Sunday, October 30, 2011

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၇) ၊ အပိုင်း(၁)


နိုင်ငံသားတို့ ကိုယ်တိုင်အုပ်ချုပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ဒီမိုကရေစီလူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ အမြဲတစေ ပတ်သက်မှုရှိကြသည် မဟုတ်ပါ။ လူ့အခွင့်အရေးဟု ယနေ့ခေတ်တွင် ကျွန်ုပ်တို့ နားလည်ထားသော အယူအဆသည် ရှေးခေတ်က အေသင်မြို့ပြနိုင်ငံတွင် ထွန်းကားခဲ့ခြင်း မရှိပါ။ နိုင်ငံသား အများစု၏ ဆန္ဒအရ ရေးဆွဲထားသော မူဝါဒများတည်ရှိသည့် သမတနိုင်ငံတစ်ခုတွင်  လူနည်းစုနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ရပိုင်ခွင့်များကို ပုံမှန်အားဖြင့် မတရားကျူးလွန်ဖောက်ဖျက်ခြင်းမျိုး ရှိနိုင်ပါသည်။ ရှေးဂရိလူမျိုး များ ပိုင်ဆိုင်သော ကျွန်များတွင် မည်သည့်အခွင့်အရေးမျှ မရှိခဲ့ပါ။ ၁၉၆၀ ပြည့် လွန်နှစ်များမတိုင်မီက အမေရိ ကန်ပြည်ထောင်စု၏ တောင်ပိုင်းပြည်နယ်တို့တွင် လူဖြူနိုင်ငံသားများအနေ ဖြင့် နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ကို ခံစားနိုင်ခဲ့ကြသော်လည်း ဤအခွင့်အရေးများကို အမေရိကန်လူမည်းတို့အား ခံစားခွင့် မပေးခဲ့ကြချေ။
          ဒီမိုကရေစီနည်းကျအုပ်ချုပ်ခြင်း မရှိသောနိုင်ငံ တစ်နိုင်ငံအနေနှင့် အချို့သော လူ့အခွင့်အရေး များကို ပြဠာန်းကာကွယ်သည် ဆိုလျှင်လည်း အံ့သြစရာမရှိပါ။ အကြင်နာတရားနှင့် ပြည့်စုံသော သက်ဦးဆံပိုင်ဘုရင် တစ်ပါးသည် သူ၏ အုပ်ချုပ်ခံများအား ဥပဒေအရ ဖြစ်သော တန်းတူညီမျှမှု၊ သို့မဟုတ် ဘာသာရေးယုံကြည်မှု အရ ဖြစ်သော လွတ်လပ်မှု စသည့် အချို့သော အခြေခံရပိုင်ခွင့်တို့ကို သမတနိုင်ငံတစ်ခုထက် ရက်ရောစွာ ပေးအပ်နိုင်ခဲ့ပါသည်။ အဆိုပါဘုရင်သည် ပြည်သူတို့အား မင်းမှုထမ်းတို့၏ မတရားပြုမှုတို့မှ ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ကောင်း စောင့်ရှောက်နိုင် သကဲ့သို့ တရားမမှုနှင့် ရာဇ၀တ်မှုတို့၌ ပါဝင်ပတ်သက်နေကြ သူတို့အား တရားမျှတ၍ ဘက်လိုက်မှု ကင်းမဲ့သော တရားရုံးတို့၌ တရားစီရင်ပိုင်ခွင့်ကိုလည်း အာမခံကောင်း ခံနိုင်ပေလိမ့်မည်။ အိန္ဒိယ ဧကရာဇ်ဘုရင် အာသောက (ဘီစီ ၂၇၃-၂၃၂) က “လူခပ်သိမ်းတို့သည် ငါ၏ သားသမီးများ ဖြစ်ကြကုန်သည်။ ဤလောကရှိ အထူးထူးသော ချမ်းသာသုခတို့ကို ငါကိုယ်တိုင် လိုလားတောင့် တသည့် အပြင် ငါ၏ ရင်မှဖြစ်သော သားရင်းသမီးရင်များကိုပါ ခံစားရရှိစေလိုသည့်နည်းတူ လူခပ်သိမ်းတို့အား လည်း အလားတူခံစား ရရှိစေလိုသည်” ဟု မြွက်ကြားခဲ့ဖူးသည်။ အာသောက မင်းကြီးထံတွင် ယနေ့ခေတ် လူ့အခွင့်အရေးဆိုင်ရာ အယူအဆမျိုး ရှိခဲ့သည် မဟုတ်ပါ။ သို့ရာတွင် သူထားရှိခဲ့သော မူဝါဒ၏ အကျိုးကြောင့် သူ၏အစိုးရသည် လူ့အခွင့်အရေးများကို အပြည့်အ၀ မဟုတ်လျှင်ပင် ထိုမျှနီးပါး လေးစားစောင့်ရှောက်ခဲ့ပေ သည်။ ဥပမာတစ်ရပ်အနေဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော အာသောမ မင်းကြီးသည် ဘာသာအယူဝါဒများစွာ ကွဲပြားသော အိန္ဒိယနိုင်ငံတွင် ဘာသာတစ်ခုနှင့်တစ်ခု အကြားတွင် ထားအပ်သော ခန္တိတရားကို မြှင့်တင်ပေးခဲ့သည်။ 

