Saturday, October 29, 2011

ငြိမ်းစေသောငြိမ်း

 (ဂါမဏိ)

by အား မာန် on Saturday, October 29, 2011 at 7:23pm
 
ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ပုန်ကန်ထကြွမှု
သမိုင်းမှာ အပြင်းထန်ဆုံး ကမ္ဘာ့စီးပွားပျက်ကပ်ဟာ ၁၉၂၉ ခုမှာ အမေရိကန်နိုင်ငံကစပြီး တကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ ပါတယ်။ ဒီစီးပွားပျက်ကပ်ကြီးရဲ့ အကျိုး ဆက်ကတော့ အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်မှာ ဆရာစံ လယ်သမား သူပုန်ကြီး ၁၉၃၀ ဒီဇင်ဘာ ၂၂ ရက် နေ့မှာ ဖြစ်ခဲ့ပါတယ်။ ဒို့ဗမာအစည်းအရုံးလဲ ၁၉၃၀ မေလ ၃၀ ရက်နေ့မှာ ပေါ်လာ ခဲ့ပါတယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရဟာ ဆရာစံတို့ရဲ့ လက်နက်ကိုင် တော်လှန်ရေးကို မနိုင်တဲ့အတွက် အိန္ဒိယကနေ တပ်မ နှစ်ခု ခေါ်သွင်းပြီး တိုက်ခဲ့ရပါတယ်။
ဒါတောင်မှ မီးကျိုး မောင်းပျက်နဲ့ ဒုတ်ဓားလှံတွေပဲရှိတဲ့ အင်းအိုင်လက်ဖွဲ့အား ကိုး စစ်ပညာမဲ့လယ်သမားတွေကို ခေတ်မီဗြိတိသျှတပ် အင်အား တသောင်းသုံးပြီး နှစ်နှစ်ကျော် တိုက်ယူရပါ တယ်။ အင်္ဂလိပ် အစိုးရဟာ ဗမာ မွန် ကရင် ရှမ်း ပအိုဝ်း ဓနု ပလောင် လယ်သမားသူပုန်တွေကို တရားရုံးမတင်ဘဲ ပစ် သတ် ခေါင်းဖြတ်ပြီး လမ်းပေါ်ပြထားတာမျိုး ရက်ရက်စက်စက်လုပ်ခဲ့သလို တော်လှန်ရေးသမား ၃၀၂ ယောက်ကိုလဲ တရားရုံးတင် ကြိုးပေးသတ်၊ ၈၈၀ ကို အန်ဒါမန်ကျွန်းပို့၊ လယ်သမားသူပုန် ၇၁၀၀ ကျော်ကို ထောင်ဒဏ် ၁ နှစ်ကနေ ၁၀ နှစ်အထိ ချခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း ကျဆုံးတဲ့သူပုန်တွေ၊ အသတ်ခံရတဲ့ရွာသားတွေပေါင်းလိုက်ရင် တသောင်းကျော်မယ်လို့ ခန့်မှန်းကြပါတယ်။
ဆရာစံသူပုန် ပြိုကွဲသွားပေမဲ့ ပွဲကပြီးမသွားပါဘူး။ သာမန်အားဖြင့် စီးပွားရေးကပ်တွေဟာ တနှစ်-နှစ်နှစ်လောက်ပဲ ဖြစ် တတ်ပေမဲ့ ၁၉၂၉ ခု ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဟာ ၁၉၃၉ အခုအထိ ကြာခဲ့ပါတယ်။

