စိတ်မဖိစီးအောင် ဆေးတွေ သောက်နေမည့်အစား ဒါလေးတွေ လုပ်ကြည့်ကြပါလား
လူကို
လန်းဆန်းစေသည့်ဆေးများ သောက်သုံးလျှင် စိတ်ဖိစီးမှု လျော့ကျစေသည်ဟု
အထင်ရှိပြီး ဆေးတွေ ဝယ်သောက်နေသူပေါင်း များစွာရှိသည်။ ဆေးလောကမှ
ကျွမ်းကျင်သူ ဆရာဝန်များကတော့ ထိုသို့ စိတ်ကို လန်းဆန်းအားပြည့်စေသည်ဆိုသော
ဆေးများသောက်သုံးခြင်းကို နည်းနည်းမှ အားမပေး။ ဆေးပညာနယ်မှ
ကျွမ်းကျင်သူများက ဆေးသောက်ခြင်းထက် စိတ်ဖိစီးမှုကို လျော့ပါး
ပျောက်ကင်းစေသော လူမှုဘဝပုံစံလေးများ မွေးမြူပျိုးထောင်ကြဖို့ကိုသာ
တိုက်တွန်းအားပေးကြပါသည်။
အလုပ်ထဲမှာ စိတ်ဖိစီးမှု ကင်းဝေးအောင်
အလုပ်ထဲမှာ စိတ်ဖိစီးမှု လျော့နည်းချင်လျှင် အလုပ်လုပ်နေရင်း ပုံမှန် အနားယူနိုင်မည့် ကြားကာလလေးများ သတ်သတ်မှတ်မှတ် ဖန်တီးထားဖို့ကိုသာ ကျွမ်းကျင်သူများက တိုက်တွန်းပါသည်။ ဖိအားတွေအောက်က ခဏမျှ လွတ်အောင် နေလိုက်ခြင်းဖြင့် ဖိအားများကို ပြန်ရင်ဆိုင်စရာ အားတွေ ပြန်ရလာမည်ဟု ဆိုပါသည်။
ဖိအားတွေများသည့် အလုပ်ခွင်ဘဝမှ လွတ်သည့်အချိန်ကား နေ့လယ်စာ စားချိန်လိုမျိုးအချိန်ဖြစ်သည်။ နေ့လယ်စာ စားချိန်မျိုးမှာ အလုပ်အကြောင်းတွေ ခေါင်းထဲက ခဏထုတ်ထားပြီး အေးဆေးဆေးဆေး ထမင်းစားခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေသော နည်းလမ်းကောင်းတစ်ရပ်ဖြစ်သည်။ နေ့လည်စာစားပြီး ပိုနေသေးသည့်အချိန်တွေကို ကိုယ့်ဖာသာ တစ်ယောက်တည်း သက်သောင့်သက်သာ နေခြင်းဖြင့်လည်းကောင်း၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အလုပ်အကြောင်းမဟုတ်သော ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးများ ပြောကြားခြင်းဖြင့်လည်းကောင်း စိတ်ကို အနားယူ အပန်းဖြေခွင့်ပေးနိုင်သည်။
အချို့က အလုပ်တွေ များနေလို့ နေ့လယ်စာတောင် မစားနိုင်ဘူးဟု ဆိုသည်။ ထိုလူများ ထိုသို့လုပ်ခြင်းသည် အလုပ်ကို ထိရောက်အောင် လုပ်ခြင်းမဟုတ်။ နေ့လယ်စာ မစားဘဲလုပ်ခြင်းဖြင့် လူက အားကုန်နေကာ အလုပ်လုပ်နိုင်စွမ်းလည်း ကျဆင်းပြီး ထိုသို့သောလူထံမှ ထွက်လာသော အလုပ်များသည်လည်း သာမန်အောက် အလုပ်များသာ ဖြစ်လိမ့်မည်။ အချို့က နေ့လယ်စာစားနေလျှင် အလုပ်လုပ်ချိန်လျော့သွားမည်၊ ကိုယ့်ဘက်က ထုတ်လုပ်နိုင်မှု ကျသွားလိမ့်မည်ဟု ဆင်ခြေပေးကြသည်။ မမှန်ပါ။ နေ့လည်စာ စားသည့်အချိန်မှာ ခဏနားပြီး ကိုယ့်ကိုယ်ကို အားဖြည့်လိုက်ခြင်းဖြင့် ကျန်တစ်နေ့လုံး အားပြည့်အင်ပြည့် လုပ်နေနိုင်မည့်အဖြစ်ကို မမေ့သင့်။
