Friday, October 28, 2011

ပြည်သူ့အတွက်လား၊ တိုင်လိုက်ပါ

by Yeyint Kyaw on Saturday, October 29, 2011 at 10:23am
Written by နန္ဒ၀င်း (ဆေး-၁)

မန္တလေးတိုင်းဒေသကြီးရှိ ရေကြီးမှုဖြစ်ပွားရာဒေသများသို့ သွားရောက်ကုသပေးသော ဆေးကုသရေးအဖွဲ့


ငယ်ငယ်ထဲကနေ ခုထိတိုင် ကျွန်တော်မုန်းတဲ့သူဟာ အတိုင်အတောထူတဲ့သူပါပဲ။ ကျွန်တော့်အယူအဆ မှားကောင်းမှားနိုင်ပေမယ့် မလိုအပ်ဘဲအရာရာမှာ အတိုင်အထောထူတဲ့သူဆိုတာ ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်စွမ်းမရှိတဲ့ အရည်အသွေးမဲ့သူလို့လည်း ခံယူမိပါတယ်။ ခုတလော နောက်ပိုင်းကာလတွေမှာ အတော့်ကို တိုင်စာတွေများလာတယ်လို့ ဌာနအသီးသီးမှာကြားနေ၊ သိနေရပါတယ်။ ပြည်သူနှင့် ထိတွေ့မှုများတဲ့ ကျွန်တော်တို့ရဲ့ကျန်းမာရေး ဌာနမှာဆို ပိုလို့သာဆိုးနေတာပါပဲ။ ကျွန်တော်တို့ရဲ့ အထက်အဆင့်လူကြီးတွေခမျာ တိုင်စာတက်တိုင်း လိုက်ရှင်းနေရတာနှင့် ဌာနဆိုင်ရာအလုပ်တွေကို ဂရုစိုက်လုပ်ကိုင်နိုင်မှုမှာ အားနည်းသွားတယ်လို့တောင် ကြားရပါတယ်။

ကျွန်တော့်ဆရာတစ်ယောက်ကတော့ ပြောပါတယ်။ တိုင်တာ ကောင်းပါတယ်တဲ့။ ဘာမှအခြေအနေ မဆိုးခင်မှာ လက်ဦးမှုယူပြီး ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ဆောင်ကြဉ်းပေးလို့ရတဲ့ အတွက် ကြောင့်လို့ ဆိုပါတယ်။ ကျွန်တော်လည်း မြို့နယ်အဆင့်တာ ၀န်ကိုယူပြီးလို့မှ လေး၊ ငါး၊ ခြောက်လအတွင်းမှာ တိုင်တန်းမှုတွေ တော်တော်များများကို ဖြေရှင်းပေးခဲ့ရပါတယ်။ တိုင်တန်းမှုတော်တော်များများကို စမ်းစစ် ကြည့်လိုက်ရင် ပုဂ္ဂလိကကိစ္စတွေကို ဦးတည် တာကိုပဲ တွေ့ရတာများပါတယ်။ မှတ်မှတ်ရရ တိုင်စာတစ်စောင်ကိုတော့ ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ရပါတယ်။ အဲဒီနေ့က ကျွန်တော်တိုင်းရုံးကို အစည်းအဝေး သွားပြီး ပြန်လာတဲ့နေ့ပါ။ ဆေးရုံထဲကို ၀င်ဝင်ချင်းပဲ ရုံးကစာရေးက စာတစ်စောင် လာပေးပါတယ်။ ကိုယ်ရေးကိုယ်တာစာထင်လို့ ကျွန်မဖောက်ဖတ်မထားပါဘူးလို့ ပြောလာပါတယ်။
