Sunday, October 30, 2011

Civil Society ဆိုင်ရာအယူအဆ၊ ရှုထောင့်အမြင် (၆) ရပ်

                Civil Society ဆိုင်ရာအယူအဆ၊  အတွေးအမြင်များ၏ မျက်မှောက်ခေတ် ရေစီးကြောင်း (contemporary trends) များနှင့် ပတ်သက်လာလျှင် အယ်လီဆင်ဗန်းရွိုင်း (Alison Van Rooy) ရေးသားထားသော Civil Society and Industry ( ပြည့်သူ့လူ့အဖွဲ့အစည်းများနှင့် အကူအညီပေးရေး လုပ်ငန်းများ) စာအုပ်တွင် သူမက  Civil Society ဆိုင်ရာ အတွေးအမြင်များကို လိုက်စု၍ အမျိုးအစား ခွဲခြားသတ်မှတ်ထားသည်မှာ အသုံးဝင်သည်ဟု ကျွန်ုပ်အနေနဲ့တွေ့ရှိရပါသည်။ ရွိုင်းက ယခုလက်ရှိကာလတွင် ဆွေးနွေးနေကြသော Civil Society ဆိုင်ရာ အတွေးအမြင်များကို အမြင်ရှုထောင့် (၆) ရပ်အဖြစ် အမျိုးအစား ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ Civil Society ကို …
၁။ လူမှုတန်ဖိုးနှင့်စံနှုန်းဖြင့် မြင်သောအမြင် (Civil Society as  values and norms)
၂။ အစုပြနာမ်၊ သဗ္ဗဟနာမ်အဖြစ်မြင်သောအမြင် (Civil Society as collective noun)
၃။ လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်ရန် နယ်ပယ်တစ်ခုအဖြစ်မြင်သောအမြင် (Civil Society as a space for action)
၎။ သမိုင်းကြောင်း၏ သီးသန့်ကာလတစ်ရပ်အဖြစ် မြင်သောအမြင် (Civil Society as a historical moment)
၅။ လွှမ်းမိုးချုပ်ကိုင်မှုများကို ဆန့်ကျင်ရေးအဖြစ်မြင်သောအမြင် (Civil Society as an anti-hegemony) နှင့်
၆။ နိုင်ငံတော်အစိုးရနှင့် ဖီလာအဖြစ်မြင်သောအမြင် (Civil Society as an antidote to the State) တို့ဖြစ်ကြသည်။
၁။ Civil Society လူမှုတန်ဖိုးနှင့် စံနှုန်းအဖြစ်မြင်သော အမြင် (Civil Society as Values and norms)
          ရွိုင်း၏အဆိုအရ Civil Society ကြောင်းပြောဆိုဆွေးနွေးကြသောအခါ အချို့သောသူများက ‘Civil’ (ယဉ်ကျေးသော) ဟူသည့်စကားလုံးကို အလေးအနက်ထားကြသည်။ ၎င်းတို့အနေနဲ့ အလယ် အလတ်ပုဂ္ဂလိ က ဝါဒ၊ အပြန်အလှန်ကူညီမှု၊ အပေးအယူရှိမှု၊ အခြားသူများအပေါ်လေးစားတတ်မှုနှင့် အများ၏ကောင်းကျိုးအ ပေါ် အလေးထားတတ်မှု စသည်ကဲ့သို့သော ပြည်သူ့နီတိအပေါ် အသားပေး ဆွေးနွေးကြသည်။ ထို့ကြောင့် လည်း Civil Society ဆိုသည်ကို မိမိတို့နေထိုင်လိုကြသော အမူအကျင့် ကောင်းများ (သူ့စရိက်တရားများ) ကျင့်သုံးရာ လူ့ဘောင်အဖွဲ့အစည်း၊ မိမိတို့၏နိုင်ငံရေးနှင့် လူမှုရေး ဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများ၏ ပန်းတိုင်အဖြစ်ဖော်ပြကြသည်။ ဤစံပြလူ့အဖွဲ့အစည်းတွင်လူများသည် တစ်ဦးပေါ်တစ်ဦးယုံကြည်မှု အပြည့်အဝရှိသော နားလည်သည်းခံ နိုင်စွမ်းရှိသော လူ့ဘောင်လောက အကျိုးနဲ့ယှဉ်သည့် သမစိတ္တရည်မှန်းချက်မျိုးရှိသော တစ်လောကလုံး၏ ကောင်းကျိုးကိုလည်း  ဆောင်ကျဉ်းပေးနိုင်သော ပုံစံမျိုးရှိသည်။ Civil Society အကြောင်း ပြောဆိုဆွေးနွေးခြင်းသည် ကျင့်ဝတ်တရားနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးဖော်ပြခြင်းပင် ဖြစ်သည်။ ဤအတွက်ကြောင့်လည်း Civil Society ဆိုသည်မှာ ကောင်းမြတ်သော လူ့အဖွဲ့အစည်းဆိုသည်နှင့် အဓိပ္ပါယ်တူလာသည်။ အထက်ပါကဲ့သို့သောအမြင်ကို ကိုင်စွဲဆွေးနွေးသူများအနက် အထင်ကရ ပုဂ္ဂိုလ်တစ်ဦး မှာ ‘အက်ဒ်ဝပ် ရှီးလ် (Adward Shils) ဖြစ်သည်။
၂။Civil Society ကိုအစုပြနာမ်၊ သဗ္ဗဟနာမ်ပေါင်းအဖြစ် မြင်သောအမြင် (Civil Society as a collective noun)
          ဒုတိယရေစီးကြောင်းက  Civil Society ကို သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ဆောင် ကျဉ်းပေးသော အဖွဲ့အစည်းများအားလုံးကို သိမ်းကျုံးခြုံငုံ၍ခေါ်ဆိုသော အစုပြနာမ်အဖြစ် အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ကြသည်။ ၎င်းတို့က Civil Society ကိုမိမိတို့၏ သဘောဆန္ဒအလျောက် လာရောက်စုစည်း ထားရသည့် အသင်းအဖွဲ့များကဏ္ဍ (voluntary sector)၊ တနည်းအားဖြင့် တတိယကဏ္ဍ (third sector) အထူးသဖြင့် စည်းရုံးလှုပ်ဆော်မှု အဖွဲ့အစည်းများ (advocacy group)၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGOs) များ၊ လူမှုလှုပ်ရှားမှု၏ ရှေ့ဆောင်ရှေ့ရွက်ပြုသူများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှု ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာစေရန် တက်ကြွစွာပါဝင်လှုပ်ရှားနေကြသော အခြားသူများ အားလုံးနှင့် အဓိပ္ပါယ်တူအဖြစ်ဖော်ပြကြသည်။ ဤအစုအဖွဲ့များသည် အစိုးရနှင့် သော်လည်းကောင်း၊ စီးပွားရေးဈေးကွက် အင်အားစုများနှင့်သော်လည်းကောင်း မတူဘဲ သီးခြားစီတည်ရှိကြသည်ဟု သတ်မှတ် ကြသည်။
ဤအဖွဲ့အစည်းများအားမွန်မြတ်သော ကျင့်ဝတ်ရှိသူများအဖြစ် မြင်ကြသည်။ အချို့ကမူ နိုင်ငံရေးအာဏာ ရယူ ရေးအတွက် ကြိုးပမ်းနေကြသည့် နိုင်ငံရေးပါတီကဲ့သို့သော အဖွဲ့အစည်းများသည် Civil Society အဖွဲ့အစည်း များအတွင်းမပါဝင်ကြဟု သတ်မှတ်ကြပြန်သည်။ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများကို လုပ်ကိုင် သော အသိုင်း အဝိုင်းအတွင်း၌မူ Civil Society ကို NGOs များအဖြစ်သာ သဘောပေါက်ကြသည်။