၁၉၃၉ ခုကျမှ ဒုတိယကမ္ဘာစစ် ကြောင့် အရင်းရှင်နိုင်ငံကြီးတွေဟာ စီးပွားပျက်ကပ်ကနေ ထွက်ပေါက်ရသွားခဲ့တာဖြစ်ပါတယ်။ စစ်လက်နက်တွေ စစ် ပစ္စည်းတွေ စစ်ရိက္ခာတွေ ထုတ်လုပ် ရောင်းချပြီး ရပ်ထားတဲ့စက်ရုံအလုပ်ရုံတွေ ပြန်လည်ပတ်၊ စီးပွားပြန်တက်အောင် လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း စစ်မြေပြင်ဖြစ်သွားတဲ့နိုင်ငံတွေဟာ ဖွတ်ဖွတ်ကြေသွားခဲ့ပါတယ်။
မြန်မာပြည်မှာ လယ်သမားသူပုန် ပြိုသွားပေမဲ့ ဒို့ဗမာအစည်းအရုံးလှုပ်ရှားမှုတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ အလုပ် သမားလှုပ်ရှားမှုတွေပေါ်လာတာ၊ နောက်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘီအိုင်အေလက်နက်ကိုင်တော်လှန်ရေးအထိ ကြီးထွားလာတာဟာ ဒီကမ္ဘာ့စီးပွားပျက်ကပ်ကြီးနဲ့ ပတ်သက်နေပါတယ်။ တနည်းပြောရရင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဟာ မြန်မာနိုင်ငံက နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲကို လက်နက်ကိုင်နည်းနဲ့ရော လက်နက်မဲ့နည်းနဲ့ပါ ဆင်နွှဲ စေဖို့ ထိထိရောက်ရောက်အားဖြစ်ခဲ့ပါတယ်။ အောင်လဲအောင်မြင်စေခဲ့ပါတယ်။
ဒီလိုတိုက်ပွဲတွေကြောင့် ကိုလိုနီအစိုးရဟာ ခွဲရေးတွဲရေးပြဿနာ၊ ၁၉၃၅ ခု ၉၁ ဌာနအုပ်ချုပ်ရေးဥပဒေတို့နဲ့ ချွေးသိပ် လမ်းလွှဲတာတွေ လုပ်ခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတွေဟာ လုံးဝလွတ်လပ်ရေး လမ်းကြောင်းကိုဘဲ တည့်တည့်မတ်မတ်လျှောက်သွားခဲ့ပါတယ်။ ပြည်ပမှာ စစ်ပညာသွားသင်တဲ့ တော်လှန်ရေးသမား ၃၀ ဟာ ဗမာပြည်ထဲကို လူ ၂၀၀ နဲ့ ပြန်ဝင်ခဲ့ပြီး ဘီအိုင်အေဖျက်တဲ့အချိန်မှာတော့ အင်အား ၁၀၀၀၀၊ ဖက်ဆစ် တော် လှန်ရေးမှာ အင်အား ၃၀၀၀၀ အထိရှိသွားခဲ့ပါတယ်။
xxx

၁၉၇၃ ခုမှာ အာရပ်နိုင်ငံတွေခေါင်းဆောင်ပြီး ရေနံဈေးတွေ မြှင့်လိုက်သလို အမေရိကန်နိုင်ငံကို ဗီယက်နမ်စစ်ဆိုတဲ့ ဖွတ်တက်မှုကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့ပါတယ်။ ဒီစီးပွားရေးကပ်ကြောင့် မြန်မာနိုင်ငံမှာ ၁၉၇၄ အလုပ်သမား အရေးတော်ပုံ၊ ဦးသန့်ဈာပနအရေးတော်ပုံ၊ ၁၉၇၅ ရွှေတိဂုံအရေးတော်ပုံ၊ ၁၉၇၆ မှိုင်းရာပြည့်အရေးတော်ပုံတွေ ပေါက်ကွဲခဲ့ပါတယ်။ ဒီစီးပွားရေးကပ်ဟာ ၁၉၂၉ လိုမပြင်းထန်လှဘဲ ကာလအားဖြင့်လဲ ၂ နှစ်-၃ နှစ်လောက်ဘဲ ကြာ ခဲ့ပါတယ်။
၁၉၈၆-၈၇ ဘဏ္ဍာရေးကပ်ကတော့ မြန်မာပြည်က ၈ လေးလုံးအရေးတော်ပုံကို မွေးဖွားပေးလိုက်သလို တရုတ်ပြည်က ၁၉၈၉ တိန်အန်မင်အရေးတော်ပုံ၊ ဆိုဗီယက်နဲ့ အရှေ့ဥရောပ ဒီမိုကရေစီအရေးတော်ပုံတွေအထိ ပေါ်ထွက်စေခဲ့ပါ တယ်။ ဒီကပ်ကလဲ ၁၉၂၉ ကပ်လောက် ပြင်းထန်လှတာ မဟုတ်ပါဘူး။
xxx