          သို့ရာတွင် ခေတ်သစ်ကမ္ဘာ၌မူ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးတို့သည် မလွှဲမသွေ ဆက်စပ်နေ သည်ဟု ဆိုရမလောက်ပင်။ ယနေ့ဆိုလျှင် ဒီမိုကရေစီနိုင်ငံတို့သည် လူ့အခွင့်အရေးကို လေးစားအလိုက်နာဆုံး ဖြစ်ပြီး ကမ္ဘာတစ်ဝန်း၌ လူ့အခွင့်အရေးလေးစားလိုက်နာမှု တိုးတက်ပြန့်ပွားလာစေရန်လည်း အားတက်သရော ကြီုးပမ်းလျှက် ရှိသည်။ ဤအချက် မှန်ကန်ရခြင်းမှာ အောက်ပါအကြောင်းအရင်း သုံးချက်ကြောင့် ဖြစ်သည်။
(၁)     နိုင်ငံသားတို့ကိုယ်တိုင် အုပ်ချုပ်ကြသော လူ့အဖွဲ့အစည်းများအနေနှင့် ၄င်းတို့၏ ရပိုင်ခွင့်များကို နိုင်ငံ တော်က ဖြစ်စေ၊ နိုင်ငံတော်၏ ၀န်ထမ်းများကဖြစ်စေ၊ မိမိ၏နိုင်ငံသားများက ဖြစ်စေ၊ အာဏာသုံး၍ မတရား ဖောက်ဖျက်ကျူးလွန်ခြင်းမျိုးမှ တရားဥပဒေအကြောင်း အရ အကာကွယ် ရရှိလိုကြသည်။
(၂)     ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ၊ ဥပမာ အမေရိကန်ပြည်ထောင်စုသည် ၁၈၆၁-၁၈၆၅ ပြည်တွင်းစစ် ပြီးချိန်မှစ၍ နိုင်ငံသားအယူအဆကို ချဲ့ထွင်ပြီးလျှင် ပိုမိုကြီးမားပြီး အသွင်ကွဲပြားသော လူတန်းစားတို့ကိုပါ နိုင်ငံ သာများအဖြစ် အကျုံးဝင်စေခဲ့သည်။
(၃)     ပိုမိုကျယ်ပြန့်လာသည့် နိုင်ငံသားအယူအဆနှင့်အတူ လူခပ်သိမ်းနှင့် သက်ဆိုင်သော “လူသားဆန်မှု နှင့် လူ့ဂုဏ်သိက္ခာ” အယူအဆပါ တဖြည်းဖြည်း တိုးတက် ဖွံ့ဖြိုးလာသည်။ လူ ဖြစ်ရခြင်းဟူသည့် ကောင်းမြတ်ခြင်း သက်သက်ကြောင့် လူ့အခွင့်အရေးတို့ကို ရရှိစေမည် ဟုလည်း ဆိုလာကြသည်။ ဤအယူအ ဆသည်။ လူ့သမိုင်း တစ်လျှောက်လုံးနီးပါး နိုင်ငံ အတော်များများ၌ မတွေ့ခဲ့ရသည် တိုးတက်သော အယူအဆ ဖြစ်ကြောင်း ရှေ့လာမည့်အခန်းများတွင် လေ့လာကြရပေလိမ့်မည်။ 

လူ့အခွင့်အရေးဆိုသည်မှာ အဘယ့်နည်း။
        လူ့အခွင့်အရေးကို နည်းလမ်းနှစ်ခုအားဖြင့် အဓိပ္ပါယ်သတ်မှတ်နိုင်သည်။ ယင်းတို့မှာ-
(၁)     လူတိုင်း၏ ကိုယ်ပိုင်အတွေ့အကြုံအရ အရေးကြီးသည်ဟု သိပြီးဖြစ်သော အခွင့်အရေးများကို “စာရင်း ပြုစုခြင်း” နှင့်
(၂)     အတွင်းစိတ်သန္တာန်ကို ပိုမို ဦးစားပေးခြင်းအားဖြင့် လူ့အခွင့်အရေးအပါအ၀င် ယေဘုယျ အခွင့်အရေး တို့နှင့် ပတ်သက်သော “အယူအဆ” များကို အဓိပ္ပါယ်သတ်မှတ်နိုင်ရန် ကြိုးပမ်းခြင်းတို့ ဖြစ်သည်။ 

(၁)    လူ့အခွင့်အရေးကို စာရင်းပြုစုခြင်း
        သမိုင်းကြောင်းအရဆိုလျှင် လူ့အခွင့်အရေး အပါအ၀င် အခြားသောအခြေခံအခွင့်အရေးတို့အတွက် လှုပ်ရှားဆောင်ရွက်မှုများကို ဖော်ပြရာ၌ အစိုးရနှင့် လူပုဂ္ဂိုလ် တစ်ဦးခြင်းတို့အနေဖြင့် ဤအရာတို့သည် စောင့်ရှောက်ကာကွယ်အပ်သော အခွင့်အရေးများဖြစ်သည်ဟု ယုံကြည်လက်ခံထားသည်တို့ကို စာရင်းပြုစုကြ လေ့ရှိသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေပါ “အခွင့်အရေး ကြေညာစာတမ်း” ပြင်သစ်တော်လှန်ရေးကာလတွင် ထုတ်ပြန်ခဲ့သော “လူသားနှင့် နိုင်ငံသားအခွင့်အရေး ကြေညာစာတမ်း” အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေတွင် ပါဝင်သည့် “အခြေခံရပိုင်ခွင့်များ” စစ်ပြီးခေတ် ဂျပန်နိုင်ငံ၏ အခြေခံဥပဒေ တွင်တွေ့ရှိရသော “ပြည်သူတို့၏ တာဝန်နှင့် ရပိုင်ခွင့်များ” ၁၉၄၈ ခုနှစ်တွင်  ကမ္ဘာ့ကုလသမဂ္ဂက လက်ခံအတည်ပြုခဲ့သော “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း” အမှုပြုသည့် အခြားနိုင်ငံတ ကာထုတ်ပြန်ကြေညာချက်များ နှင့် စာတမ်းများ ဖြစ်ကြသည်။ ဤကဲ့သို့ စာရင်းပြုစုခြင်း၏ အရေးပါမှုမှာ အဆိုပါစာရင်းတွင် ဖော်ပြထားသော ရပိုင်ခွင့်များကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တို့က အထူးလေး စားအပ်သော ရပိုင်ခွင့်များအဖြစ် ယူဆကြခြင်း ဖြစ်သည်။
