးသည် နိုင်ငံရေးနှင့်ဆက်နွယ် နေသည်ဟူ၍တော့ ပြော၍မရပါအင်္ဂလန်
နိုင်ငံတွင် ‘တောမတ်ကွတ်နှင့်သား’ မီးရထားလီမိတတ်ကို အစိုးရ က လွဲပြောင်းယူလိုက်သည့်အခါ
ဤလီမိတတ်သည်
အစိုးရပိုင်ဖြစ်လာသည်။ သို့သော် မီးရထားဖြင့် ခရီး သွားလာကြသည့် ခရီးသည်များသည် နိုင်ငံရေးတွင်
ပါဝင် လှုပ်ရှားနေသည်ဟု မည်သူမှ မပြောကြပါ။ စာတိုက်စာရေးလေးနှင့် မီးရထားလက်မှတ်ရောင်းသူတို့၏
လုပ်ရိုးလုပ်စဉ် သူတို့၏တာဝန်များ ဆောင်ရွက် နေကြခြင်းသည် နိုင်ငံရေး၏ စရိတ်လက္ခဏာများ
မပါဝင်ကြပါ
သို့သော် လုပ်ရိုးလုပ်စဉ်ထက် ကျော်လွန်ခဲ့ လျှင်တော့ အဓိပ္ပါယ်တစ်မျိုးတစ်မည် ပြောင်းလဲလာပါသည်။
သဘောထားကွဲလွဲမှု
နိုင်ငံရေးအခြေအနေတစ်ရပ်၏ အတွင်းသဘောကို
ဆန်းစစ်ကြည့်လျှင် ယင်းအခြေအနေသည် ပုံမှန်လုပ်ရိုးလုပ်စဉ်ကို
ဆန့်ကျင်နေသလို သဘောထားကွဲလွဲမှုများ ကွဲလွဲစေသော တစ်စုံတစ်ရာကို အားထုတ်လုပ်ဆောင်နေကြောင်း
တွေ့ရသည်။ နိုင်ငံရေးအခြေအနေများဟူသည် သဘောထားကွဲလွဲမှုမှ စတင်ပေါ်ပေါက်လာကြခြင်း
ဖြစ်သည်။ အထင်အရှားရှိလာသည့်နိုင်ငံရေးအခြေအနေများကို ပြရလျှင် ရာထူးလက်ရှိနှင့် ရာထူးလက်မဲ့
ထောက်ခံသူနှင့်ကန့်ကွက်သူ အစိုးရနှင့် အတိုက်အခံ အများစုနှင့် အနည်းစု စသည့်ဖြင့် အုပ်စု
နှစ်စုကြား ပဋိပက္ခများသည်
သဘောထားကွဲလွဲမှုကို ပြသည့် နိုင်ငံရေးအခြေ အနေများပင် ဖြစ်သည်။
နိုင်ငံရေးနှင့် မူဝါဒ
နိုင်ငံရေးသည် မူဝါဒရေးရာနှင့် ပတ်သက်သည်
မူဝါဒဆိုသည်မှာ အပြောင်းအလဲတစ်ရပ် လုပ်ဖို့ တောင်းဆိုလာသည့်အခါ ထိုတောင်းဆိုမှုကို
လိုက်လျော၍ အပြောင်းအလဲလုပ်လိုသောဆန္ဒ သို့တည်း မဟုတ်၊ ထိုတောင်းဆိုမှုကို
ဆန့်ကျင်လိုသည့် ဆန္ဒဟူသည့် လမ်းနှစ်လမ်းအနက် တစ်လမ်းကို ရွေးချယ် ရခြင်းပင်ဖြစ်သည်။
မူဝါဒဆိုရာ၌
ပါတီတစ်ခု၏ မူုဝါဒလည်းဖြစ်နိုင်သည်။ ဝန်ကြီုးအဖွဲ့၏ မူဝါဒလည်း ဖြစ်နိုင်သည်။ လူထုလှုပ်ရှားမှု
မူဝါဒလည်း
ဖြစ်နိုင်သည် အုပ်စုငယ်တစ်ခု၏ မူဝါဒလည်းဖြစ်နိုင်သည်။ အနိမ့်ဆုံးဆိုရလျှင် လူတစ်ဦးတစ်ယောက်၏ မူဝါဒလည်း
ဖြစ်နိုင်သည်။ တိုင်းပြည်နှင့်အဝန်း သက်ဆိုင် သည့်ကိစ္စမှ မူဝါဒဟုပြော၍မရ။ ချမှတ်ထားသော
စည်းကမ်းလေးတစ်ခုကို အပြောင်းအလဲလုပ်လိုသော ဆန္ဒသည်ပင်မူဝါဒဟု ဆိုရမည်။
နိုင်ငံရေးနှင့် ပဋိပက္ခ
နိုင်ငံရေးသည် ပဋိပက္ခပင်ဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုသည်
အပြောင်းအလဲတစ်ခုကို ဆန့်ကျင်ဖို့ (သို့) နိုင်ငံရေးလှုပ်ရှားမှုသည်