၃။ Civil Society ကိုလှုပ်ရှားမှုများပြုလုပ်ဆောင်ရွက်ရန် နယ်ပယ်တစ်ခုအဖြစ်မြင်သောအမြင် (Civil Society as a space  for action)
          တတိယ ရေစီးကြောင်းက Civil Society ကို ‘အဖွဲ့အစည်းအသင်းအဖွဲ့များက နေရာယူထားသည့် နယ် ပယ်တစ်ခ’ုအဖြစ်နှိုင်းယှဉ်ဖော်ပြကြသည်။ အများအားဖြင့် ‘အဖွဲ့အစည်းများဖြစ် ထွန်းတိုးတတ်လာ သည့် (သို့) ဆုတ်ယုတ်ကျဆင်းသွားသည့် ပတ်ဝန်းကျင်နေရာ’ အဖြစ်ဖော်ပြလေ့ရှိသည်။ ဤကဲ့သို့သော အမြင်မျိုးကို ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၏ Civil Society  အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက် တွင် တွေ့မြင်နိုင်သည်။   
          Civil Society ဆိုသည်မှာ နိုင်ငံတော်၊ ဈေးကွက်တို့နှင့်အတူ ဒီမိုကရက်တစ်လူ့ဘောင်အဖွဲ့အစည်း ဖွဲ့စည်းရာတွင်ပါဝင်သော ကဏ္ဍကြီးသုံးခုအနက်တစ်ခုဖြစ်သည်။ Civil Society သည် လူမှုရေးလှုပ်ရှားမှု များ သန္ဓေတည်၊ ဖွဲ့စည်းဖြစ်ပေါ်ရာနယ်ပယ်ကြီးတစ်ခုဖြစ်သည်။ မြောက်များပြီး တစ်ခါတစ်ရံတွင် အချင်းချင်းဆန့် ကျင်ဖီလာဖြစ်သည့် လူမှုရေးအကျိုးစီးပွားများကို ကိုယ်စားပြုထားသည့် Civil Society အတွင်းရှိ အဖွဲ့အစည်း များသည် ၎င်းတို့၏လူမှုပတ်ဝန်းကျင်အခြေခံ၊ အကျိုးဆောင်ပေးသည့် လူထုပရိ သတ်များ၊ အဓိကထားလှုပ်ရှား သည့် အကြောင်းအရာကိစ္စရပ်များ (ဥပမာ သဘာဝပတ်ဝန်းကျင်ရေးရာ၊ လိင်ကွဲပြားမှုဆိုင်ရာ၊ လူ့အခွင့်အရေး ဆိုင်ရာ) နှင့် လုပ်ငန်းသဘာဝတို့ အပေါ်မူတည်၍ ဖွဲ့စည်းထား ကြ သည်။ ဤအဖွဲ့အစည်းများတွင် ဘာသာရေးနဲ့ ဆက်နွယ်သော အသင်းအဖွဲ့များ၊ အလုပ်သမားသမဂ္ဂများ၊ သမဝါယမ အသင်းအဖွဲ့များ၊ ဝန်ဆောင်မှုအဖွဲ့အစည်းများ၊ ရပ်ရွာလူမှုအသင်းအဖွဲ့များ၊ ပညာရှင်အသင်း အပင်းများနှင့် အခြားအသင်းများလည်း အပါအဝင်ဖြစ်သည်။ ( UNDP 1993:1)
          အိန္ဒိယနိုင်ငံမှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဆက်သီ (Sethis) က သူမြင်သော ‘နိုင်ငံရေး အသွင်အသစ်’ဟူသည့် အယူအဆတွင် Civil Society အကြောင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ညွှန်းပြခဲ့သည်။
