Sunday, October 30, 2011

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၆) အပိုင်း(၁)

ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်များ
Anti-Democratic Regimes

၂၀ ရာစု နှစ်များအတွင်းတွင်း ဒီမိုကရေစီသည် အရှိန်အဟုန်နှင့် ကမ္ဘာတ၀ှမ်းတွင် တိုးတတ်ထွန်းကား လျက်ရှိကြသည်။ မည်သည့်နိုင်ငံ၊ မည်သည့် လူ့အဖွဲ့အစည်းမဆို ဒီမိုကရေစီကို ရှုထောင့်စုံ၊ ပုံစံပေါင်းစုံဖြင့် ပြောဆိုကြ၊ ကျင့်သုံးကြ၊ ချည်းကပ်ကြနှင့် ရှိနေကြသည်။ ပုသဏ္ဍာန် အမျိုးမျိုးဖြင့် အာဏာရှင်ဖြစ်နေသော လူပုဂ္ဂိုလ်၊ လူစု၊ အဖွဲ့သည်ပင်လျှင် ဒီမိုကရေစီဟူသော ဝေါဟာရကို ၄င်းတို့အကျိုးစီးပွား အာဏာကို မထိခိုက်စေအောင် ပြုပြင်ဖန်တီးကြပြီး နောက်တွင်ဒီမိုကရေစီကို ကျင့်သုံးကြောင်း ပြောဆိုနေကြသည်။ ထိုသို့သော ဒီမိုကရေစီသည် အုပ်ချုပ်သူလူတန်းစား အတွက်သာ ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖြစ်သည့် ဒီမိုကရေစီ၏ အနှစ်သာရသည် မူရင်းနှင့် များစွာ ကွဲပြားလျက် ရှိကြသည်။ ထို့ကြောင့် ဒီမိုကရေစီကို ဆိုင်းဘုတ်တိုင်တာမျှဖြင့် ဖုံးကွယ်ထားတတ်ကြသော အာဏာရှင် အုပ်ချုပ်ရေးစနစ်များကို မြင်သာစေရန် နိုင်ငံရေး သိပ္ပံပညာရှင်များက လေ့လာဖော်ထုတ် ခဲ့ကြသည်။ ထိုသို့သော အုပ်ချုပ်ရေးစနစ်များကို ပြည်သူလူထုက ဦးဆောင်ခြင်းမဟုတ်ဘဲ လူတဦးက သောလည်းကောင်း၊ တစုကသော်လည်းကောင်း ဦးဆောင်လျက် ရှိတတ်သည်။