အပြောင်းအလဲတစ်ခုကို ဆန့်ကျင်ဖို့ သို့မဟုတ် အားပေးအားမြှောက်ပြုဖို့ ထောက်ခံဖို့ပင်ဖြစ်ပါသည်။ နိုင်ငံရေးဟုဆိုတိုင်းသဘောကွဲလွဲမှုများသာ ဖြစ်သည်ဟုတော့မဆိုလိုပါ။
သဘောတူညီမှုတွေရှိ ပါသည်။ သို့သော်ပဋိပက္ခသည် နိုင်ငံရေး၏နှလုံးသည်းပွတ်တွင် ကိန်းအောင်းနေ သည်ဆိုသည့်
အချက်ကိုတော့လက်ခံထားရမည်။
တစ်လောကလုံးကတစ်သဘောတည်းသာ ရှိနေမည် ဆိုလျှင် ဤကမ္ဘာလောကတွင် နိုင်ငံရေးသည်နေရာ
ထိုင်ခင်းရလိမ့်မည်။ မဟုတ်ပါ။
ဘယ်နေရာကြည့်ကြည့် ရိုးရိုးလေးကြည့်လိုက်ရုံမျှနှင့်
နိုင်ငံရေးပဋိပက္ခကို ဘွင်းဘွင်းကြီး မြင်ရသည်။ ကမ္ဘာနိုင်ငံရေးဇာတ်ခုံပေါ်ရှိ ဆလိုက်မီးတွေအောက်
ဇာတ်ကြမ်းတိုက်ဖို့ ပဋိပက္ခတွေ တန်းစီစောင့်နေသည်ကို အထင်အရှားမြင်နေရသည်။ အချုပ်အခြာနိုင်ငံများသည်
ကိုယ့်နိုင်ငံ ကိုယ့်အကျိုးစီးပွားအတွက် အပြေးအလွှားခြေချင်းလိမ့်နေကြသည်မှာ
မကြည့်ချင်လျှင် အဆုံး။ သို့ရာတွင်ပဋိပက္ခကို အတတ်နိုင်ဆုံး လျော့ပါးသွားစေဖို့ ရှေးအစဉ်အလာကတည်းက
အသုံးပြုသော သံတမန်နည်းလမ်းတွေရှိသည်။ ပဋိပက္ခမှတဆင့် ပေါက်ကွဲထွက်လာသော
နိုင်ငံရေးကို သက်ဆိုင်သူ အားလုံး ထိခိုက်ခံရမှု အနည်းငယ်ဖြစ်စေဖို့အတွက် အားလုံးက လက်ခံထားသည့်
သံတမန်ကျင့်ဝတ်တွေ နှင့် ဖြေရှင်းကြရသည်။
ပဋိပက္ခကိုပြနေသည့် ပြည်တွင်းနိုင်ငံရေးတစ်ရပ်ကို
ပြပါဆိုလျှင် ရွေးကောက်ပွဲကာလသည် အရှင်းအ လင်းဆုံးဖြစ်သည်။ အခြေအတင်ငြင်းခုံမှုတွေ၊
စကားစစ်ထိုးမှုတွေက ကျယ်ကျယ်လောင် လောင်ယှဉ်ပြိုင်ကြသည့်
ပါတီတွေ အနေဖြင့် မီးကုန်ယမ်းကုန် ပုံအောသုံးစွဲသည့် ငွေပမာဏက မယုံနိုင် စရာ။ တစ်ဖက်နှင့်တစ်ဖက်
အပုပ်ချတာတွေ၊ ပုဂ္ဂိုလ်ရေး ငယ်ကျိုးငယ်နာဖော်မှုတွေက မကြားဝံ့မနာသာ။ အလားတူဖြစ်ရပ်များစွာတို့သည်
ပဋိပက္ခ၏ အတိုင်းအဆ၊ နိုင်ငံရေုးခံစားမှု၏ ပြင်းအားတို့ကိုပြသနေသည်။
ထိုမျှမကသေးပါ နိုင်ငံရေးပဋိပက္ခမုန်တိုင်းတိုက်ခတ်မှု
ကြမ်းတမ်းခတ်ထန်မှု ပြရုပ်သည် စစ်ပွဲများ နှင့် တော်လှန်ရေးများပင်ဖြစ်သည်။
ထိုအခြေအနေများတွင် သံခင်းတံမန်ခင်းများဖြင့် တစ်ဖက်နဲ့တစ်ဖက် စေ့စပ်၍မရလောက်အောင်ကွဲပြားနေကြပြီး၊
အကြမ်းဖက်မှုသည်သာ နည်းလမ်းဖြစ်လာတတ်သည်။ စစ်ပွဲများသည် နိုင်ငံရေး၏ ချဲ့ထွင်မှု နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဆိုသည့် အဆိုသည် နိုင်ငံတစ်နိုင်ငံ အင်ပါယာတစ်ခုအတွင်းမှသာ
ဖြစ်နေသည်မဟုတ်။ နေရာတကာတွင် ဖြစ်နေကြခြင်းဖြစ်၏။ စစ်သည်နိုင်ငံရေး၏ အန္တိမ သဏ္ဍာန်ဖြစ်သည်
မဟုတ်လော။
လူုမှုဝန်းကျင် ပဋိပက္ခ
