Thursday, October 27, 2011

Civil Society ၏ မူလဘူတဇစ်မြစ်ကို ခြေရာကောက်ခြင်း ( ပို၍အသေးစိတ်သော သမိုင်းကြောင်း)

          စတင်ဆွေးနွေးရမည်ဆိုလျှင် Civil Society ဟူသော အယူအဆ၊ သဘောတရားသည် ဥရောပနိုင်ငံရေးဆိုင်ရာ ယဉ်ကျေးမှုတွင် မြစ်ဖျားတည်သည်။ အောက်တွင်ဖော်ပြထားသောအတွေးအခေါ်ပညာရှင်များက ကွဲ ပြားခြားနားသော ကာလဒေသနှင့် နိုင်ငံရေးအခင်းအကျင်းများ အတွင်း၌ Civil Society အပေါ်အကျယ်ဖွင့်ဆိုခြင်း အတွေး အခေါ် ဖြည့်စွက်တည်ဆောက်ခြင်းများ၊ ပြောင်းလဲပစ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဤပညာရှင်များမှာ…….
          Plato ပလေတို(ဘီစီ ၄၂၈-၃၄၈)
          Aristotle အရစ္စတိုတယ်လ်(ဘီစီ ၃၈၄-၃၂၂)
          Saint Augustine စိန့်အော်ဂါတ်စတင်(အေဒီ ၃၅၄-၄၃၀)
          Saint Thomas Aquinas စိန့်သောမတ်စ်အကွန်းနာ့စ်(၁၂၂၅-၁၂၇၄)
          Martin Luther မာတင်လူသာ(၁၄၈၃-၁၅၄၆)
          John Calvin ဂျွန်ကယ်လ်ဗင်(၁၅၀၉-၁၅၆၄)
          Niccolo Machiavelli နီကိုလိုမာခီယာဗယ်လီ(၁၄၆၉-၁၅၂၇)
          Thomas Hobbes သောမတ်စ်ဟော့ဘ်စ်(၁၅၈၈-၁၆၇၉)
          John Locke ဂျွန်လော့ခ် (၁၆၃၂-၁၇၀၄ဖဝ
          Jean Jacques Rousseau င်္ဂျန်း-ဂျက် ရူးဆိုး(၁၇၁၂-၁၇၇၈)
          Adam Ferguson အဒမ် ဖာဂူဆန်(    )
          Immanuel Kant အီမန်နျူဝယ် ကန့်( ၁၇၂၄-၁၈၀၄)
          G.W.F Hegel ဂျီ-ဒဗလျူ-အက်ဖ် ဟေဂယ်လ်(၁၇၇၀-၁၈၃၁)
          John Stuart Mill ဂျွန်စတောက်မေးလ်(၁၈၀၆-၁၈၇၃)
          John Rawls ဂျွန်ရောလ်စ်(   )
          Edmund Burke အက်မွန်ဘာ့ခ်(၁၇၂၉-၁၇၉၇)
          Alexis de Tocqueville အဲလက်စ်ဒီ ဒေါ့ကဝီးလ်(၁၈၀၅-၁၈၅၉)
          Karl Marx ကားလ် မာ့ခ်စ် (၁၈၁၈-၁၈၈၃)
          Friendrich Nietzsche ဖရက်ဒရစ်နစ်ရှေး (၁၈၄၄-၁၉၀၀)
          Antonio Gramsic အန်တိုနီယိုဂရမ်ဇီ(၁၈၉၁-၁၉၃၇)
          Micheal Oakeshott မီခေးလ် အုက်ခ်စ်ရှော့တ် (၁၉၀၁-၁၉၉၀)
          Miaheal Focucault မစ်ချဲလ် ဖူးကိုးလ်ဒ်(၁၉၂၆-၁၉၈၄)

          အထက်တွင်ဖော်ပြခဲ့သောပုဂ္ဂိုလ်များသည် Civil Society အယူအဆကို မြေတောင်မြှောက်ပေးသူ များဖြစ်ရာ Civil Society နှင့်ပတ်သက်၍၎င်းတို့အနေဖြင့်မည်သို့မည်ပုံ ဆန်းစစ်တွေးတောခဲ့ကြသည်ကို ဆန်းစစ် ကြည့်သင့်ပါသည်။ သို့သော်လည်း အချိန်နဲ့နေရာကန့်သတ်ကြောင့် ပညာရှင်များနှင့် လေ့လာသူ များက Civil Society နှင့်ပတ်သက်၍ အထင်ကရအဖြစ်ဆုံးဟု သတ်မှတ်ခြင်းခံရသူ အတွေးအခေါ် ပညာရှင် အချို့ကိုသာ အလေးပေးဖော်ပြလိုပါသည်။ ဤနေရာတွင် အလေးပေးဖော်ပြလိုသော အတွေးအခေါ်ပညာရှင်များမှာ……