          “ကမ္ဘာတောင်ဘက်ခြမ်းမှ Civil Society များမှာ အပြောင်းအလဲဖြစ်ပေါ်လာရန် ဆောင်ရွက် နေကြသူများ၏ နိုင်ငံရေးလှုပ်ရှားမှုများ ကိန်းအောင်ဖြစ်တည်ရာ ဝန်းကျင်ဖြစ်သည်။  ၎င်းတို့သည် ဒေသခံ (သို့မဟုတ်) ပြည်ပမှ လာရောက်ဆောင်ရွက်နေကြသည့် ဖွံ့ဖြိုးရေးအဖွဲ့များဖြစ်စေ လူမှုကယ်ဆယ်ရေးများ အတွက် ဒါနပြု လှူဒါန်းသော အဖွဲ့များဖြစ်စေ၊ အဖိနှိပ်ခံလူထုများ၏ လူမှုရေး-နိုင်ငံရေးအသိမြင့်တင်ပေးရန် လှုပ်ဆော်ဆောင် ရွက်နေသော အင်အားစုများဖြစ်စေ၊ ဆန္ဒပြကန့်ကွက်သည့် အုပ်စုများဖြစ်စေ၊ နိုင်ငံရေး အုပ်စုများ၊ နိုင်ငံရေးပါတီ ထူထောင်ရန်အတွက် လှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများဖြစ်စေ၊ အထောက်အပံ့ပေးရေးအုပ်စု များဖြစ်စေ၊ အပြောင်းအလဲဖြစ်လာစေရန်လှုပ်ရှားနေကြသော အဖွဲ့အစည်း များဖြစ်ကြသည်။”
          ထို့ကြောင့်လည်း ဤရေစီးကြောင်းက Civil Society ကိုတော်လှန်ရေးများ ပေါက်ဖွားလာနိုင်ချေရှိ သည့် နယ်ပယ်တစ်ခုအဖြစ် ရှုမြင်ကြသည်။
          အမေရိကန်မှထင်ရှားသော စာရေးဆရာကြီးဖြစ်သည့် (ဒီမိုကရေစီ ဂျာနယ်စာစောင်၏ အယ်ဒီတာ လည်းဖြစ်သူ) ‘လာရီဒိုင်းမွန်း’ (Larry Diamond) ကလည်း Civil Society ကို နယ်ပယ်ကြီးတစ်ခုအဖြစ်မြင် သည်။ သို့သော်လည်း ယူအဲန်ဒီပီ နှင့်ဆက်သီတို့၏ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့်ကွာခြားချက်မှာ ဒိုင်းမွန်းတို့အဖို့ ဤလှုပ်ရှားမှုများ၏ အဓိကပစ်မှတ်သည် နိုင်ငံတော်(အစိုးရ)ပင်ဖြစ်သည်ဟုဆိုသည်။ ၎င်း၏အဆိုအရ Civil Society ဆိုသည်မှာ….
          စနစ်တကျစုစည်းထားသည့် လူမှုဘဝ၏ နယ်ပယ်ဖြစ်သည်ဟုဆိုသည်။ ဤအစုအဖွဲ့နယ်ပယ်ကြီး ကိုလည်း မိမိတို့၏သဘောဆန္ဒအလျောက်ပါဝင်မှု၊ ကိုယ်အားကိုယ်ကိုးရပ်တည်မှု၊ ကိုယ်ထူကိုယ်ထပံ့ပိုးမှု၊ နိုင်ငံ တော်(အစိုးရ)၏ ကြိုးကိုင်ထိန်းချုပ်မှုများ ကင်းလွတ်သော လွတ်လပ်မှုဥပဒေစနစ် (သို့မဟုတ် အားလုံးအတွက် အကျုံးဝင်သည့်အခြေခံစည်းမျဉ်း) တစ်ရပ်၏အောက်တွင်တည်ရှိမှု စသည်တို့ဖြင့် ဖွဲ့စည်းထားသည်။ Civil Society နှင့်ယေဘုယျ လူ့အဖွဲ့အစည်းတို့ကြား ကွာခြားချက်မှာ Civil Society အတွင်းတွင် နိုင်ငံသူ၊ နိုင်ငံသား များအနေဖြင့် လူများရှေ့မှောက်၌ ၎င်းတို့၏ အကျိုးစီးပွားများ၊ စိတ်ဝင် စားမှုများ၊ စိတ်ကူးစိတ်သန်းကို ဖော် ထုတ်တင်ပြရန် ၊ သတင်းအချက်အလက်ဖလှယ်ကြရန်၊ ဘုံရည်မှန်း ချက် အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ အစိုးရထံတောင်းဆိုချက်များပြုရန်၊ အစိုးရအာဏာပိုင်များ၏ တာဝန်ခံမှုကို မျက်ခြေမပြတ်စစ်ဆေးကြရန် စသည့် ရည်ရွယ်ချက်များဖြင့် အစုလိုက်အဖွဲ့လိုက် လှုပ်ရှား ဆောင်ရွက်ကြသည်။
          အချို့ကမူ Civil Society ကို နိုင်ငံတော်အစိုးရနှင့် စီးပွားရေးဈေးကွက်ဆိုင်ရာ အင်အားစုများနှင့် တသီးတခြားကွဲကွဲပြားပြားဖြစ်သည့် နောက်ထပ်နယ်ပယ်ကြီးတစ်ခုအဖြစ် သတ်မှတ်ဖော်ပြကြသည်။