အဲဒီတုန်းက ရောက်တာမှ တစ်လမပြည့်သေးတဲ့ အခြေအနေမှာ ဘယ်ကစာက ရောက်လာတာလဲလို့ တွေးမိပါသေးတယ်။ စာပေါ်မှာကြည့်မိတော့ အောင်လေဘုရားတုရွာလို့ ရေးထားပါတယ်။ မြို့နယ်ဆရာဝန်ဖြစ်လို့မှ တင်ပါးမနွေးသေးဘူး။ပြဿနာတစ်ခုခုတော့ တက်ပြီဆိုတာ သိလိုက်ရပါပြီ။

စာကိုရေးလိုက်တဲ့သူဟာ ကျွန်တော်တာဝန်ကျတဲ့ မိုးညိုမြို့ရဲ့ မြောက်ဘက်အစွန်ဆုံး ဆင်မနိုင် ကျေးလက်ကျန်းမာရေးဌာနအပိုင်ထဲက ချောင်ကျတဲ့ ဘုရားတုရွာ ကပါ။ အိမ်ခြေ ၁၈၀ လောက်ရှိတဲ့ရွာကြီးဟာ ကျွန်တော်တို့ မိုးညိုဘက်မှာ အိမ် ၉၀ ကပ်လျက် နတ္တလင်းမြို့နယ်ထဲမှာ အိမ် ၉၀ ရှိနေပါတယ်။ဒါပေမဲ့ အဲဒီစာရေးသူက ဂျာနယ်တွေကို အပတ်စဉ် ဖတ်သူလို့ ဆိုထားပါတယ်။ ဂျာနယ်တချို့မှာ ကြိုကြားကြိုကြား အတွေးလေးတွေကို ရေးနေတဲ့ ကျွန်တော့်ကိုလည်း သိနေပါတယ်။ သွားလာခက်ခဲတဲ့ နေရာကနေသူဟာ ဂျာနယ်ဖတ်ဖို့ အဆင့်ဆင့်မှာရမည်ဆိုတာ တွေးမကြည့်ဘဲတောင် သိနိုင်ပါတယ်။နေ့စဉ်သတင်းစာ မဖတ်ရရင်၊ အပတ်စဉ်ဖတ်နေကြနေ့မှာ ဂျာနယ်မဖတ်ရရင် ရေဆာသလို ထမင်းငတ်သလို အာသာမပြေတတ်တဲ့ ကျွန်တော်ကတော့ စာဖတ်သူအချင်းချင်း ကိုယ်ချင်းစာပါတယ်။
တစ်ခါတလေ ကျွန်တော်တို့ဖတ်နေကြ ဂျာနယ်တစ်စောင်ကို အချိန်မီဖတ်ရဖို့ သွားရ၊ လာရ၊ မှာရတဲ့ ကုန်ကျစရိတ်ဟာ ဂျာနယ်ဖိုးမကပါဘူး။ ကျွန်တော့်ဆီကို စာရေးတဲ့ဘုရားတုရွာက အောင်လေးဆိုသူဟာလည်း ဂျာနယ် တွေကို အပတ်စဉ်ဖတ်ရဖို့ အတော့်ကို ကြိုးစားရမှာပါ။ သူက ဂျာနယ်တွေထဲက အသိတွေရလို့ ခုစာကိုရေးရတာလို့ ဆိုပါတယ်။ သူကတစ်ဖန် တိုင်တာမဟုတ်ဘဲ သူတို့ဒေသရဲ့ အခက်အခဲကို တင်ပြတာလို့ဆိုပါတယ်။ သူတို့ရွာမှာ ကာကွယ်ဆေးတွေ မထိုးရဘူးလို့ ဆိုထားပါတယ်။ ရွာရဲ့မြေပုံနှင့် တိတိကျကျကို ရေးဆွဲတင်ပြထားတာပါ။ အများနှင့်တန်းတူ သူတို့ရွာက ကလေးတွေ၊ မိခင်တွေလည်း အခွင့်အရေးတွေ ရချင်ပါတယ်လို့ စာအဆုံးမှာ နိဂုံးချုပ်ထားပါတယ်။  တိုင်စာမဟုတ်ပါလို့ ဆိုထားပေမယ့် အလေးထားပြီး ဆောင်ရွက်ရမှာက ကျွန်တော်တို့ရဲ့တာဝန်ပါ။