-ဗြိတိသျှအတွေးအခေါ်ပညာရှင် ဂျွန်လော့ခ် (John Locke)
-စကော့လူမျိုး ဥာဏ်အလင်းပြပညာရှင် အဒမ် စမစ် နှင့် အဒမ် ဖာဂူဆန်(Scottish Enlightenment Thinkers Adam & Adam Ferguson)   
-ဂျမန်တွေးခေါ်ပညာရှင် ဂျီ-ဒဗလျူ- အက်ဖ် ဟေဂယ်နှင့် ကားလ်မာ့ခ်(G.W.F Hegel and Karl Marx)
-လစ်ဘရယ်အတွေးခေါ်ပညာရှင် ပြင်သစ်လူမျိုး အဲလက်စ် ဒီ ဒေါ့ကဝီးလ်(Alexis de Tocqueville)
-အီတလီလူမျိုး မာ့ခ်စ်ဝါဒီ အန်တိုနီယို ဂရမ်ဇီ( Antonio Gramsci) တို့ပင်ဖြစ်ပါသည်။
          ဤနေရာတွင် ကျွန်ုပ်အနေဖြင့်  ထိုပညာရှင်များ၏ နိုင်ငံရေးအတွေးအခေါ်နှင့် ထိုစဉ်က၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အခြေအနေများကို ဆက်စပ်၍ ကြိုးစားတင်ပြသွားပါမယ်။
          Civil Society ဟူသောဝေါဟာရ၏ မူလဇစ်မြစ်ကို ဂန္တဝင်ခေါမ-ရောမခေတ်ကာလ (classical antiquity) နှင့် အရစ္စတိုတယ်လ်၏ “ကောင်းမြတ်သောဘဝ၊ ကောင်းမြတ်သောလူ့အဖွဲ့အစည်းနှင့် နိုင်ငံရေး” ဟူသောအယူအဆများ ဖြစ်ထွန်းခဲ့အချိန်အထိ နောက်ကြောင်းပြန်ခြေရာကောက်နိုင်သည်။ ‘စီဆေရို’(Cicero) သည် ဤဝေါဟာရကိုပထမဦးဆုံးသုံးစွဲခဲ့သော ရောမလူမျိုးဖြစ်သည်။ ဤဝေါဟာရသည်မူလလက်တင်ဘာသာ မှဆင်းသက်လာ၍ (civil societatis)မှ မွေးဖွားထားခြင်းဖြစ်ပြီး၊ “တရားဥပဒေအုပ်စိုးမှုရှိသောငြိမ်းချမ်း၍စနစ်ကျ သည့် လူ့အဖွဲ့အစည်း”ကို ရည်ညွန်းသည်။

          Civil Society အယူအဆနှင့် ပတ်သက်၍ ထင်ရှားသောအတွေးအခေါ်ပညာရှင်များ အနက် ရှေးအကျ ဆုံး ဂျွန်လော့ခ်(၁၆၃၂-၁၇၀၄)ဟူသော ပညာရှင်ဖြစ်သည်။ သူကCivil Societyဟူသောအယူအဆနှင့်ပတ် သက်၍ထူးခြားကွဲလွဲစွာစတင် တင်ပြခဲ့သူဖြစ်သည်။ လော့ခ်နေထိုင်ခဲ့သော ခေတ်ကာလတွင်ပြည်သူ့လူ့အဖွဲ့အ စည်း(Civil Society)နှင့်နိုင်ငံတော်(State)ကို တိတိလင်းလင်းခွဲခြားထားခြင်းမရှိပဲ ရောရောထွေထွေသုံးနှုန်းနေ ခဲ့သည်။ အပြန်အလှန်အစားထိုး သုံးစွဲသော ဝေါဟာရများဖြစ်နေခဲ့ကြသည်။ ဘုရာသခင်ကအပ်နှင်းထားသည် ဆိုသော ဘုရင်၏ လုပ်ပိုင်ခွင့် (divine rights of kings) နှင့် အကြွင်းမဲ့အာဏာဟူသောအယူအဆကို ငြင်းပယ် ခဲ့သည် ဖြစ်သည့်အလျောက် ဂျွန်လော့ခ်၏  အဓိကအာရုံစိုက်မှုမှာ “သဘာဝတရားအရ လွတ်လပ်မှုနှင့် တန်းတူ ညီမျှမှု”တို့ဖြစ်ထိုအရာများကိုမည်ကဲ့သို့ ကာကွယ်ရမည်နည်းဟူသောအချက်ဖြစ်သည်။ လော့ခ် ၏အမြင်မှာ လူ သားတို့၏ လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေးကို Civil Societyအတွင်း၌သာလျှင် ထိထိရောက်ရောက်ကာကွယ် နိုင်မည်ဟုမြင်သည်။
          Civil Society နှင့်ပတ်သက်၍ လော့ခ် ကမည်သို့ဆိုလိုသနည်း ဆိုသည်ကို နားလည်ရန်အတွက် သူ၏ နိုင်ငံရေးအတွေးခေါ်ကိုနားလည်ဖို့ လိုအပ် ပါမည်။ လော့ခ်၏ ယူဆချက်မှာ လူသားများသည် သဘာဝတရား၏ဥပဒေသ (Natural Law) အရ လည်ပတ်နေသော“သဘာဝအခြေအနေ (the state of nature)”အတွင်း နေထိုင်နေကြသူများဖြစ်သည်။ ထိုသဘာဝတရား၏ ဥပဒေသမှာလည်းခရစ်ယာန်ဘုရားသခင်မှဖန်ဆင်းထားခြင်းဖြစ် သည်။ “သဘာဝအခြေအနေ” ထဲတွင်လူသားများအားလုံးသည် တန်းတူညီမျှပြီး ကိုယ်စီကိုယ်ငုလွတ်လပ်မှု ရှိ ကြသည်။ သို့သော်လည်းဤလွတ်လပ်မှုမှာစိတ်ထင်သလို လုပ်ခွင့်ရှိသော အတားအဆီးမဲ့လွတ်လပ်မှုမျိုးကို  ဆိုလိုခြင်းမဟုတ်ဘဲ ဘုရားသခင်က ချမှတ်ပြဌာန်းထားသော စည်းမျဉ်းဥပဒေများအတိုင်း လိုက်နာ နေထိုင်ကြ ခြင်းမျိုးဖြစ်ပါတယ်။ ဥပမာ-“မည်သူတစ်ဦးတစ်ယောက်မှ အခြားသူတစ်ဦး၏ အသက် ခန္ဓာစည်းစိမ်နှင့် လွတ်လပ် မှုကိုထိခိုက်ပျက်စီးအောင်မလုပ်စေရ”ဟူသည့်စည်းကမ်းမျိုး။ သို့သော်စုစည်းနေထိုင်သောဦးရေနှင့် လူမှုအဖွဲ့အ စည်းကြီးထွားကျယ်ဝန်းလာသည်နှင့်အမျှ လူများ အနေဖြင့် လူ့ဘောင်လူ့အဖွဲ့အစည်းတစ်ခုထဲတွင် အတူတကွ ပေါင်းစည်းနေထိုင်နိုင်မည့် ဖွဲ့စည်းပုံ အသစ်တစ်ရပ် လိုအပ်လာသည်။ ထို့ကြောင့် “သဘာဝအခြေအနေ”သည် ပြီးပြည့်စုံမှုမရှိဘဲ ဖြည့်စွက် ပြုပြင်ပြောင်းလဲမှုများ လိုအပ်သည်ဟု လော့ဒ် ကမြင်သည်။


