Monday, October 31, 2011

ခွဲဝေမှု ပြဿနာ

ဖေမြင့်

ကျွန်တော်ငယ်ငယ်တုန်းက  အဝေမတတ်ဆရာငတ်ဟု မကြာခဏပြောဖူးကြ၏။
          သူများကို ပြောလိုက်၊ ကိုယ်လည်းအပြောခံရ၏။
          သမာရိုးကျစကားပြောရသော်၊ ကလေးတုန်းက ရိုးသားကြ၏။ သမာရိုးကျမဟုတ်သော စကားကိုဆို သော်၊ ကလေးတုန်းကတော့ နည်းနည်းဘဲ့သိ၏။  ‘ဝေ’သည် ဆိုတာအားလုံးအညီအမျှရအောင်ဖြန့်ဝေပေးခြင်း ဟု သူ့မူရင်းအဓိပ္ပါယ်အတိုင်း နားလည်၏။
          ထို့ကြောင့် အညီအမျှဖြစ်အောင်ခွဲဝေကြ၏။ ပြီးလျှင် ဘယ်သူ့ ဘယ်သူကိုမှပြောဆိုစရာမလိုသည့် တရားမျှတမှုသဘောအရ ဝေပုံချသူက နောက်ဆုံးမှရွေးရ၏။ ထို့ကြောင့်လည်း ကလေးတုန်းကမူသည် ခွဲဝေသူ သည် အနည်းဆုံးအပုံကို ရမြဲဖြစ်၏။ အဲဒါမှာမှ ဥပမာ-မုန့်ဆိုလျှင် လှီးတာ ချွတ်တာနေရာမကျလျှင် နည်းနည်း ပါးပါးမဟုတ်၊ များများကြီးသေးသည့်ပုံကိုမှ ဝေသူရ၏။
          ထို့ကြောင့် အဝေမတတ် ဆရာငတ်ဟု ဆိုလေ့ရှိကြခြင်းဖြစ်ပါသည်။    
  နည်းနည်းလေးကြီးလာသောအခါ ဆရာတို့ အငတ်မခံကြတော့ပေ။
  
        တစ်ခါတုန်းက ကျေးလက်ပုံပြင်တစ်ခု ရှိ၏။
          ညီအစ်ကိုနှစ်ယောက်တခြားရွာက မိတ်ဆွေများနှင့်အတူ  အမဲလိုက်၍ အသားဝေစုရလာကြ၏။ သူတို့ ရွာနားပြန်ရောက်သည့်အခါ ကိုယ့်အိမ်ကိုယ်မပြန်မှီလယ်ကွင်းထဲထိုင်ပြီး ညီအစ်ကိုနှစ်ယောက်ဝေစုခွဲကြ၏။
          လယ်ကွက်ထဲဖက်ကလေးခင်းကာ အစ်ကိုကြီးက အသားကိုနှစ်ပုံပုံသည် သူကအဝေမတတ် ဆရာငတ် ဖြစ်မှာကြောက်သူဆိုတော့ ဖက်ခင်းကတည်းက တစ်ခုချိုင့်ခွက်နေရာမှာ ခင်းပြီး တစ်ခုကို မြေညီမှာ ခင်းသည် ဒါကို ညီဖြစ်သူကလည်းမြင်သည်။
          အသားနှစ်ပုံ ပုံပြီးပြီဆိုတော့ အစ်ကိုကြီးက ‘ကဲ……..မင်းကြိုက်တာရွေး’ ဟုဆိုသည်။
          ညီဖြစ်သူက လက်မြန်ခြေမြန်ပင် ချိုင့်ခွက်ထဲက အပုံကို လှမ်းယူတော့ အစ်ကိုကြီး ရုတ်တရက် ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။  သို့သော် အရှက်နှင့် အသက်….အဲ၊ မျက်နှာပူတာနဲ့ ထိခိုက်နစ်နာတာ မလဲနိုင်တော့ ကမန်းကတန်းလှမ်း၍တားသည်။
          ‘နေဦးကွ၊ ငါပြန်ပုံမယ်’
          ပုံပြင်က အဲသလောက်အထိပဲ ကျွန်တော်ကြားဖူးပါသည်။ သည်လောက်နှင့်ပင်လုံလောက်သော ကြောင့်လည်း ဖြစ်ပါလိမ့်မည်။ 

