Friday, October 28, 2011

ကမ္ဘာနှင့် စကားစမြည်

by Han Thit Nyeim on Friday, October 28, 2011 at 8:35pm

ပူပြင်းလှသော နွေရာသီ တစ်နေ့သ၌ဖြစ်သည်။

ဒေါက်၊ ဒေါက်၊ ဒေါက်

ပြူတင်းမှန်တံခါးကို ခေါက်နေသံ ကြားသဖြင့် လှမ်းကြည့်လိုက်တော့ ကမ္ဘာ ဖြစ်နေတာကို တွေ့ရသည်။ သူက ဝင်လာချင်တယ်ဟု လက်ဟန်ခြေဟန်ဖြင့် ပြသဖြင့် ပြူတင်း မှန်တံခါးကို လှမ်းဖွင့်ပေးလိုက်သည်။ ကမ္ဘာက ရောက်ရောက်ချင်းပဲ ကျွန်တော့်ကုတင်ပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ပြီး စကားတွေ စက်သေနတ်ပစ်သလို ပြောလေတော့သည်။

ကမ္ဘာ။ ။ ဟေ့ကောင်... မင်းကတော့ အဲယားကွန်းနဲ့ ဇိမ်ကျနေတယ်ပေါ့လေ...

ကျွန်တော်။ ။ ဗျာ... ဘာဖြစ်လို့လဲဗျ

ကမ္ဘာ။ ။ အေ... မင်းကတော့ ဇိမ်ကျမှာပေါ့... ငါ့မှာတော့ တစ်နေ့တစ်နေ့ ပိုပိုပြီး ပူလာလိုက်တာ။ နေထိုင်လို့ကို မကောင်းပါဘူးကွာ


ကျွန်တော်။ ။ ခင်ဗျားဘာသာ ခင်ဗျားပူတဲ့ကိစ္စက ကျွန်တော့်ဘာသာ အေးနေတာနဲ့ ဘာဆိုင်လဲဗျာ

ကမ္ဘာ။ ။ ဟကောင်... မင်းတို့ ဒီ အဲယားကွန်းတွေ၊ ရေခဲသေတ္တာတွေ... အဲဒါတွေ ဖွင့်လို့ပေါ့ကွ... ကမ္ဘာကြီးပိုပြီး ပူလာတာ...

ကျွန်တော်။ ။ ဟုတ်လို့လားဗျာ ကျွန်တော့်အဲယားကွန်းက ရိုးရိုးဟာ မဟုတ်ဘူး။ အိုဇုန်းဖရန်းဒလီးဗျ... ရေခဲသေတ္တာလည်း ဒီအတိုင်းပဲ...

ကမ္ဘာ။ ။ အပိုတွေ ပြောမနေနဲ့ မင်းဘာသာ ဖရန်းဒလီးနေတာ မင်းတို့ အဲဒီစက်တွေကို ထုတ်တဲ့ စက်ရုံတွေ ရှိနေသရွေ့ ဘာမှ ဖရန်းဒလီးမဖြစ်ဘူး။ ထွက်လိုက်တဲ့ ကာဗွန်တွေ... ငါ့မှာ တစ်နေ့တစ်နေ့ ရှုလိုက်ရတဲ့ မီးခိုးဆိုတာလည်းမပြောနဲ့... ငါ့အရေခွံ အိုဇုန်းတောင် တဖြေးဖြေးနဲ့ ပါးလာလိုက်တာ...

ကျွန်တော်။ ။ ခင်ဗျားဘာသာ စကင်းကဲယားတွေ၊ ဆန်းခရင်မ်တွေ ဝယ်မလိမ်းဘဲနဲ့များ... ခုတော့ နေလောင်ပြီ မဟုတ်လား

ကမ္ဘာ။ ။ ဟေ့ကောင်... မင်းတို့ အဲဒီ ဓာတုဗေဒ အလှကုန်တွေကို ထုတ်ဖို့ စက်ရုံတွေတည်၊ အဲဒီကနေ မီးခိုးတွေ အပူတွေနဲ့ ငါ့အရေခွံအိုဇုန်းကိုတိုက်... ငါ့မှာ အပေါ်က နေရောင်ကလည်းထိုး မင်းတို့လူတွေကလည်း အောက်ကနေ မှိုင်းတွေနဲ့ထိုး... ကြာတော့ ခံနိုင်ရိုးလားကွ

ကျွန်တော်။ ။ တော်ပါဗျာ... ကိုယ့်ဘာသာ ဂရုမစိုက်ဘဲနဲ့များ...