၎။ Civil Society ကို သမိုင်းကြောင်း၏ သီးသန့်ကာလအဖြစ်မြင်သောအမြင် (Civil Society as a historical moment)
          အချို့ကမူ Civil Society ကို သမိုင်းကြောင်းတစ်ရပ်၏ ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် ပေါ်ထွက် လာသော သီးသန့်အကျိုးရလာဒ်အဖြစ်ရှုမြင်ကြသည်။ အထူးသဖြင့် ဥရောပတိုက်အတွင်း အရင်းရှင်များ ရှေ့ဆောင်ရွက်ပြုသည့်ခေတ်သစ်သို့ ကူးပြောင်းမှုများ (capitalist modernization) ခေတ်မှီမြို့ပြကြီးများ တည်ထောင်လာမှု၊ ဆက်သွယ်ရေးစနစ်တခေတ်ပြောင်းလာမှု၊ စာတတ်မြောက်သူများပြားလာမှု၊ ရှေးရိုးစွဲ ဆန်သော အနှောင်အ ဖွဲ့များပျက်ပြယ်သွားမှုနှင့် ဘာသာရေးအသိတရားများ လျော့ပါးလာမှုစသည့် လူမှုရေး၊ နိုင်ငံရေးနှင့် ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် လုံးဝပြောင်းလဲသွားခြင်း၏ ရလာဒ်များဖြစ်သည်ဟု ဆိုသည်။
          ထို့ကြောင့်လည်း ဤရေစီးကြောင်းမှ ဥရောပမှလွဲ၍ အခြားဒေသများတွင် အထက်ပါအခြေခံချက် များ မရှိသည့်အတွက် Civil Society များ မပေါ်ပေါက်၊ မတည်ရှိနိုင်သကဲ့သို့ Civil Society ဆိုင်ရာ အယူအဆကို လည်း ဥရောပမှလွဲ၍ နေရာဒေသအားလုံးအတွက် အသုံးပြု၍မရနိုင်ဟု မြင်ကြသည်။
          ဥရောပအားဖြင့် ဂဲလ်နာကဲ့သို့သော ပုဂ္ဂိုလ်များက  Civil Society ပေါ်ထွန်းလာစေရန်မှာ သမိုင်း ကြောင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်များရှိနေသည်။ အထူးသဖြင့် သီးခြားရပ်တည်သည့် လွတ်လပ် သော တစ်သီးပုဂ္ဂလ (atomized liberal individuals) များ ဖြစ်ထွန်းတည်ရှိရန်မှာ အထူး လိုအပ်သည်။ အနောက်နိုင်ငံများ၏ ပြင်ပကမ္ဘာတွင် ဤအခြေအနေမျိုးကိုတွေ့ရခဲသည်ဟု မှတ်ချက်ပြု ထားသည်။ 
          ကက်စတီလီယွန်း (Castiglione) ကလည်း “Civil Society ဆိုသည်မှာ ဗဟိုအာဏာပိုင်များမှ တိုက်ရိုက်ထိန်းချုပ်ထားမှုမရှိသော တသီးပုဂ္ဂလ (လူတစ်ဦးချင်းစီ) များနှင့် အစုအဖွဲ့များကြားလွတ်လပ်စွာ ဆက်ဆံမှုရှိသည့် ဒြပ်မဲ့နယ်ပယ်တစ်ခုဖြစ်ရုံမျှသာမဟုတ်။ လူမှုရေး၊နိုင်ငံရေးဆိုင်ရာ ရိုးရာ အစဉ်အလာများ နှင့် အလေ့အထများ ကြောင့်ဖြစ်ထွန်းခဲ့သည့် သမိုင်းကြောင်းအနေအထားနှင့် ယဉ်ကျေးမှုအနေအထား များ၏ ထုတ်ကုန်များဖြစ်သည်”ဟုဆိုထားသည်။