(သို့မဟုတ်) လူမှုဝန်းကျင် နိုင်ငံရေး
နိုင်ငံရေးသည် အမြဲတစေ အကြမ်းဖက်မှုများတွင် ပါဝင်နေခြင်းတော့
မဟုတ်ပါ။ ထို့အတူ နိုင်ငံရေး ဟူသည်ကို
တိတိကျကျ အဓိပ္ပါယ်ဖော်ယူရန်လည်း ခက်လှပါသည်။ ကုမ္ပဏီသို့မဟုတ် ရုံးတစ်ရုံး၏ ‘ ဘုတ် အဖွဲ့’အစည်းအဝေးခန်းမထဲတွင်
နိုင်ငံရေးရှိသည်။ ကျောင်းဆရာ၊ဆရာမများဆွေးနွေးပွဲတွင် နိုင်ငံရေး ရှိသည်။ ဌာနဆိုင်ရာအစည်းအဝေးပွဲတွင်
နိုင်ငံရေးရှိသည်။ အဆုံးအစွန်ဆုံးပြောရလျှင် ခွေးချစ်သူများ အစည်းအရုံး နှစ်စဉ်ညီလာခံမှာပင်
နိုင်ငံရေးက ရှိနေသည်။အစည်းအဝေးတစ်ရပ် ဆွေးနွေးပွဲတစ်ရပ် ညီလာခံတစ်ရပ် ကျင်းပပြီ ဆိုလျှင်
‘အားလုံးကောင်းပါတယ် ခင်ဗျား’ ဟုဆိုကာ အစည်းအဝေးမှတ်တမ်း ဖတ်ပြရုံသက်သက်၊ လက်ဖက်ရည်သောက်ဖို့
အစည်းအဝေးကို ခေတ္တ ရပ်ဆိုင်းရုံသက်သက်စသည့် လုပ်ငန်းဆောင်တာတို့ထက်မကပါ။ အစည်းအဝေးများတွင်
နိုင်ငံရေးအခြေအနေများပါဝင်ပါသည်။
မူဝါဒများအပေါ် သဘောထားကွဲလွဲမှုများ ၊ အကျိုးစီးပွားဖော်ဆောင်ဖို့
ကိုယ်စလှယ်များ ရွေးချယ်ရာတွင် အမြင်မတူညီမှုများ စသည်ဖြင့် ပါရှိပါလိမ့်မည်။ အခြေခံလုပ်ငန်းစဉ်တွေ
အပေါ် သဘောထားကွဲလွဲမှု မရှိဘဲ အစည်းအဝေးတတ်ရောက်သူအချင်းချင်းလည်း ကျွမ်းကျွမ်းဝင်ဝင်
သိနေကြသည်ဆိုလျှင် ဤသို့သော နိုင်ငံရေး အခြေအနေသည် အမှုဆောင်အဖွဲ့က တင်ပြလာသည့် မူဝါဒအပေါ် ယဉ်ယဉ် ကျေးကျေးမေးမြန်းရုံသာရှိသည်။
သို့သော် အစည်းအဝေးတတ်ရောက်လာသူတို့အနေနှင့် လက်
ရှိလုပ်ဆောင်နေသူများအပေါ်
အယုံအကြည်မရှိ ဖြစ်နေသည့်အခါ သို့မဟုတ် ချမှတ်ထားသော မူဝါဒ များအပေါ်ဖြစ်စေ၊
မူဝါဒများဖော်ဆောင်သည့် လုပ်နည်းကိုင်နည်းအပေါ်ဖြစ်စေ၊ သဘောကွဲလွဲလာ သည့်အခါ သို့မဟုတ်
မိမိတို့၏
အဖွဲ့အစည်းအပေါ် ပြင်ပမှ ဝေဖန်ထိုးနှက်ခံရသည့်အခါမျိုးများတွင် နိုင်ငံရေး၏ အခြေခံလက္ခဏာရပ်သည်
သိသာပေါ်လွင်လာပါသည်။ ဤသို့ဖြစ်လာသည့်အခါ မေးခွန်းတွေ
ပိုထုတ်ကြမည် အသေးစိတ်ဆွေးနွေးမှုတွေ
ပိုများလာမည်။ မဲခွဲဆုံးဖြတ်ကြမည်။ ဂိုဏ်းဂဏကွဲလေးတွေ ပေါ်ထွက်လာကြမည်။ ထိုဂိုဏ်းခွဲဂဏခွဲလေးများသည်
ခဏချင်း ပျောက်ကွယ်သွားတတ်သည်များ ရှိသလို ရေရှည်တည့်တံ့မှုမျိုးလည်းရှိတတ်သည်။
နိုင်ငံရေးအခြေအနေသည် သိပ်တည်ငြိမ်နေသည့်အခါ
ဘာမှမဖြစ်သလို နာရီ စည်းဝါးမှန်မှန် တီးမုတ်နေသော
သံစုံတီးဝိုင်းတစ်ခု၏ သာယာငြိမ့်ညောင်းသည့် ဂီတသံလို အသွင်ဆောင်နေတတ်သည်။ ပဋိပက္ခလေးများရှိခဲ့လျှင်တောင်
အမှုမဲ့ အမှတ်မဲ့ သတိမထားမိလိုက်ဘဲ တစ်မု ဟုတ်ချင်း ပျောက်ကွယ်သွားတတ်သည်မျိုးရှိသည်။
