Sunday, October 30, 2011

ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ (အပိုင်း - ၂)

 (ရေးသူ = ဖော်ပြထားခြင်းမရှိ)

by Aungmyo Tun on Monday, October 31, 2011 at 12:06pm
 
အမာဂိုဏ်း၊ အပျော့ဂိုဏ်း

ယနေ့ စစ်အစိုးရထဲတွင် အမာဂိုဏ်းနှင့် အပျော့ဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ခုကွဲနေသည်ဟူသော အမြင်မှာ အတော်ပင် ခေတ်စားလှသည်။ သိန်းစိန်က အပျော့၊ တင်အောင်မြင့်ဦးကအမာ၊ စိုးသိန်းက အပျော့၊ ဇော်မင်းက အမာဟူသော အပြောတို့မှာ လူပြောများလှသည်။ တကယ်ပင် ထိုသို့ ကွဲပြားနေပါသလား။

စစ်အစိုးရ အတွင်းတွင် ထိုသို့ အပျော့အမာကွဲနေသောကြောင့် ခက်ခက်ခဲခဲ ညှိနှိုင်းလုပ်ကိုင် နေရသည်ဟု ဦးသိန်းစိန်က ဒေါ်အောင် ဆန်းစုကြည်ကို ပြောလိုက်သလား မသိပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာမျှ ပြန်မပြောပြသောကြောင့် ထိုအကြောင်းကိုလည်း ကျွန်တော်တို့ ဘာမျှ မသိရပါ။

အကယ်၍ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောခဲ့လျင် သူ့အပြောနှင့်ပင် ယုံကြည်လိုက်ရမလား ဆိုသည်မှာလည်း စဉ်းစားစရာ ပြဿနာ တခု ဖြစ်ပါသည်။


စစ်အစိုးရ အဖွဲ့အတွင်းတွင် အပျော့အမာ ကွဲမကွဲကို ဆန္ဒစွဲ လုံးဝကင်းစင်စွာဖြင့် တိတိကျကျ သုံးသပ်နိုင်ရန်မှာ မလွယ်လှပါ။

သို့သော် ကျွန်တော့် တဦးတည်းအမြင်ကို ပြောရလျင် ထိုဇာတ်လမ်းသည်၊ စစ်အစိုးရထွင်သော ဇာတ်လမ်း၊ ဗိုလ်သန်းရွှေရေးသော ဇာတ်လမ်းဟု သာ ယူဆပါသည်။ တကယ်တန်း သိန်းစိန် တင်အောင်မြင့်ဦး အားပြိုင်နေလျင်၊ စိုးသိန်း ဇော်မင်း ခွပ်နေကြလျင်၊ ရွှေမန်း ကျော်ဆန်း စားခွက်လုနေကြလျင်၊ အရပ်သားအမည်ခံ အစိုးရသည် ယခုလို ပေါ်လစီတခုပြီး တခု လျောကနဲ လျောကနဲ ထုတ်ပြ နိုင်ပါမည်လော။ တယောက်ကတင် တယောက်ကဖျက် ဖြစ်နေဖို့ မသင့်ပါလား။ အထူးလုပ်ပိုင်ခွင့် ရထားသော မင်းအောင်လှိုင်တို့ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကရော ယခုလို ငြိမ်ငြိမ်လေး ကုပ်နေပါမည်လား။ သူတို့ သည်လောက် ငြိမ်နေ ခြင်းမှာ သူတို့ချင်း သိပ်စည်းလုံးနေ သောလက္ခဏာဟု မဆိုနိုင်ပါသလော။

သူတို့ ဘာကို လိုချင်သလဲ။ ငါတို့ ဘာကို လိုချင်သလဲ။

သို့ဆိုလျင် ကြံ့ဖွံ့ အစိုးရသည် ဘာတွေ လိုချင်သောကြောင့် ယခုလို လုပ်ဇာတ်မျိုးခင်းနေပါသနည်း။ ဒီမိုကရေစီကို သူတို့လည်း လိုလား ပါကြောင်း အဘယ်ကြောင့် အသံလွှင့်နေပါသနည်း။

