Saturday, October 29, 2011

သမ္မတ- ဦးသိန်းစိန်နှင့် အစိုးရတာဝန်ရှိသူများထံ ကျနော့်အမြင်- ကျနော့်အထင် နိုင်ငံရေးရှုထောင့် တစိတ်တဒေသအား တင်ပြဆွေးနွေးခြင်း..။

by Ko Baloi on Saturday, October 29, 2011 at 3:25pm
 
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီအောက်မှ  လွတ်လပ်ရေးရပြီးသည်နှင့်တပြိုင်နက် နိုင်ငံရေးခေါင်းဆောင် ကြီးများ၏  နိုင်ငံရေးပဋိပက္ခ ကြီးထွားလာမှုကြောင့်   မြန်မာ့နိုင်ငံရေးသည်    အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက် ဆီးကာ   ပြည်တွင်းစစ်မီးသည်လည်း တဖြည်းဖြည်းနဲ့တောက်လောင်ကျွမ်း၍ လာခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်ကို သမ္မတကြီးနှင့် အစိုးရတာဝန်ရှိသူများအသိပင်ဖြစ်သည်။
ထို- ပြည်တွင်းစစ်မီးနှင့် နိုင်ငံရေးပဋိပက္ခကြီးထွားလာမှုကြောင့် တိုင်းပြည်၏ စီးပွါးရေး၊ လူမှု့ရေး၊ ပညာရေး၊ ကျမ္မာရေး အဆောက်အဦးများသည်လည်း အဖက်ဖက်မှ ယိုယွင်းပျက်စီးလာပြီး...တိုင်းပြည်သည်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်ခဲ့ရကာ- တိုင်းရင်းသားပြည်သူအများ၏ဘဝများစွာမှာလည်း ရစရာမရှိအောင် စုတ်ပြတ်သတ်ကာ လူရုပ်ပင်မပေါ်တော့ချေ။


နိုင်ငံရေးပဋိပက္ခနှင့် ပြည်တွင်းစစ်၏ဒဏ်ကြောင့် တိုင်းရင်းသားပြည်သူအများသည် မိတကွဲ၊ ဖတကွဲ၊ သားတကွဲ၊ မယားတကွဲ၊ ကျိုးသူကျိုး၊ ကန်းသူကန်း၊ သေသူသေအပြင်... ကျေးရွာများမီးရွံ့ဖျက်ဆီးခံခဲ့ရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ စစ်မြေပြင်တွင် လူသားများကို မိုင်းရှင်းကရိယာအဖြင့် အသုံးပြုခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်စော်ကားခံရခြင်း၊ နိုင်ငံရေးလှုပ်ရှားသူများကို မတရားဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခြင်း
စသည်များကို နေ့တဓူဝ ယနေ့ထက်တိုင် ခါးတီးဆိုးဝါးစွာ ပြည်သူအများစု  ခံစားနေရကြရသည်ကို သမ္မတကြီးနှင့်တကွ လက်ရှိ- အစိုးရအရ  အဖွဲ့စည်းအား သိစေအပ်ပါသည်။

 သမ္မတကြီးအနေနဲ့ မိမိသို့ အစိုးရသည်ပြည်သူမှ တင်မြောက်ပေးလိုက်သည့် ပြည်သူ့အစိုးရဟု ရည်ညွန်း ပြောဆိုခဲ့သည့်အလျှောက်....ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်မှာ အစိုးရတစ်ရပ်ရဲ့ တာဝန်ဖြစ်သည့်အပြင်- နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး မျှတမျှတမှုရှိစေရေး၊   နိုင်ငံတော်   အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေး၊ အမျိုးသားအကျိုးစီးပွါးရေးများ ကာကွယ်ပေးရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ လူ့အခွင့်ရေးများအား ကာကွယ်စောင့်ရှောက်ပေးရေး၊ ကျစ်လစ် ခိုင်မာသည့်တိုင်းရင်းသားသွေးစည်းညီညွှတ်မှု ခိုင်မာမှုရရှိစေရေး၊ အမျိုးသားစာရိတ္တတိုးမြှင့်ရေး  စသည်တို့ ကို  အစိုးရတစ်ရပ်အနေဖြင့်   တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်သည်။  ထို့အပြင် ပြည်သူများ၏ လိုအပ် ချက်များနှင့်  ပြည်သူများ၏  သဘောထားများကို     ထင်ဟပ်စေမည့်  လုပ်ငန်းဆောင်တာများကိုလည်း အကောင်ထည်ဖော်လုပ်ဆောင်သွားရမည်ဖြစ်သည်။
ယနေ့ လက်ရှိမြန်မာနိုင်ငံရေးကိုကြည့်လျှင်....ပြည်တွင်းတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအထိုက်အလျှောက် ရှိခဲ့သော်ငြားလည်း၊ နယ်စပ်ဒေသများတွင် စစ်အင်အားအလုံးရင်းအသုံးပြုပြီး ထိုးစစ်ဆင်နေခြင်းသည် အင်မတန်မှဆိုးရွားသည့်လုပ်ရပ်ဖြစ်သည်ကို သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များအားသိစေအပ်ပါသည်။ ၎င်း- ဆိုးရွားသည့်လုပ်ရပ်ကို ရပ်တန်းက အမြန်ဆုံးရပ်တံ့ပစ်ရမည်။    ၎င်း- ထိုးစစ်ဆင်နေမှုသည် အစိုးရနှင့် တိုင်းရင်းသားပြည်သူများအကြား စိတ်ဝမ်းကွဲစေမှုများပေါ်ပေါက်စေပြီး  ပြည်သူလူထုများ၏  ထောက်ခံမှုကို များစွာ ထိခိုက်နစ်နာဆုံးရှုံးစေမည့်အပြင် ပြည်သူအများ၏ ယုံကြည်မှုများကိုလည်း လျှော့ပါးစေသည်ကို    အစိုးရအနေဖြင့် အထူးသတိချပ်စေလိုပါသည်။

