Sunday, October 30, 2011

လေဝယ်ချင်သည်

Cloud Cuckoo Land created a doc.
ညီငယ် တစ်ယောက်က ဇာတ်လမ်း တစ်ခုထဲမှ ဇာတ်ဝင်ခန်း တစ်ခန်း အကြောင်းကို ပြောပြသည်။ သူ ပြောပြသည့် ဇာတ်လမ်းမှာ ဘဝ သရုပ်ဖော် အချို့ပါဝင် သော်လည်း ထူးခြားလှသည်ဟု မထင်မိခဲ့ပါ။ သို့သော် ဆန်းကြယ်မှု တစ်ခုကြောင့် ဇာတ်ကြောင်း ပြောသူ ညီငယ်ကို ပြန်မေးရပါသည်။ မြင့်မား သီခေါင်သော အထပ်မြင့် တိုက်ကြီးပေါ် ရောက် ဧည့်သည် ကောင်မလေးက အောက်မှာရှိနေသည့် မြို့ကြီး၏ ညရှုခင်းကိုကြည့်ရင်း သူဌေးကြီး၏ ပိုင်ဆိုင် ကြွယ်ဝမှုကိုမေးပါသတဲ့။ သည်အခါ “သူဌေးကြီးက မင်းရှေ့က ရှိနေတဲ့ ဟာတွေ အကုန်လုံး ပိုင်တယ်” ကောင်မလေးက သူ့မြင်ကွင်းမှာ မြို့ကြီး၏ ည ရှုခင်းဖြစ် သည်။ သူဌေးကြီး ပိုင်ဆိုင်သည်ဆိုသော သူ့ရှေ့မှာက ဟင်းလင်းပြင် လေထုသာ ရှိပါသည်။
“ဘာမှာလဲ မရှိဘဲ... လေထုကြီးပဲ” “ဟုတ်တယ်... အဲဒီလေတွေပဲရှိတဲ့ နေရာအတွက် ငွေကြေးမြောက်မြားစွာနဲ့ ဝယ်ထားရတာ...” ဇာတ်လမ်းထဲက သာမန်ကောင်မလေးခမျာ “လေ ကို ဝယ်ထား ရတယ်” ဟူသော စကားသည် ယုံတမ်း စကား ဆန်သော်လည်း မထင်ရဲပါ။ ငွေသည် အရာရာ ဖြစ်နိုင်သည်ဟုလည်း မှတ်သားထားမိပေသကိုး။ သူဌေးကြီးက ကောင်မလေးကို အဘယ် ကြောင့် လေ ဝယ်ထားရ သနည်း ဆိုသည်ကို ပြောပြတော့ ကျွန်တော် သူဌေးကြီးဖြစ်ချင်သွားလေသည်။ ငှက်တစ်ကောင်လို ကြည့်ခွင့် မြင်ခွင့်ရ ရန်အတွက် ထိုမြို့ပြ၏ အတော်မြင့် သော အဆောက်အဦဖြစ်မှရပေ လိမ့်မည်။ တစ်ဖန် သူ့ရှေ့မှသော်လည်းကောင်း၊ ဘေး ဘက်များမှသော်လည်းကောင်း သူနှင့်ရွယ်တူ၊ သူ့ထက် မြင့်သူပေါ်ပေါက်မ လာမှဖြစ် ပေမည်။ ဘယ်လိုမှ မဖြစ် နိုင်ပါ။ မိမိအဆောက် အဦထက် ကြီးကျယ်မြင့်မားသော တစ်ခုခုဖြစ်ပေါ်လာမည့်ကိစ္စကိုလည်း မည်သို့မျှ လက် မခံနိုင်ပါ။