သက်ဦးဆံပိုင် ဘုရင် အုပ်ချုပ်ရေးစနစ်
(Monarchism)
          သက်ဦးဆံပိုင် ဘုရင် အုပ်ချုပ်ရေးစနစ်သည် လူတဦးတည်းက နိုင်ငံတော်အာဏာကို အကြွင်းမဲ့ပိုင်ဆိုင် အုပ်ချုပ်သော စနစ်ဖြစ်သည်။ အထူးသဖြင့် သက်ဦးဆံပိုင် ဘုရင်စနစ်သည် ရှေးရိုးစွဲအယူအဆနှင့် ဘာသာရေးအခြေခံ အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်တတ်သည်။ ဘုရင်ထံတွင် ဘုရားသခင်က အပ်နှင်းထားသော အခွင့်အာဏာများ ရှိသည်ဟူသော သဘောတရား အယူအဆသည် သက်ဦးဆံပိုင် ဘုရင်စနစ် ကျင့်သုံးရခြင်း၏ အဓိက အကြောင်း အရင်းဖြစ်လာသည်။ ဘုရင်သည် မည်သည့်အရာကိုမျှ ထောက်ငဲ့စရာမလိုဘဲ အကြွင်းမဲ့ လုပ်ပိုင်ခွင့်  အာဏာနှင့် အချုပ်အခြာ အာဏာပိုင်သူအဖြစ် ခံယူသည်။ ထို့ကြောင့် သက်ဦးဆံပိုင် ဘုရင် အုပ်ချုပ်ရေး စနစ်သည် အကြွင်းမဲ့ အာဏာရှင်စနစ်ကို ဖြစ်စေသည်။
          အလယ်ခေတ် (AD 1100-1400) လွန်သို့ ရောက်သောအခါ နိုင်ငံရေးအတွေးအခေါ် ပညာရှင်များက ဘုရင်၏ အကြွင်းမဲ့ အာဏာပိုင်မှုကို အံတုယှဉ်ပြိုင်ကာ တွေးခေါ်လာကြသည်။ အင်္ဂလိပ် ပြည်တွင်းစစ်နှင့် ပြင်သစ်တော်လှန်ရေးကြီးအပြီး နောက်ပိုင်အတွင် ဘုရင်၏ လုပ်ပိုင်ခွင့် အာဏာမှာ အဆင့်လျော့ချ ကန့်သတ်ခံလိုက်ကြရသည်။ အထူးသဖြင့် ၁၇၈၉ ခုနှစ် ၊ ပြင်သစ်တော်လှန်ရေးကြီးသည် အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို များစွာ ကိုင်လှုပ်ခဲ့သည်။ ပြင်သစ်နိုင်ငံအနေဖြင့် သမတ နိုင်ငံအဖြစ်သို့ ကူးပြောင်း သွားနိုင်ခဲ့ပြီး ဥရောပနှင့် ကမ္ဘာ့အချို့ အရပ်ဒေသများမှ အကြွင်းမဲ့ သက်ဦးဆံပိုင်စနစ် (Absolute Monarchism) မှသည် စည်းမျဉ်းခံ ဘုရင်စနစ် (Constitutional Monarchism) ဆီသို့ ပြောင်းလဲသွားခဲ့ကြသည်။

          ယနေ့အချိန်အထိ ကမ္ဘာပေါ်တွင် ဘုရင်များ အုပ်ချုပ်လျက်ရှိသော နိုင်ငံများစွာ ရှိသေးသည်။ သို့ရာတွင် ပြင်သစ်တော်လှန်ရေးကြီး မဖြစ်ပွားမီက ကမ္ဘာပေါ်တွင် ရှိခဲ့သော အကြွင်းမဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေး