Friday, October 28, 2011

နိုင်ငံရေးနယ်ပယ်မှာ လူငယ်တွေနေရာပေးရေးနဲ့ ဆက်စပ်တဲ့ပြဿနာတစ်ချို့

မာန်ကီ
ပြည်သူ့ခေတ်ဂျာနယ်အတွဲ(၂)၊ အမှတ်(၅၃) ပါဆရာဝင်းထွဋ်ဇော်ရဲ့အတွေးဆောင်းပါးကို ထပ်ပြီး တော်တော် ကြင်နာအားရမိတယ်။ ကာလတာရှည်ကတည်းက လိုအပ်တာဖြစ်ပေမယ့် ပြန်ဖော်လိုက်တဲ့ အချိန်က တကယ့် အချိန်ကိုက်ကာလ ဖြစ်နေတာမို့ အရမ်းစိတ်ဝင်စားမိတယ်။ ဒါကြောင့် နိုင်ငံရေးနှင့် ပတ်သက်တဲ့ လူ့အဖွဲ့အစည်း တွေမှာ လူငယ်ဘဝကို အနှစ်(၃၀)ကျော် မြုပ်နှံဖြတ်သန်းလာခဲ့သူ တစ်ယောက်အနေနဲ့ ကိုယ့်အတွေ့အကြုံကို မမျှဝေဘူးဆိုရင် တာဝန်မဲ့ရာကျမလားဆိုတဲ့ အတွေးနဲ့ ဒီဆောင်းပါးရေးဖြစ်တာပါ။ တွေးပုံ၊ ခံယူပုံလွဲချော်နေခဲ့ ရင်လည်း ခွင့်လွှတ်ပေးပါ။
          ဆရာဝင်းထွဋ်ဇော်ရေးထားသလိုဘဲ့ သမိုင်းမှာ လူငယ်တွေ နေရာရပုံ နှစ်မျိုးရှိခဲ့တယ်။ တစ်မျိုးက လူကြီးတွေမလုပ်နိုင်တဲ့ အလုပ်မှာသမိုင်းလိုအပ်ချက်အရ လူငယ်တွေခေါင်းဆောင်ပြီး ထလုပ်တာ အောင်မြင် သွားရင်လူကြီးခေါင်းဆောင်အဖြစ်သမိုင်းမှာနေရတာမျိုးဖြစ်တယ်။နောက်တစ်မျိုးက လက်ရှိခေါင်းဆောင်လူကြီးတော်ကောက်လို့ ခေါင်းဆောင်မှု စည်းဝိုင်းထဲပါဝင်ခွင့်ရတာမျိုးဖြစ်တယ်။ ဒါကိုဘဲထပ်ချဲ့လိုက်ရင် သမိုင်းက တောင်းဆိုနေပေမယ့် လူငယ်တွေက အောင်ပွဲရအောင်မတိုက်နိုင် တဲ့အခါ လူငယ်ခေါင်းဆောင်ဟာ လူကြီး ခေါင်းဆောင်ဖြစ်မလာတော့ဘူး။ နောက်တစ်မျိုးဖြစ်တဲ့ လူကြီးက တော်ကောက်တယ်ဆိုရာမှာလည်း အဲဒီလူ ကြီးက အရည်အသွေးအခြေခံနဲ့ကောက်တာလား၊ ‘ဗောင်းတော်ညိတ်၊ စိတ်တော်သည့်’ ‘ဖိတ်ချင်ဖိတ်၊ကိုယ့် အိတ်ထဲဖိတ်’ဆိုတဲ့ အခြေခံနဲ့ကောက်တာလား ခွဲခြားရပါမယ်။ များသောအားဖြင့် ဒုတိယအမျိုးအစားက များတာ မို့ ကိုယ့်ကိုမိုးကာပေးထားတဲ့ ရွှေထီး မရှိတာနဲ့ မရှင်သန်နိုင်တော့ဘဲ ပထမတန်းစားခေါင်းဆောင်ဘဝကို မ ရောက်တော့ပြန်ဘူး။ ဒီနည်းနဲ့ ဦးဆောင်နိုင်သူလူငယ်နိုင်ငံရေးမျိုးဆက် ပြတ်ခဲ့ကြတာဘဲ မိမိ ကြုံတွေ့ခဲ့ဖူးတဲ့ အခက်အခဲတစ်ချို့ကို အနည်းငယ်အသေးစိတ်ရေးပါ့မယ်။