          လက်တွေ့အားဖြင့် ယနေ့ခေတ်ဆိုလျှင် နှပ်စက်ညှင်းပန်းခြင်းကို လူထုရှေ့မှောက်တွင် အခန်းအနား ဖြင့် ကျင်းပလေ့ရှိသော်လည်း ယခုအခါတွင်မူ ရဲစခန်းများနှင့် စစ်တန်းလျားများ၏ နောက်ဖေးခန်းများ မြေတိုက် ခန်းများကဲ့သို့ မည်းမှောင်       ၍ လူမမြင်သော နေရာဌာနများတွင်သာ ပြုလုပ်လေ့ရှိကြသည်။ မြန်မာနိုင်ငံမှ န၀တ အပါအ၀င် ရီဂျင်းမ် (regime) အတော်အများများသည် နှိပ်စက်ညှင်းပန်းမှုကို ပုံမှန်အားဖြင့် ပြုလုပ်ကျူးလွန် လေ့ရှိသည်။ သို့ရာတွင် ဤအချက်ကို ၄င်းတို့က တွင်တွင်ကြီး ငြင်းဆိုလေ့ရှိပြီး နှိပ်စက်ညှင်းပန်းမှုနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို ဖုံးကွယ်ထားလေ့ရှိသည်။ တစ်ခါက လူထုရှေ့မှောက် ကျင်းပလေ့ရှိပြီး အတော်အတန်သိက္ခာရှိခဲ့သော နှိပ်စက်ညှင်းပန်းမှုသည် ယခုအခါတွင် ရှက်စရာကောင်းသော လုပ်ရပ်တစ်ခု ဖြစ်လာခဲ့ချေပြီ။ သို့ရာတွင် ရီဂျင်းမ် များစွာတို့သည် နှိပ်စက်ညှင်းပန်းမှုများကို ဆက်လက်ပြုလုပ် နေကြသောကြောင့် နှိပ်စက်ညှင်းပန်းခြင်းကို ရှက်စရာဟု သဘောထားရုံသက်သက်သည် ဤလုပ်ရပ်ကို ရပ်တန်းက ရပ်စေနိုင်မည် မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ နှိပ်စက်ညှင်းပန်းခြင်းကို လူမြင်ကွင်း၌ မပြုလုပ်တော့ဘဲ ခိုးကြောင်းခိုးဝှက်ပြုလုပ်နေခြင်းကို ထောက်ရှုခြင်းအားဖြင့် လူတိုင်းသည် “နှိပ်စက်ညှင်းပန်းခြင်းခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်ဆိုသော အယူအဆ” နှင့် “နှိပ်စက်ညှင်းပန်းခြင်းသည် မှားယွင်းသောလုပ်ရပ် တစ်ခုဖြစ်သည် ဆိုသောအယူအဆ” တို့ကို ခေတ်သစ်ကမ္ဘာက တစ်ညီတညွတ်တည်း လက်ခံလာကြပြီ ဆိုသော အချက် ကို သိသာစေနိုင်သည်။ ထို့ကြောင့် ဤအချက်ကို အခြားသော ထင်းရှားသည့် လူ့အခွင့် အရေးဖြစ်သည့် လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်၊ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာစုဝေးပိုင်ခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့် စသည်တို့နှင့် တန်းတူလူ့အခွင့်အရေး စာရင်းထဲတွင် ထည့်သွင်း ခဲ့ခြင်း ဖြစ်ပါသည်။ 

          လူ့အခွင့်အရေးနှင့် ပတ်သက်၍ အများစုက လက်ခံလာကြပြီဖြစ်သော ကိစ္စတစ်ခုမှာ လူသား အချင်းချင်း ကျွန်ပြုခြင်းကို တားမြစ်သည့်ကိစ္စဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ၏ ပြင်ဆင်ချက် အမှတ် ၁၃ တွင် “ရာဇ၀တ်မှု ကျူးလွန်ခြင်းကြောင့် တရားသဖြင့်စွဲချက်တင် စစ်ဆေး၍ ချမှတ်ခဲသော ပြစ်ဒဏ် မျိုးမှ လွဲ၍၊ လူသားအချင်းချင်း ကျွန်ပြုခြင်း သို့မဟုတ် အတင်းအကြပ် ခိုင်းစေခြင်းမျိုးကို အမေရိကန်ပြည် ထောင်စု အတွင်းတွင်ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စု၏ တရားဥပဒေစိုးမိုးသော နေရာဒေသမျိုးတွင်ဖြစ်စေ မပြုလုပ်ရ” ဟု ဖော်ပြထားလေသည်။ ၁၈၆၅ ခုနှစ် မတိုင်မီကဆိုလျှင် အမေရိကန်တောင်ပိုင်းပြည်နယ်များတွင် သန်းပေါင်းများစွာသော အာဖရိကအနွယ်ဝင် အမေရိကန်လူမည်းများကို လူဖြူတို့က ကျွန်ပြုထားခဲ့ကြသည်။ ၁၈၆၁ -၁၈၆၅ ပြည်တွင်းစစ်ကြီးအပြီးတွင် ပြည်ထောင်စုဘက်သားများက