ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၅)
ကိုယ်စားပြု အစိုးရ
(Representative
Government)
ကိုယ်စားပြု ဒီမိုကရေစီနိုင်ငံရေးစနစ်အတွင်းမှ
အစိုးရသည် ပြည်သူတို့၏ ကိုယ်စားပြုအစိုးရသာ ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ထွန်းကားရေးအတွက်
စစ်မှန်သောကိုယ်စားပြုမှုနှင့် စစ်မှန်သော ကိုယ်စားပြု အစိုးရကို ဖော်ဆောင်နိုင်ရန်လိုအပ်သည်။
ကိုယ်စားပြုအစိုးရဆိုသည်မှာ အဘယ်နည်း။ ဗြိတိသျှ
နိုင်ငံရေးအတွေးအခေါ်ပညာရှင် မေးလ် (John Stuart Mill, 1806-1873) ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း
ဖြေရမည်ဆိုလျှင် ကိုယ်စားပြုအစိုးရ ဆိုသည်မှာ ပြုလုပ်သော အစိုးရမဟုတ်၊ ပေါက်ဖွားသော
အစိုးရဖြစ်သည်။ ပြုလုပ်သောအစိုးရဆိုသည်မှာ တစုံတယောက် သို့မဟုတ် လူတစု၏ လွှမ်းမိုးချုပ်ကိုင်မှုအရ
ဖွဲ့စည်းသော အစိုးရဖြစ်သည်။ ပေါက်ဖွားသော အစိုးရ ဆိုသည်မှာ ပြည်သူလူထုက မွေးထုတ်ပေးလိုက်သော
ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား သော အစိုးရဖြစ်ပြီး ထိုအစိုးရသည်သာ ကိုယ်စားပြုအစိုးရ
ဖြစ်သည်။
အချို့နိုင်ငံများတွင် ကိုယ်စားပြုအစိုးရ
တရပ်အဖြစ် ပုံသဏ္ဌာန်အရ ဖန်တီးပေးထားမှုမျိုး ရှိကြသည်။ အနှစ်သာရအားဖြင့် တစုံတယောက်
သို့မဟုတ် တစုံတဖွဲ့၏ သြဇာလွှမ်းမိုးမှုကို ခံယူနေရပါက ပြုလုပ်သော အစိုးရဖြစ်သွားသည်။
ကိုယ်စားပြုအစိုးရတရပ် မဟုတ်တော့ပါ။ ထိုသို့သော အစိုးရများသည်ပင် ဖွဲ့စည်းရာ၌ ပြည်သူလူထုက
ပေါက်ဖွားပေးခြင်း (ရွေးချယ်ပေးခြင်း) မျိုးဖြစ်အောင် ပုံသဏ္ဌာန်အရ လုပ်ယူထားပြီး လက်တွေ့
တွင် ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားမပြုတော့ပေ။ စစ်မှန်သော ကိုယ်စားပြုမှု ရှိမရှိကို
မည်သို့သော မူများဖြင့် တိုင်းတာကြမည်နည်း ။ စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ် တဦးသည်
၎င်းကိုရွေးချယ်ပေးလိုက် သော မဲဆန္ဒနယ်ရှိ ပြည်သူလူထုကို မျက်ခြေမပြတ်သိရှိနေရမည်။ ထို့ပြင်
ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းနေ သော အာဏာပိုင်အဖွဲ့ (ပါလီမန်ဖြစ်စေ၊ အစိုးရဖြစ်စေ)
အနေဖြင့် ကိုယ်စားလှယ်များ၏ အကျိုးစီးပွားကို ဖော်ဆောင်ရာ ဌာနဖြစ်ရန်ထက် ပြည်သူများ၏
အကျိုးစီးပွားကို အကောင်းဆုံး ပြုလုပ်ပေးမည့်နည်းလမ်းများ အဖြေရှာဌာနသာ ဖြစ်ရပေမည်။
ကိုယ်စားလှယ်တဦးချင်းစီအပေါ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ ပြည်သူများ၏ ဆန္ဒဖြင့် ချည်နှောင်အားရှိသကဲ့သို့
ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသော အာဏာပိုင်အဖွဲ့သည် တနိုင်ငံလုံးပြည် သူများ၏ ဆန္ဒဖြင့်
ချည်နှောင်အားရှိရမည်။
မဲဆန္ဒရှင်များ၏ ဆန္ဒအားဖြင့် ချည်နှောင်ခြင်းကို
မခံယူသော တနည်းအားဖြင့် ပြည်သူ့ဆန္ဒကို လေးစား ခြင်းမရှိသော ကိုယ်စားလှယ်များအပေါ် ထိန်းချုပ်နိုင်သော
နည်းလမ်းများ ပြည်သူတို့လက်ထဲတွင် ရှိနေရပေ မည်။ ဤနည်းလမ်းမှ အများအားဖြင့် သတ်မှတ်သက်တမ်းကာလ
အပိုင်းအခြားအလိုက် ကျင်းပတတ်သည့် ရွေးကောက်ပွဲများတွင် ထိုကိုယ်စားလှယ်များကို ပြန်လည်ရုပ်သိမ်းပြီး
ကိုယ်စားလှယ်သစ်ဖြင့် အစားထိုးရွေး ချယ် ၏သော နည်းလမ်းကို အသုံးများကြသည်။ အချို့နိုင်ငံများတွင်
ကိုယ်စားလှယ်၏ သက်တမ်းမကုန်ဆုံးမီ ကာလအတွင်း၌ပင် မဲဆန္ဒရှင်အများစုက တောင်းဆိုမှုဖြင့်
ထိုကိုယ်စားလှယ်များကို တာဝန်မှ ရုပ်သိမ်းနိုင်သော အခွင့်အလမ်းများလည်း ရှိသည်။ သို့ရာတွင်
ဤနည်းလမ်းသည် တည်ငြိမ်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကို ထိခိုက်နိုင်သဖြင့် သတ်မှတ်ကာလ
သက်တမ်းဆုံးသည့်အခါမှ ကိုယ်စားလှယ်အစားထိုးခြင်း နည်းစနစ်ကို အသုံးများကြသည်။
တနိုင်ငံလုံးရှိ မဲဆန္ဒရှင်အများစု၏ ဆန္ဒကို
လိုက်လျောရခြင်းကြောင့် အချို့သော မဲဆန္ဒနယ်များမှ ဆန္ဒမဲများ အောင်မြင်မှုမရသော အခါမျိုးလည်း
ကြုံတတ်သည်။ ထိုအခြေအနေမျိုးမှာ တနိုင်ငံလုံး အကျိုးစီးပွား ကို အရေးပေးရမည့် အခြေအနေဟု
နားလည်ရန်လိုအပ်သည်။
ကာလအပိုင်းအခြားအလိုက်
ပြုလုပ်သော ရွေးကောက်ပွဲများ
(
Perodic Elections)
ကိုယ်စားပြု ဒီမိုကရေစီကိုကျင့်သုံးသော နိုင်ငံရေးစနစ်တွင်
သတ်မှတ်ကာလ အပိုင်းအခြားအလိုက် ပြည်သူ့ကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပရေးသည်
အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဤရွေးကောက်ပွဲများဖြင့်သာ စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်များကို
အစဉ်အစားထိုး သွားနိုင်ပေသည်။ အာဏာရ အစိုးရတရပ်သည် ဤသို့သော ရွေးကောက်ပွဲများကို ရှောင်ဖယ်
ငြင်းဆန်နေလျှင် ဖြစ်စေ၊ ရွေးကောက်ပွဲ ပြုလုပ်ပေးသော်လည်း မိမိတို့ ပြည်လည်အာဏာရရှိရေးကို
တရားဝင်ဖြစ်အောင် ပုံသွင်းပေးသည့် အထောက်အကူ ကိရိယာအနေဖြင့်သာ အသုံးပြုရန် ရည်ရွယ်လျှင်ဖြစ်စေ
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှ သွေဖည်သွားလေတော့သည်။ ထို့ကြောင့် ရွေးကောက်ပွဲများကို
သတ်မှတ်ကာလ အပိုင်းအခြားအလိုက် မှန်မှန်ကျင်းပပေးရန် အရေးကြီးသကဲ့သို့ ထိုရွေးကောက်ပွဲများသည်
စစ်မှန်သော ပြည်သူ့ ကိုယ်စားလှယ်များကို ရွေးထုတ်ပေးနိုင်မည့် အခွင့်အလမ်း တနည်းအားဖြင့်