          “သဘာဝအခြေအနေ”ထဲတွင် လူသားတိုင်းသည်လွတ်လပ်ပြီး တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှမှု ရှိစွာနေ ထိုင်ကြသည်ဟု ဆိုလျှင် လော့ဒ်အတွက်အရေးတကြီးနိုင်လှသော နိုင်ငံရေးဆိုင်ရာမေးခွန်းမှာ ‘လူအများ၏ရည် ရွယ်ချက်များ၊ ပြုမူဆောင်ရွက်ချက်များသည် တစ်ခုနဲ့တစ်ခုဆန့်ကျင်ကွဲလွဲနေလျှင်(သို့) ပဋိပက္ခဖြစ်လာခဲ့လျှင် မည်သူက တရားဆုံးဖြတ်ပေးမည်လဲ?’ ဟူသောမေးခွန်းပင်ဖြစ်သည်။ ဤလူများ အားလုံးလွတ်လပ်မှုနှင့်တန်းတူ မှု အညီအမျှရှိကြပြီးအားလုံးက သဘာဝဥပဒေသကြီးအောက်တွင် နေထိုင် ကြရာ အခြားတစ်ယောက်ယောက်က ဤဥပဒေကိုချိုးဖောက်ကြသည့်အခါ ဤသို့ချိုးဖောက်မှုများအပေါ် တရားစီရင်ဆုံးဖြတ်ရန်နှင့် ထိုချမှတ်လိုက်  သည့်တရားစီရင်ချက်အတိုင်း သေချာစွာလိုက်နာမှု ရှိစေရေး အတွက် ကြီးကြပ်ရန် လူတိုင်းလူတိုင်းတွင် အခွင့်အ ရေးနှင့် အာဏာနှစ်ရပ်စလုံးရှိနေကြသည်။ လော့ဒ်ကိုယ်တိုင်၏ အဆိုအရ လူတိုင်းလူတိုင်းတွင် သဘာဝတရား ဥပေဒေ၏ ‘စီရင်ချက် ချမှတ်ပိုင်ခွင့် အာဏာ (executive power)’ ရှိသည်။ လူသားအားလုံးကိုပိုင်စိုးသော ကောင်းကင်ဘုံဖန်ဆင်းရှင်၏ ကိုယ်စလှယ်တော်များဖြစ်သည့် အားလျှော်စွာတစ်ဦးကိုတစ်ဦးတရားစီရင်ကာ အပြစ်ဒဏ်ပေးကြသည်။ 

သို့သော်လည်းဤသူတို့ကိုယ်တိုင်က သူတို့အချင်းချင်းကြားဖြစ်စေ၊ အခြားသူများအ ကြားတွင်ဖြစ်စေ ဖြစ်ပွားသောပဋိပက္ခများအပေါ်အမှားအမှန်သုံးသပ်ဆုံးဖြတ်ကြရာ၌ သမာသမတ်မရှိသူများ၊ ဘက်လိုက်ကြသူများနှင့် အဂတိမကင်းနိုင်သူများဖြစ်ကြပြန်သည်။ လူသားတို့၏ အသိုင်းအဝိုင်းမှာ ပိုမိုကျယ်ဝန်း လာပြီး လူဦးရေပို၍တိုးလာသည်နှင့်အမျှ ပြဿနာ ပဋိပက္ခဖြစ်ပွားသည့် အခိုက်အတန့်များ မှာလည်း ပိုမိုတိုးပွား လာသည်။ ထို့အတူလူသားတို့၏ ဘက်လိုက်မှုနှင့် အကြမ်းဖက်ခြင်းကို အသုံးပြုလိုမှု များမှ မြစ်ဖျားခံပေါက်ဖွား လာသော “သဘာဝအခြေအနေ”၏ အဆင်မပြေမှုများသည်လည်း ပို၍ တိုးပွားများပြားလာပါတော့သည်။ လူသားသမိုင်းသည်(၁၇)ရာစုနှောင်းပိုင်း အင်္ဂလန်ခေတ်သို့ ရောက်သော အခါ “သဘာဝအခြေအနေ”၏အဆင် မပြေမှုများဖြစ်သည့်လွတ်လပ်ပြီးတန်းတူညီမျှသော၊ အလွန်အကျွံ ဘက်လိုက်သော၊ သေနိုင်လောက်အောင် အန္တရာယ်ရှိသော တရားစီရင်ချမှတ်မှုများကြောင့် ဖြစ်ပေါ်လာ ရသောဖြေရှင်းနိုင်ဖွယ်မရှိသည့်ပဋိပက္ခများက လည်း အထူးတိုးမြင့်လာသည်။
          ဤအနေအထားတွင် အရေးတကြီးလိုအပ်ချက်မှာ “သဘာဝအခြေအနေ”မဟုတ်သည့် အခြား ရွေးချယ် စရာနည်းလမ်းတစ်ရပ်ဖြစ်သည်။ လော့ဒ်က မြင်သောအခြားရွေးချယ်စရာမှာCivil Society ပင်ဖြစ်လေသည်။
          လော့ဒ်ကမြင်သောCivil Society ဆိုသည်မှာ လူသားများအနေဖြင့် “သဘာဝအခြေအနေ”ကို စွန့်ခွာ၍ အစိုးရတစ်ရပ်(သို့) တရားဝင်မှုရှိသော အာဏာပိုင်တစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် လူမှုပဋိညာဉ် (social contract) တစ်ရပ်ချုပ်ဆိုပြီး မိမိတို့၏ အချို့သောအခွင့်အရေးများနှင့် လွတ်လပ်မှုအချို့များကို စွန့်လွတ်ရန်သဘောတူညီ ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လော့ဒ်အဖို့ Civil Society ဆိုသည်မှာ လူသားများ အနေဖြင့် “သဘာဝအခြေအနေ” ကိုစွန့်ခွာ၍ လူသားတို့၏ လွတ်လပ်မှုနှင့် ပညာဥစ္စာတို့ကို ပိုမိုထိရောက် စွာ ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက်အစိုးရတစ်ရပ် ဖွဲ့စည်းရန်အလို့ငှာ ၎င်းတို့ကိုယ်ကို လူမှုပဋိညာဉ် စာချုပ်များနှင့်စည်းနှောင်ထားခြင်းပင်ဖြစ်သည်။ (ပစ္စည်းဥစ္စာ(property)ဟု လော့ဒ်ကဆိုရာ၌လူသားတို့၏ အသက်ရှင်သန်ပိုင်ခွင့်နှင့် လွတ်လပ်မှုတို့ကိုပါ ရည် ညွှန်းဆိုလိုသည်။)