စစ်နိုင်ပြီးနောက်မှသာ ၄င်းတို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြောညာစာတမ်းကြီး၏ ပုဒ်မ ၄ တွင်လည်း “မည်သူမဆို ကျွန်အဖြစ်လည်းကောင်း၊ အခိုင်းအစေ အဖြစ်လည်းကောင်း ထိန်းသိမ်းထားရှိ ခံရခြင်းမျိုး မရှိစေရ။ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တည်ရှိသော ကျွန်စနစ်နှင့် ကျွန်ရောင်းဝယ်မှု အားလုံးကိုလည်း ခွင့်မပြု” ဟု ရေးသားထားလေသည်။ အရှေ့ အလယ်ပိုင်းဒေသ ၊ တောင်အာရှဒေသနှင့် အခြားဒေသများ၏ နေရာအချို့တွင် ကျွန်စနစ်သည် နှိပ်စက်ညှင်းပန်းခြင်းအှု ကဲ့သို့ ခိုးကြောင်ခိုးဝှက် တည်ရှိနေဆဲ ဖြစ်သည့်တိုင် လက်ရှိ ကမ္ဘာလူသားတို့အနေနှင့် ကျွန်စနစ်သည် ခွင့်လွှတ်ဖွယ်ရာမရှိသော အကုသိုလ်တစ်ခုဖြစ်သည် ဟု ယူဆနေကြလေပြီ။
          အစိုးရတို့က အခြေခံရပိုင်ခွင့်များကို စာရင်းပြုစု၍ အသိအမှတ်ပြုခြင်းသည် အဆိုပါ ရပိုင်ခွင့်များ အား စောင့်ထိန်းကာကွယ်မည်ဟု သက်ဆိုင်ရာ အစိုးရများက ကတိက၀တ် ပြုသည့်သဘော၊ သန္နိဠာန် ချမှတ်လိုက် သည့်သဘော သက်ရောက်ပါသည်။ တစ်နည်းအားဖြင့် ဤအခွင့်အရေးများကို စောင့်ထိန်း ကာကွယ်ပါမည် ဟု အစိုးရတစ်ရပ်က နိုင်ငံတကာအသိုက်အ၀န်းနှင့် သဘောတူစာချုပ် တစ်ရပ်ရေးသား ချုပ်ဆိုလိုက်သည့် သဘော သက်ရောက်ပါသည်။

နိုင်ငံတကာစံချိန်စံညွှန်း
        အထက်တွင် ဆိုခဲ့ပြီးသကဲ့သို့ အခြေခံလူ့အခွင့်အရေးနှင့် ပတ်သက်သော နိုင်ငံတကာသဘောတူညီမှု တစ်ရပ်သည် မကြာသေးမီအချိန်ကစ၍ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ တော်လှန်ရေးသဘောဆောင်သည့် နိုင်ငံ များဖြစ်သော ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စု တို့သည် ၄င်းတို့၏ သက်ဆိုင်ရာအခြေခံဥပဒေတွင် ပြဠာန်း ထားသော အခြေခံရပိုင်ခွင့်များ (ပြင်သစ်နိုင်ငံ၏ “လူသားနှင့် နိုင်ငံသားအခွင့်အရေးကြေညာစာတမ်း” နှင့် အမေရိကန်ပြည်ထောင်စု၏ “အခွင့်အရေးကြေညာစာတမ်း” ပါ ရပိုင်ခွင့်များ) ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် သန္နိဠာန် ချမှတ်ဆောင်ရွက်ခဲ့သော်လည်း၊ ဤအခွင့်အရေးများသည် လက်တွေ့အကြောင်း အမျိုးမျိုးကြောင့် အခြားဒေသများသို့ မပြန့်နှံ့ခဲ့ကြချေ။ ပထမကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၈) အပြီးတွင်မူ ဌာနေ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် နိုင်ငံတကာ သဘောတူညီချက် (စာချုပ်) ပေါ်ထွန်းလာခဲ့သည်။ ယင်းတို့အနက် “ကလေးများအခွင့်အရေး ကြေညာစာတမ်း၊ ၁၉၂၅” နှင့် “ကျွန်စနစ်ဆန့်ကျင်ရေး သဘောတူညီချက်၊ ၁၉၂၆” တို့ ပါဝင်ကြသည်။
          ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၇-၁၉၄၅) အတွင်း တွေ့ကြုံရင်ဆိုင်ခဲ့ရသော အဖြစ်အပျက်များသည် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် နိုင်ငံတကာ စံချိန်စံညွှန်းများ တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာစေရန် အတွက် များစွာ အထောက်အပံ့ပြုခဲ့သည်။ ဤသည်မှာ စစ်အတွင်း၌ နာဇီဂျာမနီနိုင်ငံနှင့် စစ်ဝါဒီ ဂျပန်နိုင်ငံ တို့ အပါအ၀င် နိုင်ငံအတော်များများက ပြုလုပ်ကျူးလွန်ခဲ့သည့် ဆိုးရွားသော ရက်စက် ကြမ်းကြုတ်မှုများ၏ အကျိုးဆက်ကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် နာဇီတို့သည် ကျူးကျော်ခံ ပိုလန်နိုင်ငံရှိ အော့ဇ်ဝစ်ရှ် (Aushwitz) အကျဉ်းစခန်း ကဲ့သို့သော သေမင်းတမန် အကျဉ်းစခန်းများတွင် ဂျူးလူမျိုး ခြောက်သန်းကျော်ကို သတ်ဖြတ်ပစ် ခဲ့သည်။ စစ်အပြီးတွင် မဟာမိတ်နိုင်ငံများက ဂျာမန်နှင့် ဂျပန်ခေါင်းဆောင်များအား “လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု ကျူးလွန်သည်” ဆိုသည့် စွပ်စွဲချက်ဖြင့် နျူရင်ဘတ် စစ်ခုံရုံးနှင့် တိုကျိုစစ်ခုံရုံးတို့တွင် ရုံးတင်စစ်ဆေး ခဲ့ကြသည်။ ဤရုံးခုံမျာကို “စစ်နိုင်သူ၏ တရားမျှတမှု” ဟုဆိုကာ အကြီးအကျယ် ရှုတ်ချပြောဆိုမှုများ ရှိခဲ့သော် လည်း လူသားတို့အနေနှင့် ဒုတိယကမ္ဘာစစ်အတွင်း တွေ့ကြုံခဲ့ရသော လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှု များကြောင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေခြင်းသက်သက်သည် လူသားဆန်မှုနှင့် ယဉ်ကျေးမှု အဆင့် အတန်းမြင့်မားမှု တို့ကို ရရှိစေမည့် ခံစားချက်မဟုတ်ကြောင်း သိမြင်လာကြသည်။ အဆိုးဝါးဆုံး ရက်စက်ကြမ်း ကြုတ်မှုများကို ပြုလုပ်ရန် အမိန့်ပေးခဲ့သည်မှာ နာဇီ ဂျာမနီနိုင်ငံတော်နှင့် စစ်ဝါဒီ ဂျပန်နိုင်ငံတို့သာ ဖြစ်သည်။ သို့ဖြစ်ရာ အချုပ်အခြာအာဏာ ပိုင်သော နိုင်ငံတော်တို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် တစ်စုံတစ်ရာ ပတ်သက်ခြင်း မရှိဘဲ  နိုင်ငံတော်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့၏ ပြုမူဆောင်ရွက်မှုများကို လမ်းညွှန်ပေးနိုင်စွမ်းရှိသည့် နိုင်ငံတ ကာလူ့အခွင့်အရေး စံချိန်စံညွှန်းမျိုး လိုအပ်လာသည်။ “လူမျိုးပြုတ်အောင် သတ်ဖြတ်သော ရာဇ၀တ်မှုကို ကာကွယ်တားဆီးရေး နှင့် အပြစ်ပေးရေး သဘောတူညီချက်” အား ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက ပြဌာန်းခဲ့ခြင်းကို ဥပမာတစ်ခုအဖြစ် တွေ့ရှိနိုင်ပါသည်။ လူမျိုးစုတစ်ခု သို့မဟုတ် ဘာသာရေးနှင့် အမျိုးသားရေး ဆိုင်ရာ အုပ်စုတစ်ခုခု တို့အား သီးသန့်ရည်ရွယ်၍ သတ်ဖြတ်သော ဤရာဇ၀တ်မှုမျိုးကို နာဇီ ဂျာမနီနိုင်ငံတော် က ဂျူး၊ ဂျစ်ပစီ၊ ပိုလန်နှင့် အခြား လူမျိုးစုများအပေါ် ဒုတိယကမ္ဘာစစ် အတွင်းတွင် ကျူးလွန်ခဲ့ဖူးလေသည်။ 

          ၂၀ ရာစုနှောင်းပိုင်းကာလတွင်မူ စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေနှင့် များပြားလှသော လူ့အခွင့် အရေးတို့ကို လေးစားလိုက်နာပါမည်ဟု စုပေါင်းချုပ်ဆိုကြသည့် နိုင်ငံတကာ သဘောတူညီချက်များနှင့် စာချုပ်များအများ အပြား ပေါ်ထွန်းလာကြသည်။ ယင်းတို့အနက် အရေးအပါဆုံး ကြေညာစာတမ်းကြီးသည် ရည်မှန်းချက်မြင့်မား ပြီး အချက်အလက်ပြည့်စုံလှသည်။ ဤကြေညာစာတမ်းကြီးအား လူသားတိုင်း နိုင်ငံသားတိုင်းနှင့် သက်ဆိုင် သော စံချိန်စံညွှန်းတစ်ခုအဖြစ်လည်းကောင်း အောင်မြင်မှုတစ်ရပ်အဖြစ် လည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုကြ သည်။ ဤစာရင်းအတွင်း ဖော်ပြထားသော အများတကာက လေးစား လိုက်နာရန်ဖြစ်သည့် ရပိုင်ခွင့်များမှာ ကမ္ဘာ့နိုင်ငံတိုင်းက ရည်မှန်းချက်တစ်ရပ်အဖြစ် သတ်မှတ်ဖြည့်ဆည်း အပ်သည့် ရပိုင်ခွင့်များ ဖြစ်ကြသည်။ ဤကြေညာစာတမ်းကြီးတွင် အောက်ပါရပိုင်ခွင့်များပါဝင်သည်။ 

(၁)     လူသားတိုင်းသည် လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ လိင်၊ လူမှုအဆင့်အတန်းတို့နှင့် မသက်ဆိုင်စေရဘဲ တူညီမျှတသော အခွင့်အရေးများကို ပိုင်ဆိုင်စေရမည်။