          သို့သော် ဇာတ်လမ်း ဘယ်လိုဆုံးသလဲ သိချင်သည့် ပရိတ်သတ်အတွက် စဉ်းစားပြီးပြောရမည်ဆိုလျှင်၊ အစ်ကိုကြီးက ပြန်ပုံပါသည်။ သည်အခါမှာလည်း ဘယ်အပုံများသည်ကို ညီဖြစ်သူ မြင်ပါသည်။ သို့သော အဲဒါ ကိုယူလိုက်လျှင် အစ်ကိုကြီးမျက်နှာပျက်မည်။ သို့သော် ပျက်သည့်ကြားကပဲ ငါပြန်ပုံမယ်ဟု ဆိုဦးမည်။ အဲဒီ တော့ မြန်မြန်ကိစ္စ ပြီးအောင်နည်းတဲ့ အပုံပဲ ငါယူလိုက်တော့မည်။ ……စသည်ဖြင့်စဉ်းစားရာက တစ်ခုသတိရ သည်။  ….မဖြစ်သေးဘူး။ အဲဒါဆိုရင် အစ်ကိုကြီးက ‘အေး၊ ဟုတ်ပြီ မင်းကြိုက်တာရပြီမဟုတ်လား၊ မင်းကျေနပ် ရင်ပြီးရော ကျန်တာငါယူမယ်’ ဆိုပြီးမှ များသည့်အပုံကို သူယူလိမ့်မယ်။ အဲဒီတော့ မထူးပါဘူး။  ‘အစ်ကိုကြီးက အစ်ကိုကြီးပဲ၊ အစ်ကိုကြီးမျှမျှတတပုံထားပြီးသားဥစ္စာ အစ်ကိုကြီးပဲ အရင်ယူလိုက်ပါ’ လို့ပြောမည်….အဲသည်လို ဖြင့် ဝေပုံချသည့်ကိစ္စ ပြီးသွားမည် ထင်ပါသည်။
          အဲဒီက အဝေမတတ်ဆရာငတ်အဆင့်ကို လွန်လာသည်။ သို့သော်သိပ်လည်း သပ်သပ်ရပ်ရပ် မဝေငှ တတ်သေးသည့် အစ်ကိုကြီး၏ ဝေငှနည်းဖြစ်သည်။ သိပ်ဝေတတ်သဖြင့် ကိုယ်နှင့်ဘာမှမဆိုင်ဘဲ ဝေစုကောင်းရသွားသည့်အကြောင်းအများသိကြပါသည်။
          ဇာတ်လမ်းစတာက ဖျံနှစ်ကောင်။
          ဖျံနှစ်ကောင်ပူးပေါင်းကာ ငါးကြင်းတစ်ကောင် ဖမ်း၍ရလာသည်။ ဖမ်းတုန်းကညီညီညာညာ သူကဟို ဘက်လိုက် ကိုယ်က ဟိုသည်ကခြောက်။
          ငါးရပြီးကာမှပြဿနာတတ်သည်။
          နှစ်ကောင်လုံးက ဝမ်းပျဉ်းသားလို့ခေါ်တဲ့ ဝမ်းဗိုက်သားအိအိလေးကို ကြိုက်သည်။ အဆီများများ အသားနည်းနည်းသို့သော် အားလုံးသိကြတဲ့အတိုင်း စားလို့အင်မတန်အရသာရှိတဲ့အပိုင်း။ ခေတ်ကာလ အယူ အဆဖြင့်ပြောလျှင်လည်း omega-3 fatty acid  လို့ခေါ်သည့် ဆေးဖက်ဝင်ငါးဆီတွေ များများပါနေသည်ဖြစ်ရာ ဖျံနှစ်ကောင်လက်မလွှတ်ချင်ကြ။
          ခက်သည်က ဝမ်းပျဉ်းသား၏တည်နေရာဖြစ်သည်။ ငါးကို အလယ်က ဒိုင်းခနဲ ပိုင်းလိုက်လျှင်….
          အဲ၊ အလယ်ဆိုတာ ဘယ်နားကလဲ။ နှုတ်သီးဖျားက အမြီးဖျားအထိတိုင်း၊ အလယ်တည့်တည့်က ပိုင်းလျှင်…..အမြီးပိုင်းယူချင်သူက ဘယ်ကြိုက်မည်လဲ။ ဟိုးအဖျားက ဘာပါတာမှတ်လို့၊ အမြီးအရင်းအထိ တိုင်း မှသဘာဝကျမည် အဲသလိုဖြစ်စေချင်သည်။ သို့သော်သည်လို ဆိုပြန်တော့လည်း ခေါင်းပိုင်းစိတ်ဝင်စားသူက  ဟာ ခေါင်းပိုင်းမှာ အရိုးတွေချည်းပဲဗျာ၊ (အမှန်တော့ သူက အရိုးကိုက်ရတာကြိုက်လို့ ခေါင်းပိုင်းကိုလိုချင်တာ ဖြစ်တယ်၊) အောက်ဘက်နည်းနည်းတိုးပေးမှ ကျုပ်က အသားစားရမှာပေါ့။ အဲသလိုဆိုမည်။