စနစ်နှင့် များစွာခြားနားသော စည်းမျဉ်းခံ ဘုရင်စနစ် အုပ်ချုပ်ရေးစနစ် များသာဖြစ်သည်။ စည်းမျဉ်းခံ ဘုရင် အုပ်ချုပ်ရေးစနစ်တွင် ဘုရင်သည် နိုင်ငံတော် ဦးသျှောင်အနေဖြင့်သာရှိပြီး နိုင်ငံရေးအာဏာ အလုံးစုံတို့သည် ပြည်သူ့ကိုယ်စားလှယ်များထံတွင်သာ ရှိပါသည်။ ပြည်သူ့ကိုယ်စားလှယ်များကို ဒီမိုကရေစီ နည်းလမ်းကျ ရွေးချယ်ခြင်း၊ တာဝန်ပေးအပ်ခြင်း၊ တာဝန်မှရုပ်သိမ်းခြင်းတို့ ပြုလုပ်ရသည်။ ဥရောပတိုက်သည် ဒီမိုကရေစီထွန်းကားမှု၏ ဗဟိုချက်တွင် ပါဝင်နေပြီးယနေ့ထိ ဥရောပနိုင်ငံ အများစုသည် စည်းမျဉ်ခံ ဘုရင်စနစ်ဖြင့် အုပ်ချုပ်လျက်ရှိ ကြသည်။ အချို့လေလာသူများက ဗြိတိန်နိုင်ငံကို စံပြုလိုက် စည်းမျဉ်းခံ ဘုရင် စနစ်ဖြင့် ဘုရင်များ ဆက်လက် တည်ရှိနေခြင်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ အသွင်းကူးပြောင်းရေးကို အလိုက်သင့် လက်ခံခဲ့ခြင်းကြောင်းဖြစ်ကြောင်း ထောက်ပြကြသည်။
          အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင် အုပ်ချုပ်ရေးစနစ်သည် ဒီမိုကရေစီမရှိသော ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်နှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ ယနေ့ ကမ္ဘာကြီးတွင်မှု သက်ဦးဆံပိုင် ဘုရင်စနစ် စစ်စစ်ဖြင့် အုပ်ချုပ်လျက်ရှိသော နိုင်ငံများ လျော့ပါးသွားပြီး စည်းမျဉ်းခံ ဘုရင်စနစ်နှင့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်သို့ ဦးတည်းသွားနေလေသည်။
          သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်ရေး စနစ်ကဲ့သို့ လူပုဂ္ဂိုလ် တဦးတည်း အုပ်ချုပ်သော စနစ်တခု ရှိသေးကြောင်း သုတေသီများက အသိမှတ်ပြုကြပြီး ၄င်းစနစ်ကို လူတဦးတည်းက အုပ်ချုပ်သော စနစ် (Autocracy) ဟုခေါ်သည်။ ထိုအုပ်ချုပ်သော စနစ်သည် ပြည်သူများ၏ စီးပွားရေးဘ၀လုံးဝ  ချွတ်ခြုံကျ ပျက်စီးနေလျှင်ဖြစ်စေ၊ ပြည်သူများ အသိပညာခေါင်းပါးသော အခြေအနေမျိုးတွင်သာဖြစ်စေ ၊ ပေါ်ပေါက်နိုင်ကြောင်း လေ့လာသူများက သုံးသပ်သူများက ဆိုသည်။ 