(၁)     အခြေခံ လူ့အခွင့်အရေးများ ဖြစ်သော အသက်ရှင်ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံစိတ်ချစွာ နေထိုင်ပိုင်ခွင့်၊ ကျွန်ပြုခြင်းနှင့် နှိပ်စက်ညှင်းပန်းခံရခြင်းတို့မှ ကင်းလွတ်ပိုင်ခွင့် ၊ လွတ်လပ်စွာ သွားလာလှုပ်ရှား ပိုင်ခွင့်တို့အတွက်  အာမခံချက်ရှိစေရမည်။
(၃)     တရားဥပဒေ၏ ရှေ့မှောက်တွင် တန်းတူညီမျှသော အခွင့်အရေးကိုရရှိပြီးလျှင် ဘက်လိုက်မှုကင်းမဲ့ သော တရားစီရင်ပိုင်ခွင့်ကို ရရှိစေရမည်။
(၄)     ဥပဒေမဲ့စုံစမ်းရှာဖွေခံရခြင်း၊ မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် သူတပါး၏ ၀င်ရောက်စွက်ဖက် မှု ခံရခြင်းတို့မှ ကင်းလွတ်စေရမည်။
(၅)     လွတ်လပ်စွာ တွေးတောပိုင်ခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်တို့ ရှိစေရ မည်။
(၆)     သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့တွင် လွတ်လပ်စွာပါဝင်ဆောင်ရွက်ပိုင်ခွင့်  ရှိစေရမည်။
(၇)     လွတ်လပ်စွာအလုပ်လုပ်ပိုင်ခွင့်နှင့် ညီမျှသောအလုပ်တာဝန်အတွက် ညီမျှသောလုပ်ခကို ခံစားပိုင်ခွင့် ရှိစေရမည်။
(၈)     ရံဖန်ရံခါကျရောက်သော အားလပ်ရက်များတွင် လုပ်ခနှင့် ခွင့်ယူခြင်းအပါအ၀င် အားလပ်ပိုင်ခွင့် အနားယူပိုင်ခွင့်တို့ ရှိစေရမည်။
(၉)     ပညာသင်ယူပိုင်ခွင့်
(၁၀)    သင့်တင်လျောက်ပတ်သော လူနေမှုအဆင့်အတန်းဖြင့် နေထိုင်ပိုင်ခွင့်
          ပညာသင်ကြားပိုင်ခွင့် အနားယူပိုင်ခွင့်နှင့် သင့်တင့်လျောက်ပတ်သော လူနေမှုအဆင့်အတန်းဖြင့် နေထိုင်ပိုင်ခွင့် စသည်တို့အပါအ၀င် အစဉ်အလာနှင့် ပိုမိုဆက်နွယ်သည့် “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင် ခွင့်” နှင့် “နှိပ်စက်ညှင်းပန်းခံရခြင်းမှ ကင်းလွတ်ပိုင်ခွင့်” စသည့် လုပ်ပိုင်ခွင့်များ ပြည့်စုံစွာ ပါဝင်လျက်ရှိခြင်း ကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြောညာစာတမ်းကြီးပါ ရပိုင်ခွင့်တိုင်းကို ကမ္ဘာ့နိုင်ငံအားလုံးနှင့် ပြည်သူအားလုံးတို့အနေဖြင့် လက်ငင်းရရှိနိုင်ကြပြီဟု မဆိုလိုကြောင်း သတိချပ်သင့်ပါသည်။ သို့ရာတွင် ဤကြေညာစာတမ်းကြီးပါ ရပိုင်ခွင့်များကို “အဓိပ္ပါယ်သတ်မှတ်ပြီး ရည်မှန်းချက်များ” အဖြစ် ယူဆ၍ ပြည်သူတို့ ခံစားရရှိနိုင်ကြစေရန် ကမ္ဘာ့နိုင်ငံအသီးသီးတို့က မဖြစ်မနေ ကြီုးပမ်းကြရမည်ဟု နားလည်သဘောပေါက်သင့်ပါ သည်။ ဥပမာအားဖြင့် ဆိုရလျှင် တတိယကမ္ဘာနိုင်ငံများစွာတို့သည် ဆင်းရဲလွန်းလှသည်ဖြစ်ရာ ပြည်သူတိုင်း အား ပညာသင်ပေးခြင်း၊ အနားယူခွင့်ရစေခြင်း စသည်တို့ကို ဆောင်ရွက်မပေးနိုင်ကြချေ။ ဤအခြေအနေမျိုး တွင် ထိုနိုင်ငံတို့မှ ပြည်သူများအနေနှင့် အဆိုပါရပိုင်ခွင့်များကို တောင်ဆိုကြရမည်ဟု ဆိုလျှင်လည်း အဓိပ္ပါယ် မရှိနိုင်ပါ။ သို့ရာတွင် နိုင်ငံတိုင်းအနေဖြင့် ပညာရေး၊ အနားယူခွင့်ရရေးနှင့် အခြားအခွင့်အရေးများကို လူသားတို့ ၏ အခွင့်အရေးများအဖြစ် ယူဆကာ လူသားတိုင်းဤအခွင့်အရေးမျိုးကို ရရှိခံစားနိုင်ကြစေရန်အလို့ငှာ ဖန်တီး ကြိုးပမ်းရမည်ဟု ဤကြေညာစာတမ်းကြီးက ရည်ရွယ်ခြင်းဖြစ်ပါသည်။ စီးပွားရေးနှင့် လူမှုရေးရပိုင်ခွင့်များ နီးနီး ကပ်ကပ်ဆက်စပ်နေသော ဤကိစ္စရပ်မျိုးတွင် ဆင်းရဲသောနိုင်ငံများ၏ ရည်မှန်းချက်မှာ ပြည်သူတို့၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်ပါသည်။