ကြံ့ဖွံ့ အစိုးရသည် လူထု လှုပ်ရှားမှုကို ကြောက်သည်။ ၂၀၀၇ ခုနှစ်မတိုင်ခင်ကတုံးကတော့ လူထုသည် ကြောက်နေပြီဟုထင်သည်။ နိုင်ငံရေးဝေဖန် သုံးသပ်သူဆိုသူတို့ကလည်း ထိုအတိုင်းပြောကြသည်။ သတင်းမီဒီယာသမား အများစုကလည်း ထိုအတိုင်းပြောကြသည်။ ထို့ကြောင့် လည်း အလွန်ပင် မထီမဲ့မြင်ပြုကာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုနေသည့်ကြားက ဓါတ်ဆီဈေးကို တက်ပြလိုက်သည်။ တကယ်တန်း ၂၀၀၇ ခု အရေးအခင်းကြီးဖြစ်ပြီးသောအခါ စစ်အစိုးရသည် အကြောက်လွန် လာပြန်လေသည်။ နောက်တခါ သံဃာကို သတ်ခိုင်းလျင် စစ်တပ်ကွဲတော့မည်ကို သူသိသည်။ အာရပ်ကမ္ဘာမှာ လူထုလှုပ်ရှားမှု ဖြစ်လာတော့ အစိုးရမှာ ပိုကြောက်လာသည်။ လူထုလှုပ်ရှားမှုတို့၏ ကူးစက်တတ်သော သဘောသဘာဝကို သူတို့ အသိဆုံးဖြစ်သည်။ မြန်မာပြည်သူတွေ မကျေနပ်ကြတာကိုလည်း သူတို့ပင် အသိဆုံး ဖြစ်သည်။

ထို့ကြောင့်သူတို့ သေနင်္ဂဗျူဟာကို ပြောင်းလာသည်။ ထို့အပြင် အာဆီယံမှာ ဥက္ကဌနေရာယူချင်သည်။ IMF နိုင်ငံတကာ ငွေကြေး အဖွဲ့ထံမှ ချေးငွေရချင်သည်။ အမေရိကန်တို့၏ ပိတ်ဆို့ အရေးယူမှုကို ပယ်ဖျက်ပေးစေချင်သည်။ ထိုမျှမက ဖြစ်နိုင်လျင် အမေရိ ကန်နှင့် ရွှေလမ်းငွေလမ်း ပြန်ဖောက်ချင်သည်။ အောက်ခြေစစ်သားတွေ၏ ယုံကြည်ကိုးစားမှုကိုလည်း ပြန်ရချင်သည်။ ထိုအချက်များ ကား ကြံ့ဖွံ့ အစိုးရ အသွင်ဆောင်ထားသော စစ်အစိုးရ၏ အန္တိမ ရည်မှန်းချက်များပင် ဖြစ်သည်။ ထိုအန္တိမ ရည်မှန်းချက်များကို ရရှိဖို့ အတွက် ဒီမိုကရေစီစကားကို အာဏာရှင်များပါးစပ်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

စစ်အစိုးရအနေနှင့် ထိုအချက်များကိုသာ ရမည်ဆိုပါက ဘာကို ပေးရပေးရ ပေးမည်ဖြစ်သည်။ ထိုအချက်များကိုသာရမည်ဆိုပါက နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရမည်ဆိုလျင်လည်း သူတို့ပေးနိုင်ပါလိမ့်မည်။ ဈေးမတည့်သေးလို့သာ ဈေးကိုင်နေခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် ယာယီ အပစ်အခတ်ရပ်စဲရမည်ဆိုလျင်လည်း ရပ်စဲနိုင်ပါလိမ့်မည်။ ရပ်လည်း ရပ်စဲချင်သည်။ သို့သော် သူတို့ ရပ်စဲချင်သည်မှာ ယာယီသာ ဖြစ်သည်။ ထာဝရတော့ မဟုတ်။ တိုင်းရင်းသားတွေဘက်က လွယ်လွယ် နှင့် အညာမခံတော့သောကြောင့်သာ ယာယီ အပစ်ရပ်စဲရေးမှာ ရှည်ကြာခက်ခဲ နေခြင်းဖြစ်သည်။