အစိုးရ တစ်ရပ်ကို ထိထိရောက်ရောက် အုပ်ချုပ်နိုင်စွမ်းသော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ အုပ်ချုပ်ရေး
ယန္တရားကို အခက်အခဲ ဘာမှသိပ်မရှိလှဘဲ သက်တမ်းကုန်အောင်
အုပ်ချုပ်နိုင်ကြသည်။ သို့နှင့်တိုင် နိုင်ငံရေးသည်ရှိမြဲ၊
ရှိနေသည်။
နိုင်ငံရေးသည် မူဝါဒကြောင့်၊သဘောထားကွဲလွဲမှုကြောင့်
ပဋိပက္ခကြောင့် စသည့် နိုင်ငံရေးအခြေ အနေများဖြစ်ထွန်းမှု
အောက်တွင် ငုပ်လျှိုးနေသော အဓိက အကြောင်းအရင်းတစ်ရပ်ရှိသည်။ ‘ ကွဲပြားခြား နားမှု’(Diversity)
ဖြစ်သည်။
ကွဲပြားခြားနားမှု
နိုင်ငံရေးလောကတွင် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်နေရခြင်းမှာ
အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် အမြဲတစေတည်ရှိနေတတ်သော
သဘောထားကွဲလွဲမှုကြောင့်ဖြစ်သည်။ ဤသဘောထားကွဲလွဲမှုများသည် အခြေအနေမတူညီမှု၊
အဆင့်အတန်းမတူုညီမှု လုပ်ပိုင်ခွင့်မတူညီမှု သဘောထားမတူညီမှု ရည်ရွယ်ချက် မတူညီမှု စသည့်အခြေခံမတူညီမှုများကြောင့်
ဖြစ်ပေါ်လာရခြင်းပင် ဖြစ်သည်။ လူ့ဘောင် အဖွဲ့အစည်း ကြောင့် နိုင်ငံရေးသည် ရှိနေသည်။
လူ့အဖွဲ့အစည်းရှိနေသရွေ့ နိုင်ငံရေးသည် ရှိနေသည်။ လူမှုအဖွဲ့ အစည်းတစ်ခုအတွင်း လူအချင်းချင်းလူမှု
အဆင့်အတန်း မတူညီမှုကပင် နိုင်ငံရေးကို ဖြစ်ပေါ်စေသည်။
လူ့ဘောင်အဖွဲ့အစည်းတိုင်းတွင် ဥပဒေ၊ စနစ်တွေ၊
လူမှုလုံခြုံရေးစနစ်တွေ အောက်တွင် သူသူငါငါ အတူတကွ
အေးချမ်းစွာ နေထိုင်ကြသည်ကား မှန်၏။ တစ်ယောက်နှင့်တစ်ယောက် လက်သီး လက်မောင်း တန်း၍ရုန်းရင်းဆန်ခတ်ဖြစ်မနေသည်ကား
မှန်၏။ ဤသို့ အခြေခံကျသည့် အေးချမ်းသာယာမှုတွေ ရှိနေ သည်တိုင်လူတစ်ဦး
နှင့်တစ်ဦးကြားတွင် ကွဲလွဲမှုတွေမှာ များမြောင်လှသည့် အတွက်အရာရာတိုင်းအား တသဘောတည်းရှိကြလိမ့်မည်ဟု
ယုံကြည်လျှင် အလွန်မိုက်မဲရာ ကျပါလိမ့်မည်။ လူတို့သည်၎င်းတို့၏ ဘဝအခြေအနေများ ကွာခြားကြသည်သာမက
အမြင်ချင်းကလည်း မတူကြ သူတို့၏ ဘဝအခြေအနေတွေ တိုးတတ်လာဖို့ အပြောင်းအလဲ
လုပ်လိုကြသည်။ သို့မဟုတ် သူတို့ မူဝါဒတွေကို အခြားလူတွေ လက်ခံလာ အောင်လုပ်လိုကြသည်။
လူဖွဲ့စည်းတစ်ခုရှိလူအချင်းချင်းကြား ကွဲပြားခြားနားမှုသည်
အာရုံကြောစနစ်တစ်ခုလို အလိုအ လျောက်တုန့်ပြန်တတ်သော
သဘောကိုပင် နိုင်ငံရေးဟု ခေါ်ဆိုနိုင်သည်။ ပူသောအရာဝတ္ထုတစ်ခုကို အမှုမဲ့ အမှတ်မဲ့သွားထိမိသည့်အခါ
လက်ကို အလိုအလျောက်ပြန် ရုန်းမိသလိုမျိုး လူအချင်းချင်း ကွဲပြား ခြားနားမှုကြောင့် ‘အလိုအလျှောက်တုန့်ပြန်တတ်ခြင်း’