ကမ္ဘာ။ ။ အာ... ဒါတင်မကသေးဘူးကွ၊ မင်းတို့ လူတွေပေါ့... သစ်တောတွေခုတ်၊ သစ်ပင်တွေလှဲ

ကျွန်တော်။ ။ အင်းလေ... မခုတ်ရင် ကျွန်တော်တို့ ဘာနဲ့နေပြီး ဘယ်လိုစားသောက်မှာလဲ၊ ဒီလိုပဲ သတ္တဝါတွေဆိုတာ ကမ္ဘာမြေကြီးကို မှီခိုနေရတာပဲ မဟုတ်လားဗျ... ခင်ဗျားကျေးဇူးတွေပါပဲဗျာ

ကမ္ဘာ။ ။ တော်ကွာ... မင်းတို့လူတွေကို သတ္တဝါဆိုတဲ့ စာရင်းတောင် မသွင်းချင်ဘူး... ကျေးဇူးအတော်ကန်းတဲ့ကောင်တွေ...

ကျွန်တော်။ ။ ဘာလို့လဲဗျာ... ခင်ဗျားက အပြစ်တင်ဖို့ချည်းပဲ

ကမ္ဘာ။ ။ ဟေ့ကောင်... သတ္တဝါတွေက ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်နေတယ်ကွ... ဥပမာကွာ... ရေကန်ထဲမှာ ငါးတွေနေတယ်... မွေးဖွားတယ်၊ တိုးပွားလာတယ်။ ဒါပေမယ့် သူတို့တိုးပွားနှုန်းက တစ်ချိန်ချိန်၊ ကန့်သတ်ချက်တစ်နေရာရောက်ရင် ရပ်သွားတယ်။ ကန်ရဲ့ အရွယ်အစားကိုလိုက်ပြီး ငါးတွေက ထပ်မတိုးဘူး။ ဒီတော့ သူတို့ရဲ့ စားသုံးမှုနဲ့ ပတ်ဝန်းကျင်က ပေးဆပ်မှုက ညီတူမျှတူပဲ

ကျွန်တော်။ ။ အင်း... ခုလူတွေက ဘာဖြစ်နေလို့လဲဗျ...

ကမ္ဘာ။ ။ ဟ... မင်းတို့လူတွေက တစ်နေရာ ဆိုတဲ့ မြေကြီးသေးသေးလေးမှာတောင် အထပ်ရာချီမြင့်တဲ့ တိုက်တွေဆောက်ပြီး လူပေါင်းမျောက်များစွာ နေလို့ရအောင်လုပ်တယ်။ ကမ္ဘာရဲ့ ပေးဆပ်မှုထက် မင်းတို့ရဲ့ စားသုံးမှုတွေက ပိုတယ်။

ကျွန်တော်။ ။ ဟုတ်လို့လားဗျာ...

ကမ္ဘာ။ ။ ဟုတ်လို့ ငါက ပြောနေတာပေါ့ကွ... နှစ်သန်းပေါင်းများစွာ စုဆောင်းခဲ့ရတဲ့ ငါ့ရဲ့ သယံဇာတတွေကို မင်းတို့က ဆယ်စုနှစ်နဲ့ ဖြုန်းတီးပစ်တယ်။ သုံးတယ်၊ ပြန်မဖြည့်ဘူး။ ဖြည့်တင်းဖို့လည်း မစဉ်းစားဘူး၊ မင်းတို့ လူသားမျိုးဆက်သစ်တွေ၊ နောင်လာနောက်သားတွေ အတွက်တော့ ရင်လေးစရာပါပဲကွာ...။

ကျွန်တော်။ ။ ဘာရင်လေးစရာလဲဗျာ... ကျွန်တော်တို့လည်း ကျွန်တော်တို့ခေတ်မှာ နေတတ်သလို နေတယ်။ သူတို့လည်း သူတို့ခေတ်ရောက်ရင် ကြည့်ကျက် နေကြလိမ့်မပေါ့ဗျာ။ ကျွန်တော်တို့ လုပ်လို့လည်း ကမ္ဘာကြီးက ပြောင်းလဲသွားမှာမှ မဟုတ်တာ...

