တွေ့ဆုံဆွေးနွေးရေး၏ အဓိပ္ပါယ်
ကိုဝ
နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တို့ သုံးကြိမ်တွေ့ဆုံဆွေးနွေးပြီးပါပြီ။ ဒီလိုတွေ့
ဆုံဆွေးနွေးရေးလုပ်နေတာရဲ့ အဓိပ္ပါယ် (ဒါမှမဟုတ်) ရည်ရွယ်ချက်က ဘာလဲလို့မေးခဲ့ရင် မေးဖို့
မလိုအပ်တဲ့ မေးခွန်းလို့ ယူဆစရာ ရှိပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကတဆင့် ဒီမိုကရေစီနိုင်ငံတော်
ထူထောင်ရေးကို လုပ်နေတယ်ဆိုတာကို ပြည်သူအားလုံးက သဘောပေါက်ကြပါတယ်။ ဒါကကျယ်ပြန့်တဲ့
အဆုံးသတ်ရည်မှန်းချက်ပါ လက်တွေ့လုပ်ငန်းသဘောအရ ပြောရမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေကို လက်မခံနိုင်တဲ့ နိုင်ငံရေးအင်အားစုနှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်ခံတဲ့
နိုင်ငံရေးအင်အားစု တို့အကြား နှစ်ဖက်စလုံး လက်တွဲနိုင်တဲ့ အခြေခံ ရပ်တည်ချက်တစ်ခုကို
ရှာဖွေဖော်ထုတ်နေတာပါ။
၂၀၀၈ခုနစ်
ဖွဲ့စည်းပုံအခြေခံဥပေဒနှင့်ပတ်သက်တဲ့ သဘောထားတွေကို လက်လွတ်စပယ်ဥပေက္ခာမပြုသင့်ပါ ဘူး။
၂၀၀၈ ခုနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ စိတ်ရှည်ရှည် ကြိုးစားဆောင်ရွက်ရမယ်ဆိုတဲ့
နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့ သဘောထားဟာ မှန်ကန်တဲ့ အခြေခံသဘောထားပါ။
တွေ့ဆုံဆွေးနွေးပွဲတွေ တဆင့်ပြီးတဆင့်တိုးတတ်အောင်မြင်ဖို့ဆိုတာ
မတူကြတဲ့နိုင်ငံရေးအင်အားစု နှစ်စုစလုံးရဲ့ ယုံကြည်ကိုးစားမှုရရှိမှဘဲဖြစ်နိုင်မှာပါ။
နှစ်ဖက်စလုံးလက်ခံနိုင်တဲ့အခြေခံ ရပ်တည်ချက် ရှာဖွေဖော် ထုတ်တာရဲ့ရည်ရွယ်ချက်ကိုက နှစ်ဖက်စလုံးက
ယုံကြည်ကိုးစားမှု ရရှိဖို့ပါ။ လက်ရှိအခြေအနေမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့
တာဝန်ကအခြေခံသဘောထားမတူကြတဲ့ နိုင်ငံရေးအင်အား စုတွေ အပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကတွေ့ဆုံဆွေးနွေးရေး
လုပ်ငန်းစဉ်အပေါ် ယုံကြည်လက်ခံ လာအောင် ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရာကနေ ပြန်လွှတ် လာတဲ့ နိုင်ငံတော်လူရွှင်တော် ကိုဇာဂနာရဲ့ သဘောထားကိုဆွေးနွေးဝေဖန်လိုပါတယ်။
ကိုဇာဂနာက ‘ချက်တတ်တဲ့သူကလည်း များများမလိုဘူး။ သုံးယောက်ပဲလိုတယ်၊ ××××× ငါးမှန်း
ပုဇွန်မှန်းသိပေမယ့် ချက် တတ်သူချက်မှ စားကောင်းမှာ၊ သေချာတာကတော့ သမ္မတကြီးဦးသိန်းစိန်၊
ဒေါ်အောင်ဆန်းစုကြည်ကတော့ မပါလို့မဖြစ်ဘူး။ တိုင်းပြည်ပြင်ပရောက်နေတဲ့ သူတွေလည်း ပါဖို့လိုပါတယ်။
တလောကလာသွားတဲ့ ကိုဇော်ဦး တို့ပဲဖြစ်ဖြစ်၊ ကိုဇာနည်တို့ပဲဖြစ်ဖြစ် ဘယ်သူဖြစ်မယ်ဆိုတာ
ကျွန်တော်မသိသေးဘူး။ စကားလုံးကောင်းကောင်း သုံးရရင် စားဖိုမှူးကောင်းကောင်းလိုတာပါ’လို့
Voice ဂျာနယ်၊ (October-17-23) မှာပြောထားပါတယ်။
အခြေခံသဘောထားကွဲလွဲကြသူတွေ တွေ့ဆုံဆွေးနွေးနေကြတာဖြစ်တဲ့အတွက်
ခြေလှမ်းတိုင်းမှာ အလျော့အတင်းရှိနေတဲ့အတွက် ဒီအလျော့အတင်းတွေအပေါ်မူတည်ပြီး ကျေလည်တဲ့ပုဂ္ဂိုလ်တွေ၊
မကျေလည် တဲ့ပုဂ္ဂိုလ်တွေ ဆိုတာက အမြဲရှိနေတာပါ။ ပြောရရင် တွေ့ဆုံဆွေးနွေးရေးဟာ သိမ်မွေ့လွန်းတဲ့အတွက်