၁။ လူငယ်တွေကို နိုင်ငံရေးအရ မြေတောင်မြောက်ပေးရာမှာ လူကြီးတွေနဲ့ပတ်သက်တဲ့ပြဿနာ
          နိုင်ငံရေးခေါင်းဆောင် လူကြီးတွေအနေနဲ့လက်တွေ့ပြဿနာ နေ့စဉ်လုပ်ငန်း စီမံခန့်ခွဲမှုတွေနဲ့ လုံးလား ထွေးလားဖြစ်နေရတဲ့ အချိန်ကများတာမို့ လူငယ်တွေကိုရေရှည်မြုပ်နှံ မွေးမြူဖို့ မေ့လျော့နေတတ် တယ်။ အောက်ခြေသိမ်းလက်တွေ့ဘဝကိုဖြတ်သန်းပြီးခေါင်းဆောင်ဖြစ်လာတဲ့ လူကြီးတွေအတွက် လူငယ်တွေကို ကာ လရှည် စမ်းသပ်ခံဘဝတစ်ခုဖြတ်သန်းပြီးမှ ခေါင်းဆောင်အဖြစ်လက်ခံချင်ကြတယ်။ (အဲဒီအချိန်မှာလူငယ်လေး ဟာ နှိုင်းယှဉ်ချက်အရ အသက်အပိုင်းအခြားမှာ လူကြီးစာရင်းဝင်လာပြီ ဖြစ်တယ်။)ဒါကလည်းအဲဒီလူကြီးရဲ့ ခေါင်းဆောင်မှုကို စိန်မခေါ်နိုင်ဘူးလို့ စိတ်ချယုံမှတ်မှသာဖြစ်တယ်။
          အခုဥပေဒေနိုင်ငံတွေအတွင်းမှာ အဖွဲ့အစည်းတစ်ခုဖွဲ့ရင် ခေါင်းဆောင်စု အတွင်းမှာ လူငယ်ရာခိုင်နှုန်း ဘယ်လောက်၊ အမျိုးသမီးရာခိုင်နှုန်းဘယ်လောက်ပါရမယ်ဆိုတာ သတ်မှတ်ချက် ထားရှိကြတယ်။ အဲဒီအဆင့် ရောက်ဖို့တော့ ကြာလိမ့်အုံးမယ် ထင်ပါတယ်။ ဒါက ‘အဖွဲ့အစည်းတည် ဆောက်ရေး’ ‘ခေါင်းဆောင်မှု အဆက်မ ပြတ်ရေး’ဆိုတာတွေကို ဘယ်လောက်အရည်အသွေးရှိရှ်ိ နားလည်သဘောပေါက်သလဲဆိုတဲ့ အပေါ်မှာမူတည် တယ်။ အဲဒီခေါင်းဆောင်လူကြီးအဆင့်မြင့်ပညာတတ်တာ၊မတတ်တာနဲ့မဆိုင်ဘူး၊နိုင်ငံတော်အစိုးရအဖွဲ့မှာ အဆင့်မြင့်ဝန်ကြီးတာဝန်ယူခဲ့ဖူးပြီး နိုင်ငံရေးသမားဘဝ စုတေ လျောကျလာခဲ့တဲ့ ခေါင်းဆောင်လူကြီးတစ် ယောက်ရဲ့လူငယ်ခေါင်းဆောင်တွေအပေါ် သဘောထားဆက်ဆံပုံကို ကိုယ်တွေ့မြင်ရမှ ဒါကိုသဘောပေါက် လာတယ်။
          ဒါကြောင့်လူကြီးတွေ အနေနဲ့ကိုယ့်သွေးကိုယ့်သား၊ ကိုယ့်တပည့်ဆိုတဲ့ခရိုနီ(crony)အမြင်တွေကို လက်ရှောင်နိုင်ဖို့က ပထမပြဿနာဖြစ်ပြီး ဒုတိယက ရေရှည်ဆင်နွဲရမယ့် နိုင်ငံရေးတိုက်ပွဲမှာလူငယ်တွေကို ဘယ်လို ပျိုးထောင်မလဲဆိုတဲ့ ပြဿနာဖြစ်ပါတယ်။ စီမံချက်ရှိရှိ လုပ်ရပါမယ်။