ကျွန်တော်ကိုယ်တိုင်ကလည်း ပြဿနာတစ်ခုဖြစ်ပွားရင် သူတစ်ပါးရဲ့အပြစ်ကြောင့်လို့ တွေးတာထက် ငါဘာလိုသွားလို့လဲဆိုတာကို တွေးတတ်ဆင်ခြင်တတ်အောင် လေ့ကျင့်နေပါတယ်။ သက်ဆိုင်ရာ လက်ထောက် ကျန်းမာရေးမှူး ဦးစီးပြီးသက်ဆိုင်တဲ့ သားဖွားဆရာမ၊ ကြီးကြပ်(၂)တို့ကို ကျွန်တော့်ဆီ ဖိတ်ခေါ်လိုက်ပါတယ်။ သူတို့ရဲ့ ကာကွယ်ဆေးထိုးစာရင်းတွေ၊ ဆေးတောင်းစာရင်းတွေ၊ လူစာရင်းတွေကို ပြန်စစ်ဖြစ်ခဲ့ပါတယ်။ အဲဒီရွာကိုလည်း ကိုယ်တိုင်ဆင်းပြီး စစ်ဆေးခဲ့ပါတယ်။
သွားရေးလာရေးခက်ခဲပြီး ဟိုဘက်ပိုင်သလို၊ ဒီဘက်ပိုင်သလိုဖြစ်နေတဲ့ အဲဒီရွာကလေးကို ကျွန်တော်မရောက်ခင် တစ်ရက်ကပဲ နတ္တလင်းမြို့နယ်ဆရာဝန် ကျွန်တော့်အစ်ကိုကြီးလည်း လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ ပြီးပြီလို့ သိရပါတယ်။ (သူ့ဆီကိုလည်း ကျွန်တော့်ဆီလိပ်မူတဲ့ စာကိုမိတ္တူပို့ ထားပါတယ်။)ကျွန်တော့်တပည့်တွေကတော့ ဘယ်သူတိုင်တာလဲ ဘာလည်းညာလည်းနှင့် စိတ်ဆိုးကြပေမယ့် ကျွန်တော်ကတော့ ၀မ်းသာ နေပါတယ်။ လီဆယ်တိုင်တာမဟုတ်ဘဲ အဖြစ်မှန်ကို ရေးပေးတဲ့အတွက် ကျွန်တော်တို့တွေ သိရှိညှိနှိုင်း ဆောင်ရွက်နိုင်တာပေါ့။ ကာကွယ်ဆေးတွေကို အလွှာစုံအထိရောက်အောင်၊ နေရာစုံကို ရောက်အောင်၊ အလှူရှင် တွေရဲ့ စေတနာ၊ နိုင်ငံတော်ရဲ့ စိုက်ထုတ်မှု၊ အထက်အဆင့်ဆင့်သော လူကြီးများရဲ့ကြိုးစားမှုတွေဟာ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကြောင့် ပြည်သူတွေ အကျိုးမဲ့ ဖြစ်မသွားစေချင်ပါဘူး။
ခုဆိုလဆန်းရက်တိုင်း အဲဒီရွာက ကလေးတွေ ကိုယ်ဝန်ဆောင်မိခင်တွေ တန်ဖိုးရှိတဲ့ ကာကွယ်ဆေးတွေ ထိုးနေရပါပြီ။ ဒါဟာစနစ်တကျ ရေးသားခဲ့တဲ့ စာရေးသားသူရဲ့ကျေးဇူးပါပဲ။ နို့မို့ဆိုရင် အဲဒီနေရာကို ကွင်းဆင်း စစ်ဆေးဖို့ ကျွန်တော်ရောက်ရေး၊ မရောက်ရေးက မသေချာလှပါဘူး။ ကျွန်တော်ကြီးကြပ်ရတဲ့ ရွာပေါင်းက ၂၂၀ ကျော်မှာ အလွန်ဆုံး ကျွန်တော်ကွင်းဆင်းနိုင်ပါမှ တစ်လကို သုံး လေးရွာပဲ ရှိမှာပါ။ နောက်ထပ်ကြုံရတဲ့ တိုင်စာတွေကတော့ အများအပြားပါပဲ။ ဆိုခဲ့သလိုပါပဲ တိုင်စာတော်တော်များများဟာ အထက်ကဖော်ပြခဲ့တဲ့ စာထဲကလို အများအကျိုးထက်စာရင် မိမိတစ်ဦးတစ်ယောက်ရဲ့ မကျေနပ်မှုကိုသာ အခြေခံကြတာဖြစ်ပါတယ်။ ငဲ့ညှာမိလို့ ကိုယ့်ဘက်ပိုပတ်တော့မလို ဖြစ်ရတဲ့တိုင်စာတစ်ခုက ရှိပါသေးတယ်။ ကျွန်တော်တာဝန်ယူရတဲ့ မြို့နယ်ရဲ့အောက်မှာ တိုက်နယ်ဆေးရုံ သုံးရုံရှိပါတယ်။ အဲဒီထဲကတစ်ရုံက ကျွန်တော်မရောက်ခင်လပိုင်းလေးက မှ အသစ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့စီမံချက်အရ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံတိုးပေးတာမဟုတ်ဘဲ ဒေသလိုအပ်ချက်အရ တိုက်နယ်ဆေးရုံကို ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ပြီး ကျေးလက်ကျန်းမာရေးဌာနရော တိုက်နယ် ဆေးရုံပါရှိတဲ့ တိုက်နယ်တစ်ခုဖြစ်ပါတယ်။ ပိုပြီးရှင်းအောင်ဆိုရရင် လက်ထောက်ကျန်းမာရေးမှူးရော တိုက်နယ်ဆရာဝန်ပါရှိတဲ့ တိုက်နယ်တစ်ခုပေါ့။ ရာထူးချင်းကွာပေမယ့် ကျေးလက်ပြည်သူတွေရဲ့အမြင်မှာ ရာထူးချင်း တူသလို ထင်မိတတ်တဲ့ အနေအထားဖြစ်လို့ များသောအားဖြင့် အဲဒီလိုတွဲဖက်နေရတဲ့နေရာတွေမှာ အလုပ်အကိုင်တွေ အဆင်မချောတတ်ပါဘူး။ အထူးသဖြင့် မိမိရဲ့အနေအထားကို မိမိသဘောမပေါက်သူတွေဆို ပိုလို့ သာဆိုးတာပေါ့။ ကျွန်တော်တာဝန်ယူပြီး နှစ်ရက်အကြာမှာပဲ အနည်းငယ် အငြင်းပွားစရာလေးတွေဖြစ်ခဲ့လို့ ၁၆ မိုင်ဝေးတဲ့ အဲဒီနေရာကိုဆင်းပြီး ညှိနှိုင်းပေးခဲ့ပါတယ်။
ဘုတ်ကိုကျီးရိုသေ ကျီးကိုဘုတ်ရိုသေဖို့နှင့် အားလုံးဟာ ကျွန်တော့်လက်အောက်က ၀န်ထမ်းတွေဖြစ်လို့ ဥပမာပေးရရင် မိသားစုထဲမှာ မညီညွတ်ကြရင် မိဘလုပ်သူ စိတ်ဆင်းရဲရပါတယ်။ ကျွန်တော်ကလည်း မြို့နယ် ဦးစီးမှူး ဖြစ်လို့ မိဘနေရာကနေ အားလုံးကို ထီးလိုမိုးပြီး အေးချမ်းအောင် အကာကွယ်ပေးပါမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အဲဒီတိုက်နယ်နှင့်ပတ်သက်လို့ အတော့်ကို ဂရုစိုက်ပေးခဲ့ပါတယ်။ အဲဒီဆေးရုံကလည်း ဒေသလိုအပ်ချက်အရ ဖွင့်သာ  ဖွင့်လိုက်ရတယ်။ အောက်ခြေ၀န်ထမ်း ခန့်အပ်ရန် ခွင့်ပြုထားခြင်း မရှိသေးပါဘူး။