          လော့ဒ်၏အဆိုအရ Civil Society တွင် တည်ဆဲဥပဒေတစ်ရပ်၊ ဘက်မလိုက်ဘဲ ထိရောက်မှု ရှိသည့် တရား သူကြီးနှင့် ထိုတရားသူကြီးမှချမှတ်လိုက်သည့် စီရင်ချက်များကို ထိရောက်စွာ လိုက်နာ လုပ်ဆောင်စေခြင်းများ ရှိမည်ဟုဆိုသည်။  ထို့ကြောင့်လော့ဒ်အတွက်Civil Societyဆိုသည်မှာ “သဘာဝ အခြေအနေ”၏လက္ခဏာများ ကိုချုပ်ငြိမ်းစေသော နိုင်ငံရေးဆိုင်ရာလူမှုအဖွဲ့အစည်း( political society)(သို့) နိုင်ငံတော်အစိုးရ (State)ပင် ဖြစ်သည်။Civil Society ဆိုသည်မှာလည်း နိုင်ငံတော်အစိုးရကို ဆန့်ကျင်သောအရာ မဟုတ်သေးဘဲ နိုင်ငံတော် အစိုးရနှင့်အတူတူ၊ တစ်ခုတည်းပင်ဖြစ်သည်။
          လူများအနေဖြင့် “သဘာဝအခြေအနေ”ကိုစွန်ခွာ၍Civil Society အတွင်းသို့ဝင်ရောက်ကြခြင်း သည် “သဘာဝအခြေအနေ”အတွင်း၌လွတ်လပ်မှုများ ဆိတ်သုဉ်းနေသောကြောင့်မဟုတ်ဘဲ၊ ကြီးထွား တိုးပွားလာ သောလူ့ဘောင် အဖွဲ့အစည်းကို စနစ်တကျဖွဲ့စည်းရန် “သဘာဝအခြေအနေ”၌ အဆင်မပြေ၊ ပြည့်စုံလုံလောက်မှု များမရှိခြင်းကြောင့်သာဖြစ်သည်။ ထို့ကြောင့်လော့ဒ်ကCivil Society ကို “သဘာဝ အခြေအနေ”နှင့်ကွဲကွဲပြားပြားဖြစ်စေရန် ခွဲခြားပြထားခဲ့သည်။
          သို့ရာတွင်လည်း လော့ဒ် အနေဖြင့် ဤကဲ့သို့သောCivil Society အခြေအနေ၊ အနေအထားမျိုး လွယ်လွယ်ကူကူဖြစ်ပေါ်လာလိမ့်မည်ဟု မယူဆထားပေ။ ဖြစ်ပေါ်လာသည့်တိုင်အောင်ထိုကဲ့သို့သော အနေအထား မျိုးကားအမြဲတစေ ပုံသေရှိနေမည်မဟုတ်။ လော့ဒ်က သတိပေးသည်မှာ ပြည်သူများ အနေဖြင့် နိုင်ငံတော်အစိုးရ ၏ လုပ်ငန်းဆောင်တာများတွင် တတ်တတ်ကြွကြွပါဝင်၍ မဆောင်ရွက်ကြ လျှင် အဆိုပါအစိုးရသည်လည်း အ ကြွင်းမဲ့ အာဏာရှင်ဖြစ်လာနိုင်သည်ဟူ၍ဖြစ်သည်။ 

ထို့အတူလူမှုပဋိညာဉ်စာချုပ်များ ချုပ်ဆိုခြင်းအားဖြင့်လည်း လူတစ်ဦးချင်းစီတို့အား ၎င်းတို့၏ အခွင့်အရေး အားလုံးကို စွန့်လွှတ်ပစ်ရမည်ဟု လော့ဒ် ကအားမပေးပေ။ လော့ဒ်က အချို့အခွင့်အရေးများကိုသာ စွန့် လွှတ်ရန်နှင့် အသက်ရှင်သန်ပိုင်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာတွေးခေါ်ကြံဆခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်များကဲ့သို့သော အခြေခံအခွင့်အရေးများကို ဆက်လက် ကိုင်စွဲ ထိန်းသိမ်းထားရန် တိုက်တွန်းသည်။
       လော့ဒ် နောက်ပိုင်းကာလတွင် Civil Societyဟူသောအယူအဆကို ဆက်လက်တင်ပြလာကြသူမှ စကော့ လူမျိုးဥာဏ်အလင်းပြပညာရှင်ကြီး (Scottish Enlightenment thinker) များဖြစ်ကြပြီး အထူး သဖြင့် အဒမ် ဖာဂူဆန်(   ) နှင့် အဒမ် စမစ် (၁၇၂၃-၁၇၉၀) တို့ဖြစ်ကြသည်။ ထိုသူများမှာ လော့ဒ်နှင့် နောက်ပိုင်းတွင်ဖော်ပြမည့် ဟေဂယ်လ်တို့လောက် မထင်ရှားမကျော်ကြားကြသော်လည်း ခေတ်သစ် Civil Society သဘောတရားအပေါ် ၎င်းတို့က များစွာသြဇာလွှမ်းမိုးခဲ့သည့်အလျောက် ၎င်းတို့၏ Civil Society အပေါ် အယူအဆ နားလည်ပုံများကို ဤနေရာတွင်ဖော်ပြရန်လိုအပ်ပါလိမ့်မည်။