သို့သော် သူတို့ မပေးနိုင်သော အချက်သုံးချက်ရှိနေပါသေးသည်။
၁။ အခြေခံဥပဒေကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။ ဒါကို ပေးလိုက်ရလျင် ဒီမိုကရေစီ ပေးလိုက်ရ ခြင်းမည်ပါသည်။
၂။ တိုင်းရင်းသားတွေအားလုံးနှင့် ( ယာယီ အပစ်အခတ် ရပ်စဲရေး ထက် အဓိပ္ပါယ်ပြည့်ဝသော ) ထာဝရငြိမ်းချမ်းရေး မလုပ်နိုင်။  တိုင်းရင်းသားတို့၏ နိုင်ငံရေး လိုလားချက် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။
၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ လွတ် လွတ်လပ်လပ် ဟောပြောခွင့်၊ လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သောကြောင့် မပေးနိုင်ခြင်းဖြစ်သည်။

စစ်အစိုးရဘက်က ထိုအမြင်မျိုးရှိရိုးမှန်ခဲ့လျင် ကျွန်တော်တို့ဘက်ကလည်း ယင်းနှင့် ဆန့်ကျင်ဘက် အမြင်မျိုးရှိဖို့လိုပါသည်။ ထိုအချက် သုံးချက်ကို မရသေးသမျှ ဒီမိုကရေစီ မရသေးဟု ခံယူပြီး ထိုသုံးချက်ရရှိရေးကို အထောက်အပံ့ဖြစ်စေသော ဘယ်နည်းလမ်းကို မဆို အသုံးပြုသွားရန်ဖြစ်ပါသည်။

စစ်အစိုးရ လုပ်ချင်ရာလုပ်ပါစေ။ ဆွေးနွေးနေသမျှ မဆန့်ကျင်ကြနဲ့။ ယုံကြည်မှု ပျက်ပြားလိမ့်မယ်။

စစ်အစိုးရက တဘက်က ဆွေးနွေးပွဲကို ပြသည်။ တခြားတဘက်မှာတော့ ဖမ်းစရာရှိတာဖမ်းသည်။ ထောင်ချစရာရှိတာကို ထောင်ချ သည်။ တိုက်စရာရှိသော နေရာတွင် တိုက်သည်။ သတ်စရာရှိသောလူတွေကိုလည်း သတ်နေပါသေးသည်။

ဒီမိုကရေစီဘက်မှာတော့ ဆွေးနွေးပွဲကို တဘက်မှာ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနှင့် လုပ်နေသည်။ ထိုအချိန်တွင် စစ်အစိုး ရထံမှ ကိုယ်လိုချင်သောအရာကို ကိုယ့်အင်အားပြပြီးတောင်းဆိုမှရမည်ဟု ယုံကြည်သူတွေက အသက်နှင့်ရင်း၍ လမ်းပေါ်ထွက် ဆန္ဒ ပြ ကြသည်။ ထိုသို့ ဆန္ဒပြကြသူများကို ဒီမိုကရေစီ ဘက်တော်သားဆိုသူများကလည်း အပြစ်တင်သည်။ တတိယအုပ်စုဆိုသူများကလည်း အပြစ်တင်ကြသည်။ သူတို့လုပ်တာနှင့် ဆွေးနွေးပွဲပျက်တော့မည်ဟု ဆိုသည်။ ထိုအပြစ်တင်မှုမှာ တရားမျှတပါ၏လော။ ၄င်း အပြင် ထို ဆန္ဒပြပွဲများမှာ ဆွေးနွေးပွဲကို ပိုမိုအားကောင်းစေသလား၊ ပျက်ပြားစေမှာလား ဆိုသော အချက်မှာ အထူး အလေးအနက် စဉ်းစားအပ် သော အရာဖြစ်ပါသည်။

