Saturday, October 29, 2011

ထိုသို့ဆိုလျှင်

by Shey SarSo on Saturday, October 29, 2011 at 6:47pm
 
ရန်ကုန် မရောက်ဖြစ်တာ (၄)လ လောက်ရှိတော့မည်။ အရင်ကဆို ရန်ကုန်ဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်ပမာ သွားလာနေကျ။ နောက်ဆုံးရောက်တဲ့အချိန်တုန်းက အမှတ်တရဆိုလို့ ဒီ Facebook လေးကို ပထမဆုံး စပြီး ရေးချိန်ဖြစ်သည်။ (ရေးတာကလွဲလို့ ခုထိ ဘာမှ မသုံးတတ်သေးလို့ (ရေး)လို့ သုံးနှုန်းသည်) နေ့စဉ်ရက်ဆက် သောင်းကျန်းတော့ ဖျားတောင် ဖျားခဲ့သေးသည်။ နောက်ဆုံးအခေါက် ရန်ကုန်က ပြန်တော့ မကြာခင် လာဦးမည်ဟု တွေးထားလိုက်ပေမယ့် တစ်ကယ့်တစ်ကယ့်တော့ မရောက်ဖြစ်၊ မသွားဖြစ်ခဲ့ပေ။


ခရီးတွေ အရမ်းသွားတာများတော့ အလကားနေရင်း ခရီးတွေ သွားမနေချင်တော့တာ ပါသည်။ ဒါကြောင့် ရန်ကုန်ဖက်ကို ခြေမလှည့်ဖြစ်တော့။ သူငယ်ချင်းတွေကတော့ မကြာမကြာ ဖုန်းဆက်မေးလာတာမျိုး၊ အွန်လွန်းမှာတွေ့တဲ့ခါမျိုးတွေမှာတော့ ရန်ကုန်လာဖို့ ပြောကြပါသည်။ ရန်ကုန်မှာ နေစရာ ကိုယ်ပိုင် အိမ်၊ သွားစရာ ကိုယ်ပိုင် ကား မရှိသေးတော့ အဆင်ပြေသလို လမ်းဘေး အများဆိုင် နေရာတွေမှာ နေ၊ လမ်းပေါ် အများဆိုင် ကားတွေ နဲ့ ဖြတ်သန်းကျော်လွန်ကာ အများဆိုင် စားသောက်ဆိုင်တွေမှာသာ စားနေရသည်။

------------------------------............... $$$ .............. ------------------------------

ဆေးဘဲဥ စားပြီး ကျွဲရိုင်းသောက်ရင် အရသာက ခါးတယ်။ အသားတုခြောက်ကြော် စားပြီး သံပုရာရည်သောက်ရင် အရသာက ခါးတယ်။ နင့်ကိုတွေ့နိုး မျှော်လင့်ရင်း နှလုံးသားတစ်ခုကို ကိုင်မြှောက်ထားမိတဲ့ ငါ့ကိုယ်ငါ ချိုတယ်လို့ ခံစားရတယ်။ နင့်အတွက်ဆို ငါက သံပတ်ကုန်တောင် နင့်လုံးသားလေး မနိုးထမချင်း  ဆက်မည်ပေးမယ့် နိုးစက်လေးလို။

ရဲရဲနီ မီးကျီးခဲကို လက်နဲ့ကိုင်ရင် ပူမှာပဲ။ ယိုင်နဲ့နေတဲ့ တိုင်ကို သစ်သားနဲ့ ထပ်ပိုးရင်တော့ ခိုင်လာမှာပေါ့။ နှမ်းတစ်လုံးနဲ့ ဆီ မဖြစ်မှန်း သိပေမယ့် နန်းအပြုံးနဲ့ ချီတက်လာဖူးတယ်။ ရေဒါတပ်ကာ ကွန်ယက်တွေ ဖြန့်ကျက်ချိန် ဆေးကျောင်သားတစ်ယောက်နဲ့တဲ့ နင့်သတင်းသဲ့သဲ့ ကြားလိုက်ရတော့...ငါ နောက်ကို ယိုင်ကျသွားတယ်။ ပြောကြတဲ့ လောကရဲ့ ကောလတွေပါလို့ ကိုယ့်ကိုကိုယ် အချိုသပ်ကာ အားဆက်ခဲ့တယ်။

သွားပတ်ခဲ့ပါတယ် လမ်းကျိုလမ်းကြားမကျန်။ အားပြတ်မတတ်ပါကွယ် ခန္ဓာကိုယ် ချိနဲ့ခဲ့ရ။ မကြားရက်ခဲ့တာလည်း သူငယ်ချင်းတစ်ယောက်ရဲ့ စကား။ (ငါကြားတာတော့.... ဆရာဝန်ကြီးတစ်ဦးရဲ့ သားနဲ့တဲ့)။ ဟုတ်သလား...မဟုတ်သလား....မေးလိုက်ချင်တယ်။ နင် ပြောတော့ ည ည ၁၂နာရီ ၁ချက်ထိုးထိ အလုပ်တွေ မအားပါဆို။ ဖုန်းဆက်ပြီး စကားတွေလည်း မပြောတတ်ခဲ့ပါဆို။

နင့်သတင်းတွေ ကြားတော့ နားတွေ ခါးတယ်၊ နင့်အကြောင်းတွေ တွေးတော့ ငါ့ကိုယ်ငါ ခါးလာတယ်။ ထားပါကွယ် ချစ်တဲ့သူကို နင့်သဘော နင့်အလိုကျ။ ငါကတော့ ဘယ်တော့မှ နင့်ဆို ငိုမပြ။ ဒါကလည်း နင့်တစ်ယောက်တည်းကိုပဲ ချစ်တဲ့ အချစ်တွေနဲ့ ချိုမြချင်နေလို့ပါ။ အိုရ၊ သေရသည်အထိ အသဲကျွမ်းပါစေ...သိထားပါ...ငါက နင့်တစ်ယောက်တည်းကိုပဲ စွဲလန်းနေမယ်။