          စကော့လူမျိုးဥာဏ်အလင်းပြ ပညာရှင်ကြီးက အရင်းရှင်စနစ်၏ အာရုံဦးကာလတွင် အသက်ရှင် နေထိုင် ခဲ့ကြသည့်အလျောက် ထိုစဉ်ကဖြစ်ထွန်းလာသော “ကုန်သွယ်မှုနှင့်ကူးသန်းရောင်းဝယ်မှု” တို့ သည် ခေတ်သစ် လူ့အဖွဲ့အစည်း (သို့) ခေတ်သစ်ယဉ်ကျေးမှုအတွင်း၌ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဟု သုံး သပ်ယူဆခဲ့ကြသည်။ တနည်းအားဖြင့်ဆိုသော လူတစ်ဦးချင်းစီတို့က မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် သာရည်ရွယ်ဆောင်ရွက်နေကြသော ရုပ်ဝတ္ထုပစ္စည်း ကြွယ်ဝချမ်းသာရေး အတွက်သာ အရှေ့တန်းတင်နေကြသော ကုန်သွယ်မှုနှင့် အပြန်အလှန်ရောင်းဝယ် ဖလှယ်မှုတို့ကသာ ကြီးစိုးနေသည့် ‘ကုန်သွယ်ဖောက်ကားနေကြသော လူ့အဖွဲ့အစည်း’အတွင်း၌ အဆိုပါပညာရှင်များ နေထိုင် ခဲ့ကြရခြင်းဖြစ်သည်။
          ထိုအတွက်ကြောင့် လော့ဒ်နှင့်နှိုင်းစာလျှင် ထိုစကော့လူမျိုးပညာရှင်ကြီးများမှာ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်မှုတို့နှင့် ပတ်သက်ဆက်နွယ်နေသည့် တိုင်းသူပြည်သားများ၏ အခန်းကဏ္ဍ၊ ကုန်သွယ် ရောင်းဝယ် ဖောက်ကားနေကြသောလူ့အဖွဲ့အစည်း ( အစောပိုင်းအရင်းရှင် လူ့အဖွဲ့အစည်း) အတွင်းရှိ လူမှု ဘဝအခြေအနေ နှင့်တပိုင်းတစ ခေတ်သစ်ပျိုးလာနေသော  လူ့ဘောင်အတွင်းရှိ လူတစ်ဦးချင်းစီများ/ တသီးပုဂ္ဂလများအချင်းချင်းကြား ဆက်ဆံရေးတို့အပေါ် ပို၍စိတ်ဝင်စားခဲ့ကြသည်။

          ခေတ်ပြိုင်များဖြစ်သည့်အပြင် သူငယ်ချင်းများလည်းဖြစ်ကြသော်လည်း ဤစကော့လူမျိုး ပညာရှင် တို့က Civil Society နှင့်ပတ်သက်လာလျှင် တစ်ဦးနှင့်တစ်ဦးယူဆပုံခြင်း၊ ဖော်ပြပုံခြင်းမတူညီကြပေ။ တဖက်တွင် အဒမ်စမစ်က အခြားသောစကော့လူမျိုးအတွေးခေါ်ပညာရှင်ဖြစ်သူ ဒေးဗစ်ဟူးမ်(David Hume) နှင့်အတူ Civil Society သည် စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများကြောင့် ပေါ်ပေါက်လာသည်ဟု မြင်ပြီး ထိုစီးပွားရေးလုပ်ဆောင်မှုများမှလည်း နိုင်ငံရေးလုပ်ဆောင်မှုများကဲ့သို့ တန်းတူအရေးကြီးသည်ဟု ယူဆကြသည်။ သို့သော် အခြားတဖက်တွင် အဒမ်ဖာဂူဆန်က ခေတ်သစ်လူမှုအဖွဲ့အစည်းတွင် ပြည်သူတို့ ကသာ အဓိကကျကြောင်း တွင်တွင်ကြီးပြောဆိုခဲ့သည်။
          အဒမ်စမစ်နှင့် ဟူးမ်တို့က Civil Societyသည် လွတ်လပ်သော ဈေးကွက်စီးပွားရေးကြောင့် ဖြစ်လာရကြောင်းဖော်ပြကြသည်။ ထိုဈေးကွက်မှာလည်း လူအများနှင့် စီးပွားရေးလုပ်ငန်းကုမ္ပဏီများ လာရောက်စုဝေးကြ ပြီး သဘောတူစာချုပ်စာတမ်းများချုပ်ဆိုဆောင်ရွက်ကြရာ၊ ကုန်ထုတ်လုပ် စားသုံး ကြရာ လူမှုရေးနယ်ပယ်ဖြစ်ပြီး လွတ်လပ်စွာ ရောင်းဝယ်ဖလှယ်ကြရာနယ်ပယ်လည်းဖြစ်သည်။ Civil Societyသည် ကုန်သွယ်ဖောက်ကားသော လူ့အဖွဲ့အစည်း (တနည်းဈေးကွက်) မှ မရည်ရွယ်ဘဲ မတော် တဆ မွေးထုတ်မိလာသောထွက်ကုန်တစ်ခုဖြစ်သည်မှာ မှန်သော်လည်း ဈေးကွက်ကို စီးပွားရေးလုပ်ငန်း ဆောင်တာများ သက်သက်အဖြစ်သာမမြင်ကြဘဲ လူ့ဘောင်အဖွဲ့အစည်းကြီးအား ကျင့်ဝတ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း၊ စာရိတ္ထပိုင်းဆိုင်ရာအရသော်လည်း ဖွဲ့စည်းပုံသွင်းပေးရာအဖြစ် ရှုမြင်ရန်အရေးကြီး ကြောင်း ယူဆခဲ့ကြသည်။ 