အတ္တတော့ အတ္တသဘော ဖြစ်သည်။ သို့သော် သူ့ ဟာနှင့်သူ မှန်နေပေလိမ့်မည်။ သူ့အနေနှင့် သည်ကဲ့သို့ တာဝတိံသာတိုက်ခေါင်ပေါ်မှ လောကကြီးကို အားရပါး ရ လွတ်လပ်စွာကြည့်ခွင့်ရဖို့ မွန်းကျပ်ပိတ် လှောင်သည့် ဘဝခရီးက မည်မျှရှည်ခဲ့မှန်း မှမသိ။ အဆုံးအစ မရှိ ကျယ်ပြောသည့် အာကာလွှာပုံကြီး ပေါ်မှာ ဆန်းကြယ်စွာ လှပနေတတ်သည့် တိမ်ပန်းချီ ရေးချက်များ၊ နေရောင်က တိမ်ညိုမိလ္လာတို့အကြား ရရာ နေရာမှ ထိုးဖောက်ထွက်သည့် ဘရပ်ခ်ျဝါ့ခ် (brush work) များ၊ တစ်ခါတစ်ခါမှာတော့ ပေါင်မုန့်တစ်လုံး စာလောက်တောင် တိမ်မရှိဘဲ ရှင်းနေတတ်သောပကတိ ကောင်းကင်ပြာကြီး၊ တစ်ခါတလေတော့လည်း ရေပြင် ပေါ် အမြန်မော်တော်ဘုတ် မောင်းသွားလို့ လှိုင်းတွေ အတန်းလိုက်ကျန်ခဲ့သလိုမျိုး။ ဘယ်အချိန်က ဘာမောင်းသွားမှန်းမသိလိုက်ပါဘဲ အတန်းလိုက်ကျန်ရှိ နေခဲ့တတ်သည့် မီးခိုးတိမ်လှိုင်းများ။ ခေါင်းဆောင် ကောင်း၏စီမံမှုအတိုင်း ငှက်ကယ် လူလိုဟု ဆိုချင်စရာကောင်းသည့် ငှက်အုပ်ကြီး၏ စနစ်တကျပျံ သန်းနေပုံများ။ တစ်ခါတစ်ခါမှာ တော့ အာကာသသည် အာကာသ ဓာတ်များသွားဟန်တူပါသည်။
မှုန်မှိုင်းမှိုင်းနှင့်ရှိ နေတတ်သည်ကို သည်းခံပေးရပါသည်။ အထူးသဖြင့်တော့ ည ပန်း ချီကားကြီးပါပဲ။ အံ့ဩဘနန်း နက္ခတ်၊ တာရာများ၊ ကြယ်စင် များ၊ ကြယ်ပျံများ၊ ပြောမပြတတ် သည့်အရာ များ။ ပြီးတော့ သီတဂူ၊ ပုဏ္ဏမာ၊ သော်တာ၊ စန္ဒာ၊ လ ငါး မည်ရ၏ပုံသဏ္ဌာန်အမျိုးမျိုးနှင့်အေးမြသောအလင်းရောင်။ “စိန်ခြူးကြယ်တန်း၊ လခြမ်းလဝိုင်း ညတိုင်းမြင်ချင်” ကဗျာဆရာမ ကြည်အေး လို မဖွဲ့နွဲ့တတ်သော် လည်း ညအပေါ် လောဘတကြီးနိုင်ပုံမှာတော့ တူလိမ့် မည်ထင်သည်။ လောဘကို မသတ်ဘဲ တဏှာအချို့ကို သတ်နိုင် ခဲ့မှုကြောင့် နေ့တိုင်းညတိုင်း မြင်ချင်ကြည့် ချင်သော ရှုမျှော်ခင်းများကို အတားအဆီးမဲ့ ရှုကြည့်ခံစားနိုင်ခဲ့ သည်။ ဖြစ်ပေါ်လာနိုင်သည့် အတားအဆီးအနှောင့် အယှက် (ကုမ္ပဏီကြီးများ) ထက် လက်ဦးမှုရယူလိုက် သည်။လက်ရှိ မိမိအောက် အမြင့်ဆုံး အဆောက်အဦ၏ အထက်အောက်ရှိ လေထုကို ဝယ်ပစ်လိုက်သည်...တဲ့။ အေးရော။