လက်ရှိ- ကချင်ဘက်တွင် စစ်အင်အားအလုံးရင်းသုံးပြီး တိုက်ပွဲများအပြင်းထန်ဖြစ်နေရခြင်းသည် တရုတ်အစိုးရ၏ ဖိအားပေးမှုများနှင့်ဗိုလ်သန်းရွှေ၏ ပရောဂပါနေသည်မှာ သေချာနေသလောက် ရှိနေသည်။ တရုတ်အစိုးရ၏ ထိုလုပ်ရပ်သည် အိမ်နီးချင်းကောင်းမပီသမှုကိုပြသရာရောက် သလို နှစ်နိုင်ငံဆက်ဆံရေးကိုလည်း  တချိန်မှာ များစွာထိချုက်နစ်နာစေမည်ကိုလည်း  တရုတ်အစိုးရအား
ဒီနေရာမှာ  သိစေလိုသည့်အပြင်- နောက်ကွယ်တွင်အငြိမ်မနေပဲ   ပြည်တွင်းစစ်ကိုမီးမွှေးပေးနေသည့်    ဗိုလ်သန်းရွှေ၏ လုပ်ရပ်အား ရပ်တံ့ကရပ်ဖို့ သတိပေးပြောကြားလိုပါသည်။  တချိန်က-  ဗိုလ်သန်းရွှေ လက်ထက်တွင် တရုတ်အစိုးရ၏   ရင်းနှီးမြှပ်နှံမှုများသည် အာမခံချက်ရှိသည့် အပြင်-  တရုတ်အစိုးရကို လည်း ဗိုလ်သန်းရွှေအနေဖြင့်   ဖခင်အရင်းသဖွယ်   ဆက်ဆံမှုများပြုလုပ်ခဲ့ပြီး မိမိ၏အာဏာဆက်လက် ရှင်သန်ရေးအတွက်  ရွှေလမ်းငွေလမ်းဖောက်လုပ်ခဲ့သည့်   အတွက်ကြောင့်- တရုတ်အစိုးရသည်  မြန်မာ
နိုင်ငံကထွက်ရှိသည့် မှန်သမျှကို ဘာတခုမှမကျန်  အကုန်သိမ်းကြုံးယူကာ ဂုတ်သွေးစုတ်အမြတ်ထုတ် ခဲ့သည်မှာ   ပြည်သူအများအသိပင်ဖြစ်သည်။ ယနေ့- ဒီအချိန်အခါတွင် ဗိုလ်သန်းရွှေအနေနဲ့ ငြိမ်ငြိမ်နေစေ ရန်နှင့် အတိတ်က နာနာကျည်းကျည်းဖြစ်ခဲ့သည့်ပြည်သူအများရဲ့ စိတ်ဒဏ်ရာကို မစေ့ဆော်မိဖို့ အရေးကြီး ပါတယ်။
လက်ရှိအစိုးရသည် ယ္ခင် (နအဖ) စစ်အစိုးရမဟုတ်သည့်အတွက် တရုတ်အစိုးရ၏အမျိုးသားအကျိုးစီးပွါးရေး များကို အကာအကွယ်ပေးနေစရာမလို။ အမှန်မှာ-  လက်ရှိ- အစိုးရအနေဖြင့်  မိမိ ပြည်သူများ၏ အမျိုးသား အကျိုးစီးပွါးရေးများကိုသာ ကာကွယ်စောင့်ရှောက် ပေးရမည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အနေနဲ့ မြန်မာနိုင်ငံသည် အချုပ်ခြာအာဏာကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့်...မြန်မာပြည်သူများသည်    မည်သည့်နိုင်ငံ၏သြဇာ- မည်သည့်နိုင်ငံ၏ လွှမ်းမိုးချုပ်ချယ်မှုကိုမှ လက်ခံမည်မဟုတ်ကြောင်းကို လက်ရှိ- အစိုးရအဖွဲ့အစည်းအား ရှင်းရှင်းလင်လင်း သိစေလိုပါသည်။
လက်ရှိ- သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့်    ဒီမိုကရေစီလမ်းကြောင်းသို့   တကယ်တမ်း ဦးတည်ရွေ့လျှား နေပါလျှင်(သို့)  ပြည်သူ့ထောက်ခံမှုများ အမှန်တကယ်လိုလားပါလျှင်......