          သက်ရင့်ခေါင်းဆောင်တွေများပြားခဲ့တဲ့ကွန်မြူနစ် ဆိုဗီယက်နဲ့တရုတ်နိုင်ငံတွေမှာတောင် ခေါင်းဆောင်မှု နုပျိုတတ်ကြွ လန်းဆန်းစေဖို့ ကမ္ဘာကြီးနဲ့ အမီလိုက်နိုင်ဖို့ စီမံချက်ချလုပ်ခဲ့တယ်။ ဂိုဗာချော့ဗ်၊ ဟူကျင်တောင် တို့ဟာ အဲဒီအစီအစဉ်နဲ့တတ်လာကြတာပါပဲ။ ဗဟိုကော်မတီစည်းဝိုင်းကနေ ပေါ်လစ်ဗျူရိုထဲ ခေါ်သွင်းမယ်၊ပြီး မှထိပ်သီးအဆင့် ဆွဲတင်မယ်။ အနည်းဆုံး ညီလာခံနှစ်စုစာ အချိန်ယူပါတယ်။

၂။မြေတောင်မြှောက်ရာတွင် ကြုံရတဲ့လူငယ်တွေရဲ့ပြဿနာ
          လူငယ်တွေရဲ့နိုင်ငံရေးအရမြေတောင်မြှောက်ရာမှာ နိုင်ငံရေးအရည်အသွေးမြင့်တင်ရေးကို ဦးစွာလုပ် ကြရတယ်။ ဒါပေမယ်ကျွန်တော်တို့ တိုင်းပြည်ရဲ့နိုင်ငံရေးမှာ မမျှော်လင့်တဲ့ အရေးအခင်းတွေ ကြောင့်နဲ့ လူကြီး ခေါင်းဆောင်တွေရဲ့စီမံချက်မရှိမှုကြောင့် လူငယ်အများအပြားဟာ နိုင်ငံရေးကို စနစ်တကျ အဆင့်ဆင့်ချဉ်းကပ် ဝင်ရောက်လာကြတာမဟုတ်ပဲ နိုင်ငံရေးကို ကိုယ့်ဆီကို ဒရောသောပါး ရောက်လာပြီး ကမူးရှူးတိုးလိုက်ပါသွား ကြရတာဖြစ်တယ်။ ဒါကြောင့် သဘာဝကျစွာပဲ ပညာရေးအခြေခံ နည်းပါးနိမ့်ကျတာ၊ အဖွဲ့အစည်းလုပ်ငန်းအ တွေ့အကြုံနှုန်းနည်းတာတို့ ပါလာကြတယ်။ ဒါကြောင့်အများစုဟာ နိုင်ငံရေးတွေးခေါ်လုပ်ဟန်တို့မှာ လိုက်မမီ တာတို့၊ အဖွဲ့အစည်းသဘာဝ စည်းမျဉ်းစည်းကမ်းတွေ ပေါ်မှာစိတ်မရှည် သည်းမခံနိုင်တာတို့ဖြစ်ပြီး ပေါ်လစီ စီမံခန့်ခွဲတဲ့အဆင့် မရောက်ခင်လမ်းခုလတ်မှာ ပြုတ်ကျကျန်ခဲ့ရတယ်။
          ရောဂါကို ပိုဆိုးစေတဲ့အချက်တစ်ချက်က လူ့အဖွဲ့အစည်းထဲမှာနိုင်ငံရေးအတွေးအခေါ်တွေ အကွဲကွဲ အပြားပြားဖြစ်နေတာပါပဲ။ လက်ဝဲ၊ လက်ယာအတွေးအခေါ်တွေ လူမျိုးစုခံစားမှုတွေနဲ့ နယ်စပ်မှာဆိုရင် နီးစပ် ရာ နိုင်ငံအပေါ် တဖက်သတ်အထင်ကြီးအတုယူမှုတွေကြောင့် လူငယ်တွေဟာတစ်ခုလုံးရဲ့ခေါင်းဆောင်အဖြစ် ကို မရောက်ခင်လမ်းခုလတ်မှာပဲ နိုင်ငံရေးဘဝသေသွားတတ်ကြတယ်။ အခုခေတ်မှာလို ဘဝတတ်လမ်းကိုတစ် ကမ္ဘာလုံးဖြန့်ရှာနိုင်ခွင့် ရှိတဲ့အချိန်မှာ (နိုင်ငံရေးအရစာနာစိတ်ရှိပေမယ့်လို့)ဘဝကို ပုံအပ်ဖို့ဆိုတာ အတော်ရှား ပါးတဲ့ ကိစ္စဖြစ်လာတယ်။ လက်ရှိဖြစ်နေတာက ခေါင်းဆောင်ပုဂ္ဂိုလ်များကို အသေအလဲကြည်ညိုလွန်းလို့(သို့) နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်တစ်ခုခုကို အစွန်းကျကျယုံကြည်ဆုပ်ကိုင်ထားလို့သာ ဆက်ကျန်နေ တတ်ကြတယ်။