          မကြာခဏထည့်သွင်းဖော်ပြလေ့ရှိသည့် Civil Society ပေါ်ပေါက်လာစေရန်အတွက် အခြား အခြေခံလိုအပ်ချက်များမှာ-စုရုံးဖွဲ့စည်းထားသည့် အစုအဖွဲ့များ၌ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အခွင့်အရေးများ၊ ဒီမို ကရေစီတစုံတရာရှိသော နိုင်ငံရေးစနစ်တစ်ခု၊ …ကျင့်ဝတ်များအရ အသင်းအဖွဲ့များ အဖြစ်ဖွဲ့စည်းဆောင်ရွက် ရန်ခွင့်ပြုအားပေးသည့် လူအများပေါင်းစည်းလှုပ်ရှားမှု၊ …အဖွဲ့အစည်း၊ အသင်း အဖွဲ့များအားထောက်အကူပြုပေးနိုင်ရန် အချိန်နှင့်ဝင်ငွေ အပိုအလျှံရှိသည့် အလယ်အလတ်လူတန်းစား များတို့ဖြစ်သည်။ ခပ်တိုတိုဖော်ပြရလျှင် အစိုးရဖွဲ့စည်းမှု ပုံစံ၊ ယဉ်ကျေးမှုနှင့် လူတန်းစားတို့နှင့် ပတ်သက် သော လိုအပ်ချက်များကို ဆိုလိုခြင်းဖြစ်သည်။
၅။ Civil Society ကို လွှမ်းမိုးချုပ်ကိုင်မှုများကိုဆန့်ကျင်ရေးအဖြစ်မြင်သောအမြင် (Civil Society as an anti- hegemony)
          အချို့က Civil Society ကို လွှမ်းမိုးချုပ်ကိုင်မှုများအား ဆန့်ကျင်ရေး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် မြင်ပါသည်။ အဆိုပါလွှမ်းမိုးချုပ်ကိုင်မှုများမှာလည်း အများအားဖြင့် ခေတ်သစ် လစ်ဘရယ်ဝါဒ၊ အနောက် တိုင်းလွှမ်း မိုးရေးဝါဒ၊ မဟာဖိုဝါဒ၊ လိင်ကွဲခြင်းဆက်ဆ့သည်သာအမှန်ဟူသောဝါဒ စသည့်ဝါဒတို့၏ တွင်ကျယ်စွာ လွှမ်းမိုးနေမှုများနှင့် ပတ်သက်ဆက်နွယ်နေသည်။
          မဲလူစီ(Melcci)က အထက်ပါလှုပ်ရှားမှုများအနေဖြင့် အစိုးရနှင့် ရှေးရိုးအစဉ်အလာပုံစံဖြစ်သော လူမှု အဖွဲ့အစည်း(conventional civil society)တို့၏ပြင်ပ နှင့် မျက်နှာပြင်အောက်ရှိနေစဉ် ကျင်လည်ရာ ဘဝအတွင်းမထင်မရှားပေါ်ပေါက်လာသော သေးငယ်သည့် အုပ်စုများအတွင်း၌ ၎င်းတို့၏အား သွေးစည်း ထောက်ခံမှုကို တည်ဆောက်ရယူထားသည်ဟုဆိုသည်။
                                                                                      (Melluci,1988)
          အာရေတို(Arato)နှင့် ကိုယ်ဟန် (Cohen)တို့က ဤလှုပ်ရှားမှုအသစ်များကို သီးသန့်လူမှုရေး လက္ခဏာ အခြေခံရှိသော လှုပ်ရှားမှု၊ တစ်မူထူးခြားသည့် လူမှုရေး-နိုင်ငံရေးသဘောသဘာဝရှိသော လှုပ်ရှားမှုများ၊ ဒီမိုက ရေစီလှုပ်ရှားမှု၏ အခြားနည်းလမ်းသစ်ဖြစ်ပြီး သစ်ဆန်းသော တောင်းဆိုမှုများ ရှိသည့် လှုပ်ရှားမှုများဟူ၍ ဖော် ပြခဲ့သည်။ (Arato and Cohen,1992,see Seligmen,1992:11-17)။ လူမှုတန်ဖိုးများနှင့်စံနှုန်းများ (လိင် သဘာဝနှင့်သြဇာအာဏာ၊ သဘာဝပတ်ဝန်းကျင်အရေး၊ လိင်တူ ဆက်ဆံသူများ၏ဝိသေသလက္ခဏာ သတ် မှတ်ချက်များအကြောင်းကိုဆွေးနွေးငြင်းခုံကြသည့် ဤလှုပ်ရှားမှုသစ်များအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှု(သို့)နိုင်ငံ ရေးအာဏာရယူရေး ကြိုးပမ်းမှုများနှင့် ပေါင်းစည်းချင်မှ ပေါင်းစည်းပေလိမ့်မည်။