(၁) နယ်စပ်ဒေသများကို ထိုးစစ်ဆင်နေမှုများရပ်တံ့ပြီး၊ တနိုင်ငံလုံးအတိုင်းတာအရ  အပစ်အခတ်ရပ်စဲရေး ကို ကြေငြာကာ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်   ဒေါ်အောင်ဆန်းစုကြည်အပါဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရမည်။
(၂) ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသားများကို  ချွတ်ယွင်းချက် မရှိ အမြန်ဆုံးလွှတ်ပေးရမည်။
(၃) နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးမျှတရေးအတွက် အသိပညာအတတ်ပညာရှင်
များ၏ ပူးပေါင်းဆောင်ရွက်မှုများရယူကာ အစိုးရမှ တရားစီရင်ရေးမျှတမှုနှင့် တရားဥပဒေစိုးမိုးဖို့ အတွက်
အစိုးရ၏လုပ်ငန်းဆောင်တာများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရမည်။
(၄) တိုင်းရင်းသားလူမျိုးများ၏     ကိုယ်ပိုင်ပြဌါန်းခွင့်နှင့်     တန်းတူရေးကို အစိုးရမှ    အသိအမှတ်ပြု လေးစားလိုက်နာရမည်။
(၅) မင်းမဲ့စရိုက်ဆန်သည့် လုပ်ရပ်များလုပ်နေသူ မည်သူကိုမဆို ပြင်းပြင်းထန်ထန်ထိရောက်စွာ အပြစ်ပေး
အရေးယူမှုများပြုလုပ်နိုင်ရမည်၊   အမှုနှင့် ပတ်သက်သည့် လိုအပ်သည့်အချက်အလက်များအား    ပြည်သူ့ ထံမှ တောင်းခံရယူရမည်။
(၆) ရေတို- ကိုယ်ကျိုးစီးပွါးရေးတမျက်နှာကိုသာကြည့်ပြီး (နအဖ) လက်ထက်တွင် ရင်းနှီးမြှပ်နှံမှုများအား
 ပြန်လည်သုံးသပ်၍ ပြည်သူ့ဆန္ဒနှင့်မကိုက်ညီသည့် လုပ်ငန်းများနှင့်နိုင်ငံတော်အတွက် အကျိုးမရှိ သည့် စီးပွါးရေးရင်းနှီးမြှပ်နှံမှုများအား ရုပ်သိမ်းပစ်ရမည်။
(၇) လပ်ပေးလပ်ယူ အကျင့်ပျက်ခြစားမှုများအား ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူဆောင်ရွက်နိုင် ရမည်။
- သို့မှသာ ပြည်သူ့ထောက်ခံမှုများရရှိပြီး....နောင်ရွေးကောက်ပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲလို  မဲခိုး- မဲလိမ်- မဲဝယ်စရာမလိုတော့ပဲ နောင်အစိုးရသက်တမ်းတွင် ပြည်သူ့ထောက်ခံမှုဖြင့် ရိုးရိုးသားသား    ပြည်သူ့အစိုးရ တစ်ရပ်ဖြစ်လာနိုင်ကြောင်း....

