Saturday, October 29, 2011

ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါ

by Save Irrawaddy on Sunday, October 30, 2011 at 12:18am

ရဲဘော်မျိုးထွဋ်
(ကိုးကိုးကျွန်ပြန်)


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေး စေ့စပ်ရေးပွဲဟာ ခရီးအတော်ပေါက်နေပါပြီဆိုတာ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောကြားမှုများနဲ့ နောက်ဆုံးအကြိမ်အစိုးရသစ် ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲကြေညာချက်၊ ပူးတွဲသတင်းစာရှင်းပွဲ၊ သတင်းမီဒီယာတွေ အမေးပြန်လည်ဖြေကြားချက်များအရ သိရှိနားလည်နိုင်ပါတယ်။

ဆန္ဒစောလို့မဖြစ်
နိုင်ငံတော်သမ္မတကြီးရဲ့ ဧရာဝတီမြစ်ဆုံ ဆည်တည်ဆောက်မှု ပြည်သူ့အလိုဆန္ဒနဲ့အညီ ရပ်တန့်ပေးလိုက်တဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည် ပြသမှုကလည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အလားအလာဟာ အားရဖွယ်အချက် ဖြစ်ပါတယ်။ ဘယ်အရာတွေ မရသေးဘူး၊ ဘယ်အချက်တွေ မဖြစ်သေးဘူးဆိုတာတွေဟာ မှန်ပါတယ်။ ဒါပေမဲ့ မတူကွဲပြားခြားနားနေတဲ့ အမြင်နှစ်ရပ် အချိန်ကြာမြင့်စွာ တင်းတင်းမာမာ တည်ရှိနေတဲ့ အင်အားနှစ်ရပ် စေ့စပ်ဆွေးနွေး ညှိနှိုင်းနေတာ ဖြစ်တယ်ဆိုတာ မေ့ထားလို့တော့မဖြစ်ပါဘူး။ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ ချက်ချင်း ဖြစ်မလာသေးတာကို ဆန္ဒစောလို့ မဖြစ်ပါဘူး။ ဆွေးနွေးဘက် နှစ်ဖက်အတွက် အခက်အခဲတွေ ရှိနိုင်တာကို ထည့်တွက်ကြရပါလိမ့်မယ်။

ထိန်းသိမ်းကြပါ
ဘယ်လိုပဲဖြစ်စေ ဖြစ်ပေါ်တိုးတက်လာတဲ့ အခြေအနေ နောက်ကြောင်း မပြန်ရေးနဲ့၊ ပန်းတိုင်အရောက် ခရီး ဆက်ရေးအတွက် ထောက်ခံ အားပေး ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စိတ်ချရပါလိမ့်မယ်။ လွတ်လွတ်ကျွတ်ကျွတ် လုပ်ကိုင်နိုင်ခွင့် အချိန်ပေးဖို့ လိုပါလိမ့်မယ်။ အခြေအနေဟာ သိမ်မွေ့တယ်။ အကင်းဆတ်တယ်ဆိုတာ နားလည်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်မှုများကို ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ အပြုအမူ အပြောအဆို မေးမြန်းမှု၊ သတင်းနှိုက်ထုတ်မှုတွေကအစ အဘက်ဘက်က ဆင်ခြေစောင့်ထိန်းဖို့လိုပါတယ်။ အဲဒါကို သတိထားကြဖို့ နှိုးဆော် လိုက်ရပါတယ်။

ရပ်တည်မှု မပျက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်အပြောင်းအလဲ လုံးဝမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များကို ဘီဘီစီ ဒေါ်တင်ထားဆွေ ဘာသာပြန်ထုတ်လွှင့်တဲ့ အခန်း ၆ ခန်းမှာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ဘာမှ စိုးရိမ်ဖွယ်ရာ သံသယပွားဖွယ်ရာ မလိုဘူးလို့ ထင်ပါတယ်။

