တရုတ်နားရွက် တံတွေးစွတ်လိုက်တဲ့ ဗီယက်နမ်
by UZa Wana on Saturday, October 29, 2011 at 9:15pm
တရုတ်အစိုးရပိုင်
Global Times သတင်းစာက ဗီယက်နမ်နဲ့ အိန္ဒိယ အစိုးရပိုင် ရေနံကုမ္ပဏီ (ONGC)
တို့ မကြာခင်က စာချုပ်ချုပ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
တရုတ်က သူ့ရေပိုင်နက်လို့ ကြေငြာထားတဲ့ တောင်တရုတ်ပင်လယ်က နေရာအချို့မှာ
ဗီယက်နမ်နဲ့ အိန္ဒိယက သဘာဝဓာတ်ငွေ့ တူးဖော်ဖို့ စာချုပ်ချုပ်လိုက်တဲ့အတွက်
ဒေါသထွက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဒီနှစ်နိုင်ငံစာချုပ်က တရုတ်ရဲ့
ပင်လယ်ပြင် အချုပ်အခြာကို ကန့်သတ်လိုက်တဲ့ သဘောပင်။
တရုတ်အစိုးရ ဒေါသထွက်မယ်ဆိုလည်း ထွက်စရာ။ ဒီလအစောပိုင်းမှာ ဗီယက်နမ်
ကွန်မြူနစ်ပါတီခေါင်း ငုယင်ဖူကျောင်း ပေကျင်းမြို့ကို အလည်သွားရောက်ပြီး
တရုတ်ခေါင်းဆောင်တွေနဲ့ ပင်လယ်ပြင်ပိုင်နက် အချင်းများမှုကို အဖြေရှာဖို့
ဆွေးနွေးစကားတွေ ပြောခဲ့သည်။
ပေကျင်းခရီးက ပြန်လာပြီး တစ်ရက်ပဲရှိသေး
ဗီယက်နမ်က အိန္ဒိယနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်ဖို့
စာချုပ်ချုပ်လိုက်ခြင်း ဖြစ်သည်။
Global Times သတင်းစာက "ဗီယက်နမ်ခေါင်းဆောင်ပိုင်းက မလေးမခန့်နဲ့
ထိပ်တိုက်တိုး လုပ်ဆောင်မှုကို တရုတ်အစိုးရက အရေးယူဖို့ စဉ်းစားနေပြီ" ဟု
အပြင်းအထန် ထိုးနှက်ရေးသားခဲ့သည်။
နောက် တရုတ်ကွန်မြူနစ်ပါတီထုတ် People's Daily သတင်းစာကလည်း အိန္ဒိယရဲ့
စွမ်းအင်မဟာဗျူဟာက အန္တရာယ်ဇုံအတွင်း ကျရောက်နေပြီဖြစ်ကြောင်း အိန္ဒိယကို
သတိပေး ရေးသားခဲ့သည်။
အဲဒီ တရုတ်သတင်းစာတွေရဲ့ မာမာထန်ထန် ပြောဆိုမှုနောက်ကွယ်မှာ တရုတ်အစိုးရ
ထိတ်လန့်မှု နှစ်ခု ရှိသည်။ ပထမတစ်ခုက တောင်တရုတ်ပင်လယ် ရေပိုင်နက်အပေါ်
တရုတ်နဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ အငြင်းပွားနေမှုကို အခု အိန္ဒိယကပါ
တိုက်ရိုက် ပါဝင်ပတ်သက်လာမှု ဖြစ်သည်။ ဒုတိယက အိန္ဒိယနဲ့ ဗီယက်နမ်
နီးနီးကပ်ကပ် ဆက်ဆံမှု ရှိလာခြင်းဖြစ်သည်။
ဒီနှစ်နိုင်ငံ တပူးတွဲတွဲ ဖြစ်လာတဲ့ အကြောင်းက တရုတ်ကို ထိန်းချုပ်ဖို့
အမေရိကန်ရဲ့ နောက်ကွယ်မဟာဗျူဟာ အစီအစဉ်ဖြစ်သည်။ ဒီတော့ ဗီယက်နမ်နဲ့ အိန္ဒိယ
လုံးနေပြီဆိုတဲ့ အသံကြားတာနဲ့ကို တရုတ်အဖို့ ပင်လယ်ပြင်ထိန်းချုပ်ရေးအတွက်
စိုးရိမ်စိတ်အားကြီးလာခဲ့သည်။
နောက် ဗီယက်နမ်ကွန်မြူနစ် ပါတီခေါင်းဆောင် တရုတ်ပြည်ရောက်နေတဲ့အချိန်မှာ၊
ဗီယက်နမ် သမ္မတကလည်း အိန္ဒိယကို တပြိုင်နက်ထဲ ရောက်နေသည်။
ရည်ရွယ်ချက်ကတော့
အာရှနိုင်ငံကြီး နှစ်နိုင်ငံလုံးကို မဟာဗျူဟာမိတ်ဖက်အဖြစ် စည်းရုံးဖို့ဟု
ဆိုသည်။
၁၉၈၈ ခုနှစ်မှာ တောင်တရုတ်ပင်လယ် စပရက်တလေကျွန်းကိစ္စအတွက် တရုတ်နဲ့
ဗီယက်နမ် ပစ်ခတ်မှုတွေ ဖြစ်ပြီး ဗီယက်နမ်စစ်သား ၇၀ ကျော် သေဆုံးခဲ့ရသည်။
အဲဒီကတည်းက တင်းမာမှုတွေ ဆက်ရှိနေပြီး၊ ဒီနှစ်အစောပိုင်း ဟနွိုင်းနဲ့
ဟိုချီမင်းမြို့တော်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအထိ ဖြစ်ခဲ့သည်။
ဒါကြောင့် ဗီယက်နမ်က အခု အိန္ဒိယရဲ့ ၀ိုင်းရံကူညီမှုကို ၀မ်းသာအယ်လဲ
ကြိုဆိုခဲ့သည်။ နောက် အာစီယံ ပါတနာတွေဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊
ဖိလစ်ပိုင်တို့ကလည်း တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ကျွန်းလုနေကြရတာမို့၊
ဗီယက်နမ်က အဲဒီနိုင်ငံတွေနဲ့ပါ ညီညွတ်ရေးတပ်ဦး တည်ဆောက်ပြီး တရုတ်ကို
ကျားကန်ဖို့ လုပ်ထားသည်။
အဲဒီဇာတ်လမ်းနောက်ကွယ်မှာ အိန္ဒိယက မဟာဗျူဟာ အခွင့်ရေးကောင်းကို ရယူခဲ့တာ
ဖြစ်သည်။ တရုတ်က ပြိုင်ဖက် အိန္ဒိယကို ထိန်းချုပ်ဖို့ ပါကစ္စတန်ကို
ကိုင်ထားသလို၊ အိန္ဒိယကလည်း တန်ပြန်အဖြစ် ဗီယက်နမ်ကို သစ္စာခံအဖြစ်ထားဖို့
ကြိုးစားလာသည်။ ယခု အိန္ဒိယ ဗီယက်နမ် ပါတနာဖွဲ့မှုနောက်ကွယ် ဇာတ်ဆရာက
အမေရိကန် ဖြစ်သည်။
ဝင့်ထန်း
Source: The Economist
<photo id="1" />
0 comments:
Post a Comment