ဗိုက်ဆာဆာနှင့် အလုပ်လုပ်နေရတာလောက် လူကို စိတ်ဖိစီးစေတာမျိုး မရှိတော့ပါ။ ထို့ကြောင့် အလုပ်ကို ထိရောက်အောင် လုပ်ချင်သူများအနေဖြင့် နေ့လည် ထမင်းစားချိန်များတွင် ထမင်းစားပြီး အေးအေးဆေးဆေး အနားယူခြင်းဖြင့် အလုပ်လည်း ပိုထိရောက်လာမည်ဖြစ်သလို အလုပ်ခွင်တွင်း စိတ်ဖိစီးမှုများကိုလည်း လျော့ပါးအောင် လုပ်ဆောင်ပြီးရာရောက်မည်ဖြစ်ပါကြောင်း တင်ပြလိုပါသည်။
လေကောင်းလေသန့်၏ တန်ဖိုးကို လျှော့မတွက်ပါနဲ့။
စိတ်ဖိစီးမှု လျော့ပါးအောင် ဆေးတွေ သောက်နေမည့်အစား လေကောင်းလေသန့်ကို များများရှူနိုင်အောင် အားထုတ်ကြမည်ဆို ပိုကောင်းပါလိမ့်မည်။ မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူနေအိမ်ရာ တိုက်တာများ တိုးပွားများပြားလာသည့်အတွက် လူတွေ တစ်နေရာတည်းမှာ စုနေကြတာက များလာသဖြင့် လေကောင်းလေသန့်ရရှိမှုနှုန်းက ကျလာသည်။ စက်ရုံအလုပ်ရုံများမှ ထွက်သော မီးခိုးများကြောင့်လည်း လေထုညစ်ညမ်းမှုနှုန်းများက တက်လျှက်ရှိရာ လေကောင်းလေသန့်မရခြင်းပြဿနာကို မြို့ပြနေများသည် အများဆုံး ရင်ဆိုင်နေကြရသည်။ ထို့အပြင် သယ်ယူပို့ဆောင်ရေးစနစ်များ ထွန်းကား ကျယ်ပြန့်လာမှုကြောင့်လည်း ဘယ်သွားသွား ယာဉ်ရထားများပေါ် တက်စီးပြီး သွားနိုင်လာမှုကြောင့်လည်း မြို့ပြနေများမှာ လမ်းလျှောက်ဖြစ်သည့်နှုန်း ပိုနည်းလာနေသည်။
ရှေ့တစ်ခတ်က မိဘ ဘိုးဘွားများလက်ထက်က မြို့ပြများလည်း ယခုလောက် မဖွံ့ဖြိုးသေး၊ ယာဉ်ရထားများလည်း ယခုလောက် မများပြားသေးသောကြောင့် လေကောင်းလေသန့်ကိုလည်း ရှူကြရသည်၊ ဘယ်သွားသွား လမ်းလျှောက်သွားရသည့် ခရီးမိုင်ကလည်း ပိုများသဖြင့် လမ်းပိုလျှောက်ဖြစ်ကြသည်။ အကျိုးဆက်အားဖြင့် ရှေ့မျိုးဆက်ကလူများသည် ကျွန်ုပ်တို့ မျိုးဆက်လောက် ရောဂါ မများကြကြောင်းကို တွေ့ရသည်။
ရုံးခန်းထဲ တကုပ်ကုပ်လုပ်နေရသူများအနေဖြင့် မကြာမကြာဆိုသလို အပြင် ဝရံတာလိုနေရာမျိုး ထွက်ပြီး လေကောင်းလေသန့်ကို ရှူပေးခြင်းဖြင့် ကျန်းမာရေးအတွက်လည်း ကောင်းသည်၊ လေကောင်းလေသန့်ကို ရှူလိုက်ရသဖြင့် ဦးနှောက်လည်း ကြည်သွားသောကြောင့် စိတ်ဖိစီးနေတာများရှိလျှင်လည်း ကျသွားစေနိုင်သလို စိတ်ရှင်းသွားသောကြောင့် အလုပ်လုပ်ရတာလည်း ပိုကောင်းလာကာ အလုပ်စွမ်းရည်များလည်း တက်လာမည်ဖြစ်သည်။