စစ်အစိုးရကို သူတို့ အလိုကျ အလျော့ပေး ဆွေးနွေးကြဖို့ ပြောဆိုကြသူတိုင်း အမြဲလက်ကိုင်ထားသော ဆင်ခြေစကားတခု ရှိပါသည်။ ယင်းကား ဒါကလွဲပြီး တခြားဘာမျှ လုပ်စရာမရှိဟူသော စကားဖြစ်ပါသည်။ စင်စစ် ထိုစကားသည် လူထုလှုပ်ရှားမှုကို မယုံကြည် သော ကြောင့် ပြောသောစကားသာဖြစ်ပါသည်။ တခြားရွေးချယ်ရန်နည်းလမ်းမှာ လူထုလှုပ်ရှားမှု ဖြစ်ပါသည်။ ၈၈ အရေးအခင်း မအောင်မြင်၊ ၂၀၀၇ လှုပ်ရှားမှု အကျိုးမရှိဟု ထိုသူတို့ ပြောကြပါသည်။ တကယ်တော့ ဒီနေ့ ရရှိထားသောအသီးအပွင့်မှန်သမျှသည် ထိုအရေးအခင်း ကြီးနှစ်ခု၏ ရလဒ်များသာ ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်ကြပါ။ ၈၈ အရေးအခင်းသာ မရှိလျင် နိုဗဲ ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဆိုသော ခေါင်းဆောင်ပင် မရှိနိုင်ဟု ဆိုချင်ပါသည်။ ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂမှာ ဘာဆုတခုမှ မရပါ။ သို့သော် ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂ၏ ဒီမိုကရေစီရေး ဆောင်ရွက်ချက်များမှာ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပါသည်။  ထိုအချက် ကို အနောက်နိုင်ငံများက မသိသော်လည်း ကျွန်တော်တို့ ပြည်သူများသိပါသည်။

လူထုလှုပ်ရှားမှုသည် နောင်တွင်လည်း ငြင်းဆန်၍ မရနိုင်သောအရာ အဖြစ် ထပ်မံ ပေါ်ထွက်လာပါဦးမည်။ ကြံ့ဖွံ့ အစိုးရ မရိုးသား ကြောင်း၊ ဆွေးနွေးပွဲနှင့် အလုပ်မဖြစ်နိုင်ကြောင်း ထင်ရှားလာသော တနေ့တွင် အားလုံးသည် လူထုလှုပ်ရှားမှုကို တောင်းဆိုလာကြ ပါလိမ့်ဦးမည်။ သို့သော် ထိုအချိန်တွင် ကြံ့ဖွံ့ အစိုးရသည် အားလုံးကို ချည်ပြီးတုတ်ပြီး ချိုးနှိမ်ပြီး ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်မိ ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူထုလှုပ်ရှားမှုကို နှစ်သက်ပုံမရပါ။ နိုင်ငံရေးအရ အလွန်ကြပ်တည်းသော ကာလမျိုးတွင်ပင် လူထုကို ဆန္ဒထုတ်ဖော်ကြပါ။ လမ်းပေါ်ထွက်ကြပါဟု ဘယ်တော့မှ တည့်တည့်မပြော။ လူထုကို ကိုယ့်ဖာသာ လုပ်ယူမှ ရမည်ဟု စောင်းပါးရိပ် ခြည်လောက်သာ ပြောသည်။ ထိုအချိန်မျိုးသည်လည်း လူထုအနေနှင့် လမ်းပေါ်မထွက်နိုင်လောက်အောင် အခြေအနေ သိပ်ကြပ်တည်း နေသော ကာလမျိုးဖြစ်တတ်ပါသည်။ တကယ်တန်းလူထုမှာ အခွင့်သာလာသော ယခုလိုအချိန်မျိုးတွင်မူ လူထုကို လမ်းပေါ်မထွက် အောင် ဆွဲထားပြန်ပါသည်။ လူထုကို ဘာလုပ်စေချင်ပါသနည်း။ လူထုကို ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေစေချင်ပါသလား။ ဒီမိုကရေစီ ရမရဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် နှစ်ဦးတည်းအပေါ်တွင်သာ မူတည် ပါသလား။ တိုင်းရင်းသားများကို သတ်ဖြတ်နေချိန်တွင် အခြေအနေတွေ တိုးတက်နေပါပြီဟု ပြောဆိုနေခြင်းမှာ အဖြစ်မှန်နှင့် ကိုက်ညီပါ၏လော။ သို့မဟုတ် တိုးတက်မှုရှိ မရှိ တိုင်းတာပြောဆိုနေသော “အခြေအနေတွေ” ဆိုသော အရာတွေထဲတွင် တိုင်းရင်းသားများကို ထည့်သွင်း စဉ်းစားမထားခဲ့လေ သလော။