ကျွန်တော်အရင် တာဝန်ကျသူကလည်း သူကိုယ်တိုင်ရဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကြောင့် လုပ်ငန်းပိုင်းမှာ အနည်းငယ် အားနည်းသွားပါတယ်။ ကျွန်တော်ရောက်ရောက်ချင်းပဲ အထက်အဆင့်အသီးသီးကို မေးမြန်းပြီး ခန့်ထားဖို့ ကြိုးစားရပါ တော့တယ်။ ခွင့်ပြုမိန့် ကျလာပါပြီ။ လက်ရှိလုပ်အားပေးနေတဲ့ လူငယ်သုံးဦးကို ဆင့်ခေါ်လိုက်ပါတယ်။ ယောက်ျားလေး နှစ်ဦး၊ မိန်းကလေး တစ်ဦးပါ။ ဆင့်ခေါ်လိုက်တဲ့နေ့မှာပဲ သတင်းတစ်ခု ရောက် လာပါတယ်။ ယောက်ျားလေးနှစ်ဦးက ညတာဝန်ချိန်မှာ အရက်မူးပြီး ဆေးရုံတက်လူနာတွေကို နှောင့်ယှက်တယ်လို့ ဆိုပါတယ်။ သူတို့ကိုယ်တိုင်ရဲ့ ၀န်ထမ်းအဖြစ် မဆောင်ရွက်လိုတော့ကြောင်း စာလည်းတင်ပြ လာပါ တယ်။
ကျွန်တော့်အထင် အလုပ်မရဘူးထင်ပြီး ထင်ရာဆိုင်းပြီးမှ ကျွန်တော်ကဆင့်ခေါ်တာကို အလုပ်ခန့်ဖို့လို့မထင်ဘဲ ခေါ်ကြိမ်းမောင်းပြီထင်ပြီး မလုပ်လိုကြောင်းကြိုတင်တာ ဖြစ်ပါလိမ့်မယ်။ သူတို့နှောင့်ယှက်လိုက်တဲ့ မိန်းကလေး မိသားစုကို အကျယ်အကျယ်မဖြစ်ရလေအောင် တိုက်နယ်ဆရာဝန်ကနေတစ်ဆင့် တောင်းပန်ခိုင်းရပါတယ်။ (တကယ်လည်း ကိုယ်ထိလက်ရောက်မဖြစ်ပါဘူး။ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေ နဲ့ နှောင့်ယှက်တာပါ။ ဘာပဲဖြစ်ဖြစ် ၀န်ထမ်းတစ်ဦးဟာ တာဝန်ချိန်မှာ အရက်သောက်နေတယ်ဆိုကတည်းက ၀န်ထမ်းဖြစ်ဖို့ မသင့်တော့ပါဘူး) ၀မ်းနည်းစွာပဲ အထက်အဆင့်ကို တင်ပြပြီးဝန်ထမ်း အသစ်ခန့်လိုက်ရပါတယ်။