          အတိတ်ကာလ (ကုန်သွယ်ရောင်းဝယ်ဖောက်ကားသော လူ့အဖွဲ့အစည်းမတိုင်မှီ အကြိုကာလ) က ဆက်ဆံရေးမျိုးမှာ ဆွေမျိုးသားချင်းဆက်ဆံရေး၊ ထက်-အောက်ဆက်ဆံရေးမျိုးဟူ၍ တသမတ်တည်းသာ ရှိသည်။ သို့သော်ဈေးကွက်ပေါ်လာသောအခါ လူစိမ်းများအကြားဆက်ဆံသော လူမှုဆက်ဆံရေးစနစ်ပုံစံ တစ်မျိုးပေါ်ထွန်းလာပြီး ပုဂ္ဂလိက မိတ်သဟာရများနှင့် လူတစ်ဦးနှင့်တစ်ဦးကြားလွတ်လပ်စွာ  ပုဂ္ဂိုလ်ရေး အရ ဆက်ဆံမှုများ ကျင့်ဝတ်များ၊ခင်မင်မှုများနှင့် ကိုယ်ချင်းစာနာမှုကဲ့သို့သော ခံစားချက်များ ဖြစ်ပေါ်ရာ နယ်ပယ်လည်းပေါ်ထွန်းလာသည်။ ထို့အတွက်ကြောင့် ကုန်သွယ်ဖောက်ကားသော လူ့အဖွဲ့အစည်းအနေ ဖြင့် နောက်ထပ်အဆင့်တစ်ဆင့် မြင့်တတ်လာသော လူသားများအချင်းချင်းစုစည်းမှု ပုံစံအသစ်ကို ဖြစ်ပေါ် စေပြီးထိုစုစည်းမှု ပုံစံတို့သည်လည်း ခွဲခြားပထုတ်ခြင်းများကင်းမဲ့ပြီး မိမိတို့၏ သဘောဆန္ဒအလျောက် ဆက်ဆံရေးမျိုးအပေါ် အခြေခံထားသည်။
          အထက်ပါအနေအထားများသည် အလွန်ရက်စက်ကြမ်းကြုတ်သော၊ ရိုင်းစိုင်းသောလူ့အဖွဲ့အစည်းမှ ထွက်လာပြီး ပို၍ယဉ်ကျေးသိမ်မွေ့သော လူ့အဖွဲ့အစည်းအတွင်းသို့ဝင်ရောက်ခြင်းအဖြစ် စမစ်နှင့်ဟူးမ်တို့ က ယူဆကြသည်။ ယင်းကဲ့သို့ယဉ်ကျေးသိမ့်မွေ့မှုများကလည်း အသစ်ဖြစ်ထွန်းလာနေသော ကုန်သွယ် ဖောက်ကားသည့် လူ့အဖွဲ့အစည်းအတွက် လိုအပ်သောကျင့်ဝတ်များကိုဖန်တီးရာ၌ မရှိမဖြစ်လိုအပ်ချက် များလည်းဖြစ်သည်။ ထို့ကြောင့် စမစ်နှင့်ဟူးမ်တို့က ကုန်သွယ်ဖောက်ကားကြသော လူ့အဖွဲ့အစည်းအတွင်း (သို့) Civil Society အတွင်း၌ မိမိတို့ကိုယ်ကျိုးစီးပွားအတွက်ဖွေရှာ၊ ဆောင်ရွက်ခြင်းနှင့် အတူတူပင်ဖြစ် သည်ဟု ယူဆကြသည်။ထို ပညာရှင်နှစ်ဦးက Civil Society ဆိုသည်မှာ လူသားများအချင်းချင်းကြား ရောင်းဝယ်ဖလှယ်ကြရာ ဈေးကွက်အတွင်း၌ တမင်မရည်ရွယ်ဘဲ မတော်တဆဖြစ်ပေါ်လာသည်ဟုထင်မြင် ယူဆကြသည်။