လွတ်လပ်၍ တရားမျှတမှုရှိ ရန်လည်း လိုအပ်ပါသည်။
ရွေးကောက်ပွဲများ ပုံမှန်ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ
ပြည်သူလူထု၏ ဆန္ဒကို ဖော်ထုတ်ပြသခွင့်နှင့် ထိုဆန္ဒကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များ
ရွေးထုတ်နိုင်ရေးဖြစ်သည်။ အစိုးရအာဏာသည် ပြည်သူလူထု၏ ဆန္ဒပေါ်တွင်သာ အခြေခံရမည်ဟူသော
သဘောတရားအတွက် ဤသို့သော ရွေးကောက်ပွဲများသည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေး ကြေညာစာတမ်း ပုဒ်မ (၂၁) (၈) တွင်အောက်ပါအတိုင်း အခိုင်းအမာ ပြဌာန်းထားသည်ကို
တွေ့ရသည်။
“အစိုးရ၏ အာဏာသည် ပြည်သူလူထု၏ ဆန္ဒသဘောထားပေါ်တွင်
အခြေခံရမည်။ ထိုဆန္ဒ သဘောထားကို အချိန်ကာလ အပိုင်းအခြားအလိုက်
ကျင်းပသော ရွေးချယ်တင်မြှောက်ပွဲများတွင် ဖော်ထုတ်ပြသနိုင်စေရမည်။ ထိုရွေးချယ်တင်မြှောက်ပွဲများသည်
ညီမျှမှုအခြေခံပေါ်တွင် ဆန္ဒမဲပေးခွင့်ရှိ ပြည်သူများက တိုက်ရိုက် လျှို့ဝှက်မဲပေးစနစ်ကို
ကျင့်သုံးသော သို့မဟုတ် အနှစ်သာရအားဖြင့်တူညီသော အခြားပုံသဏ္ဌာန် တမျိုးမျိုးအရကျင်းပသော
ရွေးချယ် တင်မြှောက်ပွဲများ ဖြစ်စေရမည်။”
ထို့ကြောင့် စစ်မှန်သော ပြည်သူ့ဆန္ဒ ဖော်ထုတ်ခွင့်နှင့်
ကာလအပိုင်းအခြားအလိုက် ရွေးကောက်ပွဲများ ကျင်းပရေးသည် တိုက်ရိုက်ဆက်စပ်နေသော အကျိုးနှင့်အကြောင်းတရားဖြစ်သည်။
ထို့ပြင် အဆိုပါပုဒ်မ (၂၁)တွင် ဆက်လက်ဖော်ပြထားသည်မှာ ထိုရွေးကောက်ပွဲသည် မည်သို့မည်ပုံဖြစ်ရမည်ဆိုသည့်
ပုံသဏ္ဌာန် တနည်းအားဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ၏ အင်္ဂါရပ်များကို ဖော်ပြထားသည်။
ဤသို့ပြဌာန်းထားရခြင်းမှာ ပြည်သူ့ဆန္ဒသဘောထားကို ဖော်ပြရာတွင် ရွေးကောက်ပွဲသည် လွတ်လပ်၍
မျှတမှုရှိရန် လိုအပ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများအရ တွေ့ရှိခဲ့ရခြင်းကြောင့်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအားလုံးလိုလိုသည် ပြည်သူ့ဆန္ဒ
ဖော်ထုတ်ပြသရေးအတွက် ကာလအပိုင်းအခြား အလိုက် ရွေးကောက်ပွဲများကျင်းပရေးကို ပြဌာန်းထားတတ်သော်လည်း
အချို့နိုင်ငံများတွင် ထိုရွေးကောက်ပွဲများကို မိမိတို့အာဏာရရှိရေးအတွက် တရားဝင်မှု
ပြုပေးရန်သာ အစိုးရများက အသုံးပြုနေကြသည်ကို တွေ့ရသည်။ အထူးသဖြင့် ကွန်မြူနစ်တပါတီစနစ်
နိုင်ငံများနှင့် ပုံသဏ္ဌာန် တမျိုးမျိုးဖြင့် အာဏာရှင်ဖြစ်နေသော နိုင်ငံများတွင် ကျင့်သုံးနေသည်ကို
တွေ့ရသည်။ ထိုနိုင်ငံများ၏ ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတမှု မရှိဟု သတ်မှတ်ကြသည်။