သဘောကပင် နိုင်ငံရေးဖြစ်သည်။ သမိုင်းအဆက်ဆက်ကိုပြန်ကြည့်လျှင် ကွဲပြားခြားနားချက်များသည်
ပျောက်ကွယ်ခဲ့သည်မရှိခဲ့ အနာဂတ်တွင်လည်း ထို့အတူပင်ဖြစ်ပါလိမ့်မည်။ ကွဲပြားခြားနားမှုများသည်
စီးပွားဥစ္စာတွေ ဘယ်လောက် တတ်တတ် တကမ္ဘာလုံးက ဘာသာတစ်ခုတည်းကိုပင် ကိုးကွယ် ကိုးကွယ်
တစ်ကမ္ဘာလုံးကို တစ်ဦး တစ်ယောက်တည်းက အစိုးရစေဦးတော့ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပါ။
လူသားတို့၏ အလိုရမ္မက်သည် ပြည့်သည်မရှိ အယူအဆတစ်ခုအပေါ် ငြင်းကြ၊ ခုန်ကြသည့် အာသာသည်
ကုန်ခန်းသည်မရှိ
‘ ကောင်းသည်ထက် ပိုကောင်းရေး’ စေ့ဆော်စိတ်သည် ထာဝရ နိုးကြားနေသည် ဆိုသည့် လူ့သဘော
လူ့သဘာဝများရှိနေသည် မဟုတ်ပါလား။
စီးပွားရေးကွာဟချက်
လူမှုအခြေခံကွာခြားချက်များနှင့် စီးပွားရေးကွာခြားချက်သည်
သိသာထင်ရှားဆုံးဖြစ်သည်။ “လူသည်အမြဲတစေ
ချို့တဲ့မှုတစ်ရပ်နှင့် ရှင်သန်နေကြသည်။” ဟူသည့် ဘောဂဗေဒ ယူဆချက်တွင် “လူသည် သူလိုချင်သော
အားလုံးမရနိုင်” ဟု အဓိပ္ပါယ်ပါသည်။ ထို့အတူ အချို့သောသူများသည် သူတို့လိုအပ်သည်ထက်(သို့) အခြားသောသူများထက်
ပိုမိုပိုင်ဆိုင်နေကြသည်။ ကုန်စည် ထုတ်လုပ်မှု
ဖြန့်ဖြူးမှုများနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင်
ပါဝင်လှုပ်ရှားနေကြသောသူများ အနေဖြင့် ရာထူး အဆင့် အတန်း ကွဲပြားကြသည့် အလျောက် ဝင်ငွေချင်း၊
လစာချင်းလည်း ကွာဟမှု ရှိကြသည်။ ထို့ကြောင့် လူအုပ်စုတစ်စုနှင့်တစ်စုအကြား အခွင့်အရေးကွာခြားချက်များလည်းရှိလာကြသည်။
ထို့အတူ တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည်ကြားတွင် သဘာဝအရင်းအမြစ်ပိုင်ဆိုင်ပုံချင်း၊
မတူရကား မညီမျှသော ဖွံ့ဖြိုးမှုတွေ ရှိလာကြသည်။ လူအချင်းချင်း ကွာဟချက်များသည် တင်းမာသည့်
အခြေအနေတစ်ရပ်ကို မလွဲမသွေ ပေါ်ပေါက်လာစေသည်။
နိုင်ငံတစ်နိုင်ငံရှိ လူ့ဖွဲ့စည်းကို ပြန်ကြည့်လျှင်
လူတစ်ဦးနှင့်တစ်ဦးကြား ကာယအား၊ ဥာဏအား၊ ကျွမ်းကျင်မှုနှင့်
ဈေးကွက်တန်ဖိုးတို့ ခြားနားကြသဖြင့် ဝင်ငွေချင်း ကွာဟနေကြသည်။ ယေဘုယျဆိုလျှင် ဝင်ငွေကွာခြားချက်ကြောင့်
လူတို့၏ ရုပ်ဝတ္ထုပိုင်ဆိုင်မှုချင်း မတူဖြစ်လာကာ လူနေမှု အဆင့်အတန်းချင်း ကွာဟလာကြသည်။
ဤတွင်မိမိ၏ လူနေမှုအဆင့်အတန်းကို မြင့်တင်နိုင်ဖို့ရန် ပိုမိုကောင်းမွန်သော ဘဝကို ရရှိဖို့ရန်
နိုင်ငံရေးသည်
တစ်နွယ်ငင်း၊ တစ်စဉ်ပါ လာခဲ့ရသည်။
နိုင်ငံရေးသည် သူသဘောသူ တစ်ကိုယ်ရေ တစ်ကာရ