          ယခင်က နိုင်ငံတော်အစိုးရနှင့် လူ့အဖွဲ့အစည်းဟူ၍ နယ်ပယ် (၂) ရပ်သာရှိခဲ့ရာမှ အဒမ်စမစ်က အခြား အင်အားစုတစ်ရပ်ကိုပါ ပေါင်းထည့်ပေးခဲ့သည်။ (၁၈) ရာစု ဗြိတိန်အတွေးခေါ်ပညာရှင်ကြီးများ အနေဖြင့်လူမှု ဘဝအတွင်းသီးခြား သီသန့်ဖြစ်နေသော စာမျက်နှာအကြောင်းကို ပထမဆုံးအကြိမ် စတင်ဆွေးနွေးဖြစ်ကြသည်။ ‘ယခုအခါ စီးပွားရေးစနစ်က နိုင်ငံ၏ပြင်ဘက်ရှိ လူမှုဘဝ၏ သီးခြားစာမျက်နှာ တစ်ရပ်ဖြစ်ပြီး ယင်းအထဲတွင် လူ့အဖွဲ့အစည်းအဖြစ် လည်ပတ်လှုပ်ရှားနေကြသည်။ အများပြည်သူတို့၏ နယ်ပယ် (Public sphere) အတွင်း နိုင်ငံရေးမဟုတ်သည့် အခြားကိစ္စကို ပြောဆိုဆွေးနွေးနိုင်ခြင်းမှာ အလွန်ကောင်းသောစိတ်ကူးပင်ဖြစ်လေသည်။
ထိုအချက်က မိမိတို့ဘာသာမိမိတို့ စုစည်းဖွဲ့စည်းမှုမှာ ဖြစ်နိုင်ကြောင်းပြသလေသည်။ ယင်းနှင့်ပတ်သက်၍ ကယ်လ်ဟန် (Calhoun) ကဤသို့ရှင်းပြခဲ့သည်။
          “……ဈေးကွက်အနေဖြင့် အစောပိုင်းကာလတွင် Civil Society ၏ သဘောတရားအတွေးအခေါ် ထဲသို့ ထည့်ဝင်ဖြည့်ဆည်းပေးခဲ့သည့်အချက်မှာ မိမိတို့ဘာသာစုရုံးဖွဲ့စည်းမှု ဆိုသည်မှာဖြစ်နိုင်ခြင်းဆိုသည် ကို ပြသပေးခဲ့ခြင်းဖြစ်သည်……”
          An Essay on the History of Civil Society (Civil Society ၏ သမိုင်းကြောင်းဆိုင်ရာ အက် ဆေး) ဟူသော ခေါင်းစဉ်အမည်ပါစာအုပ်ကို ရေးသားခဲ့သူ အဒမ် ဖာဂူဆန်ကမူ စမစ်နှင့်ဟူးမ်တို့ ယူဆ ထားသောအချက် များကို လက်ခံရန်ဝန်လေးနေခဲ့သည်။

          ဖာဂူဆန်အနေဖြင့် ဈေးကွက်အခြေခံအရင်းရှင်စနစ်စတင်ပေါ်ပေါက်လာပုံကိုနှစ်လိုဖွယ်ရာ စိတ်ဝင်တ စားလေ့လာကြည့်ရှုနေခဲ့သော်လည်း  တသီးပုဂ္ဂအနေဖြင့် အများပြည်သူတို့ဘဝ(သို့) အများ၏အကျိုးကိုထိခိုက်စေနိုင်လောက်အောင် ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားအတွက်ကိုသာ အတ္တ ကြီးစွာ ရှာကြံလုပ်ဆောင်နေကြ သည့် အချက်အပေါ်လွန်စွာစိုးရိမ်ပူပန်မိခဲ့လေသည်။ ဖာဂူဆန်က ပြည်သူ့ရီပတ်ဘလီကင်နဆင်မ် (Civic Republicanism) ဟူသောအယူအဆကို တိုက်တွန်းဟောပြော ခဲ့သည်။ ဤအယူအဆမှာ အရစ္စတိုတယ်လ်နှင့် ဆီစေရိုတို့၏ အယူအဆဖြစ်သော အစိုးရ၏ လုပ်ငန်း ဆောင်တာများ၌ပြည်သူများတတ်ကြွစွာပါဝင်ဆောင်ရွက် ခြင်းဟူသောအယူအဆများ မြစ်ဖျားခံ လာခြင်းဖြစ်သည်။ သူ၏စာအုပ်ဖြစ်သော An Essay on the History of Civil Society ဟူသော စာအုပ်တွင် ဖာဂူဆန်က “လူများသည် Civil Society ၏ ကိစ္စရပ်များကို ဆောင်ရွက်ကြ ခြင်းဖြင့်သာ ၎င်းတို့၏ အကောင်းဆုံး၊ အထက်ဆုံး ပင်ကိုယ်စွမ်းရည်များတည်ရှိနေမှုနှင့် ၎င်းတို့၏ အနှစ်သက်၊ အခုံမင် ဆုံးသောအရာများကိုရှာဖွေတွေ့ရှိနိုင်သည်။” ဟုရေးခဲ့သည်။
          သို့သော်လေ့လာသူများ၏အဆိုအရ  ဖာဂူဆန်နေဖြင့် သူ၏အက်ဆေး စာအုပ်တွင် Civil Society ဆိုသည်မှာ ဘာလဲဟူသည်ကို အသေးစိတ်ရှင်းလင်းဖော်ပြထားခြင်းမရှိဟုဝေဖန်မှတ်ချက်ကြသည်။ သူ၏ အက်ဆေးစာအုပ်တွင် ဖော်ပြထားခြင်းအရ Civil Society ဆိုသည်မှာ သာမန်လူ့အဖွဲ့အစည်းကိုသာ ရည်ညွှန်းသုံးစွဲပုံရပြီး ယေဘူယျအားဖြင့် သူကလူ့ယဉ်ကျေးမှုအကြောင်းကိုပို၍ ဖော်ပြရေးသားထားခဲ့သည်။ သို့သော် ရှင်း လင်းထင်ရှားသောအချက်ကား သူ့အနေဖြင့် Civil Society ကို ဖောက်ပြန်ပျက်စီးနေသော၊ ရက်စက်ကြမ်းကြုတ် သော လူ့အဖွဲ့အစည်းနှင့် နှိုင်းယှဉ်၍ ခွဲခြားဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးနေသော၊ ရက်စက်ကြမ်းကြုတ်သော လူ့အဖွဲ့အစည်းဟုဆိုရာ၌ ဖာဂူဆန်က ဆိုလိုသည် မှာ ၎င်းတို့၏ အရုပ်ဝတ္ထု အကျိုးစီးပွားအတွက် သာကြည့်သည့်လူတို့အဖြစ် ပြည်နှက်နေသော၊ လူအများ ကောင်းကျိုး၊ အစိုးရလုပ်ငန်းကိစ္စများကို ပစ်ပယ်ထားကြသော လူ့အဖွဲ့အစည်းကို ဆိုလိုခြင်းဖြစ်သည်။ 