၁၉၂၉ ခုနောက်ပိုင်း ကမ္ဘာ့အကြီးဆုံးစီးပွားရေးကပ်ကြီးဟာ ၂၀၀၇ ခုနှစ်မှာ စခဲ့ပြီး ၂၀၀၈ မှာ အပြင်းထန်ဆုံးဖြစ်လာခဲ့ပါ တယ်။ ဒီကနေ့ ၂၀၁၁ ခုအထိ နာလံမထူသေးပါဘူး။ ဒီတခါတော့ မြန်မာနိုင်ငံမှာ ဆရာစံလို လယ်သမားသူပုန် ဖြစ်မ လာပေမဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ခဲ့ပြီးနောက် ၂၀၁၀ ခု နိုဝင်ဘာ ၇ ရက် (ရွေးကောက်ပွဲနေ့) မှာ ကရင်၊ ၂၀၁၁ ခု မတ်လ ၁၃ ရက်မှာ ရှမ်း၊ ၂၀၁၁ ခု ဇွန်လ ၉ ရက်မှာ ကချင် ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ ပုန်ကန်ထကြွ မှုတွေ ပေါက်ကွဲလာပါတယ်။ စီးပွားရေးကြပ်တည်းမှုရဲ့အကျိုးဆက်အဖြစ် ငြိမ်းအဖွဲ့တွေရဲ့စားကျက်တွေကို မျက်စောင်း ထိုး စားမာန်ခုတ်လာတာကို မခံမရပ်နိုင်တော့ဘဲ အခုလိုပုန်ကန်ဆူပွက်လာတာ ဖြစ်ပါတယ်။ ဒီတိုင်းရင်းသားငြိမ်းအဖွဲ့ တွေမှာ ဒေသခံတိုင်းရင်းသားလယ်သမားတွေ အများဆုံးပါဝင်တာဖြစ်တဲ့အတွက် “၂၀၁၀-၂၀၁၁ ငြိမ်းချမ်းရေး လယ်သ မားသူပုန်” လို့လဲ ခေါ်လို့ရနိုင်ပါတယ်။
ဒါပေမဲ့ ဒီတိုင်းရင်းသားငြိမ်းလယ်သမားသူပုန်တွေဟာ ၁၉၃၀ တုံးကလို ဓားလှံဒူးလေး မီးကျိုးမောင်းပျက်သေနတ် တွေနဲ့ မဟုတ်ပါဘူး။ ခေတ်မီမောင်းပြန်လက်နက်ငယ် လက်နက်ကြီးတွေ လေယာဉ်ပစ်ဒုံးတွေ အဝေးပစ်ဒုံးတွေ လက်နက်စက် ရုံတွေ ဆက်သွယ်ရေးစက်တွေ အင်တာနက်တွေ မီဒီယာအဆက်အသွယ်တွေ နိုင်ငံတကာရောက် မြန်မာပြည်သားအ ဆက်အသွယ် အပံ့အပိုးတွေ ကောင်းကောင်းရှိနေပါပြီ။ ခေတ်မီစစ်ပညာ ခေတ်မီစစ်စည်းကမ်းကိုလဲ အင်္ဂလိပ်နည်း၊ အ မေရိကန်နည်း၊ ဂျပန်နည်း၊ တရုတ်နည်း သင်ကြားလေ့ကျင့်ထားကြသူတွေ ဖြစ်ပါတယ်။ အင်းအိုင်မန္တာန် လက်ဖွဲ့အ  ဆောင်တွေ အားကိုးတိုက်တာ မဟုတ်တော့ပါဘူး။
တဖက်မှာတော့ ဒီကနေ့ နအဖ-ကြံ့ဖွတ်စစ်တပ်ဟာ အင်္ဂလိပ်ကိုလိုနီအစိုးရလို နိုင်ငံခြားကနေ တပ်တွေခေါ်သွင်းလို့ မရ ရှာပါဘူး။ ဒါ့အပြင် နအဖ-ကဖတပ်တွေဟာ တပ်မ တမကို လူ ၁၀၀၀ ပြည့်အောင် မနည်းမန်းမှုတ် လေထိုးနေရပါတယ်။ တပ်အင်အားတွေ တနှစ်ထက်တနှစ် လျော့လျော့လိုက်လာနေပါတယ်။ ထောက်ပံ့ရေးဘက်မှာဆိုလဲ အင်္ဂလိပ်တပ် ခြေ ဖျားတောင်မမီပါဘူး။ အမေရိကန်၊ ယိုးဒယားတို့နဲ့ တိုက်ဖို့ ရည်ရွယ်ပြီး ဝယ်ထားတဲ့ လက်နက်ကြီး လက်နက်ဆန်းတွေက လဲ ဒေသကျွမ်း တောကျွမ်းတဲ့ တိုင်းရင်းသားလယ်သမားပျောက်ကျားတွေကို မဖြိုနိုင်ပါဘူး။