သို့ဖြစ်၍ လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲအဖြစ်
သတ်မှတ်နိုင်ရန် စံသတ်မှတ် ချက်အချို့ လိုအပ်ပေလိမ့်မည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး
ဥပဒေပညာရှင်များ အဖွဲ့မှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ လေ့လာချင်စာတမ်း
(International Election Observing) တွင် လွတ်လပ်၍ တရားမျှတရှိသော ရွေးကောက်ပွဲဖြစ်ရန်
အခြေခံအားဖြင့် မရှိမဖြစ် လိုအပ်သော အောက်ပါစံများကို ဖော်ပြထားသည်။
၁။ ရွေးကောက်ပွဲ ကျင်းပသော နိုင်ငံတွင် ဤအခြေအနေများနှင့်
ပြည်စုံရမည်။
(က) အစိုးရအာဏာပိုင် နေရာအတွက် အရွေးခံခွင့်နှင့်
လျှို့ဝှက်မဲပေးမှု အခွင့်အရေး အပါအ၀င် နိုင်ငံသားများ၏ နိုင်ငံလုပ်ငန်းစဉ် အဆင့်ဆင့်တွင်
ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့် စွမ်းရည်များအပေါ် အကျိုးအကြောင်း ဆီလျော်မှုမရှိသော ကန့်သတ်တားမြစ်ချက်များ
မထားရ။
(ခ ) ရွေးကောက်ပွဲတွင် အရွေးခံရမည့် ကိုယ်စားလှယ်လောင်းများနှင့်
ရွေးကောက်ပွဲအစီ အစဉ်များကို နိုင်ငံသားများအား အသိပေးတင်ပြခြင်း၊ နိုင်ငံရေးစည်းရုံးမှုနှင့်
လှုံ့ဆော်မှုတို့ ပြုလုပ်ခြင်းတို့ကို ခွင့်ပြုခြင်း အလို့ဌာထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခွင့်၊
အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ လွတ်လပ်ခွင့်နှင့် စည်းရုံးစုဝေခြင်း လွတ်လပ်ခွင့်တို့ကို
လေးစားခွင့် ပြုထားရမည်။
၂။ နိုင်ငံရေးပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်းများ
ရွေးကောက်ပွဲတွင် ရှိသော ထောက်ခံဆန္ဒမဲများ အလိုက် ရာထူးဆက်ခံခွင့်နှင့် အာဏာလွဲပြောင်းရယူခွင့်
အပါအ၀င် ရွေးကောက်ပွဲရလဒ်ကို လေးစားဒလိုက်နာရမည်။
နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေပညာရှင်များအဖွဲ့၏
အဆိုပါ စံသတ်မှတ်ချက်ကြီး နှစ်ခုသည် မည်သည့် ဒီမိုကရေစီနိုင်ငံမဆို လိုက်နာကျင့်သုံးရန်
လိုအပ်ချက်ဟု ဆိုရပေမည်။ အဆိုပါ အခြေအနေများ မရှိဘဲ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်သည်ဟု
မဆိုနိုင်ပေ။
ဒီမိုကရေစီသို့ အသွင်းကူးပြောင်းရန် တောင်းဆိုနေသော
နိုင်ငံများနှင့် တတိယ ကမ္ဘာ့နိုင်ငံများတွင် ကျင်းပလေ့ရှိသော ရွေးကောက်ပွဲများ လွတ်လပ်၍တရားမျှတမှုရှိကြောင်း
အစိုးရအာဏာပိုင်းများက ခုခံပြောဆိုခြင်းကို တန်ပြန်ရန်အတွက် စံအဖြစ်ပြောဆိုနိုင်သော
မှုအချို့ကို ဥပဒေပညာ ရှင်းများအဖွဲ့က ဖော်ထုတ်ထားခြင်းဖြစ်သည်။