          ဒါကြောင့်လူငယ်တွေရဲ့နိုင်ငံရေးအရည်အသွေးကိုမြင့်တင်ဖို့နိုင်ငံရေးပါတီတွေက မိမိတို့ရဲ့ လူငယ်အင် အားတွေကို လူငယ်အဖွဲ့အစည်းဖွဲ့ပြီး စုစည်းတာမျိုးလုပ်ပြီးစတင်နိုင်ပါတယ်။ (ဆရာဝင်းထဋ်ဇော်ရဲ့ဆောင်းပါး ပါတဲ့ ဂျာနယ်တစ်အုပ်တည်းမှာပဲ ဒေါက်တာမောင်သင်းတွေရဲ့ တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံသင်ကြားရေးဆို တဲ့ ဆောင်းပါးပါလာတယ်။ အကြံပြုချက်တွေ ဖြစ်လာနိုင်ရင် အကောင်းဆုံးပါပဲ။

စံပေတံတွေရှိဖို့လိုတယ်
          နောက်တစ်ခုကလက်တွေ့နိုင်ငံနယ်ပယ်မှာ အတွေ့အကြုံရယူရေးနှင့်ဆိုင်ပါတယ်။ ‘ဒီလူငယ် နိုင်ငံရေး- ဇ-ရှိတယ’်ဆိုပြီးဖူးဖူးမုတ် အဆင့်ကျော်လုပ်ပိုင်ခွင့်ပေးအပ်ရာကနေ မမှားသင့်တဲ့အမှားတွေ မှားပြီး နိုင်ငံရေး ဇာတ်ခုံက စောစောဆင်းသွားရတာလဲ ရှိတယ်။ ဒါက လူကြီးခေါင်းဆောင်တွေရဲ့ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု စွမ်းရည်နဲ့ဆိုင်တယ်။ ဖြစ်သင့်တာက သဘာဝတရားနယ်ပယ်ကနေ ပြည်သူလူထု ရင်ခွင်ကြားမှာ အဖွဲ့အစည်း (သို့) တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဘယ်လောက်သင်ယူ နိုင်တယ်၊ ဘယ်လောက်ပေးဆပ်နိုင်တယ်၊ ဘယ်လောက်ရည်မှန်းချက် ပေါက်မြောက်အောင် စွမ်းဆောင် နိုင်တယ်ဆိုတာတွေကို စစ်ဆေးရပါ့မယ်။ သုံးသပ် စိစစ်တဲ့ လူကြီးခေါင်းဆောင်တွေမှာ စနစ်ကျမှန်ကန်တဲ့ တိုင်းတာရေး စံ-ပေတံတွေ ရှိထားဖို့လိုပါတယ်။ လေ့လာ ပြီး လုပ်ငန်းခွင်ဝင် ပြန်မွန်းမံပြီး လုပ်ငန်းခွင် ပြန်သွားဆိုတဲ့ နည်းစနစ်နဲ့ တစ်ဆင့်ပြီးတစ်ဆင့်မြင့်တတ်ရာက နိုင်ငံ ရေးခေါင်းဆောင်အဖြစ် ရောက်သွားတာ အာမခံချက် အရှိဆုံးပါပဲ။