နည်းလမ်းရှာ ကြိုးပမ်း
ဒေါ်အောင်ဆန်းစုကြည်ဟာ ‘အမျိုးသားရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးရေး’ အလွန်ခက်ခဲကြီးလေးတဲ့ တာဝန်ကြီးကို နည်းမျိုးစုံ ရှာကြံ ထမ်းဆောင်နေတာကို နားလည် အသိအမှတ်ပြုဖို့လိုပါတယ်။
‘ဒီစေ့စပ်ဆွေးနွေးပွဲ ဖြစ်လာအောင် ဒေါ်အောင်ဆန်းစုကြည် ချဉ်းကပ်ရပုံကို လေ့လာရမိတာက ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရာက လွတ်လာတဲ့နေ့မှာ ထောင်ပေါင်းများစွာသော လူထုကြီး လမ်းပေါ်ထွက် ကြိုဆိုကြတယ်။ ‘နောင်လူထုကြီး လမ်းပေါ်ထွက်စရာ မလိုတော့ပါဘူး’လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကြီးကို ပထမဆုံး နှုတ်ဆက်စကား ဆိုပါတယ်။ ပါတီတွင်းမှာ ဆက်တိုက် ‘အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို (Reform) မလုပ်ဘူး၊ ပြန်လည်ပြင်ဆင် မဖွဲ့စည်းဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာယူမယ့် အဖွဲ့အစည်း မဟုတ်ဘူးလို့ ပါတီရဲ့လမ်းစဉ်ကို ပြောင်းလဲ လိုက်ပြီဖြစ်ကြောင်းနဲ့ ပါတီအင်အားကြီးဖို့ မလိုဘူး၊ ပါတီဟာ အရေးမကြီဘူး၊ ဒီမိုကရေစီရဖို့ အရေးကြီးတယ်” လို့ ပါတီတည်ဆောက်ရေး ပါတီစည်းရုံးရေး ပြောင်းလဲမှု သဘောထားကို ထုတ်ဖော်ပြေလိုက်ပါတယ်။

ယုံကြည်မှုရအောင်
ဒီပြောကြားချက်ကို လေ့လာရရှိတာက စိမ်းစိမ်းကားကား တင်မာနေတဲ့ အစိုးရသစ်နဲ့ တပ်မတော်ကို “အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာလုပ်မယ့်အဖွဲ့ မဟုတ်ပါဘူး” ပါတီကို အင်အားကြီးအောင် ထူထောင်ပြီး လူထုကြီးနဲ့ လမ်းပေါ်ထွက် ဆန္ဒပြ၊ အစိုးရသစ်ကို အကျပ်ကိုင်မယ့် ပါတီလည်း မဟုတ်ပါဘူး။
တိုင်းပြည်မှာ အချင်းချင်း စိတ်ဝမ်းကွဲနေတာကို အမျိုးသား ညီညွတ်ရေးအတွက် ရိုးရိုးသားသား စကားပြောချင်တာပါလို့ အလုပ်နဲ့ပြပြီး အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးရအောင်လို့ ကမ်းလှမ်းလိုက်တာကို လေ့လာတွေ့ရှိရပါတယ်။

လက်စားချေရေး
ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီသဘောထားမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ ပြန်လည် ဖြေရှင်း တာလည်း ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် တွေဟာ အနစ်နာခံရတယ်လို့ သဘောမထားရဘူး။ ကျွန်မလည်း သဘောမထားဘူး။ အနစ်စနာခံရတယ်လို့ ခံယူခြင်းဟာ လက်စားချေးရေးစိတ် ဖြစ်ပေါ်လာနိုင်တယ်။ မှတ်ပုံမတင်ထားသော NLD ပါတီမှာ ဆက်တာဝန်ယူ ကြမယ်ဆိုရင် အနစ်နာ ခံရတယ်ဆိုတဲ့ ခံယူချက်မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဒါဟာ ဆွေးနွေးဖက် အစိုးရသစ်နဲ့ တပ်မတော်ကို မှတ်ပုံမတင်ထားသော NLD ပါတီဟာ လက်စားချေဖို့ မဆိုထားနဲ့ လက်စားချေလိုတဲ့ စိတ်ဓာတ်မပေါ်အောင် ပါတီဝင်တွေကို ထိန်းသိမ်းထားတာ ဖော်ပြလိုက်တာဖြစ်ပါတယ်။