၆။ Civil Society ကို နိုင်ငံတော်အစိုးရနှင့် ဖီလာအဖြစ်မြင်သောအမြင် (Civil Society as an antidote to the state)
          တချို့က Civil Society ကို ဗဟိုချုပ်ကိုင်မှုရှိသော(သို့) အာဏာရှင်ဆန်သော နိုင်ငံတော်အစိုးရနှင့် ဆန့်ကျင်ဘက်အဖြစ်မြင်ကြသည်။ ထို့ကြောင့် Civil Society ကို ထွန်းကားအောင်လုပ်ခြင်းသည် အစိုးရ အာဏာကို ကန့်သတ်ပစ်ခြင်းနှင့် အနက်အဓိပ္ပါယ်တူလာသည်။ ဝိုက် (White) က အောက်ပါအတိုင်း ရေး သားခဲ့သည်။
          Civil Society ဟူသော ဝေါဟာရကိုသုံးခြင်းသည် “နိုင်ငံတော်အစိုးရ၏ လူ့ဘောင်အဖွဲ့အစည်းကို ကျူးကျော်ထိန်းချုပ်နိုင်မှု စွမ်းပကားအား ကန့်သတ်ထိန်းညှို့ထားနိုင်ခြင်းနှင့် လူ့ဘောင်လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်များ အနေဖြင့်လည်း နိုင်ငံတော် အစိုးရထံမှ သီးခြားစွာရပ်တည်နိုင်မှု အစွမ်းပကား၊ နိုင်ငံတော် အစိုးရအပေါ် သြဇာ လွှမ်းမိုးနိုင်စေသည့် စွမ်းအားတို့ကို ရည်ညွှန်းလာသည်။ Civil Society က နိုင်ငံတော် အစိုးရနှင့် လူ့ဘောင် လူ့ အဖွဲ့အစည်းကြားတည်ရှိနေသော အာဏာအရဆက်စပ်မှု (power relationship) အခြေအနေများကို ထင်ဟပ် ဖော်ပြနေသည်။”(White,1993:65)
          ဤရေစီးကြောင်းအတွင်းရှိ အချို့သောသူများက Civil Society သည် ပင်ကိုသဘာဝအရ ကောင်းမြတ်ပြီး နိုင်ငံတော်အစိုးရမှာမူ ပင်ကို သဘာဝအရ ဆိုးဝါးလာသည်ဟု မြင်သည်။ “လူ့အဖွဲ့အစည်းတစ်ရပ်၏လုပ်ငန်းဆောင်တာများ၌ အစိုးရများ၏ အရေးပါမှုသည် မရှိတော့သလောက် နည်းပါးလာနေသော သမိုင်းအချိုးအကွေ့ ကာလတစ်ခုကို ကျွန်ုပ်တို့ ရင်ဆိုင်နေကြရပေပြီ” ဟု ချန်ဒ်ဟုတ်က ဖော်ပြခဲ့သည်။ (Chandhoke,1995:33)
          အချို့သောကိစ္စရပ်များတွင် Civil Society အဖွဲ့အစည်းများသည် ၎င်းတို့၏ နိုင်ငံတော် အစိုးရ များထက် လူထုအပေါ်ပို၍ ကိုယ်စားပြုမှုရှိပြီး ကမ္ဘာ့အရေးလုပ်ဆောင်ရာ၌ပို၍စစ်မှန်သော စိတ်ဓာတ်ရှိ သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားကြသည်။ ရွိုင်းက “နိုင်ငံတော်အစိုးရများ အနေဖြင့် Civil Society များအားလှုပ်ရှားလည်ပတ်ရန် အခွင့်ပေးထားသည့်တိုင် ကျွန်ုပ်တို့ အနေဖြင့် Civil Society အပေါ် စိတ်ဝင်စားရခြင်း၏ အဓိကအကြောင်းအရင်းကား Civil Society ကို နိုင်ငံတော် အစိုးရ၏ ဆန့်ကျင် ဘက်အဖြစ် ထားရှိသောကြောင့်ဖြစ်သည်” ဟု ချမှတ်ခဲ့သည်။
ဓမ္မါ ဝဘ့်ဘါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...