------------------------------............... $$$ .............. ------------------------------

နေပါဦးလို့ သူငယ်ချင်းတွေက တားကျသေးသည်။ ရန်ကုန်မှာ နေရတာ အဓိပ္ပာယ်မဲ့ သလို ခံစားလာရသည်။ မနေချင်တော့တာနဲ့ ပြန်ဖို့ လုပ်လိုက်သည်။ ပြန်ခါနီး Taxiကားပေါ်မှာ ဟိုလူကြီးက ဖုန်းဆက်လာသည်။ ရန်ကုန်ကို  သူ့မခေါ်ပဲ တိတ်တိတ်လေး ထွက်သွားလို့ ပြောနေသေးသည်။ နောက် ဖုန်းတစ်ခု ထက်ဝင်လာသည်။ ဘယ်သူလဲလို့ မေးလိုက်တော့ (နန်းနွယ်လေ)ဟု ဖြေသည်။
နောက်လေပြီ။ နန်းနွယ်ဆိုတာ ဘယ်နေမှန်းတောင် ကိုယ်က သိသည် မဟုတ်ပါ။ နန်းနွယ်ကလည်း ဒီကမ္ဘာကြီးမှာ ကိုယ်ရှိနေသည်ဆိုတာကိုပင် သိနိုင်ချင်မှ သိနိုင်ပေလိမ့်မည်။ ထိုသူငယ်ချင်းက တောင်ကြီးတန်ဆောင်တိုင်သွားမှာလား ဘာလားမေးသည်။ မသွားချင်တော့ပါ။ လောလောဆယ် စိတ်ထဲမှာ အားအင် ချိနဲ့နေသည်။

ကားစီးတော့ ခုံနံပါတ်က (၁)ရသည်။ ကိုယ်ကတော့ သူမရဲ့ နံပါတ် ၁ ထက်... ဘ၀မှာ တစ်လစ်နေခဲ့ရလေပြီ။ လမ်းတွင် ခုံနံပါတ် (၂)သမားက ဒီခုံနံပါတ် (၂)နေရာလေး ရဖို့အရေး တော်တော် ပါဝါသုံးးလိုက်ရကြောင်း ပြောပြနေသည်။ ကိုယ့်အား ဒီနံပါတ် (၁)အား ဘယ်လို ရခဲ့သလဲ စပ်စုချင်နေသည်။ ကိုယ်ကတော့ ဒီခုံနံပါတ်တွေက အရေးကြီးတယ် သိပ်မထင်ပါ။ မိမိအဆင်ပြေတဲ့ နေရာကို မိမိရရှိနေသည်ဟု ခံစားနေရဖို့တာ လိုသည်ဟု ထင်သည်။

၁၁၅မိုင်မှာရောက်တော့ Feel Express မှာ စားသည်။ ရွှေတောင် ခေါက်ဆွဲအား ၀က်နဲ့လား၊ ကြက်နဲ့လား သွားမေးမိသည်။ စားပွဲထိုးမလေးက ရွှေတောင်ခေါက်ဆွဲမှာ အဲ့လိုမျိုးမရှိဘူးဆိုပြီး ပြောပြသည်။ ရွှေတောင်မှာလိုက်သည်။ နဲနဲလေးပဲ ပါသည်။ ဒါနဲ့ ထမင်းဆီစမ်း၊ ကြက်ဥကြော်နဲ့ တစ်ပွဲထက်မှာလိုက်သည်။ POKKAကို လိမ္မော်နဲ့ မှာလိုက်သည်။ ငွေရှင်းတော့ တစ်ထောင်တန်တွေ တစ်ခုပြီးတစ်ခုပေးတော့ ပိုက်ဆံတွေက မကောင်းဖြစ်နေသည်။ စားပွဲထိုးမလေးက ပြန်လဲပေးဖို့တာ ပြောနေရသည်။ နောက်ဆုံး ဒါလေးတော့ ယူသွားလိုက်ပါတော့နော်ဆိုတော့ ပိုက်ဆံကို ကောင်တာက မယူရင် သူမစိုက်ရမှာ ဖြစ်တဲ့အကြောင်းပြောပြသည်။

ထိုလိုမျိုးတော့ မဖြစ်မခံနိုင်ပါ။ ကိုယ့်ကြောင့် စားပွဲထိုးမလေးကို ပိုအခက်တွေ့အောင် မလုပ်ချင်တော့ပါ။ နောက်ဆုံးမှာတော့ ငါးထောင်တန်ထုတ်ပေးလိုက်သည်။ စားပွဲထိုးမလေးအလုပ်ရှုပ်မှာဆိုးလို့ ငွေအတိအကျပေးမိတာဖြစ်ကြောင်း ပြောပြလိုက်သည်။ ကိုယ့်ရဲ့ မူလစေတနာကို သိသွားလို့လားမသိ အစွန်းထွက် တစ်ရာကျပ်တိတိအား သူမသဘောနဲ့သူမ လျော့ပေးလိုက်လေသည်။ တစ်ဦးမေတ္တာ တစ်ဦးစေတနာဆိုတာ ဒါလားလို့ စဉ်းစားမိနေလေသည်။ ထိုသို့ဆိုလျှင် .... .... ....

ရှေးစာဆို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...