ထို့ကြောင့် အလုပ်ခွင်တွင်း စိတ်ဖိစီးမှုများနှင့် တိုးလာသည့်အခါများတွင် ရုံးခန်းပြင်ထွက်ပြီး လေသန့်ကလေးများ ရှူခြင်းဖြင့် စိတ်ဖိစီးမှုများ ကျသွားအောင် လုပ်ပါဟုသာ အကြံပြုလိုပါသည်။ စိတ်ကို လန်းဆန်းစေသည်ဟူသောဆေးများ နေရာတိုင်း မသောက်ဖို့လည်း တားမြစ်လိုပါသည်။
အလုပ်ခွင်တွင်း စိတ်ဖိစီးမှု လျော့နည်းစေမည့် အပြောင်းအလဲလေးများ။
ကိုယ်ကြိုက်သည့် သီချင်းလေးများ ဖွင့်နားထောင်ခြင်းသည်လည်း အလုပ်ခွင်တွင်း စိတ်တင်းကျပ်မှုများကို လျော့ပါးစေသော အချက်တစ်ချက်ဖြစ်သည်။ ကိုယ် ရင်ဖွင့်လို့ရသည့် မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်း တစ်ယောက်ယောက်နဲ့ စကားပြောခြင်းသည်လည်း စိတ်ဖိစီးမှုကို ကျစေသော နည်းကောင်းတစ်နည်းဖြစ်သည်။ ထို့အပြင် ကိုယ် ဝါသနာပါရာ အလုပ်လေးများ လုပ်နိုင်မည့် အချိန်လေးများ သတ်မှတ်ထားပြီး ထိုအချိန်တွင် ထိုအလုပ်လေးများ လုပ်ခြင်းဖြင့်လည်း ကျန်အချိန်များတွင် ဖိစီးနေသမျှ စိတ်များ ပြေပျောက်သွားမည်ဖြစ်သည်။ ကိုယ်ဝါသနာပါသည့် အားကစားတစ်ခုခုကို ပုံမှန်လိုက်စားခြင်းဖြင့်လည်း စိတ်ဖိစီးမှုများ လျော့ပါးအောင် လုပ်လို့ရသည်။
ဆယ်မိနစ် တစ်ကိုယ်တော်အချိန်
အလုပ်ချိန်ထဲမှာကိုပဲ ဆယ်မိနစ်လောက် အားလုံးနဲ့ အဆက်ဖြတ်ပြီး တစ်ကိုယ်တော် ငြိမ်ငြိမ်လေးနေနိုင်အောင် ဖန်တီးထားကြည့်ပါ။ ထိုဆယ်မိနစ်တာ တစ်ကိုယ်တော် အချိန်လေးသည် ကိုယ်ကုန်သွားသမျှ စိတ်အားတွေကို မည်မျှ ပြန်ဖြည့်ပေးနိုင်ကြောင်းကို လုပ်ဖူးသူတိုင်း ကောင်းကောင်းသိပါသည်။
ယောဂ ကျင့်ခြင်း
ယောဂသည် စိတ်ဖိစီးမှုကို သက်သာရာရစေသော ကျင့်စဉ်နည်းလမ်းတစ်ရပ်အဖြစ် ယခုနောက်ပိုင်း ခေတ်စားလာနေသည်။ ထို့ကြောင့် အလုပ်ကအပြန် ညနေ အိမ်ပြန်ရောက်ချိန်များတွင် တစ်ကိုယ်တော် ယောဂကျင့်ခြင်းဖြင့် ကျန်းမာရေးကိုလည်း ကောင်းမွန်စေမည်ဖြစ်သလို အလုပ်ခွင်တွင်း ဖိစီးလာခဲ့သော စိတ်ဖိစီးမှုများကိုလည်း ပြေလျော့စေမည်ဖြစ်သည်။ ယောဂကျင့်စဉ်များကို စာအုပ်စာတန်းများတွင် လေ့လာနိုင်သလို သက်ဆိုင်ရာ ယောဂ သင်တန်းများတွင်လည်း သွားရောက်သင်ယူနိုင်သည်။
စိတ်ဖိစီးမှု လျော့နည်းအောင် လုပ်နိုင်မည့် ရိုးရှင်းသော နည်းကလေးများကို တင်ပြလို့ ပြီးပါပြီ။ လက်တွေ့လုပ်ကြည့်ပြီး လက်တွေ့အကျိုးကို ခံစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်…။ ။
သန်းထိုက်စိုး
Ref: Stress-busting techniques by Christine Webber and Dr David Delvin

0 comments:
Post a Comment