ပါတီရေး ထိပ်မတင်
လက်တွေ့မှာလည်း သူမကိုယ်တိုင် ဦးစီးထူထောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း နေ့စဉ်လုပ်ငန်းများနဲ့ ပါတီစည်းရုံးရေး တိုးချဲ့မှု လုပ်ငန်းများကို ရှေ့တန်းတင် လုပ်ဆောင်ခြင်း မရှိတော့ဘဲ တည်ရှိနေတဲ့အတိုင်း ပိုနေမြဲ၊ ကျားနေမြဲ ထားလိုက်တာကို တွေ့ရပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး အကျဉ်း သားများလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူအကျိုး ကူညီစောင့်ရှောက်ရေး အစရှိတဲ့ ဘုံအကျိုးစီးပွား၊ ဘုံလုပ်ငန်းများကိုပဲ အဓိက ဦးစားပေး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါတွေဟာ ပါတီအရေး ထိပ် တင်မထားကြောင်း အလုပ်နဲ့ ပြလိုက်တာဖြစ်ပါတယ်။

အလုပ်နဲ့ ဖော်ပြ
ဒီလက်တွေ့ အလုပ်နဲ့ပြချက်က မှတ်ပုံမတင်ထားသော NLD ဟာ အာဏာလုမယ့်ပါတီ မဟုတ်ဘူး။ ပါတီ အင်အားကြီးအောင် ထူထောင်ပြီး လူထုကြီးနဲ့ လမ်းပေါ်ထွက် ဆန္ဒပြ အစိုးရသစ်နဲ့ တပ်မတော်ကို အကျပ်ကိုင်မယ့် ပါတီ မဟုတ်ဘူးဆိုတာကို အမျိုးသားရင်ကြားစေ့ရေး အောင်မြင်မှုအတွက် ပါတီကို မူလရှေ့ဆောင် ပါတီနေရာက တစ်ဆင့်လျှော့ချ အလုပ်နဲ့ ပြလိုက်တာဖြစ်တယ်။ ဆွေးနွေးဖက် အစိုးရသစ်နဲ့ တပ်မတော်ရဲ့ ယုံကြည်မှု ညီညွတ်မှုကို ရယူလိုက်တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

အလုပ်လုပ်ကြပါ
တခြားတစ်ဖက်ကလည်း ပါတီတွင်းမှာ အာဏာလိုချင်လို့ ပါတီထဲ ဝင်လာသူကိုများ အာဏာလိုချင်ရင် မှတ်ပုံမတင်ထားသော NLD ပါတီဝင် မလုပ်နဲ့၊ ဒီမိုကရေစီလိုချင်ရင် ပါတီထဲ ဝင်ကြပါ။ မှတ်ပုံမတင်ထားသော NLD ပါတီထဲမှာ လည်း ငါက ဘယ်လောက် အနစ်နာခံသူဖြစ်တယ်၊ ငါက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးဖြစ်တယ်၊ ဥက္ကဋ္ဌရယ်၊ ဗဟိုရယ်၊ တိုင်းဒေသကြီးရယ်၊ မြို့နယ်ရယ်၊ ဘာရယ်ဆိုတဲ့ ရာထူးကြီးတွေနဲ့ ဟန်ရေးပြနေလို့ မဖြစ်ဘူး။ လက်စားချေရေး စိတ်ဓာတ်ဝင်နေလို့ မဖြစ်ဘူး။ ဒီမိုကရေစီရေးအတွက် ပြည်သူ့အကျိုးပြု အလုပ်တွေကို လက်တွေ့ လုပ်ပြကြလို့ ဆော်သြ နေတာ နားလည်ရပါတယ်။

ရှေ့သို့ချီရေး
အမျိုးသားရင်ကြားစေ့ရေး ရောင်ခြည်သမ်းနေပါပြီ။ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို အချိန်က ဆုံးဖြတ်ပါ လိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါလို့ ပန်ကြားလိုက်ရခြင်း ဖြစ်ပါတယ်။

(အောက်တိုဘာ ၂၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၆) မှ ထုတ်ယူဖော်ပြသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...