သီးသန့် ရပ်တည်နေသော ကိစ္စရပ်တစ်ခုမ
ဟုတ်ဘဲ
လူမှုရေးစီးပွားရေးတို့နှင့်အတူ ထွေးရောယှက်တင်နေသော လူအဖွဲ့အစည်းတစ်ရပ်လုံး၏ ကိစ္စရပ် ဖြစ်နေသည်
ဆိုသည့်အချက်ကို ဤစာစုရေးသူ ပါမောက္ခ ဒီဂျေ မေလာ တင်ပြသွားသလိုပင် ဗိုလ်ချုပ် အောင်ဆန်းကလည်း
နိုင်ငံရေးကို ဤသို့ ပြောဆိုသွားခဲ့သည်။
“နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နဲ့အမျှ
လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင် ဖြစ်သည်။တနည်းအားဖြင့်ဆိုသော်
နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စ ဟုဆိုရပေမည်။ ကျွန်ုပ်တို့စားမှု သောက်မှု နေမှုထိုင်မှုသွားလာမှု
အစုစုသည် နိုင်ငံရေးပဲ ဖြစ်၏”
“ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်မချင်
မတွေးမတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ
ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏
အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့၌ ပေါ်ပေါက်လျှက်ရှိ၏။
ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နဲ့အမျှ နိုင်ငံရေး ကိုပင် လုပ်နေကြရပေသည်။
အလုပ်သမားသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ် သမားသည် အခကြေးငွေ
ဝမ်းစာအတွက် အလုပ်လုပ်၏။ စာရေး စာချီ အမှုထမ်းသည်လည်း လစာငွေ အတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစား
စသည်တို့သည်လည်း အသီးသီးပင် ဝင်ငွေရရန် အလုပ်လုပ်ကြ ရ၏။ အချုပ်မှာစားသောက်နေထိုင်ရေးအတွက်ပင်ဖြစ်၏။
အလုပ်သမားများသည် အခကြေးငွေကို တိုးတတ်၍ ရပြီးလျှင်
စားသာသောက်သာသော
အခြေအနေကိုရလို၏။ တောင်သူလယ်သမားများသည် မိမိတို့၏ လယ်မြေတွေကို တိုးတတ်ကောင်းမွန်စေ၍
သက်သာချောင်ချိလို၏။ စာရေးစာချီ အမှုထမ်းများ သည်လည်း ရုံး၌ တကုတ်ကုတ်လုပ်နေရသည်ထက် လွတ်လွတ်လပ်လပ်
ချောင်ချောင်လည်လည်ရှိသော အခြေအနေကို ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့သည်လည်း
လွယ်လွယ်ကူကူတိုးချဲ့၍ ကူးသန်းရောင်း ဝယ်လိုကြ၏။ ဤကဲ့သို့ လူတိုင်းလူတိုင်း မိမိတို့၏
အခွင့်အရေးကို
ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။”
ဥပဒေ နှင့် ဓလေ့ထုံးစံ
ကွဲပြားခြားနားမှုကိုဖြစ်စေသော အခြေခံ အကြောင်းအရင်းများတွင်
ဥပဒေအရ ဓလေ့ထုံးစံအရ အဆင့်အတန်းခွဲခြား
သတ်မှတ်ခံရခြင်းများပါသည်။ အချို့နေရာများတွင် အိမ်ထောင်သည်နှင့် အပျို၊ လူပျို တို့ကြား