          ၂၀၀၉ခုနစ်ထုတ် တိုင်းမ်မဂ္ဂဇင်းစာအုပ်မှာ ကာတာဘာရီလို့ခေါ်တဲ့ ဂျပန်လူငယ်တွေကို လူ့အဖွဲ့အစည်းတွင်း သူတို့ရဲ့အခန်းကဏ္ဍကို အလေးအနက်ရှိလာစေပြီး ကိုယ်ပိုင်နိုင်ငံရေး အသံဖော်ထုတ်ဖို့ အားပေးလှုပ်ဆော်နေတဲ့(NGO)တစ်ခုအကြောင်း ဖတ်လိုက်ရပါတယ်။ အဲဒီထဲမှာပဲ dot-JP  လို့ခေါ်တဲ့ ဂျပန်နိုင်ငံရေးသမား တွေ ရဲ့ရုံးမှာအလုပ်သင်ဝင်ရောက်လိုသူ တက္ကသိုလ်ကျောင်းသား လူငယ်တွေအတွက် ကူညီနေတဲ့ NGOအကြောင်း လည်း ပါတယ်။ ဒီလိုအဖွဲ့အစည်းမျိုးတွေရှိရင် ပိုထိ ရောက်မှာဖြစ်ပါတယ်။
          နောက်တစ်ခုကလူငယ်တွေကို လွတ်လပ်ခွင့် တစ်စုံတစ်ရာပေးတဲ့ ပြဿနာဖြစ်တယ်။ မိခင်အဖွဲ့ အစည်းကနေ လူငယ်အဖွဲ့အစည်းကို ကိုယ်ထူကိုယ်ထ အလုပ်လုပ်တတ်ဖို့ လွတ်လပ်ခွင့်ပေးတဲ့ ပြဿနာလည်း အကြုံ ဝင်ပါတယ်။ ဒီနေရာမှာ ကျနော်တို့  နိုင်ငံရေး ထုံးတမ်းဓလေ့လို့ဆိုရမလားမသိဘူး။ အစွန်းနှစ်ဖက်မှာ သံသရာ လည်နေတတ်တယ်။ တစ်ခုက လူကြီးခေါင်းဆောင်တွေရဲ့အစွန်း။ လူငယ်အဖွဲ့အစည်းတွေကိုလမ်းညွှန်ချက်နဲ့ ဖွဲ့ စည်းမှု မူဘောင်တွေချမှတ်ပြီး ထိုးသွင်းကြံဆမှုရှိရှိ ကိုယ်အင်အားကိုယ်တည်ဆောက်ဖို့တစ်စုံတစ်ရာ လွတ်လပ်ခွင့်ပေးထားပါတယ်။ တစ်ခါတစ်ခါ လူကြီး ခေါင်းဆောင်ဖြစ်နေတဲ့ နှိုင်းယှဉ်ချက်အရ အသက်ငယ်တဲ့သူတွေ ပါဝင်ဝိုင်းဝန်းလုပ်ဆောင်ပေးပါတယ်။
          ဒါကိုပဲ့ လက်တွေ့ပိုင်းအကောင်အထည်ဖော်တဲ့အခါ လူငယ်အဖွဲ့အစည်းကို လက်အောက်ခံ အဖွဲ့အစည်းလို့ သဘောထားပြီး အမိန့်ပေး၊ အမိန့်ခံစနစ်နဲ့ ဆက်ဆံကြတယ်။ ဒါဟာပြုစုပျိုးထောင်တာ မဟုတ်၊ တပည့်မွေး တာသာဖြစ်တယ်။ ထိုးထွင်းကြံဆ လုပ်မိတဲ့ လူငယ်ခေါင်းဆောင်ပေါ်မှာလည်း တကယ့်နိုင်ငံရေးပြစ်မှု ကျူးလွန်ထားတဲ့ ပုံစံမျိုး (ဗဟိုချုပ်ကိုင်မှုကို ချိုးဖောက်တဲ့ သဘောမျိုး) အပြစ်ယူချင်ကြတယ်။
          နောက်အစွန်းတစ်ခုက လူငယ်ခေါင်းဆောင်တွေရဲ့အစွန်း နောက်ခံမိခင်အဖွဲ့အစည်းကလည်းအား ကောင်း(တစ်ခါတစ်လေအာဏာရလည်း ဖြစ်ချင်ဖြစ်မယ်။တစ်စုံတစ်ရာလည်းလုပ်ပိုင်ခွင့်ပေးထားတော့ မိမိနဲ့ မဆိုင်တဲ့နယ်ပယ်တွေမှာ ဝင်စွက်ဖက်ပြီး တစ်ထီးတစ်နန်း ထူထောင်တာမျိုးဖြစ်တတ်တယ်။ မြင်မြင်ရာကိုကိုယ့် ပေတံနဲ့ကိုယ်တိုင်းပြီး ဇွတ်ပြုပြင်ပြောင်းလဲချင်တဲ့ သူရဲကောင်းပေါက်စလေးတွေရဲ့ အမှားဖြစ်တယ်။