အရစ္စတိုကရေစီ
(Aristocracy)

          ဂရိဝေါဟာရ အရစ္စတိုကရေစီသည် လက်ရွေးစဉ်လူတစုက အုပ်ချုပ်ခြင်းဟူ၍ အဓိပ္ပါယ်ရသည်။ Aristos မှာ လက်ရွေးစင် အကောင်းဆုံးများဟု အဓိပ္ပါယ်ရပြီး Kratia (ထိုမှတဆင့် Cracy ဖြစ်လာ) ၏။ အဓိပ္ပါယ်မှာ အုပ်ချုပ်ခြင်း ဟူ၍ဖြစ်သည်။ လက်ရွေးစင် အကောင်းဆုံးများ ဆိုသည်ကို လူ့အဖွဲ့အစည်းကြီး အတွင်းမှ  ဇကာတင် ရွေးထုတ်ရမည် ဖြစ်သဖြင့် အရစ္စတို ကရေစီသည် ပြည်သူများအုပ်ချုပ်သော စနစ်ဖြစ်သည့် ဒီမိုကရေစီနှင့် ကွဲလွဲသော လူနည်းစု အုပ်ချုပ်ရေး ဖြစ်လာသည်။
          အရစ္စကရေစီ အကြောင်းကို အထူးအလေးပေး တွေးခေါ်ရေးသားသူ နှစ်ဦးမှာ ပလာတို (Plato, BC 428-348) နှင့် အရစ္စတိုတယ် (Aristotle, BC 384-322) တို့ ဖြစ်ကြသည်။ ပလာတိုသည် သူ၏ သမတနိုင်ငံ အမည်ရှိ စာအုပ်တွင် နိုင်ငံတော်ကို အုပ်ချုပ်မည့် လူတန်းစား အဖြစ် အထူးလေ့ကျင့်မှုရှိသော သူများ လိုအပ်ကြောင်း၊ ထိုအရည်အသွေးရှိ လေ့ကျင့်ပြီးသူများကသာ နိုင်ငံတော်ကို အုပ်ချုပ်ရမည်ဟူသော လက်ရွေးစင် လူစု အုပ်ချုပ်ရေးစနစ်ကို ဖော်ထုတ်ခဲ့သည်။ သာမန်အားဖြင့်ကြည့်လျှင် လူအဖွဲ့အစည်းနှင့် နိုင်ငံတော် တိုးတက်ရေးအတွက် အတော်ဆုံး အတတ်ဆုံး ဆိုသည့် လက်ရွေးစင်လူထုက အုပ်ချုပ်ရေး လုပ်ဆောင်ခြင်းကို အများက လက်ခံနိုင်သယောင် ရှိပါသည်။ လူ့အဖွဲ့အစည်း တခုလုံးအနေဖြင့် ခြုံငုံ သုံးသပ်ကြည့်ရာ၌ ပညာတတ်မြောက်သူ၊ အရည်အချင်း ပြည့်ဝသူဆိုသည့် အကောင်းဆုံးများ ရွေးထုတ်ရန်မှာ ပညာတတ်သူ၊ အရည်အချင်းရှိသူ နည်းသော လူ့အဖွဲ့အစည်းမျိုးတွင်သာ ဖြစ်နိုင်သည်။ အစိုးရ တိုင်းပြည် ပြည်သူလူထုအတွက် ကျန်းမာရေး ၊ ပညာရေး၊ လူမှုဘ၀နှင့် လူနေမှု အဆင့်အတန်း တိုးတတ်ရေးကို အစဉ်တစိုက် လုပ်ဆောင်နေရမည် ဖြစ်သည်နှင့် အညီ ပြည်သူလူထုကြီးတရပ်လုံးအနေဖြင့် ပညာတတ်သူ၊ အရည်အချင်းရှိသူများ အဖြစ်သို့ အဆင့်ဆင့် တိုးတတ်ပြောင်းလဲ သွားပေမည်။ ထိုအခါမျိုးတွင် အရည်အချင်းရှိသူ ဆိုသူတို့မှာမည်သူတို့ ဖြစ်သည်ဆိုသည်ကို ဆုံးဖြတ်ပေးရမည့် သူတို့မှာ ပြည်သူလူထု ဖြစ်လာသည်။ ပြည်သူလူထုကို ဆုံးဖြတ်ခွင့် ပေးရမည် သာဖြစ်သည်။