အကြောင်းအရာတစ်ခုခုနှင့် မြို့၏အစွန် (သို့ မဟုတ်) မြို့အထွက်ကို သွားရပြီး ကိုယ့်မြို့ထဲ ကိုယ် ပြန်ဝင်ရသည့်အခါတိုင်း ရင်ထဲမှာတစ်မျိုးကြီး ခံစားရ သည်။ တစ်ခုခုလိုနေသလို၊ တစ်စုံတစ်ရာမှားနေသလို မျိုး ထင်မိတတ်သည်။ ဒါက ကိုယ့်ခံစားမှုနှင့် အထင် သာ ဖြစ်နိုင် ပါသည်။ ကျွန်တော်တို့မန္တလေးမြို့အဝင် တံခွန်တိုင်တမာ တန်းအကွေ့လေးကိုကျော်ပြီး ဖြောင့်ဖြောင့် သွားလိုက် သည်နှင့်တစ်ပြိုင်နက် ကိုယ့်အိမ်ကို ပြန်ရောက်သလိုမျိုး ခံစားရ သည်။ သေချာပါသည်။ ဖြောင့်ဖြောင့်ဖြူး ဖြူးပါစပက်တစ်အဆုံးမှာမန္တလေး မြို့၏ အထင်ကရ သင်္ကေတ မန္တလေး တောင်။ စိမ်းညို့ညို့။
တစ်ခါ တစ်ရံပြာသလိုလို။ တောင်ထိပ် က လေးထောင့်ပုံစံအောက်ခံနှင့် စေတီဖြူဖြူ။ တစ်ခါတလေ ကြည်လင်ပြာလဲ့သောကောင်းကင် ကြီးက နောက်ခံပြုလို့။ တစ်ခါတ လေတော့လည်း တိမ်ဖြူဖြူလုံး လုံးပွပွကြီးများနှင့်ပန်းချီကား တစ် ချပ်။ ရှုချင်စဖွယ်ဓာတ်ပုံကောင်း တစ်ပုံဟုသာ ဆိုချင်တော့သည်။ မန္တလေး-ပြင်ဦးလွင် မီးရထားလမ်းကျော်လာခဲ့လျှင်တော့ မန္တလေးတောင်က နည်းနည်းပိုကြီးလာပါပြီ။ လမ်းဘေးသစ်ပင်ကြီးများမှ အကိုင်းအခက်တို့ ဖိုးဂရောင်းနှင့်ဆိုတော့ ပိုလို့ပင်ကြည့်၍ ကောင်းပါသည်။ ဒါက ဟိုတုန်းကပေါ့ကွယ်။ မန္တလေးတောင်ကြီး ဘယ်ရောက်သွားပါလိမ့်။ တောင်တော်မဟီသည် ကျီစားတတ်သည်ဟုတော့ မကြားဖူးပါ။ မန္တလေးမြို့ကြီးထဲသို့ တောင်ဘက်အရပ် က ဝင်ရောက်လာသူတို့ကို အားငယ်ရှက်ရွံ့လို့ ပုန်းနေ တာများလား။ မမြင်ရတာတော့ အမှန်ပင်ဖြစ်သည်။ “ပုန်းတာမဟုတ်ဘူး။ ကွယ်နေတာ” “ပုန်း”သည် ပြုခြင်းဖြစ်ပြီး “ကွယ်”သည်အပြုခံ ရခြင်းဖြစ်သည်။