၃။မြန်မာ့နိုင်ငံရေးထူးခြားချက်နဲ့လူငယ်
          နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံရေးအနာဂတ်အတွက်လူငယ်တွေကိုအားကိုးရမယ်ဆိုရင်ဒီလူငယ်တွေရဲ့နိုင်ငံရေး ကိုပြုစုပျိုးထောင်ဖို့ အရေးတကြီးစဉ်းစားရမှာဖြစ်တယ်။ ဒါကိုအကောင်ထည်ဖော်တဲ့အခါ အရေးကြီးဆုံးက ရင်း နှီးမြုပ်နှံမှုပါပဲ။ သာမန်ဘဏ္ဍာရင်းနှီးမြုပ်နှံတာကိုပြောတာမဟုတ်ဘူး။ လူအရင်းအမြစ်နှင့် နိုင်ငံရေးအင်စတီကျူးရှင်းတွေ အတွက် ရင်းနှီးမြုပ်နှံရပါမယ်။ ဒါဟာဖြစ်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။
          လူ့အရင်းအမြစ်ကိုရောက်ရာအရပ်မှာရှိတဲ့လက်ကုန်သုံးပစ်လိုက်ကြတာများပါတယ်။ ရေရှည်မှာအဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်နိုင်တဲ့ လူငယ်တစ်ယောက်ဟာ အလုပ်ခွင်ထဲမှာ နိုင်ငံရေးလုံးပါးပါးပြီး ခေါင်းဆောင် အညွန့်တုံးသွားတယ်။  နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ပတ်သက်၍လည်း ကိုယ်ထူကိုယ်ထသာလုပ်ကြကြေး ဆိုရင် အမြီးကျက် အမြီးစားရှိတဲ့အင်အား၊ ရှိတဲ့အဆင့်မှာတန့်သွားလိမ့်မယ်။ ဒီမိုကရေစီပြန်နှစ်လန်ထနိုင်ဖို့ အတွက်ပြင်ပအကူအညီနဲ့ကျားကန်ရပါမယ်။ ပြင်ပအကူအညီဆိုရာမှ ဝိသမ စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်သွား ရင် ပိုပြီးကိုယ်ကျိုးနည်းလိမ့်မယ်။ ဖြစ်နိုင်တာနောက်တစ်ခုက ဒီမိုကရေစီတိုးတတ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နေ တဲ့နိုင်ငံတကာ(INGO)တွေကို လမ်းဖွင့်ပေးရင်လည်း ဖြစ်နိုင်ပါတယ်။