အလုပ်သမားရုံးလွှတ်ရတာနှင့် ဘာနှင့်ဆို နှစ်လလောက်ထပ်ကြာမှ ခန့်နိုင်ခဲ့တာပါ။ အလုပ်မရတော့တဲ့ မောင်မောင်မူးတစ်ယောက်က အဲဒီရွာ ကျေးလက်ကျန်းမာရေးဌာနက ညစောင့်ရဲ့သားပါ။ကိုယ့်ဝန်ထမ်းသားသမီး ဖြစ်လို့ အလုပ်ပေးချင်ပေမယ့် သူ့ကံကြမ္မာကို သူဖန်တီးသွားခဲ့တာပါပဲ။ မကြာပါဘူး။အဲဒီမောင်မောင်မူး ရမ်းကားလေးက နိုင်ငံတော်အကြီးအကဲထိ တိုင်ပါလေရော။ သူနှင့်မသင့်တဲ့ တိုက်နယ်ဆရာဝန်ကို ဦးတည်ပြီး ဆေးရုံမှာ လက်ပွန်းတတီး  လုပ်ခဲ့သူပီပီ အတွင်းကျကျသိတာတွေကို စကားလုံး ပြောင်ပြောင်မြောက်မြောက်နှင့်ကို တိုင်တာပါ။ အဲဒီထဲမှာ အလုပ်ခန့်ထားရေးမှာလည်း တိုက်နယ်ဆရာဝန်ဟာ မြို့နယ်ဆရာဝန်နှင့် ပေါင်းလုပ်တယ်လို့ ပါစွဲချက်ပါ ပါတယ်။ အထက်အဆင့်ဆင့်ကို တရားဝင်စာအသီးသီးနှင့် တင်ပြလုပ်ကိုင်တာဖြစ်လို့ ကျွန်တော့်ကို စစ်ဆေးမခံရပေမယ့် စိတ်တော့မကောင်းပါဘူး။
သူတို့မူးရမ်းကားစဉ်က မိန်းကလေးဖက်ကတိုင်ကြားရင် သူတို့တွေဘာပြောပြော ဒုက္ခရောက်မှာစိုးလို့ ဖုံးရဖိရ တောင်းပန်ရပေမယ့် သူတို့က တန်ဖိုးမသိပါဘူး။ အစ်ကိုတစ်ယောက်ပြောဖူးတဲ့ အရေးကြီးတဲ့ အလုပ်လုပ်ရင် နှလုံးသားကိုစွဲထုတ် ထားဆိုတာ သတိရမိပါတယ်။ အမှန်ဆို သူတို့ကို အဲဒီရမ်းကားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီး တရားဝင် အရေးယူလိုက်ရင် ရပေမယ့် ငယ်ရွယ်သူတွေဖြစ်လို့ တခြားမှာ အလုပ်ရရင်လည်း ရပါစေ။ သူတို့ဘ၀လေးတွေမှာ အမည်းစက်မပါစေချင်တဲ့ စေတနာဟာ ကျွန်တော့်ကို သင်ခန်းစာပေးလိုက်တာပါပဲ။

အနေအထားအမျိုးမျိုးကြောင့် တိုင်တန်းမှုတွေဟာ ရှိနေဦးမှာပါ။ တိုင်တန်းသူဟာ မည်သူဖြစ်နေပါစေ အမှန်တကယ်နစ်နာသူက တိုင်ကြားသူလား၊ အတိုင်ခံရသူလား ဆိုတာကိုပါ စစ်ဆေးဖို့ လိုပါလိမ့်မယ်။ သူခိုးကလူဟစ် တာကို ကျွန်တော်တို့တွေ လျစ်လျူမရှုသင့်ပါဘူး။ တစ်ခုခုတုံ့ပြန်ဖို့ လိုပါလိမ့်မယ်။အဲဒီလိုမဟုတ်ရင် တိုင်စာတွေကို ရှင်းနေရတာနှင့် အလုပ်လုပ်ချိန် မရှိတော့ပါဘူး။ ဒါပေမဲ့ အမှန်တကယ် ပြည်သူ့အကျိုးအတွက်ဆိုရင် တော့ တိုင်တန်းမှုတွေ ကြိုဆိုရပါလိမ့်မယ်။
 Eleven Media Group

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...