“ဘာဖြစ်မှန်းလည်းမသိဘူး..မောမောနေတယ်။”
ညနေခင်းဟာလည်း သူ့အဖြစ်အပျက်နဲ့သူ လှလှပပဆက်လက်ရပ်တည်နေတယ်။
မတွေ့တာကြာပြီဖြစ်တဲ့ ရာသီပေါ်သစ်သီးတွေကို စိတ်နဲ့ချိုမြိန်ရင်း
သက်ပြင်းကို တကျွတ်ကျွတ်ဝါးပစ်လိုက်တယ်။
သူလည်းဖုန်းမခေါ်ဘူး။ ညကြရင်လာမယ့်သတင်းတွေလည်း ပြောင်းလဲရဦးမယ်။
ကော်ဖီဆိုင်တွေလူစည်လာတော့မယ်။ ဘီယာဆိုင်တွေ မူးငွေ့ရီဝေနေတော့မယ်။
ကမ္ဘာကြီးပေါ်မှာ ပေါင်မုန့်မစားရလိုမသေတဲ့ မသာတွေမရှိဘူးတဲ့
ဖရာရီကားတစ်စီးပေါ်ကလူ ညည်းတွားတွန်ကျူးသွားတယ်။
အခုရွေးကောက်ပွဲ၊ တော်ကြာ အကျဉ်းသား
နောက်တော့ ဧရာဝတီ၊ ပြီးတော့ ရိုဟင်ဂျာ
ရေ - မီး - မင်း - ခိုးသူ - မချစ်မနှစ်သက်သူ
ဘောလုံးဂျာနယ် - စပွန်စာ ဆာနေတဲ့ မော်ဒယ် - ရေပေါ်ဆီပညာတတ်
လိုင်းကား - ကျီးကြည့်ကြောင်ကြည့် လမ်းဘေးခွေဆိုင် - ပိတ်ထားရတဲ့ဘုရားပန်းသည်
အလှူခံ - ကွမ်းတံတွေးကွက် - ပြည်သူမပိုင်ဘဲရောင်းစားခံရတဲ့ အဆောက်အဦး
မကြာမီ စွယ်တော်ကြွလာမည်။ မကြာမီ တစ်ယောက်ယောက် အကယ်ဒမီရမည်။
မကြာမီ ကားသစ်တွေလာမည်။ မကြာမီ ပြသနာသစ်တွေရမည်။
ဆံပင်ထောင်ထောင်နဲ့ အနားကဖြတ်သွားတဲ့ကောင်လေး - စကတ်တိုတိုနဲ့ရှေ့ကလျောက်နေတဲ့ကောင်မလေး
ခေတ်ကလည်း မူးနေတဲ့ မိန်းမတစ်ယောက်လို ပစ္စလတ်ခတ်ကိုဖြစ်လို့..
ရောင်းစားဖို့ပိုနေတဲ့ လျှပ်စစ်တွေ ညက မိနစ်သုံးဆယ်လောက် ပျက်တောက်သွားတယ်။
အခန်းရောက်ရင် ရေတင်ရဦးမယ်။ အခုချွေးတွေတရွဲရွဲနဲ့ လူရှုပ်ရှုပ်လမ်းကိုဖြတ်လျောက်နေတယ်။
သတင်းစာကြီးထဲမှာ ချမ်းသာနေသ၍ လူတွေဆင်းရဲနေဦးမှာဘဲ။
ကျွန်တော်တွေ့လိုက်တာတော့…
ညနေခင်းဟာ သူ့အဖြစ်အပျက်နဲ့သူ လှလှပပဆက်လက်ရပ်တည်နေတယ်ဆိုတာဘဲ။
စိမ်းခက်စိုး
(စနေနေ့) အောက်တိုဘာ ၂၉၊ ၂၀၁၁
မွန်းလွဲ - ၀၃ - ၃၇ နာရီ
လှည်းတန်းလမ်းမပေါ်……….
0 comments:
Post a Comment