အခွင့်အရေး ကန့်သတ်ခံရမှုမျိုး ရှိတတ်ကြသည်။ နိုင်ငံသားနှင့် နိုင်ငံခြားသားတို့ကြား
အခွင့်အရေး မတူကြ။ အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုမျိုးတွေ ရှိတတ်သည်။ ဥပမာအားဖြင့်
အလုပ်အကိုင်၊ ရာထူး၊ ကွာရှင်းခွင့်၊ လုပ်ပိုင်ခွင့်၊ လူ့အခွင့်အရေးစသည်တို့တွင် အမျိုးသမီးတို့
အနှိမ့်ခံရမှုတွေ ရှိသည်။ ထို့အတူ လူအချင်းချင်း အသားရောင်ခွဲခြားမှု၊ ကိုးကွယ်သည့် ဘာသာခွဲခြားမှုတွေရှိသည်။
အသားရောင်ကြောင့်၊ ဘာသာကြောင့် လူ့အဖွဲ့အစည်းမှ
အကြဉ်ခံရတာမျိုးတွေ ရှိသည်။ မြေယာပိုင်ခွင့်၊ အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားခွင့်စသည်ဖြင့်
တားမြစ်ပိတ်ပင် ခံထားရမှုတွေ ရှိသည်။ ဤသည်တို့မှာ
ဥပဒေနှင့်ထုံးတမ်း အစဉ်အလာ သတ်မှတ်ချက်ကြောင့် လူအဖွဲ့အစည်းတစ်ခုအတွင်း အခွင့်အရေးကွာဟခြင်းကို
ဖြစ်ပေါ် စေပြီး နိုင်ငံရေးအခြေအနေတစ်ရပ် ပေါ်ပေါက်လာစေခြင်း အကြောင်းအရင်းအချို့ဖြစ်သည်။ အစိုးရ မဟုတ်
နိုင်ငံရေးဇတ်ခုံ။
ဤအပိုင်းသည် နိဂုံးချုပ်ပြောလိုသော အပိုင်းဖြစ်သည်။
အရှေ့ပိုင်းကို ပြန်ကြည့်လျှင် ပထမဆုံးအနေ ဖြင့် ‘နိုင်ငံရေး၏သဘောသဘာဝ’သို့မဟုတ်
‘နိုင်ငံရေးပဋိပက္ခတွေ အကြောင်း’ဖြစ်ပြီး၊ ဒုတိယပိုင်းအနေနှင့် နိုင်ငံ ရေးပဋိပက္ခ ကိုဖြစ်ပေါ်စေသော
‘လူ့အဖွဲ့အစည်းအတွင်း ကွဲပြားခြားနားမှု များအကြောင်း’ ဖြစ်သည်။ ယခု ‘နိုင်ငံ ရေး’ နှင့်
‘ကွဲပြားခြားနားချက်’ တို့ဆက်စပ်နေမှုတွင် အစိုးရတစ်ရပ် ပါဝင် ပတ်သက်ပုံကို တင်ပြပါမည်။
လူ့အဖွဲ့အစည်းတစ်ခုတွင် မည်သို့သောအစိုးရတစ်ရပ်
ဖွဲ့စည်းသင့်ကြောင်း၊ သို့မဟုတ် အစိုးရ တစ်ရပ်၏ လုပ်နည်းလုပ်ဟန်နှင့် ပတ်သက်၍ သဘောထားကွဲလွဲချက်များရှိလာလျှင်
နိုင်ငံရေး ဖြစ်စဉ် သည် စတင်လာ တော့သည်။ လူတို့သည်မိမိတို့၏ လူမှုရေးကိစ္စရပ်များကို
မိမိတို့ဘာသာဖြေရှင်းရန် မစွမ်းသာသည့်အခါ အစိုးရ အားအသုံးချ၍ ဖြေရှင်းစေခြင်းသည်ပင်လျှင်
နိုင်ငံရေးဟုဆိုအပ်သည်။ ဤတွင် အုပ်စုနှစ်စုပေါ်လာသည်။ အစိုးရကိုအသုံးချ၍ဖြေရှင်းစေလိုသောအုပ်စုနှင့်
မဖြေရှင်းစေလိုသော အုပ်စု ဖြစ်သည်။ လူမှုရေးပြဿနာများ ကြောင့်ဖြစ်ပေါ်လာသည့်ပြဿနာများအပေါ်ဝယ်
စေ့စပ်ညှို့နှိုင်းမှု သဘောတူညီမှုတို့သည် မည်သည့်အခါမှ ဆုံးခန်းတိုင် အပြီးပြည့်စုံလေ့မရှိသည့်အတွက်ကြောင့်
နိုင်ငံရေး သည် မည်သည့်အခါမှ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ လူမှုရေးအခြေအနေတွေ ပြောင်းလဲလာလေလေ၊
အမြင်အတွေးတွေ ပြောင်းလဲလေလေ နိုင်ငံရေးသည်လည်း