အင်မတန်သတိထားကိုင်တွယ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ပြင်ပရောက်နေတဲ့ အင်အားစုတွေကိုကိုယ်စားပြုတဲ့
ပုဂ္ဂိုလ်တစ်ဦး ရွေးချယ်ဖို့ဆိုတာ အခြေအတင်အငြင်းပွားရမယ့် ကိစ္စမျိုးပါ။ ကိုယ်စားပြုမှုကို
အငြင်းပွားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးသာ တွေ့ဆုံဆွေးနွေးပွဲသာ ပါခဲ့ရင် တွေ့ဆုံဆွေးနွေးပွဲအပေါ်
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစားမှုထိခိုက်ပျက်ပြားသွားနိုင်ပါတယ်။
လက်ရှိအခြေအနေမှာ ပကတိလိုအပ်ချက်က တွေ့ဆုံဆွေးနွေးရေးအပေါ်
တိုင်းရင်းသားပြည်သူတစ်ရပ် လုံးရဲ့ယုံကြည်ကိုးစားမှုရရှိရေးပါ။ အစိုးရအဖွဲ့အသစ်က ဒုတိယအကြိမ်
လွှတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား၆၃၅၉ဦးကို ၂၀၁၁ခုနစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ကပြန်လွှတ်ပေးလိုက်ပါတယ်။
ဒီလိုလွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ လုပ်ရပ်ဟာတွေ့ဆုံဆွေးနွေးရေးအပေါ် တိုင်းရင်းသားပြည်သူတွေရဲ့ယုံကြည်ကိုးစားမှု
ကိုရယူပေးနိုင်တဲ့အတွက် ဝမ်းမြောက်ကြိုဆိုပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ အရှိန်အဟုန်နှင့်အတူ
ကျန်ရှိနေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေကို အလျှင်အမြန်လွှတ်ပေးဖို့ကို
မျှော်လင့်မိပါတယ်။ ဒီမျှော်လင့်ချက်ဟာ ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို
ဦးထပ်ထားဖို့ ကြိုးစားနေတဲ့ အစိုးရ အဖွဲ့အသစ်အနေနဲ့ဆောင်ရွက်ပေးဖို့ကို ဆန္ဒပြုလို့ပါတယ်။
ဒီနေရာမှာဆွေးနွေးဖို့လိုတာ ကတော့ ဒုတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား
၆၃၅၉ ဦးပြန်လွှတ်ပေးခဲ့ရာမှာ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ ဘယ်လောက်ပါဝင်တယ်ဆိုတာကို
နိုင်ငံတော်သမ္မတရဲ့အမိန့်ကြေငြာချက်မှာ တိတိကျကျ မရည်ညွှန်းခဲ့တဲ့ ကိစ္စပါ။ ဒီလိုဒုတိယအကြိမ်
လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီး ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရသူ ဘယ်နှစ်ဦးလွတ်လာတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြကြပါတယ်။ ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေး တဲ့ကိစ္စဟာ အစိုးရအဖွဲ့သစ်ရဲ့ မင်္ဂလာရှိတဲ့လုပ်ရပ်ပါ။
မင်္ဂလာအပေါင်းနဲ့ခညောင်းပြည့်စုံတဲ့ လုပ်ရပ်ကို ရှင်းရှင်း လင်းလင်းတိတိကျကျ မပြောနိုင်စရာမရှိဘူးလို့ယူဆပါတယ်။
ပွင့်လင်းမြင်သာမှုပဲပြောပြော ရှင်းလင်းတိကျမှုပဲ ဆိုဆို ဒီလိုလုပ်ရပ်ဟာ ပြည်သူလူထုရဲ့
ယုံကြည်ကိုးစားမှုကို ရယူရာမှာ အင်မတန်ထိရောက်ပါတယ်။ အစိုးရအဖွဲ့သစ်အနေနဲ့ ပြည်သူလူထုဝမ်းမြောက်ရွှင်လန်းဖို့
မင်္ဂလာရှိတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ကြွင်းကျန်ခဲ့ခြင်းမရှိရအောင် တိုက်တွန်းစကားဆိုရတာပါ။
ပြည်သူ့ခေတ်၊
အတွဲ(၂)၊ အမှတ်(၆၆) မှ
0 comments:
Post a Comment