တချိန်ကတော့ ဗမာတပ်တွေဟာ ထောက်ပံ့ရေးမကောင်းပေမဲ့ စိတ်ဓာတ်အားကောင်းပြီး အကြမ်းပတမ်းခံနိုင်လှတဲ့ အတွက် မြက်စားတိုက်နိုင်တယ်၊ ကျောက်ခဲစားတိုက်နိုင်တယ်လို့ ကြွားခဲ့ပေမဲ့ ဒီကနေ့မှာတော့ အဲဒါဟာ လုံးဝဒဏ္ဍာရီ သက်သက်ဖြစ်သွားပါပြီ။ တပ်မတော်သမိုင်းတလျှောက်လုံးမှာ ဘယ်ခေတ်ဘယ်အခါနဲ့မှမတူအောင် စိတ်ဓာတ်ညံ့ ချက် ထောက်ပံ့ရေးညံ့ချက်တွေ ကမ်းကုန်နေပါပြီ။ စည်းကော်တွေ (တပ်မတော်စည်းရုံးရေးကော်မတီ) ဘယ်လိုပဲ လက်ပူ တိုက် မန်းမှုတ်ပေမဲ့ တပ်နေလဲမပျော် စစ်တိုက်လဲမတော် ဖြစ်နေကြပါပြီ။ ပြည်သူ့စစ်မဟာဗျူဟာအရ တကယ် တပ် ဖျောက်မယ်ဆိုရင် ဘော်ဘော်တွေဟာ လုံးဝပြန်မလာတမ်းပျောက်ကုန်မှာ၊ အိမ်ပြန်လစ်ကုန်ကြမှာ သေချာပေါက်ပါဘဲ။

ဒါကြောင့် နအကဖ ဟာ အင်္ဂလိပ်အစိုးရလုပ်ခဲ့သလို လှိမ့်လုံးလှည့်လုံးတွေ လုပ်နေပါတယ်။ သူအမုန်းဆုံး အကြောက် ဆုံး (ဝ) အဖွဲ့ကို မလုပ်စဖူး ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးပြီး သူ့ကိုလာမတိုက်အောင် အချိန်ဆွဲတာ၊ မြို့ပေါ်လူထု တွေ အုံကြွလာမှာကို ကြိုကာတဲ့အနေနဲ့ တဖက်လှည့် ရောင်ပြကြေညာချက်တွေထုတ် ရောင်ပြလုပ်ရပ်တွေလုပ်တာ၊ ၉၁ ဌာနအုပ်ချုပ်ရေးပုံစံမျိုး အနံ့ပေးတာတွေ လုပ်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့လက်နက်လဲတယ်လို့ ကြေညာခံထားတဲ့ အဖွဲ့ တဖွဲ့က နောက်ထပ်တခါ ငြိမ်းချမ်းရေးနဲ့လက်နက်လဲ ဥပဒေဘောင်ထဲဝင်တယ်ဆိုတဲ့ ရူးကြောင်ကြောင် သတင်းတွေလဲ သတင်းစာထဲ ရှောက်ထည့်လိုက်ပါသေးတယ်။
တခြားတဖက်မှာလဲ ပေးကျွေးထားတဲ့ တိုင်းတပါးသားတွေ အကူအညီနဲ့ ရှမ်းပြည်အလယ်ကောင်က SSA ခေါင်းဆောင် ပန်ဖှ ဟာ ထိုင်းနိုင်ငံကို မူးယစ်ဆေးတင်သွင်းသူ နံပတ် ၁ ဖြစ်နေပြီဆိုတာမျိုး (သတင်းလွှင့်သူတွေဟာ ကလေးကျောင်း ပြန်တက်ပြီး ပထဝီပြန်သင်ဖို့လိုနေပါပြီ)၊ မြောက်ပိုင်း-အရှေ့မြောက်ပိုင်းနယ်စပ်က ငြိမ်းအဖွဲ့တွေဟာ တရုတ်ဆန့်ကျင် ရေး တိဘက်အတိုက်အခံတွေဆီ သေနတ်တွေ (ပစ္စတို ၈ လက်ကြီးများတောင် ဆိုပဲ) ရောင်းပေးနေတယ်ဆိုတဲ့ သတင်း မျိုး ထုတ်လုပ်လွှင့်တင်လာပါတယ်။
(ဗုဒ္ဓဘာသာသံဃာတော်တွေ ဦးဆောင်တဲ့ တိဘက်အတိုက်အခံတွေထဲမှာ အကြမ်းဖက်လှုပ်ရှားမှုဆိုတာ တရုတ် သိမ်း ပိုက်ခါစ လွန်ခဲ့တဲ့နှစ် ၅၀ ကပဲဖြစ်ခဲ့ပြီး အခုအချိန်မှာ ကိုယ့်ကိုယ်ကိုမီးရှို့ အသေခံဆန္ဒပြတာပဲ အဓိကလုပ်နေ ကြပါ တယ်။ ဒါ့အပြင် ပစ္စတိုလောက်ကတော့ တရုတ်ပြည်မှာပဲ ဖောချင်းသောချင်းဝယ်လို့ရပါတယ်၊ ဗမာပြည်ငြိမ်းအဖွဲ့ဆီက ဝယ်စရာမလိုပါဘူး။ အကြမ်းဖက်မယ့်လူဆိုရင်လဲ ပစ္စတို မဝယ်ပါဘူး။)
xxx