ကြီးထွားလေလေဖြစ်သည်။ ဤသို့သော ပြောင်းလဲမှုများသည် နိုင်ငံရေးအင်အားရပ်များ(Political-Forces)
ကိုဖြစ်ပေါ်စေသည်။
လူမှုရေးနှင့် အတွေးအမြင်ကွာဟချက်ကြောင့်
နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်လာတိုင်း နေရာတကာ တွင် ဤကွာဟချက်များကို ဖြေရှင်းပေးဖို့
အစိုးရကိုအသုံးချကြသည်ကား မဟုတ်ပါ။ အစိုးရဟူသည် နီုင်ငံရေး၏ ဆုလာဒ်၊ သမိုင်းအမြင်အရ
ပြောရလျှင် အတိတ်နိုင်ငံရေး၏ အမွေဟု ဆိုနိုင်သည်။ သို့သော် နိုင်ငံရေး ဆိုသည်မှာအစိုးရ၊
အစိုးရ ဆိုသည်မှာ နိုင်ငံရေးပြော၍မရပါ။ နိုင်ငံရေးသည် အစိုးရ ဆိုသော အရာနှင့်ဆက်သွယ်နေသည်။
အစိုးရမရှိဘဲ နိုင်ငံရေးဟူသည် ရှိမည်မဟုတ်ဟုသာ ဆိုလိုခြင်းဖြစ်သည်။ သာဓကအဖြစ်ဆိုရလျှင်
ဝန်ကြီးချုပ် ဝင်စတန်ချာချီ အား အောက်လွှတ်တော်က ဝန်ကြီးချုပ်မွေးနေ့တွင် ‘ကျမ်းမာချမ်းသာစေကြောင်း’ တညီတညွတ်တည်း မွေးနေ့ဆုတောင်းထော်ပသနာပြုခြင်းသည်
နိုင်ငံရေး ကိစ္စ မဟုတ်ပါ။ နိုင်ငံရေးအဖွဲ့အစည်းအတွင်း၊
လွှတ်တော်အတွင်းဖြစ်ပျက်သည့် ကိစ္စ ဖြစ်သည့်တိုင် နိုင်ငံရေးကိစ္စဟု ဆို၍ကားမရပါ။
နိုင်ငံရေး၏ နရီ
လူ့ဘောင်လောက
လူမှုရေးကွာဟချက်များဖြစ်သည့်
ပညာရေး၊ ကျန်းမာရေး၊ အသားရောင်၊ လူမျိုး စသည်ကွာဟချက်များနှင့်အတူ
စီးပွားရေးကွာဟချက်များသည်
အမြဲတစေ တည်ရှိကြမည်ဖြစ်သည့် အတွက် ဤကွာခြားချက်များသည်
နိုင်ငံရေးယန္တရားကြီးကို ရွေ့လျားစေမည့်
မောင်းနှင်အား(driving force) အဖြစ်ဆက် ရှိနေမည်ဖြစ်သည်။ သို့သော်
နိုင်ငံရေး၏ နရီ (tempo
of politics) အနှေးအမြန်ကို မည်သည့်အရာက ဆုံးဖြတ်ပေးမည်နည်း။
ကွာဟချက်တွေရှိနေရုံ၊ ကွဲပြားချက်တွေရှိနေရုံမျှဖြင့် နိုင်ငံရေး နရီကို
ဆုံးဖြတ်မပေးနိုင်ပါ။
လူမှုရေး ကွာဟချက်၊ ဝင်ငွေကွာဟချက်၊ အခွင့်အရေးကွာဟချက်တွေကို မတရားမှု၊
ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုများတွေအဖြစ် သက်ဆိုင်ရာလူ့အဖွဲ့အစည်းရှိ
လူတွေကသိလာခြင်း
(the awereness of these by the
persons concerned)ကိုယ်အခွင့်အရေးကို တိုက်ရိုက်ယူဖို့ အခွင့်အလမ်းတွေ
(opportunities)ကိုဖန်တီးရယူနိုင်ခြင်း စသည့်အကြောင်းအရင်းနှစ်ရပ်သည်သာ နိုင်ငံရေးနရီ
အနှေးအမြန်ကို အဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။
ညီထက်အောင်
ရည်ညွှန်း
(၁)
Politics and Diversity by J.D.B Miller
(၂)ဗိုလ်ချုပ်အောင်ဆန်း၏
မမေ့နိုင်သော မိန့်ခွန်းများ (မောင်ကျော်ရင်)
0 comments:
Post a Comment