စစ်မှန်၍ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ရန်အတွက်
ယနေ့ခေတ် နိုင်ငံရေးပညာရှင်များက စံသတ်မှတ်ချက်များအဖြစ်-
(က) မဲပေးခွင့်ရှိသူများအားလုံး မဲပေးသည့်
ရွေးချယ်တင်မြှောက်ခြင်း (Universal Suffrage)
(ခ ) တိုက်ရိုက်မဲပေး ရွေးချယ်တင်မြှောက်ခြင်း
(Direct Election)
(ဂ ) လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးခြင်း
(Secret Voting)
(ဃ) လွတ်လပ်သော ဆန္ဒမဲပေးခြင်း(Free)
(င) မဲပေးခွင့်သူများအကြား အခွင့်အရေးတူညီခြင်း
(Equal)စသည့် ရှုထောင့်များမှ အကဲဖြတ် ကြသည်။
အချို့သော
နိုင်ငံများ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ၄င်းတို့၏ ရွေးကောက်ပွဲများကို အထက်ပါမှုများ
အရကျင်းပရမည်ဟု အခိုင်အမာ ပြဌာန်းထားကြသည်။ ဥပမာ ပြည်ထောင်စု သမတ ဂျာမဏီနိုင်ငံ၏ အခြေခံ
ဥပဒေတွင် တွေ့နိုင်သည်။
အထက်ပါမူများတွင် (ခ)(ဂ)(ဃ) တို့သည် ရွေးချယ်တင်မြှောက်ပုံစနစ်ကို
ဖော်ညွှန်းခြင်းဖြစ်ပြီး (က)နှင့် (င)တို့သည် ပြည်သူများ၏ မဲပေးခွင့် အခွင့်အရေးနှင့်
သက်ဆိုင်သည်။ (က) ဖြစ်သည့် မဲပေးခွင့်ရှိသူ အားလုံးမဲပေးသည့် ရွေးချယ်တင်မြှောက်ခြင်းဆိုသော
မူသည် မဲပေးခွင့်ရှိပြည်သူများအားလုံး ကျယ်ကျယ် ပြန့်ပြန့် မဲပေးရမည်ဟူသော အဓိပ္ပါယ်ဖြစ်သည်။
နိုင်ငံတစ်ခုအတွင်း နေထိုင်သူအားလုံး မဲပေးခွင့်ရသည်ကား မဟုတ်ကြပါ။ သက်ဆိုင်ရာနိုင်ငံများ၏
ဥပဒေနှင့်အညီ မဲပေးခွင့်ရကြခြင်းသာဖြစ်သည်။ နိုင်ငံသားများ၏ မဲပေးခွင့်အခွင့်အရေးသည်လည်း
မျက်မှောက်ခေတ်တွင် ရရှိကျင့်သုံးနေသော အခွင့်အရေးမျိုးကို အစကနဦးက တည်းက ရရှိထားသော
အခွင့်အရေးကား မဟုတ်ပါ။ ယနေ့အချိန်တွင် ဒီမိုကရေစီထွန်းကားနေသော အနောက် နိုင်ငံများတွင်ပင်
၁၉ ရာစုအထိ ယောက်ျားများအားလုံးကပင် မဲပေးခွင့်ရကြသည်မဟုတ်ပါ။ ပစ္စည်းချမ်းသာ ကြွယ်ဝသူများသာ
မဲပေးခွင့်ရကြသည်။ ၁၉ ရာစုနှင့် နောက်ပိုင်းကာလများမှသာ ယောက်ျားအားလုံးမဲပေးခွင့်
ရကြသည်။ သို့ရာတွင် အမျိုးသမီးများ မဲပေးခွင့်မရကြသေးချေ။ ၂၀ ရာစုဆန်းပိုင်းကာလရောက်သောအခါ
ဆိုရှယ်လစ်ဝါဒီများက ဦးဆောင်တိုက်ပွဲဝင်လာကြမှ အမျိုးသမီးများ မဲပေးခွင့်ရလာကြသည်။
သြစတြေးလျတွင် ၁၉၀၂ ခုနှစ်၌ လည်းကောင်း၊ ကနေဒါနိုင်ငံတွင် ၁၉၁၇ ခုနှစ်၌ လည်းကောင်း၊
အမေရိကန်ပြည်ထောင်စုတွင် ၁၉၂၀ ခုနှစ်၌လည်းကောင်း အမျိုးသမီးများ မဲပေးခွင့်ရလာကြသည်။
ဂရိတ်ဗြိတိန်နိုင်ငံတွင် ၁၉၂၈ ခုနှစ်မှ အမျိုးသမီးနှင့် အမျိုးသားတန်းတူမဲပေးခွင့်
ရလာကြသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ၁၉၇၁ ခုနှစ်မှစ၍ အမျိုးသမီး များမဲပေးခွင့်စတင်ရခဲ့သော်လည်း
အချို့သော ကန်တွန်များတွင် ၁၉၈၁ ခုနှစ်အထိ အမျိုးသမီးများ မဲပေးခွင့် မရကြသေးချေ။ မျက်မှောက်ခေတ်တွင်မူ
ကမ္ဘာ့နိုင်ငံအားလုံးလိုလို အရွယ်ရောက်ပြီးသူတိုင်း (အချို့နိုင်ငံတွင် ၁၈ နှစ်၊ အချို့နိုင်ငံတွင်
၂၁ နှစ်) ကျားမ ၊ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ ခွဲခြားခြင်းမရှိဘဲ အားလုံးမဲပေးနိုင်
သောအခွင့်အရေးကို အာမခံကြသည်။ အထက်အပိုဒ်(က)ပါ မူသည် ဤအခွင့်အရေးကို အာမခံခြင်း ဖြစ်သည်။
အပိုဒ်(င)တွင် ဖော်ပြထားသော မဲပေးခွင့်ရှိသူများအကြား
အခွင့်အရေးညီမျှခြင်းသည်လည်း ဒီမိုကရေစီ ရွေးကောက်ပွဲတခုအတွက် အရေးကြီးသော မူတရပ်ဖြစ်သည်။
ဤအခွင့်အရေးကို အာမခံရန်လိုအပ် ခြင်းသည် အချို့နိုင်ငံများတွင် ကျင့်သုံးခဲ့ကြသော အလေးကဲသည့်မဲပေးစနစ်
(Weighted Voting System) ကြောင့်ဖြစ်သည်။ အလေးကဲသောမဲပေးစနစ်ဆိုသည်မှာ မဲပေးခွင့်
အခွင့်အရေးချင်းတူသော်လည်း ဆင်းရဲခြင်း ချမ်းသာခြင်း၊ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ စသည့်အကြောင်းပြချက်များဖြင့်လည်းကောင်း
လူမျိုးဘာသာ၊ အသားအရောင် ကွဲပြားမှု ကြောင့်လည်းကောင်း ပေးပိုင်ခွင့်ရှိသော မဲပြားအရေအတွက်ကို
ကွဲပြားစွာ သတ်မှတ်ပေးသော မဲပြားစနစ်ဖြစ်သည်။ ဥပမာ ပညာတတ်ပါမောက္ခတဦးက မဲ(၃)ပြား၊ လူလတ်တန်းစားများ
ကမဲ(၂)ပြား၊ သာမန်ဆင်းရဲသားပြည်သူများက မဲ(၁)ပြား စသဖြင့် ခြားနားသော မဲပေးပိုင်ခွင့်မျိုးဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုတွင် လီနင်လက်ထက်တွင်လည်းကောင်း အိန္ဒိယတွင် ဇာတ်နိမ့်ဇာတ်မြင့်
အယူဝါဒ ကြောင့် လည်းကောင်း တောင်အာဖရိကတွင် အသားအရောင် လူမျိုးကွဲပြားမှုကြောင့်လည်းကောင်း
အလေးကဲ သောမဲပေးစနစ်ကို ကျင့်သုံးခဲ့ကြသည်။ ဂရိတ်ဗြိတိန်နိုင်ငံတွင်လည်း ၁၉၂၈ ခုနှစ်မတိုင်မီအထိ
မိန်းမများ ပေးနိုင်သော မဲပြားသည် ယောက်ျားများပေးနိုင်သော မဲပြားထက် လျော့နည်းခဲ့သည်။
ယနေ့ခေတ်တွင်မူ အရွယ်ရောက်ပြီးသူတိုင်း မဲပေးပိုင်ခွင့်အရာတွင် ညီတူမျှတူဖြစ်ကြောင်း
ကမ္ဘာ့နိုင်ငံအားလုံးက လက်ခံထားပြီး ဖြစ်သည်။
အထက်တွင် တင်ပြခဲ့သော စံသတ်မှတ်ချက်နှင့်
မူများအရသာ လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲများ ဖြစ်လာနိုင်ပြီး ထိုရွေးကောက်ပွဲများကသာ
စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်များကို ရွေုးထုတ်ပေးနိုင်ပေလိမ့်မည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment