Saturday, October 29, 2011

ဆီမီးရောင်ရှိန်လင်းပါစေ

ကျော်စောမင်း

(၁) ယခင်အပတ်ကခေါင်းစဉ်မှာ ဆီမီးရောင်ရှိန်ထိန်ထိန်လင်းတဲ့ သီတင်းကျွတ်ခဲ့ပြီဖြစ်သောကြောင့် သီတင်းကျွတ်ပွဲတော် ပြီးသွားသည်ပင်ဆိုစေ အားလုံးလင်းလင်းထိန်ထိန်ရှိကြပါစေဟူသော  စေတနာ အရင်းခံပြီးဆီမီး ရောင်ရှိန်လင်းပါစေဟု ခေါင်းစဉ်တပ်လိုက်ပါသည်။

(၂) ယနေ့ကို ကမ္ဘာ့ဆရာများနေ့ဟုသတ်မှတ်ထားကြောင်းသတင်းစာလှန်မှသိရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လွန်ခဲ့သော သုံးရက်လောက်က  ‘ရွှေအိုးနှင်တူသောပညာ’ အမည်ရှိဆောင်းပါး တစ်စောင်ရေးဖြစ်ခဲ့သည်။  အတန်းပိုင်ဆရာမထံမှ မဖြစ်မနေကျူရှင်ယူနေရသော မူလတန်းကျောင်းသား လေးများ၏ ဖြစ်ရပ်မှန်ဇာတ်လမ်း။ ပညာရေးလောကအတွက် အမည်းကွက်ကြီးတစ်ခုကို ရေးချလိုက်ရ၍ ရင်ထဲပေါ့သွားသည်မှန်သော်လည်း ‘ဆရာ’ဟူသည့်ဂုဏ်ပုဒ်အတွက် စိတ်မကောင်း။ထို့ကြောင့်ပင် ‘ပို့ရန်မဟုတ်’ဆိုသောဖိုင်တွင် သွင်းလိုက်ရသည်။

(၃) အလင်းရောင်ကို ဖြန့်ဝေရာတွင် နည်း နှစ်နည်းရှိသည်။ ဖယောင်တိုင်ကဲ့သို့ ကိုယ်တိုင်ထွန်းလင်းပြခြင်း နှင့် မှန်ကဲ့သို့ တစ်ပါးသောအရပ်မှ အလင်းရောင်ကို ဆင့်ပွားပေးခြင်းတို့ဖြစ်သည်ဟူသော ဆိုရိုးစကား တစ်ခုရှိသည်။ နိုင်ငံရေးကို ရေးကြသားကြရာတွင် ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်အတွေးများကို တင်ပြသူများ ရှိ၏။ ထို့အတူ တခြားသူတို့၏အမြင်များကို ရှာဖွေတင်ပြခြင်း(ဘာသာပြန်ပေးခြင်း)များလည်းရှိသည်။ ဘယ်နည်းကို ဘဲသုံးသုံးထိချက်တူလျှင် အကျိုးဖြစ်ပုံသည်လည်းတူမည်ပင်။

(၄) အမြင်မတူကြတာတွေ ရှိမည်ပင်။ မင်းတုန်းမင်း ကိစ္စဆိုပါစို့ ။ သမိုင်းဆရာကထိုဘုရင်၏ သက်တမ်းတစ်လျှောက် ရက်စွဲအလိုက် လုပ်ဆောင်ပုံများကို ခြေခြေမြစ်မြစ်တူးဖော်ပြီး မခြွင်းမချန် တင်ပြမည်။  သမိုင်းဆရာ၏ တန်ဖိုးမှာ အမှန်ကို တူးဖော်နိုင်မှုနှင့် တွေ့သမျှကို မထိန်မချန် တင်ပြနိုင်မှုဖြစ်သည်။
          သမိုင်းဆရာမဟုတ်သောသာမန်လူများကြားတွင်တော့နှစ်မျိုးကွဲနိုင်သည်။ သာသနာရေး အားပေးသော ဘုရင်၊ သတင်းစာ စတင်ထုတ်ဝေပြီး သတင်းစာလွတ်လပ်ခွင့်ကိုပင် သဘောထားကြီးစွာ ပေးအပ်ခဲ့သောဘုရင် ပိဋကတ်သုံးပုံကို ကျောက်ထက် အက္ခရာတင်သောဘုရင်၊ ရတနာပုံနေပြည်တော် တည်ဆောက်ခဲ့သော ဘုရင် အစရှိသဖြင့် အကောင်းတွေချည်း မြင်သောသူရှိမည်။ ထို့အတူပင် မိဖုရား တွေ ပြောက်သောက်ယူခြင်း၊ ကနောင်အပြီးမှာ အိမ်ရှေ့ဥပရာဇာမထားနိုင်ခဲ့ခြင်း၊ ဧရာဝတီမြစ်မှ ပင်လယ်အထွက်ဝကို အပိုင်သိမ်းထားသော အင်္ဂလိပ်၏ ရန်ကို မသိချင်ယောင်ဆောင်ပြီး တိုင်းပြည် ကာကွယ်ရေး အစီအမံများ ဘာမှ ထိထိရောက်ရောက် မလုပ်ခဲ့ခြင်းတို့ကို အပြစ်မြင်သူလည်းရှိမည်။
          ထိုသုံးစု၏ အမြင်များအနက် ကျွန်တော်ယုံကြည်အားကိုးရမည်မှာ သမိုင်းဆရာစစ်စစ်၏ လက်ကုန်နှိုက် သုတေသနပြုဖော်ထုတ်ထားသော တွေ့ရှိချက်များကိုသာဖြစ်သည်။ သမိုင်းဆရာသည် သူ့အမြင်၊ သူ့အယူအဆ သူ့ကောက်ချက်ကို ပြောပြသည့် အခါမျိုးရှိတတ်သည်။ ဤအခါမျိုးတွင်လည်း စစ်မှန်သော သမိုင်းဆရာ၊ ပညာရှင်ပီသသော သမိုင်းဆရာသည် သူ့အထင်အမြင်ကို ထင်ရှားအောင် ပြောသည်။ သူ့ထင်မြင်ချက်ကို သူ့ထင်မြင် ချက်အဖြစ်သာ လူသိခံသည်။ မလွဲနိုင်သော အမှန်တရားအဖြစ် အတင်းအကျပ်မပြော။

(၅)မြန်မာနိုင်ငံရေးနယ်အကြောင်းရေးသော စာရေးဆရာတစ်ဦးရှိခဲ့ဖူးသည်။ လူပုဂ္ဂိုလ်များအကြောင်း စာအုပ် နှစ်အုပ် မြန်မာဘာသာဖြစ်ထွက်ဖူးသည်။ တစ်အုပ်မှာ တစ်ဦးတည်းအကြောင်းဖြစ်သည်။ ကျန်တစ်အုပ်မှာ တစ် ဦးလျှင် တစ်ပုဒ်မျိုးရေးသော အကျဉ်းဖော်ပြချက်များဖြစ်သည်။ ထိုစာအုပ်များ အမည်နှင့် ထိုစာရေးဆရာ (ကွယ်လွန်)၏ အမည်ကို ကျွန်တော်ထုတ်မပြောဘဲ နေလိုက်ပါမည်။ ချီးကျူးစရာထက် အပြစ်တင်စရာများနေ သောကြောင့်ဖြစ်သည်။ ထိုစာအုပ်များတွင် ထင်ထင်ရှားရှား တွေ့ရသော ပထမအချက်မှာ အရေးအသားမခံ့ညား ခြင်းဖြစ်သည်။ လယ်တီပဏ္ဍိတ၏ တပင်ရွှေထီး ဝတ္ထုကို ခန့်ခန့်ညားညားကြီးဖြစ်ရမည် မဆိုလိုပါ။ အရေးအသား မကလက်ဖို့သာလိုပါသည်။ သူ့အရေး အသားတွေက စပ်ဖြဲဖြဲတွေ ကလိတိတိတွေပါသည်။
          ဒုတိယတစ်ချက်မှာ အမြင်တိမ်ခြင်းဖြစ်သည်။ သူမြှောက်စားချင်သော လူတစ်ဦးအကြောင်း ဖတ်ကြည့်လျှင် ထိုသူပါဝင်ပတ်သက်ခြင်းမရှိသော နိုင်ငံရေးတိုက်ပွဲ၊ အမျိုးသားရေးတိုက်ပွဲမှန်သမျှ ဘာမှအရေးမပါသော ရယ်စရာနီးပါး လှုပ်ရှားမှုတွေဖြစ်နေကြပြီး ထိုသူပါဝင်တာမှန်သမျှ သမိုင်းမော်ကွန်း ထိုးလောက်အောင် ကြီးမြတ် သော အရေးအခင်းကြီးတွေဖြစ်နေကြပုံမျိုး ဖတ်ရမည်။ သမိုင်းစာအုပ်များ သည် သမိုင်းကိုသာမက သမိုင်းဆရာ ၏ အကြောင်းကိုပါ ပြောနေတတ်ကြပါသည်။