          လူတဦးသို့မဟုတ် လူတစုဆိုသည်မှာ လူနေမှု အဆင့်အတန်း နိမ့်ကျသော သို့မဟုတ် ပြည်သူလူထု အသိပညာ မပွင့်လင်းသော လူ့အဖွဲ့အစည်းမျိုးတွင် သာဖြစ်နိုင်သည်။ ထိုသို့ သော လူ့အဖွဲ့အစည်း မျိုးတွင်သာ အသိဆုံး၊ အတတ်ဆုံး ဆိုသော လူပုဂ္ဂိုလ်များကို ရွေးထုတ်နိုင်ပေမည်။ သို့ရာတွင် ကမ္ဘာ့လူ့အဖွဲ့ကြီး တခုံလုံးသည် ပို၍တိုးတတ်သော၊ အသိပညာ ပွင့်လင်းသော  လူ့အဖွဲ့အစည်းကြီး အဖြစ်သို့ ဦးတည်ပြောင်းလဲ လျက်ရှိရာ လက်ရွေးစင် လူတစုကသာ အုပ်ချုပ်ရေးစနစ် ဆိုသည့် စနစ်မှာ စိတ်ကူးယဉ်မျှသာ ဖြစ်တော့သည်။ အချို့သော နိုင်ငံများတွင် လူတစုတို့သည် နိုင်ငံတော်၏ အရှင်သခင်များသဖွင့် ၄င်းတို့ကိုယ် ၄င်းတို့ ကြေညာ ကာ နည်းမျိုးစုံဖြင့် အာဏာထိန်းချုပ်ရေးကို ကြိုးစားတတ်ကြသည်။ ဤသို့သော ဖြစ်ရပ်မျိုးကို စစ်တပ်က နိုင်ငံရေးအာဏာ ချုပ်ကိုင်ထားသော နိုင်ငံများနှင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ အုပ်ချုပ်လျက်ရှိသည့် နိုင်ငံများတွင် တွေ့မြင်ကြရသည်။ ထိုနည်းဖြင့် အာဏာထိန်ချုပ်သူတို့သည် ၄င်းတို့ကိုယ် ၄င်းတို့ အုပ်ချုပ်ခွင့် လက်ရွေးစင် ပုဂ္ဂိုလ်များ (၀ါ) အရစ္စတိုကရက်များ (Aristocrats) ဟု ထုတ်ဖော်ပြောဆိုခြင်းနှင့် တူသည်။ ၄င်းတို့က ဒီမိုကရေစီ ကို ဖော်ဆောင်နေသည်ဟု ကြွေးကြော်တတ်သော်လည်း စင်စစ် အရစ္စတိုကရေစီကို အသက်သွင်းနေကြသူများသာ ဖြစ်သည်။
          အရစ္စတိုကရေစီသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် နှင့်ခွဲခြားလေ့လာနိုင်သကဲ့သို့ လူပုဂ္ဂိုလ် တဦးတည်း အုပ်ချုပ်သည့် သက်ဦးဆံပိုင် ဘုရင် အုပ်ချုပ်ရေးစနစ်နှင့် ကွဲပြားခြားနားမှုရှိသော အုပ်ချုပ်ရေး စနစ်လည်း ဖြစ်သည်။ အရစ္စတိုကရက်များ အာဏာရရှိရေးအတွက် သက်ဦးဆံပိုင်ဘုရင်များကို ဆန့်ကျင်တော်လှန်ခဲ့သော သာဓကများလည်း သမိုင်းတလျှောက် တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ် အတွေးအခေါ်ရှိသူတို့၏ အမြင်တွင် အရစ္စတိုကရေစီသည် လူတန်းစား မညီမျှမှုနှင့် လူမှုရေး ပဋိပက္ခများကိုသာ ဖြစ်ပေါ်စေနိုင်သည့် အတွက် တော်လှန်ရေးဖြင့် ပယ်ရှားပစ်ရမည်ဟုဆိုသည်။
          အရစ္စတိုကရေစီသည် ပဒေသရာဇ်စန် (Feudalism) ၏ အုပ်ချုပ်ရေး စနစ်ဟုလည်း အသိအမှတ်ပြု ကြသည်။ ထိုအုပ်ချုပ်ရေးစနစ်တွင် အာဏာရနေသူများကို ပဒေသရာဇ်များ (၀ါ) အရစ္စတိုကရက်များ (Aristocrats) ဟုခေါ်ကြသည်။

အော်လီဂါခီ
(Oligarchy)

ဂရိဝေါဟာရ အော်လီဂါခီသည်လည်း အရစ္စတိုကရေစီ ကဲ့သို့ပင် လူနည်းစု အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပါယ်ရသည်။ သို့သော် အရစ္စတိုကရေစီ လက်ရွေးစင် လူအုပ်စုအဖြစ် လေ့ကျင့်ထားသူများ သို့မဟုတ် ၄င်းတို့ဖာသာ ၄င်းတို့ ကြွေးကြော်နေသူများက အာဏာထိန်းချုပ်ထားသော လူနည်းစု အုပ်ချုပ်ရေးဖြစ်ပြီး အော်လီဂါခီကမှု အုပ်ချုပ်ရေးစနစ် တခုအတွင်းတွင် တဖြည်းဖြည်း လူနည်းစုသာ အာဏာရရှိလာခြင်း၊ ဆက်လက်ထိန်းချုပ်ထားခြင်း သဘောကို ပိုဆောင်သည်။
          အော်လီဂါခီသည် လူပုဂ္ဂိုလ်တဦးတည်းက အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ်နှင့် ပြည်သူလူထု အုပ်ချုပ်ရေးဖြစ်သည့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တို့နှင့် ကွဲလွဲခြားနားမှု ရှိသည်။ အော်လီဂါခီသည် ချမ်းသာကြွယ်ဝသူများ အာဏာရရှိရေး ကို ဦးတည်စေသည့် လူကုံးထံအုပ်ချုပ်ရေး (Plutocracy) ဖြစ်ကြောင်း အချို့သော လေ့လာသုံးသပ်မှုများက ထောက်ပြကြသည်။  တနည်းအားဖြင့် ချမ်းသာ ကြွယ်သမှု ငွေပကာသနဖြင့် အာဏာရယူသော အုပ်ချုပ်ရေးစနစ် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။     
    