          ၁၉၄၈ ခုနှစ်တွင် ဤကြေညာစာတမ်းကို အတည်ပြုလိုက်ပြီးနောက်တွင်မူ ကမ္ဘာ့ကုလသမဂ္ဂက ကြီးမှု ဆောင်ရွက်၍ အတည်ပြုလိုက်သော အခြားစာချုပ်စာတမ်းများ ပေါ်ပေါက်လာခဲ့လေသည်။ ယင်းတို့အနက် “အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးရပိုင်ခွင့်စာချုပ်၊ ၁၉၆၆” “အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှုရပိုင်ခွင့်စာချုပ်၊ ၁၉၆၆”၊ “လူမျိုးရေးခွဲခြားမှု ပုံသဏ္ဍာန်အမျိုးမျိုးအား နှိမ်နှင်းတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာစာချုပ်၊ ၁၉၆၉” “အမျိုးသမီးများကို အဆင့်အတန်းခွဲခြားမှု ပုံသဏ္ဍာန်အမျိုးမျိုးအား နှိမ်နှင်းတိုက်ဖျက်ရေးစာချုပ်၊ ၁၉၈၁” “နှိပ်စက်ညှင်းပန်းမှု နှင့် အခြားရက်စက်ကြမ်းကြုတ်၍ လူမဆန်သော၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသော ဆောင်ရွက်မှုများနှင့် အပြစ်ပေးမှုများကို ဆန့်ကျင်သည့်စာချုပ်၊ ၁၉၈၇” နှင့် “ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်၊ ၁၉၉၀” တို့ပါဝင်ကြသည်။ နောင်လာလတံ့သော ကုလသမဂ္ဂ စာချုပ်များတွင် “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး”ကို အခြေခံအခွင့်အရေးတစ်ရပ်အဖြစ် သတ်မှတ်သော “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရပိုင်ခွင့်”၊ “နိုင်ငံခြားသား အလုပ်သမားများ၏ ရပိုင်ခွင့်” နှင့် “ဌာနတိုင်းရင်းသား လူမျိုးစုများ၏ ရပိုင်ခွင့်” ကိစ္စတို့ကို ကိုင်တွယ်ဖြေရှင်းလာဖွယ်ရှိသည်။ ယခုကဲ့သို့ တင့်တယ်စုံလင်လှသော လူ့အခွင့်အရေးစာရင်းသည် စင်စစ်အားဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကြီး၏ အခြေခံမှုများအပေါ် အခြေခံပြီး ထပ်မံချဲ့ထွင်အနုစိပ်ထားခြင်း ဖြစ်သည် ဟူ၍လည်း ဆိုနိုင်ပါသည်။

          ကမ္ဘာ့ကုလသမဂ္ဂ“၏ စာချုပ်စာတမ်းများအပြင် ဒေသဆိုင်ရာ အဖွဲ့အစည်းအချို့က ရေးဆွဲပြဌာန်းထား သော၊ သီးသန့်လူ့အခွင့်အရေး စာချုပ်များလည်း ပါရှိသေးသည်။ ယင်းတို့အနက် ၁၉၅၃ ခုနှစ်တွင် ဥရောပ ကောင်စီက ပြဌာန်းခဲ့သော “လူ့အခွင့်အရေးဆိုင်ရာ ဥရောပ စာချုပ်” နှင့် ၁၉၆၃ ခုနှစ်တွင် အမေရိကတိုက်ရှိ နိုင်ငံများအဖွဲ့အစည်းက ချမှတ်ခဲ့သော “အမေရိကနိုင်ငံများဆိုင်ရာ လူ့အခွင့်အရေးစာချုပ်” နှင့် ၁၉၈၃ ခုနှစ်တွင် အာဖရိကတိုက်ရှိ နိုင်ငံများကို စုပေါင်းတည်ထောင်ထားသည့် အာဖရိကညီညွတ်ရေးအဖွဲ့ကြီးက လက်ခံ အတည်ပြုထားသော “အာဖရိကဆိုင်ရာ လူ့အခွင့်အရေးနှင့် ပြည်သူ့အခွင့်အရေးစာချုပ်” စသည်တို့ ပါဝင်ကြပါ သည်။ သို့သော် ၁၉၉၀ ပြည့်လွန်ကာလပိုင်းအထိ အာရှိတိုက်နှင့် အရှေ့အလယ်ပိုင်းဒေသရှိ မည်သည့်နိုင်ငံများ ကမှ သီးသန့်လူ့အခွင့်အရေး စာချုပ်စာတမ်းများချုပ်ဆိုနိုင်ခြင်း မရှိသေးသည်မှာ ၀မ်းနည်းဖွယ်ရာဖြစ်သည်။