          အဲသည်တော့ တကယ်မျှတအောင်ဆိုလျှင် ငါးကို အခြေဆုံး ခေါင်းဆုံးထက်ခြမ်းခွဲမှ ဖြစ်တော့မည်။ သို့သော် အဲဒီတုန်းက နည်းပညာဖြင့် (အခုပညာကော ဘာမို့လို့လဲ) ငါးကို ခြေဆုံး၊ ခေါင်းဆုံး၊ အမြီး ယပ်ပါ ထက်ခြမ်းခွဲဖို့ဆိုတာ လွယ်သည်မဟုတ်။
          ထားပါတော့။ ကျွန်တော့်ဘာသာ လျှောက်တွေးနေတာဖြစ်တယ်။ ဖျံနှစ်ကောင်ကတော့ ငါးလည်းရရော ဝမ်းပျဉ်းသားကို လုဖို့ကြိုးစားရင် တစ်ကောင် နှင့်တစ်ကောင်ကိုက်ကြ ခဲကြဖို့ပဲ များပါသည်။
          အဲသည်ချိန် ဒါမျိုးချောင်းနေသည့် မြေခွေးကရောက်လာ…။
          ‘ဟ ဘယ်လိုလဲဟ ကိုယ့်အမျိုးသားအချင်းချင်း ဘယ်လိုဖြစ်ကြတာတုံး၊ ကြည့်မကောင်းပါဘူးကွာ၊…’
          အဲသည်အခါ ဖျံနှစ်ကောင်က၊
          ‘…………………………………’
          ‘…………………………………’
          ‘ဟာကွာ၊ ငါးတစ်ကောင်အတွက်နဲ့တော့ ဒီလောက်မဖြစ်ကြပါနဲ့၊ အေးအေးဆေးဆေးလုပ်ပါ၊ ငါစီစဉ်ပေး ပါ့မယ်’
          ‘………………………………….’
          ‘………………………………….’
          ‘မျှမျှတတဖြစ်စေရမှာပေါ့ကွာ၊ ခေါင်းသမားလည်း အရိုးမများစေရဘူး၊ အမြီးသမားကလည်း အသားပါရ စေ့မယ်၊ သဘောတူသလား’
          ‘တူပါတယ်ဗျာ၊ ကျုပ်တို့ချည်းဆို ဒီကိစ္စပြတ်မှာ မဟုတ်ဘူး၊ ခင်ဗျားကူရှင်းမှပဲ၊….’ နှစ်ကောင် အသံပြိုင် ဆိုတော့၊
          မြေခွေးက အနားကဖြတ်သွားသည့် လူတစ်ယောက်ဆီက ဓားတစ်ချောင်းလှမ်းတောင်း၊ ငါးကြင်းကို ဒိုင်းခနဲ၊ ဒိုင်းခနဲပိုင်း၊
          ‘ရော့၊ ခင်ဗျားက အမြီးပိုင်ရှည်ရှည်ဗျ၊ ခင်ဗျားက ခေါင်းပိုင်းကြိုက်တဲ့သူ ခေါင်းပိုင်းကြီးကြီးဗျ၊ ကျုပ်ကခွဲ ဝေပေးရတဲ့သူ၊ အလယ်ပိုင်းသေးသေးယူမယ်ဗျ၊ အားလုံးအဆင်ပြေဟန်ကျတဲ့ win-win-win situation ပေါ့ဗျာ’ ဆိုပြီး ဝမ်းပျဉ်းသားလေးကို ဖျတ်ခနဲ ထိုးဟပ်စားသွားသည့်အခါ ဖျံ နှစ်ကောင် ငေါင်၍ကျန်ရစ်သည်။