(၆) တကယ်တော့သမိုင်းဆိုတာ ဘာမှကြီးကြီးကျယ်ကျယ်တော့မဟုတ်။ ပုဂံပြည်က လူများလည်းတစ်နေ့ ပြီးတစ်နေ့ နေထိုင်သွားကြသည်သာဖြစ်သည်။ ကျွန်တော်တို့လည်း တစ်နြေ့ပီးတစ်နေ့နေထိုင်ရင်းနဲ့ ဆီမီး အရောင် ထိန်ထိန်လင်းလို့ သီတင်းကျွတ်ပါပြီ။
          ဖြစ်သန်းပြီးသွားသောနေ့ရက်တို့သည် သမိုင်းကိုဖြစ်လာစေသည်။ ဘာမှသတိမမူတတ်သူအဖို့ စက် တင်ဘာသည် မိုးရွာသောလတစ်လသာဖြစ်မည်။ မှတ်မှတ်သားသားရှိသူများအဖို့တော့ Gallery 65 မှ ပြပွဲ၊ တော် ဝင်နှင်းဆီ နှီးနှောဖလှယ်ပွဲ၊ နာရေးကူညီမှုအသင်းမှ ကဗျာရွတ်ပွဲ၊ Park Royal မှ ပညာရှင် စာတမ်း စသည်တို့ ကိုမှတ်မိနေကြလိမ့်မည်။ မှတ်တမ်းတင်သူများကလည်း မိမိတို့သန်ရာသန်ရာဖြင့် မှတ်တမ်းတင်ကြလိမ့်မည်။ ထိုမှတ်တမ်းများသည် သမိုင်း။

(ရ) ဖယောင်တိုင်လို ကိုယ်တိုင်အရောင်အရှိန်ထုတ်လွှတ်ပေးခြင်းသည်လည်း အလင်းဖြန့်ခြင်းဖြစ်သလို၊ ကြေးမှုံ မှန်လို အလင်းရောင်ပြန်ဟပ်ပေးခြင်းသည်လည်း အလင်းဖြန့်ခြင်းပင်ဖြစ်၏ဟု ကျွန်တော်ဆိုခဲ့ ပါသည်။ သမိုင်းတွင် ဇာတ်ကောင်အဖြစ်မပါဝင်ရသည့်တိုင် မှတ်တမ်းတင်သူအဖြစ် နေထိုင်ခွင့်ရနေသည် ဆိုပါလျှင် အလင်းဖြန့်ဝေမှုအတွက် ကျေနပ်စရာဟုထင်ပါ၏။

ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၅)မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...