          ပြုစုပျိုးထောင်ထားတဲ့လူငယ်နိုင်ငံရေးခေါင်းဆောင်တွေအတွက် ကစားကွင်းလည်းလိုပါတယ်။ မြန်မာ့ နိုင်ငံရေး ပါလီမန်ဒီမိုကရေစီဟာ ဆယ်နှစ်တာကာလအတွင်းနိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီ တွေရဲ့အတွေ့ အကြုံနုနယ်မှု၊ သဘောထားမရင့်ကျက်မှုနှင် ပြည်တွင်းစစ် ပရောဂတွေကြောင့် ပြတ် တောက်ခဲ့ရတယ်။နောက် တော့စစ်တပ်လွှမ်းမိုးတဲ့ တစ်ပါတီစနစ်ကာလရှည်တစ်ခုနှင့် စစ်တပ်ကအာဏာ ယူထားတဲ့ အခြားကာလတစ်ခု ထပ်ဖြတ်သန်းရပြန်တယ်။ ဒီလိုအနေအထားမှာလူငယ်တွေရဲ့ နိုင်ငံရေး ကစားကွင်းဟာ ဘာဖြစ်မလဲ။အာဏာရ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရေး အတိုက်အခံ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာကျင်လည်ရမှာပဲ။ ဒီလိုနိုင်ငံရေးအမျိုးအစားတွေမှာ လူငယ်ထုတွေရဲ့ အမှန်အကန် အကျယ်အပြန့်ပါဝင်မှုကို ရနိုင်မှာမဟုတ်ဘူး။ အစစ်အမှန် နိုင်ငံရေးလေ့ကျင့်ဖို့ လူငယ်တွေ အတွက် ကွင်းပျောက်ခဲ့တယ်ဆိုတဲ့သဘောပါ။
          ချုပ်ပြီးပြောရရင်လူငယ် နိုင်ငံရေးခေါင်းဆောင်တွေကို မွေးထုတ်နိုင်ပါမှ သူတို့ကို နေရာပေးလို့ ရမှာဖြစ် တယ်။ ခုနေခါမှာ လူ အရင်းအမြစ်ရှိပြီးသားဖြစ်တယ်။  နိုင်ငံရေးအဖွဲ့အစည်းတွေ ပေါ်လာပြီး ဖြစ်တယ်။ လိုအပ် တာက လူငယ်တွေ ကစားနိုင်တဲ့ကွင်း၊ နိုင်ငံရေးအခင်းအကျင်းကို အမျှော်အမြင် ရှိရှိ ဖန်တီးပေးဖို့ပဲ။ ဒီအခင်း အကျင်းဟာ လူကြီးခေါင်းဆောင်တွေရဲ့စိတ်ကူးအိမ်မက်တွေကို ဖြည့်ဆည်းနိုင် ချင်မှနိုင်မယ်။ ဒါပေမယ့် လူငယ် အတွက် လှုပ်သာ ရှားသာအနေအထားမျိုးဖြစ်ရပါမယ်။ ဒါဆိုရင် လူငယ်ထု တအုံတမဟာ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်လာမှာဖြစ်တယ်။
          ကွင်းရသွားပြီးရင်လိုတာက လုံလောက်တဲ့ အချိန်ဖြစ်တယ်။ ဒီမိုကရေစီကာလ၊ ငြိမ်းချမ်းတဲ့ဘောင် အတွင်းလှုပ်ရှားနိုင်တဲ့ ကာလကို အဆက်မပြတ်စေဘဲ  ဆယ်စု နှစ်ခု၊ သုံးခုသာရခဲ့ရင် မြန်မာပြည် နိုင်ငံရေးရဲ့ အနာဂတ်ဟာ အရည်အချင်းပြည့်ဝကောင်းမွန်တဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ ကောင်းမွန် ထွန်းတောက်နေမှာ မလွဲလို့ ဆိုချင်ကြောင်းပါ။

ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၅) မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...