၁၉၃၀ ဆရာစံသူပုန် ကျဆုံးသွားပေမဲ့ နောက် ၁၀ နှစ်အကြာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေတ်မီ ဘီအိုင်အေသူပုန် ကြောင့် လွတ်လပ်ရေးလမ်းကြောင်းပေါ်ရောက်သွားခဲ့ပါတယ်။ အနှစ် ၈၀ ကြာပြီးတဲ့နောက် အခုအချိန်မှာ ၂၀၁၀-၂၀၁၁ ငြိမ်းသူပုန်ကတော့ ဘယ်လိုမှမကျဆုံးနိုင်ဘဲ ငြိမ်းမဟုတ်တဲ့ တိုင်းရင်းသားသူပုန်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဧရာမပစ်ကူပေး မီးထိုးပေးနေပါတယ်။ ဗမာပြည်ထူးခြားချက်အရ မြို့ပြလူထု တိုက်ပွဲကနေ ပြီး ဒီမိုကရေစီလမ်းကြောင်းကို မတွန်းနိုင်သေးချိန်မှာ ခေတ်မီငြိမ်းသူပုန်တွေဟာ ဒေါ်အောင်ဆန်းစုကြည် လုပ်ငန်း အောင်မြင်နိုင်ဖို့ အချက်အခြာတွန်းအားကြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကဝန်းရံပေးနေတဲ့အင်အားကြီး ဖြစ်နေပါပြီ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဗမာပြည်ဒီမိုကရေစီအရေး တော်ပုံမှာ ဘယ်လက်သီးနဲ့ ညာလက်သီး ဖြစ်နေပါပြီ။
အင်္ဂလိပ်အစိုးရဟာ ၁၉၂၉ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးထဲက ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ နိုင်ငံရေးကပ် စစ်ရေးကပ်တွေ အထိ နစ်မြုပ်ပျက်စီးသွားခဲ့သလို အခု နအကဖ စစ်အစိုးရဟာလဲ စီးပွားရေးကနေ နိုင်ငံရေး စစ်ရေးကပ်ဆိုက်တဲ့အထိ ယိုယွင်းပျက်သုဉ်းသွားမယ့်လမ်းပေါ် ရောက်နေပါပြီ။ စီးပွားပျက်ကပ်ရဲ့ ရှောင်လွဲမရတဲ့အကျိုးဆက်အဖြစ် လက်နက် ကိုင်တော်လှန်သူတွေ ၁၉၃၀-၁၉၄၁ မှာ ပေါ်ခဲ့သလို ၂၀၁၀-၂၀၁၁ မှာလဲ မလွဲမသွေ ထပ်ပေါ်လာပြန်ပါပြီ။
တချိန်က ဆရာစံရဲ့ ဂဠုံသူပုန်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “ဂဠုံသရဏံ ဂစ္ဆာမိကြပေရော့” လို့ ဂုဏ်ပြုခဲ့သလို ဒီကနေ့မှာလဲ “ငြိမ်းစေသောငြိမ်း” တွေရဲ့ “ငြိမ်းချမ်းရေးတိုက်ပွဲ” ကို အင်တိုက်အားတိုက် ကူကြပါစို့။

ဂါမဏိ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...