          လူ့အခွင့်အရေးတို့ကို စာရင်းပြုစုခြင်းသည် အထူးအရေးပါသည်။ အကြောင်းမှာ ဤသို့စာရင်းပြုစုပြီး သောအခွင့်အရေးများကို အတည်ပြုလိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ဦးနှစ်ဖက်စာချုပ် ချုပ်ဆိုလိုက်သည့် သဘောသက်ရောက်သွားသောကြောင့် ဖြစ်သည်။ တစ်နည်းဆိုရသော် ရပိုင်ခွင့်များကို စာရင်းပြုစုထားသော စာချုပ်များကို သက်ဆိုင်ရာနိုင်ငံတို့က သဘောတူလက်မှတ် ရေးထိုးလိုက်ပြီးသည် နှင့် ဤစာချုပ်အတိုင်း ဤနိုင်ငံတို့က လိုက်နာဆောင်ရွက်ကြစေရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ သို့မဟုတ် “အမေရိကတိုက်ရှိနိုင်ငံများ အဖွဲ့အစည်း” တို့ကဲ့သို့သော ဒေသဆိုင်ရာ အဖွဲ့အစည်းများက ကြပ်မတ်ဆောင်ရွက်ခြင်းမျိုး မရှိသည့်တိုင်၊ သက်ဆိုင်ရာနိုင်ငံတို့အနေနှင့် ဤရပိုင်ခွင့်များကို စောင့်ထိန်းလိုက်နာ ကာကွယ်ပါမည် ဟု “မူ” အားဖြင့် ကတိက၀တ် ပြုလိုက်သကဲ့သို့ ဖြစ်သွားပါသည်။

          အခြားအရေးကြီးသော ကိစ္စတစ်ရပ်မှာ အနောက်တိုင်းနိုင်ငံများမဟုတ်သည့် နိုင်ငံတို့၏ ရိုးရာယဉ်ကျေး မှုနှင့် နိုင်ငံတကာက လက်ခံထားသော လူ့အခွင့်အရေးဆိုင်ရာ သဘောတရားတို့ သမမျှတစွာ ရောယှက်သွား ကြခြင်း ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ အယူအဆသည် အနောက်နို်င်ငံများတွင် စတင်ပေါ်ပေါက်ခဲ့သော ကြောင့် ဤအယူအဆသည် အနောက်နိုင်ငံသားမဟုတ်သည့် ပြည်သူများစွာတို့အတွက် တစိမ်းဆန်သည့် သဘောရှိပါသည်။ ဥပမာ အစ္စလမ် ဘာသာကိုကိုးကွယ်ကြသည့် နိုင်ငံများအပါအ၀င် နိုင်ငံများစွာတို့သည် “အမျိုးသမီးများအား အဆင့်အတန်းခွဲခြားမှု ပုံသဏ္ဍာန်အမျိုးမျိုးကို နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ စာချုပ်” အား လက်မှတ်ရေးထိုးရန် တွန့်ဆုတ်ခဲ့ကြသည်။ အကြောင်းမှာ ထိုစာချုပ်တွင် ပါရှိသော အမျိုးသမီးများ၏ အခန်းကဏ္ဍဆိုင်ရာ အချက်အလက်များအား အနောက်နိုင်ငံတို့၏ ယဉ်ကျေးမှုနှင့် ကျား-မ သာတူညီမျှ အယူအဆတို့က ပြင်းပြင်းထန်ထန်လွှမ်းမိုးထားသည်ဟု အဆိုပါနိုင်ငံများက ယုံကြည်ယူဆကြ သောကြောင့်ဖြစ်သည်။ (လူ့အခွင့်အရေးကိစ္စနှင့် အနောက်တိုင်းမှ အပဖြစ်သော အခြားယဉ်ကျေးမှုများ အကြောင်းကို ရှေ့လာမည့်အခန်းတွင် ပိုမိုအသေးစိတ်ဖော်ပြသွားပါမည်။) လူ့အခွင့်အရေးများကို စာရင်းပြုစု ဖော်ပြခြင်းသည် မရှိမဖြစ်လိုအပ်သော အခြေခံရပိုင်ခွင့်များအား အများစုကပိုမိုလက်ခံလာကြပြီ ဆိုသော အချက်အား ဖော်ညွှန်းနိုင်သောကြောင့် အရေးကြီးလှပါသည်။ သို့ရာတွင် လူ့အခွင့်အရေးနှင့် ပတ်သက်လာ လျှင် စာရင်းပြုစုခြင်း တစ်ခုတည်းအားဖြင့် မလုံလောက်ပါ။ 

          စင်စစ်အားဖြင့် မည့်သည့်ရပိုင်ခွင့်သည် အခြေခံကျသော ရပိုင်ခွင့်ဖြစ်သည်ဟု အတိအကျ သတ်မှတ် နိုင်သော စံချိန်စံညွှန်းဟူ၍ မရှိပါ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ယခင်က ပေါ်ပေါက် ခဲ့သော အမေရိကန်နှင့် ပြင်သစ် ကြေညာစာတမ်းတို့၏ အရေးပါအရာရောက်မှုမှာ သက်ဆိုင်ရာနိုင်ငံများနှင့် အစိုးရများက ဤကြေညာစာတမ်းများအတိုင်း လိုနာကျင့်ကြံကြရန် သဘောတူခဲ့ခြင်းကြောင့်မဟုတ်ဘဲ၊ လူသားများနှင့် လူ့အဖွဲ့အစည်းတို့၏ ကောင်းကျိုးချမ်းသာအတွက် မရှိမဖြစ် လိုအပ်သည့် အချို့သော အခြေခံ ကျင့်ဝတ်များကို ဤကြေညာစာတမ်းများက ပေါ်လွင်ထင်ဟပ် စေသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ရာ စာရင်းပြု စုခြင်းကို ပဓါနထား၍ လူ့အခွင့်အရေးများကို အဓိပ္ပါယ် သတ်မှတ်ခြင်းမျိုးထက် သဘောတရားအားဖြင့် အဓိပ္ပါယ် သတ်မှတ်ခြင်းမျိုးကိုလည်း လေ့လာကြည့်သင့် ပေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...