ထိုကဲ့သို့သောအခြေအနေတွင် အစိုးရအတွင်းတွင် လူအနည်းစု(သို့) ဘုရင်များကသာ ထင်သလိုချယ်လှယ် အုပ်ချုပ်နေတော့သည်။ ဖာဂူဆန်က Civil Society ဟူသောဝေါဟာ ရသုံးစွဲရာ၌ (Civil) ဟူသောစကား လုံးကို သဘာဝဥပဒေသ (Natural Law) အကြောင်း ဆွေးနွေးပြောဆိုစဉ်မှာကဲ့သို့ သဘာဝ (Natural) ဟူသောစကားလုံးနှင့် ကွဲပြားအောင်နှိုင်းယှဉ်၍ ခွဲခြားဖော်ပြခဲ့ခြင်းမဟုတ်တော့ဘဲ “ရိုင်းစိုင်းသော (Rude)” ဟူသော စကားလုံးနှင့်ကွဲပြားအောင် နှိုင်းယှဉ်ဖော်ပြခဲ့ခြင်းဖြစ်သည်။
          ဖာဂူဆန်နှင့်အတူ Civil Societyထဲမှ Civil ဟူသောစကားလုံးသည် ယဉ်ကျေးသော၊ သိမ်မွေ့သော ဟူသည့်သဘောကိုဆောင်လာသည်။ ဖာဂူဆန်ဆိုလိုသော Civil Society ဆိုသည်မှာ မသဲမကွဲဝေဝေ ဝါးဝါး နိုင်လှသည်။ Civil Society ကို ဖောက်ပြန်ပျက်စီးနေသော၊ ရက်စက်ကြမ်းကြုတ်သော အဖွဲ့အစည်း နှင့် ဆန့်ကျင်ဘက်ဟု ဖာဂူဆန်ကဖော်ပြသည်မှအပ Civil Societyဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း သဘောပေါက်ရန် ခက်ခဲလှသည်။
          မည်သို့ပင်ဆိုစေကာမူ “(၁၈) ရာစု စကော့လူမျိုးဥာဏ်အလင်းပြပညာရှင်များအားလုံးနှင့် ဖာဂူဆန် ၏ အတွေးအခေါ်က တာအသွားဆုံးဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားပြောသော အင်္ဂလန်နှင့် စကော တလန်တွင် သူ၏အက်ဆေးစာအုပ်ကို အချိန်တိုအတွင်း၌ မေ့လျော့သွားကြသော်လည်း အင်္ဂလန်၏ပြင်ပ အခြားဥရောပနိုင်ငံများတွင် ယင်းစာအုပ်ကို အကျယ်အပြန့်ဖတ်ကြသည်။ အထူးသဖြင့် ဂျာမန်လူမျိုး စာဖတ်သူများကြား၌ဖြစ်သည်။ သူတင်ပြသည့် Civil Society ဟူသော်အယူအဆကို ‘ဖရက်ဒရစ် ရှေးလား’(Friedrich Schiller)နှင့် ‘ဘင် ဂျမင် ကွန်စတင့်’ (Benjamin Constant) တို့က စိတ်ဝင်စား အားကျခဲ့ကြ သည်။ ဟေဂယ်လ်နှင့် မာ့က်စ်တို့အပေါ်လည်း ယင်းအယူအဆက သြဇာလွှမ်းခဲ့သည်။
          ခြုံ၍ပြောရလျှင် စကော့လူမျိုး ဥာဏ်အလင်းပြပညာရှင်များဖော်ပြသော Civil Society ဟူသော အယူအဆသည် တရားဥပေဒေအရ ၊ အုပ်ချုပ်မှု လုပ်ပိုင်ခွင့်အာဏာအကန့်အသတ်ရှိသော အစိုးရ၊  နိုင်ငံသားများ၏ တတ်ကြွစွာပါဝင်ဆောင်ရွက်တတ်မှု စသည့်လက္ခဏာများရှိသည့် နိုင်ငံတော်အစိုးရ (State) ဟူသောအယူအဆ နှင့် တထပ်တည်းကျနေသေးသည်။ အရေးကြီးဆုံးအချက်မှာကား ဈေးကွက် (Market) သည် ၎င်းတို့၏ Civil Society အယူအဆအား ပုံဖော်ပေးရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ လေသည်။ ၎င်းတို့ယူဆသော် Civil Society သည် ‘သဘာဝအခြေအနေ’နှင့် အနည်းနှင့်အများဆိုသလို ကွဲပြားသော်လည်း ၎င်းတို့က ၎င်းတို့၏ Civil Societyအယူအဆကို ရက်စက်ကြမ်းကြုတ်သော လူ့အဖွဲ့အစည်း၊ ရိုင်းစိုင်းသောလူ့အဖွဲ့အစည်း၊ ဖောက်ပြန်ပျက်စီးနေသော လူ့အဖွဲ့အစည်းများနှင့် ကွဲပြားအောင် နှိုင်းယှဉ်ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အဖို့ Civil Society ဆိုသည်မှာ ရက်စက် ကြမ်းကြုတ်သော လူ့အဖွဲအစည်း၊ ရိုင်းစိုင်းသောလူ့အဖွဲ့အစည်း၊ ဖောက်ပြန်ပျက်စီးနေသော လူအဖွဲ့ အစည်းများနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ၎င်းတို့နှင့်ကျမှ Civil Societyသည် ‘ယဉ်ကျေးသော လူ့အဖွဲ့ အစည်း’ ဟူသောအဓိပ္ပါယ်ကို ဆောင်လာသည်။

Civil Societyနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းအကြား ဆက်စပ်မှုများကို စူးစမ်းရှာဖွေခြင်း။  
ဓမ္မါဝဘ့်ဘါမှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...