          ၁၉ -၂၀ ရာစုနှစ်များ အတွင်းတွင် အော်လီဂါခီကို နိုင်ငံတော်ကို အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ် အဖြစ် မတွေ့ရတော့ပေ။ သို့သော် နိုင်ငံရေးပါတီအတွင်း အုပ်ချုပ်ရေးများနှင့် အလုပ်သမားသမဂ္ဂ၊ အသင်းဖွဲ့များ အတွင်း အော်လီခါခီ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်နေသည်ကို လေ့လာတွေ့ရှိရသည်။ အဆိုပါ အဖွဲ့အစည်းများ အတွင်း ခေါင်းဆောင်မှုနေရာ ရရှိသူတို့သည် ဒီမိုကရေစီ အခြေခံကျင့်စဉ်များအရ အာဏာရလာခြင်းမျိုး ရှိသကဲ့သို့ အချို့မှာ ချမ်းသာကြွယ်ဝမှု အရှိန်အ၀ါကြောင့်နေရာရလာသူများ ဖြစ်ကြောင်း လေ့လာသူအချို့က ထောက်ပြကြသည်။ ထိုသူတို့သည် ထောက်ခံပေးမည့် အောက်ခြေထု မဲဆန္ဒရှင်များကို အပိုင် စည်းရုံးထားနိုင်ခြင်း၊ သတင်းပြန့်ကြားရေးလုပ်ငန်းများကို ထိန်းချုပ်ထားနိုင်ခြင်း၊ ဒီမိုကရေစီ ကျင့်စဉ်များကို မျက်ကွယ်ပြုထားခြင်းတို့ ပြုနိုင်သည်။ ထိုအကြောင်းကို အကျယ်တ၀င့် ရေးသားဖော်ပြခဲ့သူမှာ မိုက်ကယ် (Robert. D. Michels)ဖြစ်သည်။ ၄င်းရေးသားသော အော်လီဂါခီ သံမဏိဥပဒေ (Iron Law of Oligarchy)  အမည်ရှိလေ့လာချက်တွင် အော်လီဂါခီသည် ဒီမိုကရေစီမကျသော ၊ ဒီမိုကရေစီနှင့် ဆန့်ကျင့်သော အုပ်ချုပ်ရေး စနစ် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်များအပေါ် ခြုံငုံသုံးသပ်ခြင်း
(Conclusion On Anti-Democratic Regimes)

          ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်အချို့ အကြောင်းကို အကြမ်းဖျင်းမျှ တင်ပြခဲ့ပါသည်။ ထိုသို့တင်ပြခြင်း၏ အဓိကရည်ရွယ်ချက်သည် ဒီမိုကရေစီနှင့်ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်များ အကြောင်း ရေဘုယျ ခြုံငုံသိရှိခြင်းဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အကြောင်း လေ့လာရာတွင် အထောက်အကူပြုစေရန် အတွက်ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကမ္ဘာကြီးတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲလျက်ရှိရာ ဒီမိုကရေစီနှင့်ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်ကို ပေါ်ပေါ်တင်တင် ကျင့်သုံးနေခြင်းများ မတွေ့ရတော့ပေ။
          ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်တွင် အဓိကအားဖြင့် လူတဦးကသာ ပိုင်စိုး အုပ်ချုပ်သော စနစ် (Despotism) နှင့် လူနည်းစုကသာ အာဏာပိုင်စိုး အုပ်ချုပ်သော စနစ်တူ၍ နှစ်မျိုး ခွဲခြားလေ့လာနိုင်သည်။ လူတဦးတည်းကသာ အာဏာပိုင်စိုး အုပ်ချုပ်သော စနစ်တွင် သက်ဦးဆံပိုင် ဘုရင် အုပ်ချုပ်ရေးနှင့် လူတဦးတည်းကသာ အုပ်ချုပ်သောစနစ်ဟူ ၍ ထက်မံတွေ့ရှိရသည်။ 

ယနေ့အခါတွင် သက်ဦးဆံပိုင် ဘုရင်စနစ် စစ်စစ် (၀ါ) အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်သည် ဒီမိုကရေစီ လှိုင်းတံပိုးအောက်တွင် တိမ်မြုပ် ကွယ်ပျောက်သွားပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အာမခံသည့် စည်းမျဉ်းခံ ဘုရင်စနစ်အဖြစ် ပြောင်းလဲသွားလေပြီ ဖြစ်သည်။ အချို့သော နိုင်ငံများတွင် ဘုရင်မဟုတ်သော်လည်း သက်ဦးဆံပိုင် ဘုရင်ကဲ့သို့ အာဏာပိုင်စိုးသော နိုင်ငံများတွင် ဘုရင်မဟုတ်သော်လည်း သက်ဦးဆံပိုင် ဘုရင်ကဲ့သို့ အာဏာပိုင်စိုးသော လူပုဂ္ဂိုလ်တဦးတည်းက အုပ်ချုပ်သောနေခြင်းမျိုးရှိလျှင် ၄င်းစနစ်ကို (Autocracy) ဟု ခေါ်သည်။ ထိုသို့သော လူပုဂ္ဂိုလ် တဦးတည်းက အုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်သူသည် လက်အောက်ခံအရာရှိများနှင့် ပြည်သူလူထု၏ တင်ပြချက်ဆန္ဒများကို ငဲ့ကွက်စရာမလိုဘဲ အကြွင်းမဲ့ အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်ရှိကြသည်။ ထိုသို့သော အစိုးရသည် စနစ်အရ သက်ဦးဆံပိုင် ဘုရင်စနစ် မဟုတ်သော်လည်း အစိုးရပုံစံအရ သက်ဦးဆံပိုင်အစိုးရ (Absolute Government) ဖြစ်ကြောင်း နိုင်ငံရေး သိပ္ပံပညာရှင်များက ကင်ပွန်းတပ်ကြသည်။
          လူနည်းစု အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်ကို အရစ္စတိုကရေစီနှင့် အော်လီဂါခီဟူ၍  နှစ်မျိုးခွဲခြား လေ့လာနိုင်သည်။ အရစ္စတိုကရေစီသည် လက်ရွေးစင်လူတစု အုပ်ချုပ်ရေးဖြစ်ပြီး ၄င်းကို ကွန်ဆာဗေးတစ်  ၀ါဒ၏ အဆွယ်အပွား အငွေ့အသက်အဖြစ် တွေ့နိုင်သည်။ သာဓကအားဖြင့် အင်္ဂလန်နိုင်ငံ ပါလီမန် အထက်လွှတ်တော်(House Of Lords )တွင် ခန့်အပ်ခံရသော ပညာရှိများ (Lords) ဟု ဆိုသူများကို အချို့က အရစ္စတိုကရက်များအဖြင့် ရှုမြင်ကြသည်။

ABSDF ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) မှ ထုတ်ဝေသော
ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...