စစ်အစိုးရဘက်တွင် အပျော့အမာ ကွဲမကွဲ ဆိုသည်ကို ကျွန်တော်တို့ မသိပါ။ ကျွန်တော်တို့သိသည်မှာ ဒီမိုကရေစီဘက်တွင် အပျော့အ မာကွဲတော့မည့် အရိပ်လက္ခဏာများ ထွက်ပေါ်နေသည်ဆိုသည့် အချက် ဖြစ်ပါသည်။ တက်ကြွသူ လူငယ်များ၊ တက်ကြွသူ NLD အဖွဲ့ ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးပွဲကို ရာနှုန်းပြည့် ပုံပြီး လွှတ်ပေးထားရမှာကို တော်တော် စိုးရိမ်နေကြပုံ ပေါ်လာနေ ပါသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲထောက်ခံနေသူများမှာ တတိယအုပ်စု၊ ဗဟု၊ NDF နှင့် ရွေးကောက်ပွဲ ဝင်သူများ၊ အခြေခံဥ ပဒေကို ထောက်ခံသူများဖြစ်နေကြပါသည်။ ထိုသို့ အမြင်ကွဲပြားမှုဖြစ်နေကြခြင်းမှာလည်း အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းမ ဟုတ်ဘဲ အစိုးရက အစီအစဉ် ရှိရှိ ခွဲနေခြင်းသာဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တယောက်ထဲ သဲ့ယူခွဲထုတ်ဖို့ ကြံစည်နေပါသည်။ NLD စီအီးစီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြား ဆက် ဆံနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြပြီး ကျန် စီအီးစီတို့ကို မတူမတန်သလို နေပြသည်။ တက်ကြွသူများကို ရန်သူလို ဆက်ဆံသည်။ ထပ်ပြီး ထောင်ချဖမ်းဆီးပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်ထက်ပိုသည်။ အားလုံး၏ ခေါင်း ဆောင်ဆိုသော စကားမျိုးကို တတိယအုပ်စုနှင့် NDF တို့ကတဆင့် အသံလွှင့်ပေးသည်။ တိုင်းရင်းသားတို့နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ခွဲခြားဆက်ဆံပြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနေချိန်တွင် တိုင်းရင်းသားတို့ကို အင်တိုက်အားတိုက် တိုက်ခိုက် သတ်ဖြတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရလျင် အမေရိကန်၊ အာဆီယံ၊ အိုင်အမ်အက်ဖ်တို့ကိုလည်း ရပြီဟု စစ်အစိုးရက တွက်ချက်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ကို ရပြီး ဒီမိုကရေစီ မပေးရလျင် စစ်အစိုးရ အတွက် အကောင်းဆုံးဖြစ်သည်။ ဒီမိုကရေစီ ဘက်တော်သားများဘက်က ပြောရလျင် အဆိုးဆုံးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးအတွက် အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်နေသေးသောကြောင့်ပင်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ပြီး နောင်တွင်လည်း အရေးပါ နေဦးမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် သူသည် တိုင်းရင်းသားများအပါအဝင် လူထု အများ၏ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သောကြောင့်ပင်။ အားလုံးကို ညီညွတ်အောင် စုစည်းပေးနိုင်မည့်သူမှာလည်း သူသာ ဖြစ်ပါသည်။ လက်နက်ကိုင် နှိမ်နင်းနေသော အစိုးရကို ရင်ဆိုင်ရန် ညီညွတ်ရေး သည် အရေးကြီးသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အရေးကြီးသည်

သို့သော် ထိုသို့သော အရေးကြီးသည့် လူထုခေါင်းဆောင် မျိုးသည် မမှားနိုင် ပါဟုကား မည်သူမျှ အာမမခံနိုင်ပါ။ ထိုသို့သော လူထု ခေါင်းဆောင် မျိုးသည် အညာမခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။ လူထုခေါင်းဆောင် မှားခဲ့လျင် ကျွန်တော်တို့ အားလုံး မှားကြ ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ပိုမို ကြန့်ကြာ ပါလိမ့်မည်။ ထို့ကြောင့် လူထုခေါင်းဆောင်အား လူထုအားဖြင့် ပြန်လည် တည့်မတ် ပေးကြဖို့မှာ အားလုံး၏ တာဝန်သာဖြစ်ပါသည်။

         ( မေးလ်ထဲသို့  ပို့ ပေးသော stewart9876@gmail.com အား ကျေးဇူးတင်ပါသည် ) 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...