ကမ္ဘာ။ ။ ဘာ... ဘာကွ၊ ဟေ့ကောင် မင်းစကားကို မင်းပြန်စဉ်းစားစမ်းကွာ...

ကျွန်တော်။ ။ ဗျာ... ဘာဖြစ်လို့လဲ

ကမ္ဘာ။ ။ မင်းက ဘာကိုဆိုချင်တာလဲ... ကမ္ဘာကြီးဟာဖြင့် သယံဇာတတွေ၊ အရင်းအမြစ်တွေ ပေါများကြွယ်ဝနေဆဲပဲ ငါတို့ လုပ်ချင်ရာလုပ်လည်း ဘာမှ ပြောင်းလဲမှာမဟုတ်ဘူး၊ အဲလိုဆိုချင်တာလား

ကျွန်တော်။ ။ အဲ...

ကမ္ဘာ။ ။ ဒါမှမဟုတ်... ဒီလောက်ဆိုးရွားပျက်ဆီးသွားပြီးဖြစ်တဲ့ ကမ္ဘာကြီး ငါတို့ ပြင်ဆင်ပြောင်းလဲရေးလုပ်တော့ကော ဘယ်လောက်တိုးတက်လာမှာမို့လဲ... အဲလိုဆိုချင်တာလား

ကျွန်တော်။ ။ ဟာ... မသိဘူးဗျာ... အေးအေး နေစမ်းပါရစေ... နောက်လူတွေ၊ နိတ်စ်ဂျန်နရေးရှင်းတွေက သူတို့ဘာသာ သူတို့ လုပ်ကြမယ်။ သူတို့ခေတ်ရောက်ရင် သူတို့ရဲ့ တက်ကနော်လော်ဂျီနဲ့ သူတို့ဘာသာ ကမ္ဘာကို ပြောင်းလဲကြလိမ့်မယ်။

ကမ္ဘာ။ ။ လာပြန်ပြီ... ဘယ်လို ပြောင်းလဲမှာလဲကွ... ဖျက်ဆီးမှာလား၊ ဖြည့်တင်းမှာလား။ မှီခိုမှာလား တွန်းလှဲမှာလား။ မင်းတို့တွေလုပ်လို့ ခုဆို ကမ္ဘာကြီက ပလတ်စတစ်အိတ်တွေနဲ့ ပတ်တီးရိုက်နေပြီကွ။ အဲဒါတွေကို ဘယ်လိုရှင်းမှာလဲ။

ကျွန်တော်။ ။ ဘယ်သိမှာလဲဗျ။ တိုးတက်နေတဲ့ နည်းပညာနဲ့ တံမြက်စည်းကြီးကြီးထွင်ပြီး အဲဒီအိတ်တွေကို ကမ္ဘာကနေ တခြားဂြိုဟ်တွေပေါ် လှဲထုတ်လို့ ရချင်ရလာမှာပေါ့ဗျ... တစ်နေ့နေ့ပေါ့ဗျ

ကမ္ဘာ။ ။ တော်စမ်းပါကွာ၊ မင်းဟာလေ... လူလို့ မပြောရဘူး၊ အသက်ရှင်နေတဲ့ ကမ္ဘာကို ကျေးဇူးကန်းချင်တဲ့ကောင်။

ကျွန်တော်။ ။ သိဘူးဗျာ... လူတွေဟာ ကမ္ဘာကို ဖျက်ဆီးနေတယ်လို့ချည်း မစွတ်စွဲစမ်းပါနဲ့ဗျာ... သူတော်စင်တွေ၊ ဘုန်းတော်ကြီးတွေ၊ ဂေဟဗေဒပညာရှင်တွေ၊ သဘာဝသိပ္ပံသမားတွေ... သူတို့တွေက ကမ္ဘာကြီးကို ချစ်ခင်ကြပါတယ်ဗျ။

ကမ္ဘာ။ ။ တော်ပါကွာ... အဲဒီလူတွေ အနည်းအကျဉ်းက မင်းတို့လို လူဆိုးတွေ အများကြီးကို ဆုံးမ တရားချနိုင်မလားကွ။ ငါတော့ ရင်လေးတယ်ကွာ။