          အဲဒါကဝေတတ်သဖြင့် ဆရာစားချန်ပြီး၊ အဲ….ဆရာ့အတွက်ကောင်းသည့်အပိုင်း သတ်သတ်ထားပြီး ဝေသွားခြင်းဖြစ်သည်။  ဖျံတွေလည်သည်ဆိုတာလောက်တော့ မြေခွေးက ရယ်သည်ပေါ့။
          သို့သော်မြေခွေးလို ဥာဏ်နီဥာဏ်နက်သုံးစရာမလိုပဲ ကိုယ်ကြိုက်တာကြိုက်သမျှ ရအောင် ဝေပုံချသော နည်းလည်းရှိပါသည်။
          ဂရိပုံပြင်ဆရာကြီး၏ ပုံပြင်တစ်ပုဒ်ထဲမှာ ဖြစ်သည်။
          တစ်ခါ၌ မြေခွေး၊ ခွေးအနှင့် ဝံပုလွေတို့ ခြင်္သေနဲ့အတူ အမဲလိုက်ကြသည်။ ဆတ်ကြီးတစ်ကောင်ကို ဝိုင်းဝန်းပိတ်ဆို့၍ ဖမ်းကြရာ အသေရမိလေသည်။ ရပြီးသည့်အခါ ဘယ်လိုခွဲဝေယူမလဲစဉ်းစားကြသည်။ ကြံရာ မရ ယောင်ဝါးဝါးဖြစ်နေသည့်အခါ ခြင်္သေ့က ဝုန်းခနဲ တစ်ချက်ဟိန်းလိုက်ပြီး ‘ဆတ်ကို လေးပုံ ပုံကြဟေ့’ ဟုဆိုသည်။
          မြေခွေး၊ ခွေးအနှင့် ဝံပုလွေတို့ ဆတ်ကို အလျှင်အမြန် အရေဆုတ်ကာ အသားကို လေးပုံပုံသည်။ ထို့ နောက်တွင် ခြင်္သေ့က အသားပုံများအရှေ့တွင်ရပ်ကာ ‘ပထမတစ်ပုံကို တိရစ္ဆာန်တို့ရဲ့အရှင်တောဘုရင်အဖြစ် ငါယူမယ်။ ဒုတိယတစ်ပုံကို ခွဲဝေရေးမှာ တာဝန်ယူဆောင်ရွက်ပေးရသူအဖြစ် ငါရသင့်တယ်။ တတိယတစ်ပုံက အမဲလိုက်ရာမှာ ကိုယ်ပိုင်ပါဝင်ခဲ့သူဖြစ်တဲ့အတွက် ငါနဲ့ဆိုင်တယ်။  အဲ ကျန်တဲ့စတုတ္ထအပုံကိုတော့ မင်းတို့သုံး ယောက်ဝေယူကြပေါ့ကွာ’ ဆိုပြီးပေးထားခဲ့သည့်အခါ မြေခွေး၊ ခွေးအ နှင့် ဝံပုလွေတို့ အချင်းချင်းလုယက်ရင်း ကျန်ခဲ့ကြလေသည် ဟူ၏။

မှတ်ချက်။  ။ သည်ပုံပြင်ကို အကြောင်းပြု၍ lion’s share ဟူသော စကားတစ်ခု ဝေစုခွဲသူများလောကတွင် တွင်ကျန်ရစ်ခဲ့ပါသည်။

ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၆)မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...