ဧရာမသံတိုင်လုံးကြီးများဖြင့် မယိမ်းမယိုင် ခိုင် မတ်စွာစိုက်ထူကာ ကြီးမားကျယ်ပြန့်သော ကြော်ငြာ ဆိုင်းဘုတ်ကြီးများက လမ်းမကြီး၏ဝဲယာ၌ အပြိုင် အဆိုင်နေရာယူထားကြသည်။ နတ်သမီးလေးတွေ၊ နတ် သားလေးတွေ လေမှာပျံဝဲနေဟန်ရှိသည်။ စက်မှုတွေ ရော၊ လက်မှုတွေရော၊ ဖက်ရှင်၊ စားသောက်ကုန်၊ တေးစီးရီးမှအစ မိုးပေါ်မှာနေချင်တယ် ဖြစ်နေသည်။ တချို့နေရာတွေမှာဆို အလယ်ခေါင်မှဆီးကြိုလိုက်သေး သည်။ ဝဲဘက်၊ ယာဘက်ပြီးတော့ အလယ်...ဘာကျန် သေးလဲ ဦးလေးရယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့တော်ကြီးဖြစ်သည့် အားလျော်စွာ လမ်းများ၊ အဆောက်အအုံများ၊ လျှပ်စစ် စနစ်များ၊ စည်ပင်သာယာမှုဆိုင်ရာ မွမ်းမံဆင်ယင်မှုများ အမှန်တကယ်လိုအပ်ပါသည်။ မြို့တော်အနေနှင့် ဒါတွေ ကိုလုပ်လည်း လုပ်ကြပါသည်။
မြို့တော်ကြီး စည်ပင် သာယာလှပအောင် (မိမိသိသလောက်) နေ့စဉ်နှင့်အမျှ ဆိုသလို ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်တော်တို့ လူမျိုးများတွင် “အဝင်လှသည်၊ အထွက်လှသည်” ဆိုသော ယုံကြည်မှုသဘောဆောင် သည့် စကားတစ်မျိုးရှိပါသည်။ ကျွန်တော်တို့မြို့ကို ဝင်လာခဲ့လျှင် နန်းရနံ့၊ မန်းရနံ့ သင်းသင်းခံစားစေချင် သည်။ စက်သုံးဆီနံ့၊ တာယာနံ့၊ ကော်ဖီနံ့၊ ပိုးရနံ့၊ ဘာနံ့ ညာနံ့များနှင့် စတင်မထိတွေ့လိုပါ။ ထို့ပြင်တဝ မည်သူ မဆို မျက်စိပသာဒဖြစ်စေသော နီးဝေးပုံမှန်စနစ် အဆုံး ထိအားရပါးရကြည့်ချင်ခံစားချင်လိမ့်မည်ထင်ပါသည်။ ထုတ်မပြောတတ်ခြင်း၊ မပြောလိုခြင်းတစ်ခုခုသာရှိပါ လိမ့်မည်။ မျက်စိမြင်ကွင်းရှေ့က ဟိုဟာပိတ်၊ သည်ဟာ ကွယ်၊ ဘယ်ဟာက ကန့်လန့်ဖြစ်နေခြင်းကို နှစ်သက်လိမ့် မည်မဟုတ်ပါ။


“အသက်ကလေးရယ်တဲ့ ရှည်စေလို။ မြနန္ဒာ ရေညိုသန်း မန်းတောင်ရိပ်ခို” ဆိုသည့် အတိတ်တ ဘောင် နမိတ်ဆောင်သီချင်းသံလေး ကြားယောင်ရင်း ဟိုး... မြောက်စူးစူးဆီက မန္တလေး တောင်ကို မြင်ချင်ပါ သည်။ သို့သော်လည်း ကျွန်တော် ဘာများတတ်နိုင်ပါဦး မည်နည်း။ မြို့အဝင်လေထဲမှာ ရုပ်သေဝဲပျံနေသည့် မော်ဒယ်လေးတွေ၊ မင်းသားမင်းသမီးလေးတွေက မြို့ တော်ကြီး စည်ပင်သာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝင်ငွေရှာပေးနေကြသူများဖြစ်သည်။ ကိုယ်ကအလကား နေရင်း မန္တလေးမြို့ဝင်ရှုခင်းလှလှလေးနှင့် မန္တလေး တောင်ကြီးအလှကိုပဲ မြင်ချင်နေ မိသည်။ သည်တော့လည်း စောစောက ကျွန်တော့်ညီငယ် ပြောပြသည့် ရုပ်ရှင်ဇာတ်လမ်းထဲက သူဌေးကြီးလို လုပ် နိုင်လျှင် လုပ်ရုံသာရှိပါတော့သည်။ မန္တလေးမြို့အဝင် ရန်ကုန်-မန္တလေးကား လမ်းမကြီး ဝဲယာအပေါ်တွင်ရှိ သော လေထုအကျယ်အဝန်းကို ဝယ်ရပါမည်။ အဲ... အမြင့်ကတော့ စတုမဟာရာဇ် အထိလောက်ဆိုလျှင် လုံလောက်လိမ့်မည်ထင်ပါသည်။


ခင်အောင်ဝင့်( မန္တလေး အလင်း)

 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...