ကျွန်တော်။ ။ သိပ်လည်း စိတ်ပူမနေပါနဲ့ဗျာ

ကမ္ဘာ။ ။ ဟ... ပူရမယ်ကွ... မင်းတို့လူတွေက အဆင့်မြင့်သတ္တဝါလို့ ကြွေးကြော်တယ်။ တချိန်က မင်းတို့တွေကို ကျောခဲ့တဲ့ ရန်ပြုခဲ့တဲ့ တောရိုင်း သတ္တဝါတွေကို လက်နက်အားကိုးနဲ့ မျိုးတုန်းအောင် ပြုတယ်... သတ္တဝါအချင်းချင်း စာနာစိတ်မထားဘူး။ အဲဒီအကောင်တွေကို ဆင်ခြင်တုံတရားကင်းတဲ့ တိရစ္ဆာန်တွေဆိုပြီး ပြောတယ်။ တကယ်က မင်းတို့လူတွေကသာ အဆင်အခြင်မဲ့တာကွ။ ကမ္ဘာမှာ လူသားတွေ ပေါများပြီး ကျန်တဲ့ သတ္တဝါတွေက ရှားပါးလာပြီကွ။ ကြာရင် မျိုးတုန်းတော့မယ်။

ကျွန်တော်။ ။ အင်း။

ကမ္ဘာ။ ။ ဟုတ်တယ်လေ... လူသားစား ငါးမန်းတွေ အကြောင်း ရုပ်ရှင်တွေရိုက်ပြတယ်။ တကယ်က ငါမန်းကိုက်လို့သေတဲ့လူအရေအတွက်နဲ့ ငါးမန်းတောင် ဟင်းချို လုပ်သောက်ခံရတဲ့ ငါးမန်းအရေအတွက် ဘယ်ဟာ ပိုများမလဲ... မင်းစဉ်းစားကြည့်ကွာ... ဘာတဲ့ လူဟာ မျောက်က ဆင်းသက်လာတယ်တဲ့... ထွီ... မျောက်ကပဲ ဆင်းသက်ရတယ် ရှိသေး...

ကျွန်တော်။ ။ စိတ်လျှော့ပါဗျာ...

ကမ္ဘာ။ ။ မလျှော့နိုင်ဘူး ကိုယ့်လူ... မျောက်ဆိုတဲ့သတ္တဝါတွေက တောမှာနေပေမယ့် တောကိုမှီပြီးနေတာ ဖျက်ဆီးပြီး မနေဘူး။ မင်းတို့ လူတွေကသာ အရိပ်နေနေ အခက်ချိုးချိုးဆိုတာမျိုး... မျောက်တွေလောက်တောင် သဘာဝကို မချစ်ပါဘူးကွာ။ ငါမကြိုက်တာ ရှိသေးတယ် ဘာတဲ့... “အချစ်နဲ့ စစ်မှာ မတရားတာ မရှိတဲ့” ကြားရတာ မသက်သာလိုက်တာကွာ။

ကျွန်တော်။ ။ ဘာလို့လဲဗျ

ကမ္ဘာ။ ။ ဟ... ချစ်ခြင်းတရားနဲ့ စစ်ပွဲကို တစ်တန်းတည်း ထားမှတော့ ဒါဟာ ဟုတ်မလား စဉ်းစားသာကြည့်ကွာ။

ကျွန်တော်။ ။ ဒီမှာ... ကျုပ်ဘာသာ အေးအေး နေပါရစေဗျာ... စိတ်ရှုပ်လို့ပါ...

ကမ္ဘာ။ ။ မရဘူး... မင်းလည်း တာဝန်ရှိတဲ့အထဲ ပါတာပဲ...

ကျွန်တော်။ ။ ဒါဆိုရင် ခင်ဗျားကို မေးမယ်ဗျာ...။

ကမ္ဘာ။ ။ အင်း... ဘာလဲ။

ကျွန်တော်။ ။ ခင်ဗျားပြောတဲ့ မျိုးတုန်းတော့မယ့် သတ္တဝါပေါ့ဗျာ။ အဲဒီအကောင်က မျိုးတုန်းတော့မယ့် အပင်တစ်ပင်ကို စားမလို့ လုပ်နေတယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ... ကျွန်တော့်ကို ဖြေဗျာ။

ကမ္ဘာ။ ။ ဘာ... တောက်။။။

ကမ္ဘာက စိတ်ဆိုးပြီး ချက်ချင်းထပြန်သွားလေတော့သည်။
 ............................................................

ကမ္ဘာမြေကို ချစ်ခင်သော
ကမ္ဘာမြေပေါ်မှ လူသားတစ်ဦး

ဟန်သစ်ငြိမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...