အချုပ်ပြောရလျှင်....နှစ်ပေါင်းများစွာ အဆုံးမသတ်နိုင်သေးတဲ့  ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခများကို မိမိတို့ အစိုးရလက်ထက်တွင် အဆုံးသတ်နိုင်မည့်  နည်းလမ်းကောင်းများကိုရှာကြံ၍   ပြည်တွင်းစစ်နှင့်   နိုင်ငံရေးပဋိပက္ခများကို အဆုံးသတ်နိုင်ရမည်။ နှစ်ဦးနှစ်ဖက် အကျိုးမရှိသည့် ပြည်တွင်းစစ်၏ ဒဏ်ကြောင့် အပြစ်မဲ့ပြည်သူများအား မြေဇာပင်မဖြစ်စေသလို....နိုင်ငံရေးပဋိပက္ခကြောင့် အပြစ်မဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား/သူ- မယ်သီလရှင်များအား စိတ်ဒဏ်ရာ ကုစားလို့မရနိုင်လောက်အောင် စိတ်ဒဏ်ရာများ မရရှိစေလိုကြောင်း.... ကျနော့်အမြင်- ကျနော်အထင်   နိုင်ငံရေးရှုထောင့်တစိတ်တဒေသအား - သမ္မတ- ဦးသိန်းစိန်နှင့်  အစိုးရတာဝန်ရှိသူများထံ  ဆွေးနွေးတင်ပြလိုက်ပါသည်။

=======================================

မှတ်ချက် ။  ။ ပြည်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ မီဒီယာကို မီဒီယာနှင့်တိုက်မည်ဟု ပြောဆိုခဲ့ပြီး...မြန်မာ
                 သတင်းထောက်တွေကြောင့် ပြည်သူတွေဟာ မီဒီယာနဲ့ လောလောဆယ်မထိုက်တန်သေးဘူး
                 လို့ ပြောကြားဘူးပါသည်။
                 အမှန်တကယ်တော့...လွတ်လပ်တဲ့ မီဒီယာနဲ့ မထိုက်တန်သေးတာ လက်ရှိ- သူတို့ရဲ့ အစိုးရအ
                 အဖွဲ့အစည်းပါ..၊ အာဏာရှင်တွေမှန်သမျှ လွတ်လပ်တဲ့ မီဒီယာအဖွဲ့အစည်းကို ဒူးတုန်အောင်
                 ကြောက်ရွံ့ကြပါတယ်၊ လွတ်လပ်တဲ့ မီဒီယာကြောင့် သူတို့ရဲ့ မဟုတ်မဟတ်- လုပ်ဇတ်ခင်းထား
                 တာတွေ ဗူးပေါ်သလို ဖြစ်မှာကို ကြောက်ရွံ့စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့်...မြန်မာနိုင်ငံမှာ
                 ယနေ့- အချိန်ထိ မီဒီယာနဲ့ပတ်သက်ပြီး လွတ်လပ်စွာ သတင်းယူခွင့်တွေမပြုရဲသေးတာက
                 သက်သေပြုနေပါတယ်။
                 နောက်တခု- တဆက်တည်းပြောရရင်....
                 မီဒီယာကို မီဒီယာနဲ့ တိုက်ချင်ရင်....မဟုတ်မဟတ် သတင်းတွေနဲ့  ပြည်သူတွေကို ဝါဒဖြန့်ချီပြီး
                 လိမ်ညာ- ဖြီးဖျန်း၍မရတော့ပါ။  တိုးတက်ပြောင်းလဲနေသော    ခေတ်စနစ်ကြီးသည်  အမှောင်
                 လွှမ်းတဲ့ ကမ္ဘာကြီးမဟုတ်တော့သည်ကို သတိချပ်စေလိုပါသည်။ ဒီမိုကရေစီ၏ စတုတ္ထမာန်ဏ္ဍိုင်
                 သည်    နိုင်ငံတော်  ဖွံ့ဖြိုးတိုးတက်မှုအတွက်   လွန်စွာမှ အရေးကြီးသည့်   အခန်းကဏ္ဍကပါ
                 ဝင်ကြောင်း.... မိမိ၏   လုပ်ရပ်ကောင်းတွေနဲ့သာလျှင်   မီဒီယာကတဆင့်   ထိုးဖောက်လို့ရနိုင်
                 မည်ဖြစ်ကြောင်း....ဦးကျော်ဆန်း     သိအောင်ရေးသားတင်ပြရင်း....လက်ရှိ- အစိုးရအနေဖြင့်
                 မိမိ၏ နိုင်ငံသူ/သား တွေရဲ့ ဘဝတွေ တိုးတက်မြင့် မားလာစေရေးအတွက်   ပြည်တွင်းစစ်ပွဲတွေ
                 ရပ်ဆိုင်းပြီး   နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို   အဓိကထားပြီး   အရှိန်ဟုန်မြင့်တင်ကာ ရှေးရှု
                 လုပ်ဆောင်ရမည်ဖြစ်ကြောင်းကို မှတ်ချက်အနေနဲ့ ရေးသားတင်ပြလိုက်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...